သမိုင်းသည် အတိတ်တွင်ဖြစ်ခဲ့သည့် ကိစ္စများဟု ယေဘုယျနားလည်ကြသော်လည်း အတိတ်သက်သက်မဟုတ်၊ အတိတ်နှင့် ပစ္စုပ္ပန်အကြား ချိတ်ဆက်ပေးသည့် ဆက်စပ်မှုဖြစ်သည်။ မိမိတို့၏ အစုအဖွဲ့အလိုက် ဖြတ်သန်းမှုအတွေ့အကြုံများနှင့် သင်ခန်းစာများကို သမိုင်းမှ ပြန်လည်ကောက်ယူကြသည်။ သမိုင်းမှတ်ဉာဏ်သည် အစုအဖွဲ့များ၏ အမှတ်သရုပ်ဖန်တီးရာတွင် အခြေခံပါဝင်ပစ္စည်းဖြစ်သကဲ့သို့ အစုအဖွဲ့အလိုက် စဉ်းစားတွေးခေါ်မှုအပေါ်တွင်လည်း များစွာလွှမ်းမိုးမှုရှိသည်။

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပျက်နေသော အုပ်စုတခုနဲ့တခုကြားက ပဋိပက္ခများ၊ ထိခိုက်နာကျင်မှုများ၊​ ယုံကြည်ချက်ပျက်ံယွင်းမှုများတွင်လည်း သမိုင်းသည် အခြေခံအကြောင်းအရာတခုဖြစ်သည်။​ သမိုင်းဇာတ်ကြောင်းကို တစုတဖွဲ့တည်းက လက်ဝါးကြီးအုပ်လိုမှု၊ တဖက်သတ် ဇာတ်ကြောင်းဖော်မှု၊ စုံလင်ကွဲပြားစွာ တည်ရှိမှုနှင့်ရှုမြင်မှုများကို မျက်ကွယ်ပြုမှုများကြောင့် သမိုင်းကြောင်းဆိုင်ရာ မကျေနပ်မှုများ၊ ဒါဏ်ရာများသည် အချိန်ကြာသည်နှင့်အမျှ ပို၍နက်ရှိုင်းလာလေသည်။

သို့ဖြစ်ရာ ယင်းကဲ့သို့သော သမိုင်းကြောင်းဆိုင်ရာ ပဋိပက္ခများကို ကုစားဖြေရှင်းရန်၊ ပိုမိုတရားမျှတသည့် သမိုင်းကြောင်းဆိုင်ရာ လေ့လာမှုများဖြစ်ပေါ်လာရန် ဒိုင်ယာလောခ့်ရပ်ဝန်းများ အရေးတကြီး လိုအပ်နေပြီဖြစ်သည်။ ထို့ကြောင့် သမိုင်းကို ကုစားလိုသည့် လူငယ်များ၊​​ရပ်ရွာခေါင်းဆောင်များ၊ သင်ကြားပို့ချသူများနှင့်အတူ ဒိုင်ယာလောခ့်ရပ်ဝန်းများ ဖန်တီးနိုင်ရန်အတွက် ယခု ​အလုပ်ရုံဆွေးနွေးပွဲကို Freedom Fighter Myanmar အဖွဲ့နှင့် EngageMedia တို့ပူးပေါင်းကာ စီစဉ်ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။