သမိုင်းထဲက ဒါဏ်ရာများကို ကုစားဖို့နှင့် သမိုင်းဆိုင်ရာ စဉ်းစားတွေးခေါ်မှုများ ထက်သန်အားကောင်းစေဖို့ သမိုင်းသင်ကြားမှုတစုံလုံးကို ပုံစံအသစ်ဖြင့် ချည်းကပ်ဖို့ လိုအပ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ယင်းကဲ့သို့ ပုံစံအသစ်ဖြင့်ချည်းကပ်လိုသော သမိုင်းသင်ကြားရေးစိတ်ဝင်စားသူများအတွက် “သမိုင်းဘယ်လိုသင်မလဲ”​ သင်တန်း အပတ်စဉ် ၁ ကို ဖွင့်လှစ်လိုက်ပါပြီ။

သမိုင်းဘာသာရပ်သည် အတိတ်မှ ဖြစ်ရပ်များကို လေ့လာကာ ပစ္စုပ္ပန်လူ့အဖွဲ့အစည်း၏ စဉ်းစားတွေးခေါ်မှုကို ထောက်ကန်ပေးသည့် ဘာသာရပ်ဖြစ်သည်။ သမိုင်းအပေါ် စုပေါင်းမှတ်ဉာဏ်သည် အမှတ်သရုပ်များ၏ မွေးဖွားရာဖြစ်သောကြောင့် အုပ်စုများအကြား လူမှုသဟဇာတဖြစ်မှုသည် သမိုင်းကို မျှဝေနားလည်ပုံအပေါ် မူတည်နေသည်။

လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပျက်လျက်ရှိသော ပဋိပက္ခများတွင် သမိုင်းသည် အခြေခံကျသော အကြောင်းရင်းတခုအဖြစ် ပါဝင်နေသည်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူများသည် မိိမိတို့အစုအဖွဲ့သမိုင်းကိုသာ အလေးထား၍​ အခြားသူများ၏သမိုင်းကို ဖယ်ကြဉ်ပထုတ်ရန်၊​ သေးသိမ်စေရန် လုပ်ဆောင်ခဲ့ကြသည်။ စစ်ကို ဂုဏ်ယူသောဇာတ်လမ်းများ၊ စစ်သူရဲကောင်းဇာတ်လမ်းများ၊ နယ်မြေချဲ့ထွင်ရေးဇာတ်လမ်းများ စသည့် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသော ဇာတ်လမ်းများကို သမိုင်းစာသင်ခန်းများမှတဆင့် လူ့အဖွဲ့အစည်းအကြား ဖြန့်ဝေခဲ့ကြသည်။ ထိုဇာတ်လမ်းများသည် မြန်မာ့လူ့အဖွဲ့အစည်း၏ အမှတ်သရုပ်အစိတ်အပိုင်းများအဖြစ် ပေါင်းစည်းလာခဲ့သည်။ လူမျိုးတမျိုးတည်းကို ဦးစားပေးသော သမိုင်းနှင့် အာဏာရှိလူတစု၏ အမြင်များသာ ပြည့်နှက်နေသော သမိုင်းများသည် လူမျိုးစုအချင်းချင်းကြားဖြစ်စေ၊ လူတန်းစားအချင်းချင်းကြားဖြစ်စေ မကြေလည်မှုများ၊ နာကျည်းမှုများကို လောင်စာသွင်းပေးခဲ့ကြသည်။ သမိုင်းစာသင်ခန်းများမှ မွေးထုတ်ပေးသင့်သော အပြန်အလှန် စာနာနားလည်မှု၊ ခွင့်လွှတ်ခြင်းတရား၊ ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့မှာ လျစ်လျူရှုခံထားခဲ့ကြရသည်။ တဖန် အကျိုးဆက်အနေနှင့် ပညာရေး၏ အသက်ဝိညာဉ်ဖြစ်သော ကျိုးကြောင်းဆင်ခြင်မှု၊ ဝေဖန်ဆန်းစစ်မှု၊ ဖန်တီးတီထွင်နိုင်မှုတို့မှာ အလွတ်ကျက်၊ အသေမှတ်စနစ်ကြောင့် မထွန်းကားနိုင်တော့ပေ။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ထိုအားနည်းချက်များကို ပြန်လည်ကုစားနိုင်သော သမိုင်းသင်ကြားရေးသစ်ကို ဖော်ဆောင်ရမည့် ကာလဖြစ်သည်။ ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်သော သမိုင်းသင်ကြားရေးအသစ်ကို ခေတ်က တောင်းဆိုလျက်ရှိပေသည်။ ထို့ကြောင့် သမိုင်းသင်ကြားရေးတွင် အပြောင်းအလဲကို ဖော်ဆောင်ရန် စိတ်ဝင်စားသူများအတွက် Freedom Fighter Myanmar မှ “သမိုင်း ဘယ်လိုသင်မလဲ”​ သင်တန်းကို စီစဉ်ထားပါသည်။