ခေတ်စနစ်အသစ်သို့ ချည်းကပ်ရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာကြီးမားလှသည်။ ဆရာ/ဆရာမများသည် ပညာရေးစနစ်မှတဆင့် လူငယ်များနှင့် လူ့အဖွဲ့အစည်းတခုလုံး၏ စဉ်းစားတွေးခေါ်မှု၊ ပြုမှုကျင့်ကြံမှု၊ တန်ဖိုးထားမှုများကို လွှမ်းမိုးနိုင်စွမ်း အားကြီးလှသည်။
နွေဦးတော်လှန်ရေးအစပိုင်းတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုများ၊ အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ဆရာ၊ဆရာများ၊ ပညာရေးဝန်ထမ်းများ၏ တက်ကြွစွာပါဝင်မှုများရှိခဲ့သည်။ ထို့ကဲ့သို့ တိုက်ရိုက်လုပ်ဆောင်ချက်များတွင် ပါဝင်ခဲ့သော်လည်း လက်နက်ကိုင်လမ်းစဉ် အားကောင်းလာသည့်နောက်ပိုင်းတွင်မူ ဆရာ/ဆရာမများ၏ အခန်းကဏ္ဍသည် တစတစ မှေးမှိန်လာသည်။
ကြားကာလပညာရေး၊ ဖက်ဒရယ်ပညာရေးစသဖြင့် ဖော်ဆောင်ကြသော်လည်း ၎င်းတို့မှာ ပြီးခဲ့သည့် ပညာရေးစနစ်ဟောင်းကို ပြန်လည်ဆင်ခြင်ခြင်း၊ အတွေးအခေါ်ချည်းကပ်မှုအသစ်များဖော်ထုတ်ခြင်းထက် လက်ရှိလစ်ဟာနေသော ပညာရေးအကြပ်အတည်းကို ကာမိရန်နှင့် စင်ပြိုင်အစိုးရတစ်ရပ်၏ အုပ်ချုပ်နိုင်စွမ်းကို ထောက်ခံဖော်ပြနိုင်ရန်သာ ရေတိုအစီအစဉ်များဖြင့် လုပ်ဆောင်ခဲ့ကြရသည်။ ထို့ပြင် စစ်ကျွန်ပညာရေးကို ဆန့်ကျင်သော လှုပ်ရှားမှုများကို ကျောင်းသားလူငယ်အစုအဖွဲ့များမှ ဖော်ဆောင်ကြသော်လည်း ၎င်းတို့မှာ တုံ့ပြန်ရေး/တိုက်ဖျက်ရေးနေရာတွင် ရပ်တန့်ခဲ့ခြင်းကြောင့် အသစ်တည်ဆောက်မှုအပိုင်းတွင် သိသိသာသာ တိုးတက်မှုမရှိခဲ့ပေ။
ဆယ်စုနှစ်များစွာ အာဏာရှင်စနစ်ဖြင့် နေလာရသည့် မြန်မာ့လူ့အဖွဲ့အစည်းတွင် ပညာရေးစနစ်သည် အာဏာရှင်အတွေးအခေါ်များ၊ အပြုအမူများ ဖြန့်ဝေရာ ဝါဒဖြန့်ချိရေးအသွင်ဖြစ်ခဲ့သည်။ လူငယ်ကျောင်းသားများနှင့် လူ့အဖွဲ့အစည်းကို အကြမ်းဖက်သည့် ပညာရေးစနစ်ဖြစ်ခဲ့သည်။ ဤနေရာတွင် အကြမ်းဖက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုသက်သက် မဟုတ်ချေ။ စိတ်နှလုံး၊ အတွေးအခေါ်၊ လူသားချင်းဆက်နွယ်ပက်သက်မှုစသဖြင့် ရှုထောင့်အသီးသီးမှ အနိုင်ထက်စီးဖိနှိပ်မှုများ၊ ထိခိုက်နာကျင်မှုစေမှုများ၊ လူသားဖြစ်မှုမှ လျော့ချခြင်းများ အားလုံးပါဝင်သည်။
ဆရာ၊ဆရာများသည် ဤကဲ့သို့ ဖိနှိပ်အကြမ်းဖက်သည့်ပညာရေးစနစ်ယန္တရားထဲတွင် အဖိနှိပ်ခံဖြစ်ခဲ့ရသလို ဤစနစ်၏အယူအဆများကို ပြန်လည်ဖြန့်ဝေတည်ဆောက်ခဲ့ရာတွင်လည်း ပါဝင်ခဲ့ရသည်။ ဤအခြင်းအရာများကို ပြန်လည်ဆင်ခြင်နိုင်ရန်၊ ပြောင်းလဲသင်ယူရန်နှင့် ပညာရေးမှတဆင့် လူ့အဖွဲ့အစည်းသစ် တည်ဆောက်နိုင်ရန် ရှေးရှုကာ Freedom Fighter မှ ယခု “Teachers For Change” Workshop Series ကို စီစဉ်ထားပါသည်။
ဤအလုပ်ရုံဆွေးနွေးပွဲတွင် –
၁) ပညာရေး၏ဖိနှိပ်မှုကို ဆန်းစစ်ခြင်း ၊ ဆရာ/ဆရာမများ၏ အခန်းကဏ္ဍကို သုံးသပ်ခြင်း
၂) ကုစားသင့်မြတ်ရေးတရားမျှတမှု (Restorative Justice) ကို စာသင်ခန်းတွင် အသုံးပြုကာ ပဋိပက္ခများကို ဖြေရှင်းစေခြင်း
၃) သမိုင်းဆိုင်ရာဖိနှိပ်မှုများကို ဖော်ထုတ်ခြင်း၊ ဗမာလူမျိုးကြီးဝါဒကို ပြန်လည်ကုစားမည့် အစီအစဉ်များရေးဆွဲခြင်း
၄) ကျားမတန်းတူရေး။ လူမျိုးရေး၊ ဘာသာရေးအမုန်းတရားများကို ကုစားရန် စုပေါင်းအဖြေရှာခြင်း စသည့် အစီအစဉ်များ ပါဝင်ပါသည်။
ဤ Workshop Series သည်ဆွေးနွေးရုံသက်သက်မဟုတ်ဘဲ နောက်ဆက်တွဲအနေဖြင့် ရေရှည်ချိတ်ဆက်မှုများ၊ အပြန်အလှန်ပံ့ပိုးသင်ယူများဖြစ်ပေါ်ကာ ပိုမိုကျယ်ပြန့်သော ပညာရေးပုံစံသစ်တည်ဆောက်ရေး လှုပ်ရှားမှုတရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်သည်။