ပြည်သူ့အခြေပြု ပညာရ...
 
Notifications
Clear all

ပြည်သူ့အခြေပြု ပညာရေးမူဝါဒ (Version 1.0) အတွက် းအကြံပြုချက်ထောက်ပြချက်များ ဖိတ်ခေါ်ပါတယ်။

1 Posts
1 Users
0 Reactions
540 Views
Posts: 1
Topic starter
(@freedom-fighter)
Joined: 2 years ago

နေ့စွဲ- ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၃

မိတ်ဆက်

၁။ ပြည်သူ့အခြေပြုပညာရေးမူဝါဒဆိုသည်မှာ ဟောင်းနွမ်းချိနဲ့နေသော ပညာရေးစနစ်ပုံစံဟောင်းများကို တိုက်စားဖြိုဖျက်ကာ အနာဂတ်လူ့အဖွဲ့အစည်းသစ် တည်ဆောက်ရေးအတွက် လိုအပ်သော အတွေးအခေါ်၊ အရည်အချင်းများဖြည့်တင်းပေးနိုင်သည့် ပညာရေးပုံံစံသစ်ကို ပြည်သူလူထုတစ်ရပ်လုံး၏ စုပေါင်းလုပ်ဆောင်မှု အင်အားဖြင့် ပြောင်းလဲတည်ဆောက်ယူသည့် အတွေးအခေါ်၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ပေါင်းစပ်ပါဝင်သည့် မူဝါဒတစ်ရပ်ဖြစ်သည်။

၂။ မြန်မာနိုင်ငံ၏ လက်ရှိလက်ခံကျင့်သုံးနေသော ပညာရေးစနစ်သည် အလွတ်ကျက်အသေမှတ်စနစ်ဖြစ်ခြင်း၊ အကြောက်တရားကို တိုးပွားစေခြင်း၊ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို အားမပေးခြင်း၊ သမိုင်းသင်ခန်းစာများတွင် စစ်ဝါဒနှင့် ဗမာလူမျိုးကြီးဝါဒကို ဝါဒဖြန့်သွတ်သွင်းခြင်း၊ ခေတ်ကာလနှင့်လျော်ညီစွာ အသုံးချနိုင်မှု အားနည်းခြင်းစသည့် အားနည်းချက်များစွာရှိနေသည်။ အမှန်တကယ် တတ်မြောက်ကျွမ်းကျင်မှု မပေးနိုင်သကဲ့သို့ ကိုယ်ကျင့်သိက္ခာ၊ ရိုးဖြောင့်မှုနှင့် လူသားဆန်မှုစံနှုန်းများကို ပြုစုပျိုးထောင်ပေးနိုင်စွမ်း ခေါင်းပါးလှသည်။ ထို့ကြောင့် ကျောင်းသားလူငယ်များအပါအဝင် ပြည်သူလူထုတရပ်လုံးမှ ပူးပေါင်းကာ ပညာရေးစနစ်နှင့် ၎င်းပညာရေးစနစ်အပေါ်ထားရှိသော အတွေးအခေါ်တစ်ရပ်လုံးကို ပြောင်းလဲနိုင်ရန် အရေးတကြီးလိုအပ်နေသည်။ 

အခြေခံအတွေးအခေါ်များ

၃။ ပညာရေးသည် အစိုးရတစ်ရပ်၊ နိုင်ငံရေးအစုအဖွဲ့တစ်ခုမှ တံဆိပ်ကပ်ကာ ထောက်ခံအသိအမှတ်ပြုမှု ရယူခြင်းအတွက် အသုံးပြုရန်၊ အယူဝါဒ သွတ်သွင်းဖြန့်ချိရန် ကိရိယာမဟုတ်။ ပညာရေးဆိုသည်မှာ လွတ်လပ်ခြင်း၏ အနှစ်သာရကို နားလည်ကျင့်သုံးနိုင်ရန်၊ ဖိနှိပ်မှုပုံစံအမျိုးမျိုးများကို ရင်ဆိုင်အံ့တုနိုင်ရန်၊ ဖုံးကွယ်ထားသော အမှန်တရားများကို ရှာဖွေဖော်ထုတ်နိုင်ရန်၊ လူသားတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်နေထိုင်နိုင်ရန် ဦးတည်သော ဆက်စပ်မပြတ် လေ့လာသင်ယူမှုခရီးလမ်းဖြစ်သည်။ ပညာရေးသည် တစ်ဦးချင်းစီ၏ အတွင်းတိုးတက်မှုမှသည် လူ့အဖွဲ့အစည်းတခုလုံးရှေ့သို့တက်လှမ်းခြင်း၏ ဗဟိုချက်ပင်မဖြစ်သည်။၊ 

၄။ ပညာရေးသည် လူသားတိုင်းရရှိရမည့် လူ့အခွင့်အရေးဖြစ်သည်။ မည်သူမဆို ပညာသင်ကြားမှု အခွင့်အလမ်းများကို လွတ်လပ်စွာ ရွေးချယ်နိုင်ပြီး ထိုရွေးချယ်မှုအပေါ် မူတည်၍ အုပ်စုခွဲတိုက်ခိုက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းများ မပြုလုပ်ရ။

၅။ လူသားများကို ထုတ်ကုန်သဖွယ်မှတ်ယူကာ လုပ်ရိုးလုပ်စဉ်မျဉ်းဖြောင့်အတိုင်း “ပညာသင်၊ ဘွဲ့လက်မှတ်ယူ၊အလုပ်လုပ်”ရန်အတွက် အစီအစဉ်အတိုင်း သတ်မှတ်ထားသော ဟောင်းနွမ်းနေသည့် စက်ရုံပညာရေးအခင်းအကျင်းကို ဖောက်ထွက်ကျော်လွန်ကာ မည်သူမဆို မိမိတို့လေ့လာလိုသည့် အကြောင်းအရာကို မိမိတို့ဘဝသက်တမ်းတစ်လျှောက် မည်သည့်အချိန်တွင်မဆို လေ့လာနိုင်သည့် အခင်းအကျင်းသစ်များနှင့် ထိုစဉ်ဆက်မပြတ်လေ့လာမှုများကို တန်ဖိုးထားအသိအမှတ်ပြုသည့် လူ့အဖွဲ့အစည်းသစ်ကိုပါ တပါတည်းတည်ဆောက်သွားရမည်။

၆။ ကျောင်းသားလူငယ်များအနေဖြင့် အနာဂတ်ခေတ်ကာလနှင့် လျော်ညီသင့်တော်သည့် ပညာရေးပုံစံသစ်ဖော်ဆောင်ရေးအတွက် အဓိကအချက်အခြာဖြစ်သည်။ ကျောင်းသားလူငယ်များအကြား ကျောင်းမတက်သပိတ် ပါဝင်သူ၊ မပါဝင်သူ၊ ပြည်ပထွက်ခွာသူ၊ ပြည်တွင်းရှိနေသူစသဖြင့် အုပ်စုကွဲ အငြင်းပွားမှုများကို ကျော်လွန်ကာ အမှန်တရားနှင့် လွတ်မြောက်မှုကို ရှာဖွေပေးစွမ်းနိုင်သည့် ၊ အနာဂါတ်လူ့အဖွဲ့အစည်းပြဿနာများကို ဖြေရှင်းနိုင်သည့် ပညာရေးအခင်းအကျင်းသစ်များပေါ်ထွက်လာစေရန် မည်သည့်နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ ၊ မည်သည့်နိုင်ငံရေးရပ်တည်ချက်ရှိသည်ဖြစ်စေ ပူးပေါင်းလုပ်ဆောင်သွားရန် လိုအပ်သည်။

၇။ အနာဂတ်သစ် ပညာရေးတွင် သင်ကြားပို့ချသူ ဆရာ၊ဆရာမများ၏ စွမ်းဆောင်ရည်နှင့် မြင့်တင်မှုကို အထူးအလေးပေးဆောင်ရွက်ရမည်။ အထူးသဖြင့် ဆရာ၊ ဆရာများသည်လည်း စဉ်ဆက်မပြတ် ပညာသင်ကြားမှုရရှိစေရန် လုံလောက်သော ရင်းမြစ်ထောက်ပံ့မှုများ ရရှိစေရမည်။ ဆရာမှန်လျှင် စွန့်လွှတ်အနစ်နာခံရမည်ဟူသည့်အယူအဆကို တော်လှန်ကာ စွန့်လွှတ်အနစ်နာခံစရာမလိုအောင် စီစဉ်ရမည်။ ဆရာနှင့်တပည့်အကြား ကျေးဇူးရှင်၊ ကျေးဇူးစားဟူသည့် အထက်အောက်ဆက်ဆံရေးထက် သင်ကြားပို့ချသူနှင့် လေ့လာသူများအကြား အပြန်အလှန်လေးစားတန်ဖိုးထားမှုအခြေခံကာ ပွင့်လင်းရင်းနှီးစွာ ပြောဆိုဆက်သွယ်သည့် ဆက်ဆံရေးပုံစံသစ်ကို တည်ဆောက်ရမည်။

၈။ လူကြီးမိဘများအနေဖြင့်လည်း ပညာရေးအခင်းအကျင်းသစ်တွင် တပါတည်းပါဝင်ကာ အတွေးအခေါ်၊ အပြုအမှုဟောင်းများကို ပြောင်းလဲတော်လှန်သွားရမည်။ အထူးသဖြင့် မိသားစုအတွင်း မေးခွန်းထုတ် အပြန်အလှန်ပြောဆိုခွင့်မပေးခြင်း၊ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းထက် တဦးထက်တဦး အသာစီးအနိုင်ရရေး အတွက် ဖိအားပေးခြင်း၊ မိမိတို့တွေ့ကြုံရသည့် အကြောက်တရား၊ စိတ်ဒါဏ်ရာများကို နောက်မျိုးဆက်ကို လက်ဆင့်ကမ်းခြင်း ၊ အရည်အချင်းနှင့် လူသားဆန်မှုထက် ဘွဲ့လက်မှတ်ဆုတံဆိပ်များကို တန်ဖိုးထားဂုဏ်ယူသည့် အလေ့အထများကို ဆင်ခြင်သုံးသပ်ကာ ပြင်ဆင်သွားရမည်။

၉။ စီးပွားရေးအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းအမျိုးမျိုးသည်လည်း ပညာရေးပုံစံသစ် ဖော်ဆောင်ရေးအတွက် တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ရန် လိုအပ်သည်။ ပညာရေးပုံစံသစ်ဖော်ဆောင်ခြင်းသည် ပြည်သူအားလုံး၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံး အကျိုးစီးပွားဖြစ်သည်ကို နားလည်သိမြင်ကာ မိမိတို့ လုပ်နိုင်စွမ်းများကို  တီထွင်ဆန်းသစ်အသုံးပြုကာ ပြည်သူများအကြား လေ့လာသင်ယူမှုအခွင့်အလမ်းများကို အင်အားကောင်းစွာ ဖြစ်ပေါ်လာစေရန် ပူးပေါင်းလုပ်ဆောင်ကြရမည်။ တတ်သိကျွမ်းကျင်မှုများ၊ အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာနိုင်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများကို တန်ဖိုးထားမှု အားကောင်းသည့် အလုပ်ပါတ်ဝန်းကျင်များ ဖြစ်ပေါ်လာစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ယူဖော်ဆောင်သွားရန် လိုအပ်သည်။ ဟောင်းနွမ်း‌ဆွေးမြေ့နေသည့် ဘွဲ့လက်မှတ်အခြေပြု အရည်အချင်းအကဲဖြတ်ခြင်းများထက် ထိရောက်သော အရည်အချင်းအကဲဖြတ်မှုပုံစံအသစ်များ ထွက်ပေါ်လာစေရန် တီထွင်ဆန်းသစ်နည်းလမ်းရှာဖွေရမည်။

၁၀။ ပြည်သူလူထုတရပ်လုံးအနေဖြင့် အနာဂတ်လူ့အဖွဲ့အစည်းနှင့် လျော်ညီသော ပညာရေးပုံစံသစ်ဖော်ဆောင်ရေးကို ယနေ့ခေတ်အချိန်၏ သမိုင်းပေးတာဝန်အဖြစ် ရှုမြင်ကာ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာ၊ ပြည်တွင်းပြည်ပ ၊ လူမျိုးဘာသာမရွေး အရပ်ဘက်ပြည်သူလူထုလှုပ်ရှားမှုအဖြစ် ဖော်ဆောင်သွားကြရမည်။ တနည်းအားဖြင့် နိုင်ငံရေးအစုအဖွဲ့များအကြား အားပြိုင်မှု ပဋိပက္ခအခြေအနေများနှင့် မယှဉ်တွဲဘဲ ပြည်သူလူထုတစ်ရပ်လုံး၏ ခေတ်ပြောင်းစနစ်ပြောင်းရန် ကြိုးပမ်းလှုပ်ရှားမှုအဖြစ် အစဉ်အဆက် ပြောင်းလဲဖော်ဆောင်နေရမည်ဖြစ်သည်။

(ယခုစာတမ်းသည် မူဝါဒမူကြမ်းအဆင့်သာဖြစ်ပြီး ပြီးပြည့်စုံသည့်အခြေအနေ မဟုတ်ပါ။ ပြည်သူအများ၏ ဆွေးနွေးအကြံပြုချက်များကို အခြေခံပြီး မွမ်းမံဖြည့်စွက်ကာ ပညာရေးအခင်းအကျင်းသစ်အတွက် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များဆက်လက်ရေးဆွဲရန်ဖြစ်သည်။)