ပေါ်ပြူလစ်ဝါဒက တော်...
 
Notifications
Clear all

ပေါ်ပြူလစ်ဝါဒက တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

1 Posts
1 Users
0 Reactions
709 Views
ရဲထက်
Posts: 3
Topic starter
(@yehtet)
Joined: 3 years ago

ပေါ်ပြူလစ်ဝါဒက တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

လူအများစုက ပေါ်ပြူလစ်အယူအဆ (Populism) ဆိုရင် လူကြိုက်များ (Popular) ဖြစ်တာနဲ့ တူတူပဲလို့ ထင်လေ့ရှိပါတယ်။ တကယ်တမ်းကတော့ ဒီနှစ်ခု တူသယောင်နဲ့ မတူပါဘူး။ ပေါ်ပြူလစ်အယူအဆက လူကြိုက်များလေ့ရှိပေမယ့် လူကြိုက်များတိုင်း ပေါ်ပြူလစ်အယူအဆမဟုတ်ပါဘူး။  

 

ပေါ်ပြူလစ်ဝါဒ သွင်ပြင်လက္ခဏာများ

ပေါ်ပြူလစ်ဝါဒရဲ့ ထူးခြားချက်ကတော့ တခြားသော လက်ယာ (အမျိုးသားရေး)ကနေ လက်ဝဲ(ကွန်မြူနစ်၊ ဆိုရှယ်လစ်) အထိ အယူအဆအမျိုးမျိုးကို နောက်ခံထားနိုင်ပါတယ်။ ဒါကြောင့် ရှေ့မှာထုတ်ဖော်ပြောကြားနေတဲ့ အယူအဆတွေကို ကြည့်ရုံနဲ့ ပေါ်ပြူလစ်ဖြစ်မှန်းသိဖို့ ခက်နိုင်ပါတယ်။ အကောင်အထည်ဖော်နေတဲ့သူတွေ ကိုယ်တိုင်ကလည်း ကနဦးကာလမှာ ပေါ်ပြူလစ်ဝါဒအနေနဲ့ ရည်ရွယ်ပြီး လုပ်ဆောင်တာလည်း ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါကြောင့် သိမ်မွေ့လှတဲ့ ပေါ်ပြူလစ်ဝါဒရဲ့ ဖြစ်တည်မှုကို နားလည်ဖို့လေ့လာကြည့်ပါစို့

ပေါ်ပြူလစ်ဝါဒရဲ့ အခြေခံဖြစ်တည်လာမှုတွေကို လေ့လာကြည့်ရင်

အဆင့်(၁) ပြည်သူ Vs ရန်သူ

ပေါ်ပြူလစ်ဝါဒရဲ့ အစမှာတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေပြဿနာအရပ်ရပ်က အာဏာကို ဆုပ်ကိုင်ထားသူ ရန်သူအဖွဲ့အစည်း (သို့မဟုတ်) အီလစ်တွေကြောင့်လို့ စပြီးပြည်သူတွေကို စည်းရုံးမှုလုပ်ပါတယ်။ ဒီလိုမျိုး ရှိပြီးသား အာဏာရှိတဲ့သူတွေကို‌ ထောက်ပြပြီး မိမိတို့အယူအဆကို စည်းရုံးတာကတော့ ပေါ်ပြူလစ်မှမဟုတ်ဘဲ တခြားသော ဝါဒီအမျိုးမျိုးကလည်း လုပ်ဆောင်လေ့ရှိကြပါတယ်။  

တခြားသူနဲ့ မတူတာကတော့ ပေါ်ပြူလစ်တွေက သူတို့က ပြည်သူတွေအားလုံးကို ကိုယ်စားပြုတယ်ဆိုတဲ့ ဇာတ်ကြောင်းမျိုးနဲ့ စဉ်းစားလာတာပါ။ ဒီစဉ်းစားချက်မှာ ပေါ်ပြူလစ်ခေါင်းဆောင်တွေက သူတို့ပြောတာ၊ တောင်းဆိုတာတွေက ပြည်သူအားလုံးတောင်းဆိုမှုတွေနဲ့ တထပ်တည်းဖြစ်တယ်လို့ တွေးလာပါတယ်။

အဆင့်(၂) ပြည်သူအဖြစ်မှ လျော့ချစဉ်းစားခြင်း

ပေါ်ြပူလစ်တွေအနေနဲ့ “ပြည်သူနဲ့ ရန်သူ” ဆိုတဲ့ စဉ်းစားချက်အားကောင်းတဲ့အချိန်မှာတော့ အရာရာကို ရိုးရှင်းတဲ့ ဘက်နှစ်ဖက်အမြင်နဲ့ ကြည့်ပါတော့တယ်။ ပေါ်ပြူလစ်တွေသတ်မှတ်ထားတဲ့အတိုင်း၊ ပြောတဲ့အတိုင်းမဝင်တဲ့ မထောက်ခံတဲ့ ပြည်သူတွေဆိုရင် ဒီလူတွေကို ပြည်သူအဖြစ် မကြည့်ဘဲ ရန်သူဘက်ကလို့ပဲ လွယ်လွယ်သတ်မှတ်လိုက်ပါတယ်။

ဒီထဲမှာ ဝေဖန်ထောက်ပြသူတွေ၊ အမြင်မတူသူတွေ၊ ကြားနေတွေ၊ လူနည်းစုတွေစတဲ့ ပြည်သူအများကို တံဆိပ်အမျိုးမျိုးကပ်ပြီး ပြည်သူအဖြစ်ကနေ လျော့ချစဉ်းစားမှုတွေ ကပ်ပါလာလေ့ရှိပါတယ်။

အဆင့်(၃) ပြည်သူတွေ ထောက်ခံဖို့ပဲလိုတယ်

ပေါ်ပြူလစ်တွေအနေနဲ့ မိမိတို့က “ပြည်သူ”တွေကို ကိုယ်စားပြုတယ်ဆိုပြီး ယူဆချက်ခိုင်မာလာတဲ့အခါမှာ ပြည်သူတွေထောက်ခံဖို့ပဲလိုတယ်ဆိုတဲ့အမြင်မျိုးနဲ့ အရာရာကို ကြည့်လေ့ရှိပါတယ်။ ဒီနေရာမှာ ဓမ္မတွေ အဓမ္မတွေ တန်ဖိုးနှုန်းစံတွေထက်ကို ပြည်သူတွေဘက်က အမြဲမှန်ပြီးတော့ ရန်သူတွေဘက်က အမြဲမှားတယ်ဆိုတဲ့ စဉ်းစားချက်အားကောင်းလာပါတယ်။

တကယ်လို့ ပြည်သူတွေ သို့မဟုတ် ပေါ်ပြူလစ်တွေဘက်က အမှားအယွင်းလုပ်ခဲ့ရင်တောင် အရှေ့ကစဉ်းစားချက်အရ အဲဒါက ပြည်သူတွေလုပ်တာမဟုတ်ဘဲ ရန်သူဘက်က လုပ်တာသာလို့ဖြည့်တွေးပြီး ပြည်သူတွေဘက်က ဘယ်တော့မှ မှားမှာမဟုတ်ဘူးဆိုပြီး ကြိုတင်ကာထားပြီးသလို ဖြစ်နေလေ့ရှိပါတယ်။

ဒီလိုမျိုး ပေါ်ပြူလစ်ဝါဒရဲ့ အကျိုးသက်ရောက်မှုတွေကို ထပ်ပြီးလေ့လာကြည့်မယ်ဆိုရင်

၁) အရေခြုံ ဒီမိုကရေစီ

ပေါ်ပြူလစ်တွေရဲ့ ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကြည့်ရင် “ပြည်သူလူထုထောက်ခံမှု” လို့သာပြောပြီး အဲဒီ ပြည်သူလူထုထဲမှာ လူနည်းစုတွေရဲ့ အခွင့်အရေး၊ ပြည်သူတဦးချင်းစီရဲ့ လူ့အခွင့်အရေးတွေကို ထည့်သွင်းစဉ်းစားတာနည်းပါတယ်။ ဒီတော့ ပေါ်ပြူလစ်လှိုင်းက ဒီမိုကရေစီအရေခြုံပေမယ့် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ စုံလင်ကွဲပြားမှု(pluralism) ကို ကန့်သတ်တားဆီးလေ့ရှိပါတယ်။ မိတ်ဆွေဟန်ဆောင်တဲ့ ရန်သူက ကြောက်ဖို့ကောင်းသလိုပဲ ပေါ်ပြူလစ်ဝါဒကလည်း ဒီမိုကရေစီရဲ့ အတားအဆီးတခု ဖြစ်လာလေ့ရှိပါတယ်။

 ၂) ကြားခံအဖွဲ့အစည်းတွေ မလိုအပ်

ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ အလွှာစုံက လွတ်လပ်တဲ့ ကြားခံအဖွဲ့အစည်းတွေဖြစ်တဲ့ အရပ်ဘက်အဖွဲ့အစည်း၊ ပညာရှင်အဖွဲ့အစည်း၊ ကျောင်းသား၊ အလုပ်သမားအစည်းအရုံး ကနေ နိုင်ငံရေးယန္တရားအထိ အပြန်အလှန် ထိန်းကျောင်းမှုကို အခြေခံလေ့ရှိပါတယ်။ ဒီလိုမျိုး ပြည်သူလူထုရဲ့ စုဖွဲ့မှုအသီးသီး အားကောင်းလာမှုကပဲ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။ ပေါ်ပြူလစ်တွေကတော့ အဲလိုမျိုး စုဖွဲ့မှုတွေကို တန်ဖိုးထားအားပေးလေ့မရှိဘဲ ဒါတွေက သူတို့အတွက် အနှောင့်အယှက်အတားအဆီးလို့ ရှုမြင်လေ့ရှိပါတယ်။

ဒါကြောင့် ပေါ်ပြူလစ်တွေအနေနဲ့ ရသမျှနည်းနဲ့ ဒီလိုမျိုး ကြားခံအဖွဲ့အစည်းတွေရဲ့ အင်အားကို လျော့ချပြီး ပြည်သူလူထုအပေါ် တိုက်ရိုက်လွှမ်းမိုးမှုကို တည်ဆောက်လေ့ရှိပါတယ်။  

၃) ပြည်သူလူထုထောက်ခံမှုမှသည် လူအုပ်ကြီးအကြိုက်သို့

ရှေ့မှာပြောခဲ့တဲ့အတိုင်း ပေါ်ပြူလစ်ဝါဒက တခြားသော ဝါဒတခုခုကို နာမည်ခံလေ့ရှိသော်လည်း လက်တွေ့မှာတော့ ခိုင်မာတဲ့ ရပ်တည်ချက်မရှိဘဲ ပြည်သူလူထုထောက်ခံမှုကပဲ အရေးကြီးတယ်လို့ မှတ်ယူလေ့ရှိပါတယ်။

ဒီအရှိန် အားကြီးသွားတဲ့အခါမှာတော့ အမှန်တရားနဲ့ကင်းကွာပြီး လူအများ သို့မဟုတ် လူအုပ်ကြီးကြိုက်မယ့် ဇာတ်ကြောင်းတွေ အထူးသဖြင့် အမုန်းတရားနဲ့ ဒေါသဆွပေးတဲ့ စည်းရုံးမှုတွေနဲ့ မျှော်လင့်ချက်အမှားတွေပေးလေ့ရှိပါတယ်။

အဲဒီလိုမျိုး မြေပြင်အမှန်တရားနဲ့ကင်းကွာပြီး အဖြေရလဒ်ဖော်ဆောင်နိုင်စွမ်း မရှိရင်တောင် ပေါ်ပြူလစ်တွေအတွက်ကတော့ ဖြေရှင်းစရာက အမြဲအဆင်သင့်ရှိနေမှာပါ။ အဲဒါကတော့ ပေါ်ပြူလစ်ဦးဆောင်သူတွေရဲ့ လိုအပ်ချက်မဟုတ်ဘဲ ရန်သူရဲ့ ယုတ်မာမှု သို့မဟုတ် ပြည်သူတွေက ရန်သူရဲ့ လွှမ်းမိုးမှုခံလိုက်ရလို့ပဲ လက်ညှိးထိုးအပြစ်တင်မှာဖြစ်ပါတယ်။

 

ဒါကတော့ ပေါ်ပြူလစ်ဝါဒ မိတ်ဆက်ဖြစ်ပါတယ်။

  • ဒီလိုမျိုး ပေါ်ပြူလစ်ဝါဒက လက်ရှိတော်လှန်ရေးအခင်းအကျင်းမှာ အားကောင်းနေလား။
  • ဆိုရှယ်မီဒီယာက ပေါ်ပြူလစ်ဝါဒကို အားကောင်းစေသလား။
  • ပေါ်ပြူလစ်ဝါဒကနေ ဘယ်လိုမျိုး အကျိုးအပြစ်တွေကို တွေ့မြင်ရသလဲ ဆိုတာကို ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။

 

Topic Tags