လေးမျက်နှာစကားဝိုင်...
 
Notifications
Clear all

လေးမျက်နှာစကားဝိုင်း − NUG - တော်လှန်ရေးတပ်ဦးလား၊ စင်ပြိုင်အစိုးရလား

5 Posts
4 Users
5 Reactions
670 Views
Nemo
Posts: 14
 Nemo
Admin
Topic starter
(@nemo)
Joined: 3 years ago

၂၀၂၂ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ "NUG - တော်လှန်ရေးတပ်ဦးလား၊ စင်ပြိုင်အစိုးရလား" ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ လေးမျက်နှာစကားဝိုင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင်ဆွေးနွေးခဲ့ကြတဲ့အထဲက highlight တချို့ကို ဒီမှာပြန်လည်ဖော်ပြလိုက်ပါတယ်။

ဒီ highlight တွေဟာ ဆွေးနွေးပွဲမှတ်တမ်းထဲက ကောက်နှုတ်ချက်အနည်းငယ်သာဖြစ်တဲ့အတွက် ဆွေးနွေးသူတွေရဲ့အာဘော်အပြည့်အစုံကို သိရှိလိုရင်တော့ ဆွေးနွေးပွဲအသံဖိုင်ကို ဒီမှာရယူနိုင်ပြီး ဆွေးနွေးပွဲမှတ်တမ်းအပြည့်အစုံကို ဒီမှာရယူနိုင်ပါတယ်။

 

NUG သည်တော်လှန်ရေးတပ်ဦးလား၊ စင်ပြိုင်အစိုးရလားဆိုတာနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးကို ဒီဖိုရမ်မှာလဲ လွတ်လပ်စွာပါဝင်ဆွေးနွေးနိုင်ပါတယ်။ 🙂 

 

ကိုမင်းသေ့ (5:50 to 20:07)

NUG ရဲ့ တကယ်တမ်း Role က တော်လှန်ရေးတပ်ဦးပုံသဏ္ဍာန်လည်းဟုတ်သလို စင်ပြိုင်အစိုးရ အသွင်သဏ္ဍာန်လည်း ရှိနေတယ်ဆိုတဲ့သဘော၊ တကယ်တမ်းပြောရရင် Reality မှာတော့ဗျာ အစိုးရကဲ့သို့သော အစိုးရရဲ့ Function အပြည့်အဝကို ကျင့်သုံးနိုင်တဲ့အခြေအနေမျိုးတော့ မရှိသေးဘူး။ သို့သော် တော်လှန်ရေးပုံသဏ္ဍာန်မျိုးကို ပိုပြီးကဲတယ်။

Real Politics လို့ခေါ်တဲ့ လက်တွေ့နိုင်ငံရေးမှာကျတော့ လူထုကဦးဆောင်နေတယ်ဆိုတာကို လုပ်လို့မရဘူး။

လူထုက Mandate ပေးထားတဲ့၊ ကိုယ်စားလှယ်အနေနဲ့ပေးထားတဲ့ NUG ဟာ သူ့ကိုယ်သူ ငါတို့က တော်လှန်ရေးကိုဦးဆောင်နေတာမဟုတ်ဘူး၊ လူထုကဦးဆောင်နေတာပါလို လူထုကြားထဲမှာ လူထုကိုစည်းရုံးတဲ့အနေနဲ့ ပြောတယ်ဆိုရင်တော့ ဒါကလက်ခံနိုင်ဖွယ်ရှိတယ်။ သို့သော် တကယ့် လက်တွေ့နိုင်ငံရေးမှာ ဒီလိုမျိုး လူထုကပဲ ဦးဆောင်နေတယ်ဆိုတဲ့ စကားလုံးကို ပြောလို့မရဘူး။ အထူးသဖြင့် လူထုဆိုတဲ့စကားလုံးက သိပ်ပြီးတော့ ယေဘုယျကျတယ်ပေါ့နော်။

လူထုကို ဆွဲဆောင်စည်းရုံးတဲ့အခါမှာ လူထုကဦးဆောင်နေတာပါလို့ ပြောချင်ပြောလို့ရတယ်။ သို့သော် တကယ့်လက်တွေ့ကျကျ ဦးဆောင်တဲ့နေရာမှာ လူထုကဦးဆောင်နေတာပါ၊ ငါတို့က တော်လှန်ရေးအစိုးရ မဟုတ်ပါဘူးဆိုတဲ့ ပုံစံမျိုး၊ တော်လှန်ရေးခေါင်းဆောင်တွေမဟုတ်ပါဘူးဆိုပြီး ပြောတဲ့အယူအဆမျိုးက လက်တွေ့အရ မသင့်တော်ဘူးလို ကျွန်တော် ထင်တယ်။

နိုင်ငံရေးသမားတွေက စစ်ရေးအရဦးဆောင်မှုနေရာကို အခြေအနေအရ တွန်းပိုပြီး ရောက်လာတဲ့အခါ အဲဒီနိုင်ငံရေးသမားတွေ ကိုယ်တိုင်ကိုက နိုင်ငံရေးသမားအကျင့်မပျောက်တာ သွားတွေ့ရတယ်ပေါ့နော်။ စစ်ရေးဦးဆောင်မှုနေရာမှာ နိုင်ငံရေးစကားတွေကို လိုသည်ထက်ပိုပြီးတော့ ချင့်ချင့်ချိန်ချိန်မပြောဘဲနဲ့ လက်တွေ့မကျသော၊ နိုင်ငံရေးအသားပေးတဲ့ ပုံသဏ္ဍာန်မျိုးတွေနဲ့ လူထုကိုပြောတာ သွားတွေ့ရတယ်။

 

မစောဟန်နွေဦး (20:30 to 30:16)

ကျွန်မကတော့ Transgender တဦးလည်းဖြစ်တယ်။ နိုင်ငံရေး၊ အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးတွေနဲ့ ပက်သက်ပြီးတော့ ဆောင်းပါးတော်တော်များများ ရေးခဲ့သလို နွေဦးတော်လှန်ရေးကဗျာတော်တော်များများကို ရေးသားထားပြီး စာရေးဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။

ညီမရဲ့အတွေးအမြင်ကတော့ ခုနကပြောသလို လက်ရှိမှာ ညီမတိုရဲ့ NUG က စင်ပြိုင်အစိုးရဖြစ်လိုက်၊ တော်လှန်ရေးတပ်ဦးဖြစ်လိုက်ပေါ့။ ဒီနှစ်မျိုးထဲမှာ ဘာလိုလုံးလည်ချာလည် တွေလိုက်နေလည်းဆိုတော့ တော်လှန်ရေးတပ်ဦးဖြစ်ဖိုအတွက် လိုအပ်ချက်တွေအများကြီးရှိတယ်။ ဒါမှမဟုတ် လက်နက်ကိုင်လမ်းစဥ်နဲ့ပက်သက်ပြီးတော့မှ လိုအပ်ချက်တွေလည်းရှိမယ်၊ လက်နက်မဲ့တော်လှန်ရေးလမ်းစဥ် အတွက်လည်း လိုအပ်ချက်တွေအများကြီးရှိတယ်။ ဆိုတော့ တဖက်ကိုပြန်တွေးကြည့်ရင် စင်ပြိုင်အစိုးရဖြစ်ဖိုလည်း လူထုထောက်ခံမှုအများကြီးလိုအပ်တယ်။ ဆိုတော့ NUG က ဒီနှစ်မျိုး ကြားထဲမှာ လုံးလည်ချာလည်ရိုက်နေတယ်။ ဘယ်ဟာပါလို့ သီးသီးသန့်သန့်ကြီး တထစ်ချကြီး မှတ်ချက်ချလို့မရဘူး။

ဒီခေတ်ကာလမှာ မီဒီယာအခန်းကဏ္ဍက အရမ်းထိရောက်လာတဲ့အတွက် သတင်းအချက်အလက်တွေ၊ ဆက်သွယ်မှုနည်းပညာတွေက လွယ်လွယ်ကူကူ ထွန်းကားနေတာဖြစ်တဲ့အတွက် တဖက်က ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကလည်း သတင်းအချက်အလက်စီးဆင်းမှုကို အရမ်းလိုချင်တယ်။ ဆိုတဲ့ခါကျတော့ ဒီအရာတွေကို သူတိုရဲ့မဖြစ်စလောက်ပိုင်ဆိုင်ထားတဲ့ MRTV ၊ MWD တို့လိုမီဒီယာတွေ၊ မြန်မာ့အလင်းတို့လို စာစဥ်တွေနဲ့ ထိုးဖောက်လို့မရဘူး။ ဒါက NUG အတွက်ရော၊ ပြည်သူလူထုအတွက်ရော အားသာချက်တခု ဖြစ်တယ်။ ဒီသတင်းအချက်အလက်စိမ့်ဝင်စေမှု၊ စီးဆင်းစေမှုတွေကို ကျွန်မတိုက ဂရုစိုက်ထိန်းသိမ်းပေးရမယ်။

လူတိုင်းလူတိုင်းမှာ အရေးကြီးဆုံးက နိုင်ရာတာဝန်ပေါ့နော်။ ဒီစကားလေးနဲ့ပဲ အချုပ်ပြောချင်ပါတယ်။ ကြီးကြီးကျယ်ကျယ်တွေ ချဲ့ကားပြီး ဘာကြီးပါလို့သတ်မှတ်နေတာထက် NUG အစိုးရအနေနဲ့ကော ဒီဖက်က ပူးပေါင်းပါဝင်နေတဲ့ပြည်သူလူထုအနေနဲ့ကရောက နိုင်ရာတာဝန်ထမ်းပြီး ပါဝင်ပူးပေါင်းပေးကြမယ်ဆိုရင် သင့်တင့်လျောက်ပတ်တဲ့ လူမှုအသိုင်းအဝိုင်း၊ လိုချင်တဲ့ စစ်မှန်ပြည့်ဝတဲ့အရာတွေကို ရရှိပိုင်ဆိုင်လာမယ်လို ထင်ပါတယ်။

 

ကိုသက္ကမိုးညို (31:27 to 40:55)

ကျွန်တော့်အမြင်ကတော့ NUG သည် စင်ပြိုင်အစိုးရလား၊ တော်လှန်ရေးတပ်ဦးလားဆိုတာမျိုး ခွဲမှကိုရလိမ့်မယ်။

NUG ရဲ့ဖွဲစည်းပုံသည် ကျနော့်အမြင် တော်လှန်ရေးအစိုးရရဲ့ ဖွဲစည်းပုံထက် သာမန်အစိုးရရဲ့ဖွဲစည်းပုံဘက်ကို ပိုယိုင်နေတယ်။ ဘာဖြစ်လိုလဲဆိုတော့ NUG သည် တော်လှန်ရေး တိုက်ခိုက်တဲ့နေရာမှာ တကယ်တမ်းလိုအပ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊   ပြည်ထဲရေးဝန်ကြီးဌာန လိုမျိုးတွေတင်မကဘဲ တဖက်က ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ် စတဲ့ဝန်ကြီးဌာနတွေကိုပါဖွဲစည်းထားတယ်။ အဲ့တော့ ဒီဝန်ကြီးဌာနတွေသည် ေတာ်လှန်ရေးကာလမှာ လိုအပ်သလား၊ မလိုအပ်ဘူးလား။ ကျွန်တော်တစ်ဦးတည်းအမြင်အရတော့ ဒီဟာတွေသည် မလိုသေးဘူး။ မလိုသေးပေမဲ့ သူတိုဘာလိုဖွဲ့ထားလဲဆိုတာ စဥ်းစားကြည့်တော့ NUG သည် သူ့ရဲ့ဖွဲစည်းပုံကိုက စင်ပြိုင်အစိုးရဘက်ကို နည်းနည်း နွယ်နေတယ်လိုခံစားမိတယ်။

ပြည်သူရဲ့ဦးဆောင်မှုနောက်ကိုပဲ NUG ကလိုက်နေရသလို ကျွန်တော်ကခံစားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူကလမ်းပေါ်ထွက်တဲ့အချိန်မှာ သူတို့က “စု၊ရွေး၊လွှတ်” ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်မယ်၊ လွှတ်တော်ပြန်ကျင်းပမယ်ဆိုပြီး ဦးလှည့်နေကြတယ်။ ပြည်သူကကျ လမ်းပေါ်မှာ စစ်အာဏာရှင်ပြုတ်ကျရေး ကြွေးကြော်နေတယ်။ တခါ လူထုက ခုခံကြ၊ခုခံကြဆိုတော့လည်း သူတိုက နည်းနည်းလေး နောက်ကျ၊ နောက်ကျနေခဲ့တယ်။ ပြည်သူက ရှေ့အမြဲတမ်းရောက်နေတဲ့အတွက်ကြောင့် တော်လှန်ရေးဦးဆောင်မှု၊ နိုင်ငံရေးဦးဆောင်မှုကို သူတို့က တကယ်တမ်းလုပ်နိုင်ပါရဲ့လားဆိုတဲ့ အတွေးက ဝင်ဝင်လာတယ်။

တချိုကိစ္စတွေက လျှို့ဝှက်ရမယ်ဆိုတာ မှန်ပါတယ်။ စစ်ရေးလျှို့ဝှက်ချက်တွေရှိတယ်၊ ဘဏ္ဍာရေးဆိုင်ရာလျှို့ဝှက်ချက်တွေရှိမယ်၊ ကြိတ်ပြီးလုပ်ရမယ့်ဟာတွေရှိတယ်။ သိုသော် ပြည်သူကကျတော့ NUG ဘာလုပ်နေလဲဆိုတာသိချင်တယ်။ သိချင်တော့ အဲဒီနှစ်ခုကြားကအဟကို ဖြေပေးမဲ့သူကမရှိဘူး။ တခါတခါကျတော့ ဝေဖန်သံတွေညံလာတာပေါ့။ ညံလာလိုရှိရင် တချိုသောသူတွေ များသောအားဖြင့် လော်ဘီတွေက Fan များရင် အမှန်တရားဖြစ်သွားတာကိုး။

NUG ကို တော်လှန်ရေးတပ်ဦးနေရာမှာ ရှိစေချင်တယ်။ အခုအပိုင်းမှာ တပ်ဦးကနေပြီး လူထုကိုဦးဆောင်မှုပေးစေချင်တယ်။ ဒါပေမဲ့ ဖွဲစည်းပုံအရ NUG သည် စင်ပြိုင်အစိုးရလိုဖွဲစည်းထားတယ်။ တော်လှန်ရေးအစိုးရလို ဖွဲစည်းထားတာမဟုတ်ဘူးဖြစ်နေတယ်။  အခုကာလသည် တော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးအစိုးရအတိုင်း ဖွဲစည်းပြီးကာမှ တဖြည်းဖြည်းချင်း စင်ပြိုင်အစိုးရပုံစံမျိုး ဝန်ကြီးဌာနတွေချဲ့ထွင်သွားတာကို ကျွန်တော်တိုကပိုဖြစ်စေချင်ပါတယ်။

 

Desmond Doss (41:15 to 45:50)

ကျွန်တော် Doss ပါ။ ကျွန်တော်ကတော့ လောလောဆယ်မှာ အစိုးရနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကမဟုတ်ဘူး။ မြေပြင်အဖွဲအစည်းတွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကပါ။

သူတိုရဲ့ Mindset ထဲမှာတော့ သူတို့က တော်လှန်ရေးတပ်ဦးဖြစ်ချင်တယ်၊ တည်ဆောက်တဲ့နေရာမှာတော့ စင်ပြိုင်အစိုးရဲ့ အစိတ်အပိုင်းတွေနဲ့ တည်ဆောက်ထားတယ်ပေါ့ဗျာ။ စိတ်ကတော့ တော်လှန်ရေးတပ်ဦးဖြစ်ချင်ပေမဲ့ သူတိုရဲ့ Body ကြီးတစ်ခုလုံးက စင်ပြိုင်အစိုးရဘက်ရောက်နေတယ်ပေါ့။

နောက်တခုက စင်ပြိုင်အစိုးရဖြစ်နေပေမယ့် ဘယ်လိုဖြစ်နေလဲဆိုတော့ စင်ပြိုင်အစိုးရဲ့ လုပ်ငန်းစဥ်တွေကိုလည်း မဖော်ဆောင်နိုင် ပြန်ဘူး။

လမ်းပေါ်မှာ ငါတိုကိုလာထိရင်ချမယ်လို ကြွေးကြော်ခဲ့တဲ့ပုဂ္ဂိုလ်တွေက မြို့ပေါ်မှာအခြေအနေမဟန်တော့ဘူး၊ ငါတို လက်နက်ကိုင်မှရတော့မယ်၊ လက်နက်ကိုင်တော်လှန်ရေးက ငါတိုကိုခေါ်နေပြီဆိုပြီး ကူးပြောင်းသွားတဲ့ အခြေအနေမျိုးမှာလည်း ဒီဘက်က အစိုးရလိုအမည်ခံထားတဲ့ ပုဂ္ဂိုလ်တွေက Government Body ကြီးကို အသည်းအသန်တည်ဆောက်နေတယ်။ ဒီဘက်က ကျောင်းသားတို့၊ လူငယ်တို့၊ လူထုတွေက လက်နက်ကိုင်တော်လှန်ရေးကို စတင်ဖိုအတွက် လုပ်ကိုင်နေကြပြီပေါ့ဗျာ။ အစိုးရက ပါမလာသေးဘူး၊ ပြောရရင်တော့ လူထုနောက်မြီးဆွဲနေတယ်ပေါ့ဗျာ။ တော်လှန်ရေးတောက်လျှောက်မှာ အစိုးရကို ကျွန်တော်တို့လူထုက ဆွဲခေါ်လာရတယ်။ ခုချိန်ထိကိုပဲ ကျွန်တော်တိုကို ဦးဆောင်နိုင်မှု မပေးသေးဘူး။ နောက်တခုကကျတော့ နိုင်ငံတကာစစ်မျက်နှာဘက်ကို အာရုံစိုက်နေတာများတယ်။ အဓိက သူတိုကိုယ်သူတို တပ်ဦးဆိုတဲ့ သဘောတရားကိုမေ့ပြီး အစိုးရလိုကျင့်ကြံပြီးတော့ နိုင်ငံတကာဘက်ကို အားထည့်နေတယ်။ ကျွန်တော့်အမြင်ကတော့ ရှင်းတယ်။အမျိုးသားညီညွတ်ရေးအစိုးရက တပ်ဦးလည်းမဟုတ်ပြန်ဘူး၊ စင်ပြိုင်အစိုးရလားဆိုတော့လည်း မဟုတ်ပြန်ဘူး၊ ကြားကျနေတဲ့ပုံစံမျိုးဘဲ ဖြစ်နေလိမ့်မယ်။

 

ဦးထွန်းအောင်ကျော် (46:15 to 54:48)

တော်လှန်ရေးလုပ်တဲ့နေရာမှာ ဝေဖန်မှုရှိဖိုတော့လိုတယ်။ ဝေဖန်မှုမရှိဘဲနဲ့ လုပ်တဲ့အစိုးရမှန်သမျှ၊ ခေါင်းဆောင်တွေ၊ ခေါင်းစဥ်အကြီးကြီးတွေရှိတဲ့လူတွေလုပ်သမျှ မှန်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ မျက်စိမှိတ်ထောက်ခံနေမယ်ဆိုရင်တော့ ကျွန်တော်တို့အားလုံးက လမ်းမှန်ကိုရောက်မှာ မဟုတ်ပါဘူး။ ဦးဆောင်တဲ့သူတွေမှားရင် မှားတဲ့အတိုင်း ကျွန်တော်တို့က ချောက်ထဲကိုဆင်းသွားဖို့ပဲရှိတယ်။ အဲ့တာကြောင့် အပြုသဘောဝေဖန်တာကို လက်ခံသလို အပြုသဘောဝေဖန်မှုကို ရဲရဲတင်းတင်းလုပ်ဖို့လိုတယ်။

 

ကိုမိုးသွေး (54:55 to 1.06:20)

NUG က စင်ပြိုင်အစိုးရလို ကျွန်တော်တော့မမြင်ဘူး။

ကျွန်တော်တို ၂၀၀၈ ခြေဥကို ကြိုက်တာ၊ မကြိုက်တာ ခဏဖယ်ထားမယ်။ ဒါပေမဲ့ အရှိတရားကို ပြောရမယ်ဆိုရင် တရားဝင်ဖြစ်တည်ခဲ့တဲ့ အစိုးရက သမ္မတဦးဝင်းမြင့်ခေါင်းဆောင်တဲ့ အစိုးရသာဖြစ်တယ်။ ဒီအစိုးရကို မတရားအာဏာသိမ်းပြီး န.စ.က ဆိုပြီးတော့မှ အကြမ်းဖက်စစ်ကောင်စီကဖွဲစည်းပြီး အာဏာကိုသိမ်းယူတယ်။ ဆိုတော့ ဒီနေရာမှာ NUG ကပြိုင်လုပ်တာမဟုတ်ဘဲ NUG ပေါ်ပေါက်လာပုံကိုပြန်ကြည့်မယ်ဆိုရင် CRPH ကနေပေါ်လာတယ်။ CRPH နဲ့အတူ နောက်မှာ Constitution မရှိသော်ငြားလည်း ဖက်ဒရယ်ကိုအခြေခံထားတဲ့ ပဋိညာဥ်အစိတ်အပိုင်း ၁ နဲ့ ၂ ရှိတယ်ပေါ့ဗျာ။

ကျွန်တော်က NUG ကို စင်ပြိုင်အစိုးရလို လက်မခံဘူး။ ဒါသည် အစိုးရဖြစ်တယ်။

NUG ကို ကျွန်တော်က တော်လှန်ရေး တပ်ဦးအစိုးရလိုမြင်တာ။ တော်လှန်ရေးလည်းဖြစ်တယ်၊ တပ်ဦးလည်းဖြစ်တယ်လို ကျွန်တော်မြင်တယ်။ တပ်ဦးဖြစ်တယ်ဆိုတာမှာ လက်ရှိ NUG မှာပါဝင်နေတဲ့ လူတွေရဲ့အရည်အချင်းတွေ၊ လုပ်ပုံကိုင်ပုံ မှန်ခြင်း၊ မှားခြင်းတွေကို ဒုတိယထားရမယ်။ နိုင်ငံရေးအနှစ်သာရကို ကျွန်တော်ရှေ့ကထားချင်တယ်။

တော်လှန်ရေးရဲ့ အနှစ်သာရမှာဆိုလိုရှိရင် လူထုလူတန်းစားပေါင်းစုံရဲ့ အသံတွေကိုစုဖွဲထားတဲ့ အစုအဖွဲတွေရှိတယ်၊ သပိတ်ကော်မတီတွေရှိမယ်၊ နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံ ရေးပါတီတွေရှိမယ်။ ဒီအစုအဖွဲတွေရဲ့ Participation- စုပေါင်းပါဝင်မှုကို ထိထိရောက်ရောက် လမ်းမဖွင့်ပေးသေးဘူးလို ကျွန်တော်မြင်တယ်။

တပ်ဦးဆိုတာ လူထုလှုပ်ရှားမှုကြီးရဲ့ အသံတွေ၊ တောင်းဆိုချက်တွေ၊ နိုင်ငံရေးအရ ကြွေးကြော်သံတွေ၊ နိုင်ငံရေး လိုလားချက်တွေကို စုစည်းပြီးတော့မှ အကောင်အထည်ဖော် တိုက်ပွဲဝင်ယူတဲ့ဟာကို တပ်ဦးလို ကျွန်တော်ကတော့ အဓိပ္ပါယ်ဖွင့်ချင်တယ်ဗျာ။ တဖက်မှာ အစိုးရဆိုတဲ့အခါကျတော့ တိုင်းပြည်တပြည်လုံးကို စီမံတယ်၊ အုပ်ချုပ်တယ်၊ လူထုရဲ့ လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ပေးတယ်ပေါ့ဗျာ၊ ပြီးတော့ ကာကွယ်မှုတွေကိုပေးတယ်။

ရှစ်လေးလုံးကာလမှာ အဲ့လိုမျိုးအစိုးရတရပ်ကို ဖန်တီးယူဖိုဆိုတာမလွယ်ဘူး၊ မဖြစ်နိုင်ခဲ့ဘူး။ အဲ့တော့ လူထုတရပ်လုံးက တညီတညွတ်တည်း ထောက်ခံသွားတဲ့ အစိုးရတရပ်ပေါ်လာဖိုဆိုတာ မလွယ်ဘူး။ တအားခက်ခဲတဲ့ကိစ္စကြီးဗျ။ ခုက Automatic ရပြီးသားဖြစ်တယ်။ လူထုက တကယ့်ကို လှိက်လှိက်လှဲလှဲ ထောက်ခံထားတယ်။ သိုသော် အဲဒီရှိထားတဲ့ တော်လှန်ရေးတပ်ဦးအစိုးရဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လျော်ညီအောင်၊ ထိုက်တန်အောင်လို လုပ်တာမှာ အားနည်းနေတာကို ကျွန်တော်ကတော့ ထင်ထင်ရှားရှားတွေ့ရတယ်။ အဲ့တာကြောင့်မလို ကျွန်တော်တောက်လျှောက်ပြောလာတာက NUG Reform လုပ်ရမယ်။

 

Paytoe (1.06:30 to 1.12:30)

NUG က တပ်ဦးလား၊ စင်ပြိုင်အစိုးရလားဆိုလိုရှိရင် NUG အနေနဲ့ လက်ရှိတော်လှန်ရေးလိုအပ်ချက်အရ ဒီလိုမျိုးဝန်ကြီးဌာနတွေ ဖွဲစည်းပြီးတော့ လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပြီးလုပ်နေတယ်လို မြင်ပါတယ်

 

Mr. Rev Park (1.26:16 to 1.35:50)

တော်လှန်ရေးတပ်ဦးက NUCC ဖြစ်ပြီး ကျွန်တော့်အနေနဲ့ပြောရရင် စင်ပြိုင်အစိုးရက NUG ဆိုတဲ့ ပုံစံမျိုးနဲ့သွားတယ်ပေါ့ဗျာ။ ကျွန်တော်ကတော့ လက်ရှိမှာ စင်ပြိုင်အစိုးပုံစံရော၊ တပ်ဦးပုံစံအနေနဲ့ပါ ပီပီပြင်ပြင် မရှိသေးဘူးလို့ မြင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အမြင့်အရ Policy အရတော့အခုအချိန်ထိ မှန်ကန်နေသေးတယ်ပေါ့နော်။ ဒါပေမယ့် အရှေ့ကပြောသွားသလို Policy မှန်ပေမယ့် လက်တွေ့အကောင်အထည်ဖော်မှု Implementation အပိုင်းကို ကျန်သေးတယ်။ ချမှတ်လိုက်တဲ့ Grand Strategy မှန်တယ်ဆိုရင်တောင် Stratgey ကို ဘယ်သူကကိုင်တာလဲ၊ Tectics (နည်းဗျူဟာ)ကို ဘယ်သူကိုင်လဲဆိုတာ၊ ဘယ်လောက်ထိရောက်မှုရှိလဲ ၊ ဘာတွေလိုအပ်နေသလဲဆိုတာကို ဆန်းစစ်လေ့လာကြည့်ဖို့ လိုပါတယ်။

 

ကိုဘရောင်း (1.44:20 – 1.50:30)

တော်လှန်ရေးမှာမူ၀ါဒနဲ့ တာ၀န်ခံမှုအပိုင်းကိုပဲ ဦးဆောင်ဖို့ ပြုပြီး အကောင်အထည်ဖို့ကွန်ရက်တွေကို ချိတ်ဆက်စေချင်ပါတယ်၊ လုပ်ပိုင်ခွင့်တွေခွဲ‌ဝေပေးဖို့ လိုအပ်နေတယ်။ တခုခုဆိုပြည်သူက သူတို့ကိုအလုံးစုံအပ်နှင်းထားတယ်၊ အလုံးစုံတာ၀န်ခံရမယ် လွဲချော်မှာ စိုးတယ်ဆိုတဲ့ပူပန်စိတ်ကြောင့် အရာအားလုံးကို ကိုယ်တိုင်လုပ်မှရမယ်ဆိုပြီး စဉ်းစားလာတယ်။

 

ကိုရဲထက် (1.50:40 – 1.55:45)

လက်ရှိမှာ diffusion of responsibility ဆိုတဲ့ ဟိုလူလုပ်မလိုဒီလူလုပ်မလိုနဲ့ဘယ်သူမှမလုပ်ဖြစ်တော့တာပေါ့။ တော်လှန်ရေးတပ်ဦးကဘယ်သူမှန်းမသိဘူးပေါ့ ဥပမာအကြမ်းမဖက်ဆိုလည်း NUGလုပ်မှာလား သပိတ်တွေကလုပ်မှာလား ဘယ်သူလုပ်မှာလဲပေါ့။ မသိဘူး အကုန်ကဟိုလူလုပ်မလိုဒီလူလုပ်မလိုနဲ့ တော်လှန်ရေးက ကြာလာတာပေါ့။

ဘယ်သူကဘာလုပ်မှာလဲပေါ့၊ အခုကျွန်တော်မရှင်းဘူး NUG ကနိုင်ငံတကာထောက်ခံမှုလိုချင်တာလား၊ တော်လှန်ရေးကိုပြီးအောင်လုပ်မှာလား။ အခု2022မှာပြီးမယ်၊ ပြီးအောင်လုပ်ချင်တယ်ဆိုပြီး ခဏခဏပြောတယ်၊ အရင်တုန်းကလည်း ခြောက်လနေပြီးအောင်လုပ်မယ်ဆိုပြီးပြောတယ်၊ ဒါပေမယ့်ဘယ်လိုပြီးအောင်လုပ်မှာလဲ၊ ဒီမေးခွန်းကိုမေးချင်တယ်။ ဒီတိုင်းပဲအချိန်တန်ရင်နိုင်သွားမှာပဲတော့လုပ်လို့မရဘူးပေါ့၊ ဘယ်လိုနည်းလမ်းနဲ့အနိုင်ယူမှာလဲ၊ အနိုင်ယူဖို့ ဘယ်သူကလုပ်မှာလဲ NUGကလုပ်မှာလား ဒါမှမဟုတ်လုပ်နိုင်တဲ့အဖွဲ့ကိုပူး‌ပေါင်းမှာလား အတူသွားမှာလား၊ ဒီဟာကိုသိချင်တာပေါ့။

 

ကိုရေမွန် (1.56:00 – 2.10:37)

တော်လှန်ရေးသမားနဲ့နိုင်ငံရေးသမားနဲ့ခွဲမမြင်ချင်ဘူး ၊ ဒီအချိန်မှာ တော်လှန်ရေးသမားသည်လည်း နိုင်ငံရေးသမားပဲ၊ နိုင်ငံရေးသမားသည်လည်း တော်လှန်ရေးသမားပဲဗျာ။

NUGအစိုးရက တော်လှန်ရေးတပ်ဦးလားဆို၊ ကျွန်တော်ကတော့ NUG ကိုတော်လှန်ရေးတပ်ဦးအဖြစ်မမြင်ချင်ဘူး။ ကျွန်တော်တို့မျှော်လင့်သင့်တာNUCCပဲ ဖြစ်သင့်တယ်။ တော်လှန်ရေးကာလမှာအလိုအပ်ဆုံးက တပ်ပေါင်းစု၊ တပ်ပေါင်းစုသည်သာတပ်ဦး ဖြစ်လိမ့်မယ်။

 

လှလှစိမ်း (2.17:40 – 2.22:10)

NUCC ပြည်သူ့ညီလာခံခေါ်တယ်။ မိန့်ခွန်းပြောသွားတယ်။ ဒါပဲ ဘာမှဆက်ဖြစ်မလာဘူး။ EAOတွေ အဓိကလက်ခံနိုင်မယ့် charter တစ်ခုချပြနိုင်ဖို့လိုတယ်။ ဒါမှရှေ့ရောက်မယ်လို့မြင်တယ်။

 

ကိုသက္ကမိုးညို (2.31:20 – 2.38:30)

ကျွန်တော်တို့အားလုံးက ဘုံရန်သူကိုမတိုက်ပဲနေကြတာမဟုတ်ဘူး ဘုံရန်သူကိုတိုက်နေကြတာပါ။ ဘုံရန်သူကိုတိုက်ရင်း NUGကိုဘာလို့ပြောလဲဆိုတော့ ကျွန်တော်တို့မုန်းလို့ ပြောနေတာမဟုတ်ဘူး ချစ်လို့ပြောနေတာ နိုင်စေချင်လွန်းလို့ ပြောနေကြတာ။

ရွာထဲကိုကျား၀င်လာတယ် တချို့ကကျတော့ အဆိပ်ခတ်သတ်ချင်တယ်၊ တချို့ကကျတော့ဓါးနဲ့ခုတ်ချင်တယ်၊ ကျားကိုသတ်ဖို့ရည်ရွယ်ချက်ကွဲတာမဟုတ်ဘူး သတ်မယ့်နည်းလမ်းကွဲတာကို ရန်ရှာနေတာသိပ် အဓိပ္ပါယ်မရှိလှဘူး။

ဖားကောက်လို့အိတ်ပေါက်နေရင် ကောက်နေတုန်းအခိုက်မှာ ပြောရမှာဖြစ်တယ် ကောက်နေတုန်း အခိုက်မှာမပြောပဲ ဖားကောက်ပြီးမှပြောပါ ဆိုရင်ဒီဖားကောက်တာ ပြီးမှာကိုမဟုတ်တော့ဘူးဆိုတဲ့ idea မျိုးတော့ ရှိထားကြဖို့လိုမယ်။

4 Replies
Nemo
Posts: 14
 Nemo
Admin
Topic starter
(@nemo)
Joined: 3 years ago

NUG မှာပါဝင်နေတဲ့သူတွေက တော်လှန်ရေးအပေါ်စေတနာရှိကြတာကို မေးခွန်းထုတ်စရာမလိုပါဘူး။ ဒါပေမယ့် သူတို့ရဲ့ပညာရေးပြည့်ဝမှုအပိုင်းမှာတော့ သံသယဖြစ်စရာရှိပါတယ်။ ပညာရေးဆိုတာက formal education ကရတဲ့ ဘာဘွဲ့၊ ညာဘွဲ့တွေကိုဆိုလိုတာမဟုတ်ပဲ တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ လေ့လာဆည်းပူးမှုတွေကိုသာ ဆိုလိုခြင်းဖြစ်တယ်။

လေ့လာမှုအားနည်းခြင်းရဲ့အကျိုးဆက်ကတော့ NUG သည် တော်လှန်ရေးတပ်ဦးရော၊ စင်ပြိုင်အစိုးရပါလုပ်လိုတဲ့ဆန္ဒရှိနေပေမယ့် အထောင်အထည်ဖော်တဲ့နေရာမှာတော့ တော်လှန်ရေးသဘာဝနဲ့ကွဲလွဲနေတာဖြစ်ပါတယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ NUG ရဲ့ပြဿနာက politics အလွန်ဆန်နေခြင်းပါပဲ။ NUG ကထုတ်ပြန်တဲ့စာတွေအရ သူတို့သည် လူထုထောက်ခံမှု၊ legitimacy တွေကို စွဲကိုင်ထားပြီး ကြားကာလအစိုးရအနေနဲ့ ခေါင်းဆောင်လိုတဲ့သဘောရှိပါတယ်။ ဖြစ်သင့်တာက တော်လှန်ရေးဗျူဟာနဲ့ခေါင်းဆောင်မှုက NUCC ကလာသင့်ပြီး NUG က အကောင်အထည်ဖော်ရေး (execution) နဲ့ စီမံခန့်ခွဲရေး (administration) ပိုင်းကိုကိုင်သင့်ပါတယ်။ လက်တွေ့မှာတော့ NUG အစိုးရအဖွဲ့ကပဲ (မရည်ရွယ်ပဲ) အကုန်ချုပ်ကိုင်ထားပြီး ကယ်တင်ရှင်ပုံစံဖြစ်နေပါတယ်။ ဘာလို့ဒီလိုပြောနိုင်လဲဆိုရင် NUG ရဲ့လုပ်ငန်းအများစုက ရှေးမူမပျက်အစိုးရယန္တရားတည်ဆောက်ရေးနဲ့ နယ်မြေစိုးမိုးရေးတို့ကို  အဓိကထားပြီး ပြည်သူတွေကို ဝန်ဆောင်မှုပေးမယ့်လမ်းစဉ်ကို သွားနေပါတယ်။ အစိုးရတရပ်အနေနဲ့ ဒါတွေကိုလုပ်တာသဘာဝကျပေမယ့် တော်လှန်ရေးတပ်ဦးနေရာကိုတော့ ကတိပေးထားတဲ့အတိုင်း NUCC ကိုသာလွှဲပေးသင့်ပါတယ်။

Reply
Posts: 1
 Zeke
(@zeke)
Joined: 2 years ago

ကျွန်တော်မြင်တာတော့ NUG ထဲမှာ Politic ကို Professional လေ့လာပြီးလျောက်လှမ်းခဲ့တဲ့လူအရေအတွက်ကနည်းတယ်။နည်းတဲ့အပြင်အဲ့လူတွေကလုပ်ပိုင်ခွင့်မရှိဘူးလို့မြင်မိတယ်။ ရှေ့ကဦးဆောင်နေတဲ့လူတွေက ငါတို့ဘာလုပ်ချင်လဲ ပြည်သူတွေဘာလိုချင်လဲ ဆိုတာကိုတိကျပြတ်သားစွာမသိတာများလား မသိချင်ယောင်ဆောင်ပြီးတွေဝေနေတာလားတော့မပြောတတ်ပါဘူးဗျ။ ခုနောက်ပိုင်းပုံစံအရဆို NUG က တော်လှန်ရေးတပ်ဦးလို့ပြောဖို့ခက်သွားတဲ့အခြေအနေမှာဖြစ်နေပြီလို့မြင်မိပါတယ်။ စင်ပြိုင်အစိုးရပုံံစံကိုတော့သူတို့နိုင်သလောက်ရသလောက်နဲ့တည်ဆောက်နေတာကိုတော့တွေ့ရပါတယ်။ 

 

Reply
1 Reply
aung
 aung
(@aung)
Joined: 3 years ago

Posts: 2

@zeke တော်လှန်ရေးကာလဆိုတော့ ပုံမှန် politic ကိုသိပ်အလေးမထားတာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် နိုင်ငံသစ်တည်ဆောက်ဖို့ဆိုရင်တော့ နိုင်ငံရေးသဘောတရားတွေနားလည်ဖို့ဆိုတာ အမှန်ပဲ။ NUG ထဲမှာလည်း စကစကိုအရင်နိုင်အောင်တိုက်ပြီးမှ တည်ဆောက်ရေးလုပ်မယ်လို့စဉ်းစားတဲ့သူတွေရှိနိုင်တယ်။ မသိတာကအပြစ်မဟုတ်သေးပေမယ့် မလေ့လာဘူး၊ အကြံပေးတာတွေကိုလည်းနားမထောင်ဘူးဆိုရင် အန္တရာယ်ရှိတယ်။

Reply
Posts: 1
(@thaw-di-eain)
Joined: 2 years ago

ကျွန်တော့်အမြင်ကတော့ NUGဟာ တော်လှန်ရေးတပ်ဦးထက် စင်ပြိုင်အစိုးရဘက်ကိုအကဲပိုနေတယ် ထင်တယ်။ တစ်ချို့ကိစ္စတွေမှာဆိုရင် လူထုအားကိုခိုစီးပြီး ဘာအလုပ်မှဟုတ်တိပတ်တိ မလုပ်တာတွေရှိတယ်။ NUGဟာ လက်ထုကြောင့်လား၊ သူ့ကိုယ်ပိုင်မူဝါဒကြောင့်လားတော့မသဲကွဲပေမဲ့ လက်နက်ကိုင်တော်လှန်ရေးကို အထူးအားစိုက်နေတယ်။ ဒါပေမဲ့ အားစိုက်တဲ့နေရာမှာ တကယ့်​​မြေပြင်တော်လှန်ရေးတပ်ဦးမှာတော့ ရှိမနေဘူး။ လက်နက်ကိုင်တော်လှန်ရေးမှာအရေးကြီးတဲ့ မဟာဗျူဟာ​တွေ NUGမှာ ရှိနေတယ်မထင်ဘူး။ ခေါင်းဆောင်နိုင်မဲ့ တကယ့်စစ်ရေး၊နိုင်ငံရေးကျွမ်းကျင်တဲ့ ခေါင်းဆောင်တွေကို ခန့်အပ်မထားနိုင်ဘူး။ ရှိတဲ့ခေါင်းဆောင်တွေနဲ့လည်း ကျေကျေလည်လည်မချိတ်ဆက်နိုင်ဘူး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်နိုင်အောင်သာတိုက်ဆိုပြီး​ မျက်နှာလွှဲခဲပစ်လုပ်နေတယ်။ ယာယီသမ္မတတို့၊ ဦးရည်မွန်တို့ မြေပြင်ဆင်းလာတယ်ဆိုတာကလည်း ဖော်ရှိုးတစ်ခုလိုဖြစ်နေတယ်။ ဘာမှလည်း တော်လှန်ရေးအတွက် ထူးကဲလာတာမရှိဘူး။ ​​အဲဒါ​ကြောင့် NUGဟာ သူတို့ဦးစားပေးဆိုတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာတောင် တော်လှန်ရေးတပ်ဦးမှာရှိမနေဘူး။

Reply