ဆူဒန်တော်လှန်ရေး (2...
 
Notifications
Clear all

ဆူဒန်တော်လှန်ရေး (2019)

2 Posts
1 Users
2 Reactions
566 Views
Nemo
Posts: 14
 Nemo
Admin
Topic starter
(@nemo)
Joined: 3 years ago

ဆူဒန်တော်လှန်ရေး (၂၀၁၉)

 

ဆူဒန်နိုင်ငံဟာ ၁၉၅၉ ခုနှစ်မှာ အင်္ဂလိပ်တွေဆီက လွတ်လပ်ရေးရစဉ်တည်းကစပြီး အာဏာရှင်စနစ်အမျိုးမျိုးအောက်ကို ကျရောက်ခဲ့ရပါတယ်။ အာဏာရှင်တွေထဲမှာအဆိုးဆုံးက ၁၉၈၉ မှာအာဏာသိမ်းခဲ့တဲ့ အိုမာ အယ်လ်−ဘာရှား ခေါင်းဆောင်တဲ့ စစ်အစိုးရဖြစ်ပါတယ်။ ဘာရှားအစိုးရဟာ တော်လှန်သူတွေကို အကြမ်းဖက်ဖိနှိပ်ရာမှာ နာမည်ကြီးပြီး သူ့အာဏာကိုထိပါးစေမယ့် အရပ်ဖက်အဖွဲ့အစည်းတွေကိုပါ ဖျက်သိမ်းခဲ့ပါတယ်။ ငြိမ်းချမ်းတဲ့အစ္စလာမ်ဘာသာကိုလည်း ဖိနှိပ်မှုနဲ့ ခွဲခြားမှုတွေအတွက် အလွဲသုံးစားလုပ်ပြီးအသုံးချခဲ့ပါတယ်။ ဒါတင်မကသေးပဲ ဆူဒန်အနောက်ပိုင်း ဒါဖာဒေသမှာ ဘာရှားစစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာလည်း တရားစွဲခံခဲ့ရပါတာဖြစ်ပါတယ်။

 

၂၀၁၈ မတိုင်ခင် ဆူဒန်ပြည်သူတွေရဲ့  ဘရှားစစ်အစိုးရကို လက်နက်ကိုင်ရော၊ အကြမ်းမဖက်ရော တော်လှန်အုံကြွမှုအချို့ရှိခဲ့ပေမယ့် သိပ်မအောင်မြင်ခဲ့ကြပါဘူး။ ဆူဒန်အနောက်ပိုင်းနဲ့ တောင်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူတို့စိုးမိုးတဲ့နယ်မြေအချို့ကလွဲရင် စစ်အစိုးရကိုအားနည်းအောင်မလုပ်နိုင်ခဲ့ပါဘူး။ ဘာရှားစစ်တပ်တွေက တိုင်းရင်းသားလက်နက်ကိုင်တွေကို သောင်းကျန်းသူအမည်တပ်ပြီး ပြင်းထန်တဲ့စစ်ဆင်ရေးတွေနဲ့ဖိနှိပ်ခဲ့ပါတယ်။ 

 

အကြမ်းမဖက်လမ်းစဉ်

 

၂၀၁၈ တော်လှန်ရေးမတိုင်ခင် ၂၀၁၃ မှာ လူထုအုံကြွမှုတစ်ခုဖြစ်ခဲ့ပါသေးတယ်။ ဒီအုံကြွမှုအတွင်းမှာ အစိုးရသူလျှိုတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဆီဆိုင်မီးရှို့တာ၊ ကားတွေဖျက်ဆီးတာစတဲ့ အဓိကရုဏ်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ အစိုးရစစ်တပ်ရဲ့ အင်အားသုံးနှိမ်နင်းမှုတွေကြောင့် ၂၀၁၃ တော်လှန်ရေးက အရပ်သားသေဆုံးမှုတွေနဲ့ ရက်အနည်းငယ်အကြာမှာ အဆုံးသတ်သွားခဲ့ပါတယ်။ ဒီနောက်မှာ တော်လှန်ရေးသမားတွေက လက်နက်ကိုင်လမ်းစဉ်နဲ့ ဆူပူအကြမ်းဖက်မှုတွေဟာ စစ်အစိုးရအကြိုက်ဖြစ်စေတယ်ဆိုတာ သုံးသပ်မိပြီး အကြမ်းမဖက်လမ်းစဉ်ကို ပိုကောင်းတဲ့လမ်းကြောင်းအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ ဖြိုခွင်းမှုတွေကြောင့် သားတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့ တော်လှန်ရေးသမား ဟရှင်မတ်တာ က အခုလိုပြောပါတယ်

 

“သူတို့ကကျွန်တော်တို့ကို အကြမ်းဖက်စေချင်တာ၊ ဒါပေမယ့်ကျွန်တော်တို့မှာရှိတဲ့လက်နက်က အကြမ်းမဖက်ခြင်းပဲ။ ဒါကကကျွန်တော်တို့မှာရှိပြီး သူတို့မှာမရှိတဲ့လက်နက်ပဲ။ သူတို့ကအကြမ်းဖက်မှုကိုအသုံးချပြီး ကျွန်တော်တို့ကိုချောင်ပိတ်ချင်တယ်။ ကျွန်တော်တို့အကြမ်းဖက်ရင် ကျွန်တော်တို့ရှုံးမယ်ဆိုတာသိတယ်။ အကြမ်းမဖက်ခြင်းက သူတို့မှာမရှိတဲ့တစ်ခုတည်းသော လက်နက်ပဲ”

 

ဆူဒန်တော်လှန်ရေးသမားတွေက အကြမ်းမဖက်လမ်းစဉ်ရဲ့ သဘောတရားတွေကို လေ့လာပြီး မီဒီယာတွေကနေတစ်ဆင့် အကြမ်းမဖက်ဖို့ဘာလို့အရေးကြီးတယ်ဆိုတာကို မျှဝေခဲ့ကြပါတယ်။ ဒေါက်တာဂျင်းရှပ်နဲ့ အခြားပညာရှင်တွေရဲ့ အကြမ်းမဖက်လမ်းစဉ်ဗျူဟာနဲ့ အကျိုးသက်ရောက်မှုတွေအကြောင်း အရေးအသားတွေကို ဘာသာပြန်ပြီး ဆန္ဒပြသူတွေထံ ဖြန့်ဝေခဲ့ပါတယ်။ ၂၀၁၈ မှာရှစ်လကြာ လူထုတော်လှန်ရေးလှုပ်ရှားမှုတွေလုပ်တဲ့အခါမှာလည်း အကြမ်းမဖက်စည်းကမ်းကို တိတိကျကျလိုက်နာဖို့ ခေါင်းဆောင်တွေကညွှန်ကြားခဲ့ပါတယ်။ ဆန္ဒပြသူတွေထဲမှာ အကြမ်းဖက်အသွင်ဆောင်တဲ့အပြုအမူကို ဘေးကလူတွေက ဝိုင်းထိန်းတာ၊ ရဲ၊ စစ်တပ်နဲ့ထိပ်တိုက်တွေ့တဲ့နေရာတွေမှာ လက်နက်အဖြစ်သုံးလို့ရတဲ့အရာတွေ မယူလာခိုင်းတာစသဖြင့် စည်းကမ်းတင်းကျပ်ခဲ့ပါတယ်။ ဒီစည်းကမ်းတွေက စစ်အစိုးရဖက်က သွေးထိုးလှုံ့ဆော်ပြီး၊ ဒါမှမဟုတ် ဒလံထည့်ပြီး အကြမ်းဖက်အဓိကရုဏ်းအသွင်ပုံဖော်မှုကနေ ကာကွယ်နိုင်ခဲ့ပါတယ်။

 

တော်လှန်ရေးဦးဆောင်မှု

 

ဆူဒန်တော်လှန်ရေးက လူထုကိုအခြေပြုတဲ့တော်လှန်ရေးဖြစ်ပါတယ်။ အထူးသဖြင့် Forces of Freedom and Change (FFC) လို့ခေါ်တဲ့ တော်လှန်ရေးဦးဆောင်ကော်မတီမှာ  နယ်ပယ်မျိုးစုံက ပညာရှင်တွေ၊ အလုပ်သမားတွေ၊ အမျိုးသမီးတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းပေါင်း ၁၅၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားပါတယ်။ ဒါပေမယ့်လှုပ်ရှားမှု၊ ကမ်ပိန်းတွေလုပ်တဲ့အခါမှာ local resistance committee လို့ခေါ်တဲ့ ဒေသခံတော်လှန်ရေးကော်မတီတွေကတွေတဆင့် စုစည်းလှုပ်ရှားတဲ့ decentralize ပုံစံဖြစ်ခဲ့ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာ ဆန္ဒပြပွဲတွေအပြင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အကျင့်ပျက်ခြစားမှုတွေကို ထုတ်ဖော်ပြခဲ့ပါတယ်။ ရဲ၊ စစ်သားတွေနဲ့ထိပ်တိုက်တွေ့တဲ့အခါ သူတို့ရဲ့လစာနဲ့ စစ်ခေါင်းဆောင်၊ အာဏာရခေါင်းဆောင်တွေရဲ့ လူမှုအဆင့်အတန်းကွာခြားပုံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။ ဘာရှားဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ အစ္စလာမ်ဘာသာ (right-wing Islam) ကို တလွဲအဓိပ္ပာယ်ဖွင့်မှုတွေကိုလည်း ထောက်ပြခဲ့ကြပါတယ်။ လူအများစုဝေးရာနေရာတွေမှာ စာစောင်ဝေတာ၊ နံရံရုပ်ပုံရေးဆွဲတာ၊ ဘုရားကျောင်းတွေမှာ တရားအစစ်အမှန်ကိုဝင်ပြောတာ စသဖြင့်ဖြန့်ကျက်လှုပ်ရှားခဲ့ကြပါတယ်။

 

၂၀၁၈ တော်လှန်ရေးဖြစ်စဉ်အကျဉ်း

 

၂၀၁၈ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပေါင်မုန့်ဈေးသုံးဆတက်သွားတာကို အကြောင်းပြုပြီး Ad-Damazin လို့ခေါ်တဲ့ ဆူဒန်အရှေ့တောင်ပိုင်းက မြို့ငယ်လေးမှာ ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။ တပတ်အကြာမှာဆန္ဒပြပွဲတွေက တခြားမြို့တွေကိုပြန့်လာခဲ့ပြီး ဆန္ဒပြသူတချို့က အာဏာရပါတီရုံးချုပ်တချို့ကို မီးရှို့ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကြီးထွားလာတာနဲ့အမျှ ရဲတွေကဆန္ဒပြသူတချို့ကို ပစ်သတ်ခဲ့ပြီး အစိုးရက ကျောင်းတွေပိတ်၊ ကာဖျူးထုတ်၊ ဆိုရှယ်မီဒီယာတွေကိုပိတ်ပစ်တာတွေ လုပ်ခဲ့ပါတယ်။

 

အစိုးရဘက်က ဖိနှိပ်နေပေမယ့်ဆန္ဒပြပွဲတွေကတော့ တနိုင်ငံလုံးကိုပျံ့နှံ့သွားခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ဘာရှားက နိုင်ငံကိုအရေးပေါ်အခြေအနေကြေငြာပြီး ပြည်နယ်အုပ်ချုပ်ရေးမှုးတွေကို စစ်ဗိုလ်ချုပ်တွေနဲ့အစားထိုးခဲ့ပါတယ်။ ဖိနှိပ်မှုတွေကြားမှာ ဦးဆောင်ကော်မတီဖြစ်တဲ့ FFC က တော်လှန်ရေးလှုပ်ရှားမှုတွေကို အပတ်စဉ်ကြေငြာခဲ့ပါတယ်။ စစ်တပ်ရဲ့စောင့်ကြည့်ပိတ်ပင်မှုတွေကို ရှောင်ရှားနိုင်ဖို့ ရွာခံ၊ နယ်ခံတွေက ဘောလုံးကွင်း၊ ဈေးလိုမျိုး လူအများစုဝေးတဲ့နေရာတွေမှာ လှုပ်ရှားခဲ့ပါတယ်။ ဒီလိုနယ်မြေအလိုက်လှုပ်ရှားမှုတွေက မြို့ပေါ်ရော၊ ရွာတွေမှာပါ နေရာအနှံ့ဖြစ်နေတဲ့အတွက် စစ်တပ်ကလိုက်ဖိနှိပ်ဖို့ အခက်တွေ့ခဲ့ပါတယ်။ 

 

ဖေဖော်ဝါရီလရောက်တဲ့အခါ တော်လှန်ရေးသမားတွေက နယ်ခံဆန္ဒပြပွဲတွေရဲ့ ထိရောက်မှုကိုမေးခွန်းထုတ်လာကြပါတယ်။ ဆန္ဒပြပွဲတွေမှာ လူတွေအများကြီးပါဝင်လာခဲ့ပေမယ့် ဖေဖော်ဝါရီအကုန်လောက်မှာတော့ တစတစအားလျော့လာပါတယ်။ ဒီပုံစံအတိုင်းဆက်သွားနေရင် လူတွေမျှော်လင့်ချက်နည်းလာမှာကို ခေါင်းဆောင်တွေကရိပ်စားမိခဲ့ပါတယ်။ တစ်ဖက်မှာတော့ အာဏာရှင်ယန္တရားပြိုကွဲမယ့် အရိပ်အယောင်တွေဖြစ်တဲ့ အာဏာရခေါင်းဆောင်တွေအကြား အက်ကြောင်းတွေပြလာခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် တော်လှန်ရေးဦးဆောင်သူတွေက ဆန္ဒပြပွဲတွေစတင်ပြီး သုံးလခွဲအကြာမှာ ဆူဒန်မြို့တော်မှာရှိတဲ့ စစ်ရုံးချုပ်ရှေ့ကို ချီတက်ဆန္ဒပြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

 

ဧပရယ် ၆ ရက်နေ့မှာ စစ်ရုံးချုပ်ရှေ့ကို ချီတက်လာသူပေါင်း ရှစ်သိန်းခန့်မျှရှိလာပါတယ်။ စစ်သားတွေက ချီတက်လာသူတွေကို ပစ်ခတ်တားဆီးဖို့အမိန့်ကို ငြင်းဆန်ခဲ့ပါတယ်။ မထင်မှတ်ထားတဲ့လူအင်အားကြောင့် စိတ်အားတက်ကြွလာတဲ့ တော်လှန်ရေးခေါင်းဆောင်တွေက စစ်ရုံးရှေ့မှာ အထိုင်ချဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ စစ်ရုံးရှေ့ကွက်လပ်မှာ ရိက္ခာဖြန့်ဝေရေး၊ လုံခြုံရေး၊ အိမ်သာ၊ ဆေးခန်းနေရာတွေပြုလုပ်ပြီး ဆန္ဒပြသူတွေကို ထောက်ပံ့ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဘက်က အကြမ်းဖက်မှုနဲ့ စစ်တပ်ရဲ့ အယောင်ဆောင်လှုံ့ဆော်မှုတွေကို ကာကွယ်နိုင်ဖို့ လူနဲ့လက်နက်စစ်ဆေးမှုတွေကို လုံခြုံရေးအနေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ မသင်္ကာတဲ့သူတွေ့ရင် သူ့ရဲ့ ဆိုရှယ်မီဒီယာကိုစစ်ကြည့်ပြီး ယုံကြည်ရတဲ့သူဟုတ်မဟုတ် အကဲဖြတ်ခဲ့ကြပါတယ်။ အကြမ်းမဖက်တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ ပညာပေး၊ ဟောပြောပွဲ၊ ဖျော်ဖြေပွဲတွေကို လုပ်ခဲ့ကြတယ်။ ဒီလုပ်ငန်းတွေက စစ်တပ်ရဲ့ခွင်ဆင်ဖြိုခွဲခံရတာကနေကာကွယ်နိုင်ဖို့ အကြမ်းမဖက်စည်းကမ်းကို ထိန်းသိမ်းတဲ့နေရာမှာ အရေးပါခဲ့ပါတယ်။

 

အထိုင်ဆန္ဒပြတာ ခြောက်ရက်မြောက်မှာ စစ်တပ်က ဘာရှားကိုပထုတ်ပြီး အသွင်ကူးပြောင်းရေးကောင်စီ (TMC) ကိုဖွဲ့ခဲ့ပါတယ်။ ဒါပေမယ့် ဒီကောင်စီမှာ ဘာရှားရဲ့လူယုံကခေါင်းဆောင်နေတဲ့အတွက် ဆန္ဒပြပွဲတွေက ဆက်ရှိနေခဲ့ပါတယ်။ ကောင်စီဖွဲ့ပြီးနောက်ရက်မှာပဲ ဘာရှားလူယုံကနှုတ်ထွက်သွားခဲ့ပြီး နောက်တစ်နေ့မှာ စစ်တပ်နဲ့ဆန္ဒပြပြည်သူခေါင်းဆောင်တွေကြား  ညှိနှိုင်းမှုတွေစတင်ခဲ့ပါတယ်။ ဒါကဘာရှားအစိုးရအုပ်ချုပ်ခဲ့တဲ့ နှစ် ၃၀ အကြာမှာ ဆူဒန်ပြည်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်ခဲ့ပါတယ်။ ဆွေးနွေးမှုတွေလုပ်နေတဲ့ ရက်အတောအတွင်းမှာ ဘာရှားအစိုးရထဲက နာမည်ဆိုးထွက်တဲ့သူတွေ ထုတ်ပယ်ခံခဲ့ရသလို ဆန္ဒပြပွဲတွေလည်း နိုင်ငံအနှံ့ ဆက်ဖြစ်ပေါ်နေခဲ့ပါတယ်။

 

စစ်ရုံးချုပ်ရှေ့မှာ အထိုင်ဆန္ဒပြပွဲက ဇွန်လအထိ အနည်းနဲ့အများဆက်ရှိနေခဲ့ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေတဲ့ကာလမှာပဲ သဘောထားမမှန်တဲ့ စစ်တပ်က အကြမ်းဖက်နှိမ်နင်းရာမှာကျွမ်းကျင်တဲ့ ထောက်လှမ်းရေးတပ်တွေကိုသုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ကြိုးစားခဲ့ပါတယ်။ ဇွန်လ ၃ ရက်နေ့မှာ ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် ဆန္ဒပြသူ ရာကျော်သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ ဖမ်းဆီးခံရသူ၊ မုဒီမ်းကျင့်ခံရသူတွေလည်း များစွာရှိခဲ့ပြီး ပစ်မိန့်ကိုငြင်းဆန်တဲ့ တပ်သားအချို့လည်း ပစ်သတ်ခံခဲ့ရပါတယ်။

 

စစ်တပ်ရဲ့ TMC ကောင်စီက ဒီလိုရက်ရက်စက်စက်နှိမ်နင်းပြီး ဆန္ဒပြသူတွေကြောက်သွားအောင်၊ ဒါမှမဟုတ် လက်နက်နဲ့ပြန်တိုက်အောင် လုပ်ဆောင်ခဲ့ပေမယ့် တော်လှန်ရေးခေါင်းဆောင်တွေက အကြမ်းမဖက်နည်းလမ်းကိုပဲ ခိုင်ခိုင်မာမာဆွဲကိုင်ခဲ့ပါတယ်။ အကြမ်းဖက်ဖြိုခွင်းမှုကိုတုံ့ပြန်တဲ့အနေနဲ့ civil disobedience နဲ့ အထွေအထွေသပိတ်ကြီးကို နယ်မြေခံကော်မတီတွေကနေတစ်ဆင့် လုပ်ဆောင်ခဲ့ပါတယ်။ စစ်တပ်နဲ့ပြည်သူကြား လွန်ဆွဲမှုပြင်းထန်တဲ့ အထွေထွေသပိတ်ဟာ နိုင်ငံရဲ့ယန္တရားအားလုံးနီးပါးရပ်သွားစေပါတယ်။ ဒီကာလမှာ African Union က ဆူဒန်ကိုအဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ခဲ့ပြီး နိုင်ငံတကာကလည်း စစ်တပ်ကိုဖိအားပေးခဲ့ပါတယ်။ တပ်ဖက်ကလည်း အင်တာနက်ပိတ်တာ၊ အကြမ်းဖက်ဖမ်းဆီးတာတွေ အများအပြားလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီအကြမ်းဖက်ဖိနှိပ်မှုတွေက လူထုလှုပ်ရှားမှုကြီးကို မရပ်တန့်နိုင်ပဲ ဇွန် ၃၀ ရက်နေ့မှာတော့ ဆူဒန်ပြည်သူသန်းပေါင်းများစွာက လမ်းတွေပေါ်မှာဆန္ဒပြခဲ့ကြပါတယ်။ ဒီအချိန်မှာ စစ်တပ်ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်မှုတွေတိုးလုပ်ပြီးသူတို့ကိုယ်သူတို့ ချောင်ပိတ်အောင်လုပ်မလား၊ ပြည်သူနဲ့ ညှိနှိုင်းမလားဆိုတာရွေးရပါတော့တယ်။ 

 

ဇွန်လကုန်မှာ African Union နဲ့ အီသီယိုးပီးယားအစိုးရတို့ရဲ့ စေ့စပ်မှုကြောင့် စစ်တပ်ရဲ့ TMC နဲ့ တော်လှန်ရေးကော်မတီ FFC အကြားဆွေးနွေးမှုတွေ ပြန်စခဲ့ပြီး ကြားကာလတရားမျှတမှုနဲ့ အရပ်သားအစိုးရဖွဲ့စည်းရေးတို့ကို အဓိကဆွေးနွေးခဲ့ကြပါတယ်။ ထောက်ခံသူအားနည်းလာတဲ့ စစ်အစိုးရအဖွဲ့ဟာ အာဏာချုပ်ကိုင်မှုကို အလုံးစုံလက်မလွှတ်ခဲ့ပေမယ့် အရပ်သားနဲ့ စစ်တပ်ကိုယ်စားလှယ်တွေပါဝင်ပြီး အရပ်သားဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ၂၀၁၉ သြဂုတ်လမှာ ဖွဲ့စည်းပေးခဲ့ရပါတယ်။

 

ဆူဒန်တော်လှန်ရေးမှ သင်ခန်းစာများ

 

ဆူဒန်နိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများစွာနေထိုင်တာ၊ တိုင်းရင်းသားလက်နက်ကိုင်၊ အကြမ်းဖက်စစ်ခေါင်းဆောင်၊ ဘာသာရေးအစွန်းရောက် စတဲ့ မြန်မာနိုင်ငံနဲ့တူတဲ့အချက်များစွာရှိပါတယ်။ ဆူဒန်မှာ ၁၉၉၅ ခုနှစ်တည်းက လက်နက်ကိုင်တော်လှန်သူတွေရှိခဲ့ပေမယ့် စစ်တပ်ကိုအပြုတ်မတိုက်နိုင်ပဲ သောင်းကျန်းသူနှိမ်နင်းရေးဆိုတာတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာပဲရှိပါတယ်။ ဆူဒန်တော်လှန်ရေးသမားတွေက ပြည်သူ့အင်အားနဲ့ အကြမ်းမဖက်လူထုတော်လှန်ရေးကသာ စစ်အုပ်စုကိုအထိရောက်ဆုံး အနိုင်ယူနိုင်မယ်ဆိုတာကို သိရှိခဲ့ကြပြီး အောက်ခြေလူထုကြားကိုရောက်အောင်လည်း ဖြန့်ဝေနိုင်ခဲ့ပါတယ်။ တော်လှန်ရေးဦးဆောင်ကော်မတီမှာ အလွှာအသီးသီးက လူထုကိုယ်စားလှယ်များစွာပါဝင်ပြီး ဒေသခံကော်မတီတွေလည်း အားကောင်းခဲ့တဲ့ လူထုအခြေပြုလှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက်သူတွေအဖြစ်ပုံဖော်လိုတဲ့ စစ်အစိုးရရဲ့ ထောင်ခြောက်တွေကိုလည်း ကြိုမြင်ခဲ့ပြီး ကာကွယ်တားဆီးနိုင်ဖို့ ဗျူဟာကျတဲ့အစီအမံတွေပြုလုပ်ခဲ့ပါတယ်။ စစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းခံရပြီး သေဆုံးမှုတွေရှိခဲ့တဲ့အခါမှာလည်း အကြမ်းမဖက်တော်လှန်ရေးကို လက်မလျှော့ပဲ ဆက်ဖိအားပေးခဲ့တဲ့အတွက် စစ်တပ်ကထွက်ပေါက်မရှိတော့ပဲ လူထုအောင်ပွဲကိုရရှိခဲ့ပါတယ်။ ခြုံပြောရမယ်ဆိုရင် လူထုအင်အားစုတွေကြားပေါင်းစည်းမှုနဲ့ ဗျူဟာအခြေခံတဲ့ မမှိတ်မသုန်လှုပ်ရှားမှုတွေကြောင့် အကြမ်းမဖက်တော်လှန်ရေးက အောင်မြင်ခဲ့ပါတယ်။ စစ်အာဏာရှင်ပြုတ်ကျသွားခဲ့ပေမယ့် ဆူဒန်တော်လှန်ရေးကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမပြီးမချင်း အင်အားစုများကြား ညီညီညွတ်ညွတ်ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်များစွာကျန်နေပါသေးတယ်။

 

စိတ်မကောင်းစရာတစ်ခုကတော့ ၂၀၂၁ အောက်တိုဘာ ၂၅ ရက်နေ့မှာ စစ်တပ်က TMC နဲ့ FFC တို့ရဲ့သဘောတူညီမှုကိုချိုးဖောက်ပြီး အရပ်သားအစိုးရဆီက အာဏာပြန်သိမ်းခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဆူဒန်နိုင်ငံအနှံ့အပြားမှာ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့်တက်နေပြီး စစ်တပ်ကပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် သေဆုံးမှုတွေလည်းရှိနေပါတယ်။ ဒါပေမယ့် ဆူဒန်တော်လှန်ရေးသမားတွေဟာ အတွေ့အကြုံရှိပြီးဖြစ်တဲ့အတွက် ဒီအခက်အခဲကိုဘယ်လိုကျော်လွှားမလဲဆိုတာ စောင့်ကြည့်သင်ခန်းစာယူရမှာဖြစ်ပါတယ်။

 

Link to Google Doc file

 

Sudan's Long Walk to Freedom: Will the Military Council Cede Power to  Civilians?

Topic Tags
1 Reply
Nemo
Posts: 14
 Nemo
Admin
Topic starter
(@nemo)
Joined: 3 years ago

နိုဝင်ဘာ ၂၂ ရက်နေ့မှာတော့ အာဏာသိမ်းထားတဲ့ ဆူဒန်စစ်တပ်က သူတို့အကျယ်ချုပ်ချထားတဲ့ ဝန်ကြီးချုပ် Hamdok နဲ့ညှိပြီး အသစ်ဖွဲ့စည်းမယ့် cabinet မှာ ဝန်ကြီးချုပ်ရာထူးပြန်ပေးလိုက်ကြောင်း သတင်းထွက်လာပါတယ်။ ဒါပေမယ့် ဒီညှိနှိုင်းမှုက အောက်ခြေပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဆန္ဒသဘောထားမပါပဲဆုံးဖြတ်ခဲ့တဲ့အတွက် မြေပြင်မှာတော့မကျေနပ်ချက်တွေရှိနေပါတယ်။ အဖွဲ့ဝင်တချို့ဖမ်းဆီးခံထားရတဲ့ FFC ကလည်း ဒီသဘောတူညီမှုကို လက်မခံနိုင်ကြောင်းပြောခဲ့ပြီး လမ်းပေါ်ကဆန္ဒပြပွဲတွေလည်း ဆက်ရှိနေဆဲပါပဲ။

Reply