Contents

CDMer (0:00:00 to 0:05:03)

ပြဿနာက ဘယ်လိုစတာလဲဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ဒုက္ခက စရောက်လာတာပဲ။  တစ်ချိုလူတွေကျတော့ အစောပိုင်းမှာ သူများတွေလို လိုက်ယောင်ပြီးတော့ ရုံးမတက်ဘူး ဘာညာသာရကာနဲ့ ဖြစ်လာပြီးတော့ အခြေနေတွေစောင့်ကြည့်ရင်း နောက်ပိုင်း Pressure တွေ ဘာတွေနဲ့ ဝိုင်းတွန်းတဲ့အခါ အချိုလူတွေကျတော့ ကြောက်လို့ ရုံးမတက်တာတွေရှိတယ်။ ရှင်းရှင်းပြောရရင်တော့ CDM နဲ့ Non CDM ကြားထဲမှာတော့ ဘာပြသာနာအဖုအထစ်မှမရှိဘူး။ ကြားထဲမှာ ဘယ်လိုဖြစ်လဲဆိုတော့ CDM လည်း မဟုတ်ဘူး။ အပြင်လူတွေကနေ ဝိုင်းတွန်းကြတော့၊ ရုံးမတက်နဲ့ ရုန်းထွက်ပေါ့၊ ပြည်သူတွေက ကျွေးထားမယ်ပေါ့၊ အဲ့တာတွေကလည်းဗျာ၊  ရှင်းရှင်းပြောရရင် ယနေ့အချိန်အထိကိုလည်း ထောက်ပံ့ကြေးလည်း ကျနော် မရခဲ့ဖူးဘူး။ နောက်တစ်ခုက လစာလည်းမရခဲ့ဘူး၊ ကိုယ့်အိမ်က မိဘက ထမင်းကျွေးတာပဲ ရှိတယ်၊  ဒီအတွက်လည်း နစ်နာမှုနဲ့ပတ်သက်ပြီး နောင်တရလားဆိုတော့ နောင်တမရဘူး၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ်ရွေးချယ်ခဲ့တာပဲ။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ်ရွေးချယ်ခဲ့တဲ့သူတွေအတွက်ကတော့ အနည်းနဲ့အများတော့ ဒုက္ခရောက်တာတော့ ရှိကောင်းရှိနိုင်တာပေါ့။ နောက်တစ်ခုက တချို့ဟာတွေဆိုရင်လည်း CDM လုပ်ထားလို့ အကြောင်းပြချက်နဲ့ အလုပ်လျှောက်တဲ့အခါမှာ တော်တော်လေးဒုက္ခရောက်တယ်၊ ၀န်ထမ်းလုပ်သက်ကိုလည်း ထည့်တွက်လို့ မရတော့ဘူး၊ မင်းအရင်က ဘာလုပ်ခဲ့ဖူးလဲလို့မေးရင် ကျနော်တို့ အရင်က ဘာလုပ်ခဲ့ပါတယ်ဆိုပြီး ပြောလို့မရဘူး၊  အဲ့ဒီတော့ အလုပ်အတွေ့အကြုံက ပျောက်သွားရော၊  ဒီကြားထဲ CDM ၀န်ထမ်းလို့ သိသွားရင်လည်း အလုပ်မခန့်တာတို့ ဘာတို့ ရှိတယ်။ အဲ့တာကတော့ တော်တော်လေး ခက်ခဲတယ်၊ နောက်တစ်ချက်က တချို့သူငယ်ချင်းတွေဆို CDM ၀င်ထားတာ တစ်နှစ်ကျော်ရှိပြီ၊ အဲ့လိုပဲ သူတို့လည်း အလုပ်အကိုင်တွေဘာတွေ မရသေးဘူး၊ မိသားစုရှိတဲ့သူဆို ပိုဆိုးတာပေါ့။ ဖုန်းဆက်ပြီးတော့ သူငယ်ချင်း ထောက်ပံ့ကြေးလေးဘာလေးရရင် ပြောဦးနော်တို့ ကိုယ့်အချင်းချင်း ဖေးကူဝိုင်းကူနေတာ တော့ရှိတယ်၊ လူထုကြားထဲမှာဆိုရင်လည်း CDM ဆိုတာ ပေါက်ရောက်တယ်လို့ ဆိုတာထက် ပတ်ဝန်းကျင်ထဲမှာ ကျနော်တို့က CDM ပါလို့ မပြောရဲဘူး၊ ပြောလိုက်တဲ့အခါကျရင် လာဖမ်းမှာလည်း ကြောက်ရတယ်၊ အဲ့လို အခက်ခဲမျိုးတွေရှိတာပေါ့၊ အကောင်းဆုံး ကတော့ CDM ရဲ့ သဘောသဘာ၀နဲ့ အနှစ်သာရကို သေသေချာချာ ရှင်းရှင်းလင်းလင်းနဲ့ ချပြဖို့လိုတယ်။ ဒီတိုင်း ပြီးစလွယ် ကိုယ့်ဘက်ကို လူများရင်ပြီးရောဆိုတဲ့ မဲဆွယ်တဲ့ စကားမျိုးနဲ့တော့ ဦးဆောင်တဲ့လူကြီးတွေအနေနဲ့ မပြောသင့်ဘူး။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့နှစ် ၄ လပိုင်း ၅ လပိုင်းလောက်က NUG ဖွဲစည်းပြီး ကာလလောက်က CDM တွေကို လစာပေးတော့မယ် ဆိုတာမျိုး သတင်းတွေ ထွက်လာတယ်၊ ရှင်းရှင်းပြောရရင် အဲ့သတင်းတွေ ထွက်လာကတည်းက ကျနော်တိုအနေနဲ့ လစာရဖို့လည်း မမျှော်လင့်ဘူး၊  တခြားသူတွေတော့ ဘယ်လိုမြင်လဲ မသိပေမယ့် ကျနော့်အမြင်ကတော့ NUG အနေနဲ့ ပေးနိုင်ဖို့ ဘက်ဂျက် အနေထားလည်းမရှိဘူး၊ တကယ်လို့ ပေးနိုင်တဲ့ ဘက်ဂျက်ရှိရင်တောင်မှ အဲ့ပိုက်ဆံကို CDM ၀န်ထမ်းအယောက်တိုင်းစီကို ပေးနိုင်ဖို့ဆိုတာ မလွယ်ကူဘူး။ အဲ့တော့ လစာပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့မြင်တယ်။ အဲ့လို ယုံတမ်းစကားတွေ လျှောက်ပြောပြီးတော့ CDM ၀င်ဖို့ ဆွဲဆောင်ပြောဆိုတာမျိုးကတော့ မကောင်းဘူးလို့မြင်တယ်။ နောက်တစ်ခုက ပြည်သူ့အစိုးရအာဏာ ပြန်ရရင် Non CDM တွေကို ဘာအရေးယူမယ်၊ ညာအရေးယူမယ်ဆိုတာကိုလည်း သဘောမကျဘူး။ Non CDM လုပ်တဲ့သူတွေမှာလည်း သူ့အခက်ခဲတွေ ပြသာနာတွေရှိတယ်၊ ကျနော်တို့ဟာ စစ်တပ်မဟုတ်တဲ့အတွက်ကြောင့် ဒါလုပ်ရမယ်ဆိုပြီး တစ်သွေးတစ်သံတစ်မိန့် လုပ်လိုမရဘူး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ရွေးချယ်မှုနဲ့ လုပ်လာအောင် တိုက်တွန်းရမယ်။ တစ်ဖက်က CDM လုပ်ရင် ဖမ်းမယ်ဆီးမယ်ဆိုပြီး လက်နက်နဲ့ အနိုင်ကျင့်တယ်။ တစ်ဖက်ကလည်း CDM မလုပ်ရင် SP လုပ်မယ်၊ ငါတို့ တက်လာရင် ဘာလုပ်မယ်ဆိုတာကြီးနဲ့ အဲ့လိုမျိုး အနိုင်ကျင့်နေတာကြီးကတော့ ရှင်းရှင်းပြောရရင် မကောင်းဘူးဗျာ။ အနှစ်သာရမပြောပဲနဲ့တော့ ဒီလိုကြီး ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါ၊ မင်းတို့မလုပ်ရင် ဘာလုပ်မယ်ဆိုပြီး တွန်းနေတာကြီးကတော့ ကျနော်တော့ သဘောမကျဘူး၊ ဒါကျတော့်အမြင်ပါ။ 

အမည်မသိ (0:06:30 to 0:07:51)

CDM Medical network နဲ့ ချိတ်လိုက်ဖို့ လုပ်ပေမဲ့ ကြားထဲမှာ connection လေးနည်းနည်းပြတ်သွားလို့ verified တွေဘာတွေတော့ မဖြစ်ခဲ့ဘူး၊ ကျွန်မလည်း Medical field ထဲကပါပဲ၊ CDM တော့ မဟုတ်ဘူး၊ support လုပ်နေတဲ့သူတယောက်ပါ၊ ခုနက အကိုပြောသလို Information ကတော့ အကုန်လုံးတော့ ပေးတော့ပေးကြတာပဲ။ CDM က ဘာကြောင့်လုပ်သင့်လဲဆိုတာမျိုးပေါ့။ ဒါပေမယ့်လည်း အဲ့တုန်းက တော်တော်များများလူတွေ ညီမတို့ Generation တွေက မကြုံဖူးတာများတယ်။ ဒါပေမဲ့ ကြိုးစားပြီးတော့ အကုန်လုံးကတော့ imformation တွေ ပေးခဲ့ကြတာပဲ။ တတ်နိုင်သမျှ အနည်းနဲ့ အများတော့ institution တွေက support ပေးခဲ့ကြတာပဲ၊ ဒါပေမယ့်လည်း ကြိုးစားပြီးပေးခဲ့ပေမယ့် လည်း information မလုံလောက် သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ အဲ့တာလေးတစ်ချက်ပြောတာ ပါ။

Omega DYC (0:08:05 to 0:10:47)

ကျွန်မအနေနဲ့ကတော့ CDM အောင်မြင်လားလို့မေးရင် အရမ်းကြီး မအောင်မြင်ဘူးလို့မြင်တယ်။ CDM လို့ ပြောတဲ့အချိန်မှာ DYC အနေနဲ့လည်း Post တွေ တင်ထားတာကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ သုံးသပ်မိတာက ဆရာ၊ ဆရာမ၊ ကျောင်းသားတွေ၊ အစိုးရ၀န်ထမ်းတွေပဲ CDM လုပ်လို့ရတာမျိုး မဟုတ်ပဲ ပြည်သူလူထုကပါ CDM လုပ်လို့ရတဲ့ အပိုင်းတွေ အများကြီးတွေ့ရတယ်။ အဲ့ထဲမှာ ပြည်သူတွေကိုယ်တိုင်က awareness သိပ်မရဘဲ မထိရောက်ဘူးလို့ မြင်မိတယ်။ ပြည်သူတွေလည်း ပါ၀င်လို့ရအောင် ဘယ်လိုဖြေရှင်းရမလဲဆိုပြီး အဖြေရှာကြတယ်။ Boycott လုပ်တာမျိုး၊ Boycott ကလည်း CDM လိုပါပဲ။ ဥပမာ စစ်တပ်ကထုတ်တဲ့ ပစ္စည်းတွေ မသုံးတာမျိုးလည်း ပြည်သူ့ရဲ့ CDM ပေါ့၊ ပြည်သူဟာ ကျောင်းသားမဟုတ်ဘူး၊ ၀န်ထမ်းလည်းမဟုတ်ဘူး၊ သူ့အနေနဲ့ကတော့ Boycott လုပ်ခြင်းဟာ CDM ပါပဲ။ Civil Disobedience Movement ဆိုတဲ့အတိုင်း civil ဆိုတာကြောင့် ပြည်သူတွေလည်း ပါ၀င်ရမယ်ပေါ့။ ဒါပေမယ့်လည်း သေးသေးမွှားမွှားလေးကအစ ပြည်သူတွေ မလိုက်နာတာမျိုး တွေ့ရတယ်။ အဲ့တာကြောင့် ဒီ့ထက်ပိုပြီး ထိရောက်အောင် ပြည်သူတွေကို ဘယ်လိုသတိပေး တိုက်တွန်းနိုင်မလဲပေါ့။ ဒါပေမယ့် တချို့ပြည်သူတွေအနေနဲ့ အဆုံးရှုးခံပြီး ပေးဆပ်ရဲတဲ့သူတွေရှိသလို တချို့ကြတော့လည်း ပေးဆပ်လို့ မပြေတဲ့သူမျိုးတွေလည်းရှိတယ် အဲ့တာကို ဘယ်လို balance ညီအောင် ဖြေရှင်းမလဲဆိုတာကိုလည်း DYC ကလည်း အဖြေရှာနေပါတယ်။ လက်တလော အဓိကထားတာကတော့ 2022/2024 ကြားကာလထဲမှာ CDM တွေကို ထောက်ပံ့တာမျိုးမဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လိုဖော်ဆောင်ပေးနိုင်မလဲပေါ့။ ထောက်ပံ့တာမျိုးဆိုရာမှာ အလှူသဘောမျိုးထောက်ပံ့တာပေါ့။ လှူလည်းလှူပေးရမှာဖြစ်သလို တစ်ဖက်မှာလည်း ဘယ်လိုမျိုး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်မလဲဆိုတာ ဆွေးနွေးနေတာမျိုးရှိပါတယ်။ ဟုတ်ကျေးဇူးပါ။

ကိုဝေယံစိုး (11:45 to 15:24)

CDM အောင်မြင်လားဆိုတာက မသေချာဘူးပေါ့လေ၊ ဒါပေမယ့် ကျွန်တော်တို့ ပြန်ပြီးတော့ သုံးသပ်ဖို့ လိုတဲ့ အချက်ထဲ ဘာပါဖို့ လိုသလဲဆိုရင် ကျွန်တော်တို့ CDM လုပ်ရခြင်း ရည်ရွယ်ချက်က စစ်တပ်ကို ကျွန်တော်တို့က အလုပ်မဆင်းဘဲ​ အာဏာာဖီဆန်လုပ်တယ်ပေါ့၊ ဒီစနစ်ကို မကြိုက်လို့ ကျွန်တော်တို့က အလုပ်မဆင်းခြင်း CDM လုပ်ခြင်း ဖြစ်တယ်၊​ တစ်ဖက်မှာလည်း ဝန်ထမ်းတွေရဲ့ အခက်အခဲ အကြပ်အတည်းကိုလည်း လက်ရှိ ဦးဆောင်နေတဲ့ အစိုးရက ထည့်သွင်းစဥ်းစားဖို့ လိုအပ်တယ်လို့ မြင်တယ်၊ အာဏာရနေတဲ့ ဒေါက်တာဇော်ဝေစိုးတို့က ရှေ့ကို သွားဖို့ အတွက်ကော လက်ရှိ ဖြစ်နေတဲ့ အခင်းအကျင်းပေါ်မူတည်ပြီး စကားတွေ မှားပြီး ပြောမိတာမျိုးတွေ ရှိတယ်၊ သို့ပေမဲ့ တစ်ဖက်မှာကျတော့ ဝန်ကြီးက ပြောလိုက်တယ်၊ တစ်ဖက်မှာကျတော့ policy နဲ့ ပြန်ပြီး သွားကြည့်တဲ့ အချိန်မှာ ဝန်ကြီးက ဒီလိုပြောခဲ့ပါတယ်ဆိုပြီး policy ချတဲ့ အချိန်မှာ ဒီလို တာဝန်ယူမှု တာဝန်ခံမှု မရှိတာကျတော့ ကြားကာလ အရေးတော်ပုံ​အောင်တဲ့ အချိန်မှာ non-CDM တွေကို ဘယ်လို management လုပ်မလဲဆိုတာကို ကျွန်တော်ကတော့ စိုးရိမ်မှု ဖြစ်တယ်၊ ပြောနေကျ ရှိတယ်၊ non-CDM တွေကို ဖမ်းဆီးချုပ်နှောင်ထားမယ် ဆိုတဲ့ဟာတွေက မလုပ်သင့်တဲ့ မပြောသင့်တဲ့ စကားတွေလို့ ကျွန်တော်ကတော့ မြင်မိတယ်၊ ခု လက်ရှိ CDM တွေရဲ့ အနေအထားက ဘယ်လိုဖြစ်နေလဲဆိုတော့ တကယ့်အခက်အခဲ အကြပ်အတည်း ဖြစ်နေတယ်၊ ကျွန်တော်တို့ ဒီ တောင်ပိုင်းမှာကျတော့ CDM တွေက မရှိတော့ဘူး၊ တချို့ တစ်ဖက် ထိုင်းနိုင်ငံတွေမှာ အလုပ်လုပ်နေရတဲ့ အနေအထားတွေရှိတယ်၊ တချို့တွေဆို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေ ခံနေရတာတွေ ရှိတယ်၊ ပြည်သူတွေက ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုတွေ မလုပ်ပေးနိုင်သည့်တိုင်အောင် စိတ်ပိုင်းဆိုင်ရာဖြည့်ဆည်းမှုတွေ လုပ်ပေးသင့်တယ်လို့ မြင်တယ်၊ လက်ရှိ CDM တွေ တွေ့ကြုံနေရတာက ငွေကြေးအခက်အခဲဖြစ်တယ်၊ တိုင်းပြည်ရဲ့ စီးပွားရေးက ကမောက်ကမဖြစ်ပြီး၊ အောက်ဆုံးကို ရောက်နေတဲ့ အချိန်မှာ အလုပ်အကိုင် အခွင့်အလမ်းက တကယ့်ကို အခက်အခဲဖြစ်နေတဲ့ အချိန်ဖြစ်တယ်၊ တစ်ဖက်မှာ ကျွန်တော်တို့ CDM ဝန်ထမ်းတွေကို တခြားကုမ္ပဏီတွေမှာ လျှောက်လို့မရဘူး၊ CDM ဝန်ထမ်းတွေကို အလုပ်မခန့်တာတွေက တကယ်ကို မြေပြင်မှာ ကြုံတွေ့နေရတာတွေ ဖြစ်တယ်၊ ဒါတွေကို ကျွန်တော်တို့ အသံတွေ နားထောင်ပြီး ဘယ်လို ဖြေရှင်းကြမလဲ၊ ရှေ့ဆက်သွားကြမလဲဆိုတာ ဆက်ပြီးတော့ တာဝန်ရှိတဲ့သူတွေ ဆွေးနွေးသင့်တယ်လို့ ကျွန်တော်က မြင်တယ်၊ ဟုတ် ကျေးဇူးပါ။

မဗန်ပီ (0:15:40 to 0:18:13)

CDM က အောင်မြင်ခဲ့လား ဆိုရင်မှာ အားလုံးက လုပ်ကြမယ်ဟေ့ ဆိုတဲ့ အချိန်ကစပြီး အထိုက် အလျောက်တော့ အောင်မြင်ခဲ့ပါတယ်။ အောင်မြင်ခဲ့ပေမယ့် CDM ၀န်ထမ်းတော်တော်များများကတော့ Guideline တစ်ခု ကောင်းကောင်း မရထားဘူးလို့တော့ထင်တယ်၊  အဓိကကတော့ CDM ကို ဘယ်လို၀န်ထမ်းတွေက ပိုလုပ်သင့်တယ်ဆိုတာမျိုး၊ အထူးသဖြင့် ကျွန်မတို့ ထင်တာကတော့ စကစရဲ့ ငွေလမ်းကြောင်းတွေမှာ လည်ပတ်နေတဲ့ ဋ္ဌာနတွေရဲ့ ၀န်ထမ်းတွေက အဓိကလုပ်သင့်တယ်လို့ မြင်မိတယ်။ အဲ့လိုမျိုးပေါ့၊ တချို့ဋ္ဌာနတွေကို ပိုပြီး Focus လုပ်သင့်တယ်၊ ပိုပြီးတိုက်တွန်း သင့်တယ်လို့တော့ထင်တယ်။ ကျွန်မတို့ ထင်တာကတော့ ပညာရေးတို့ဘာတို့က CDM လုပ်ဖို့ တကယ်ရော လိုအပ်ရဲ့လားပေါ့။ CDM လုပ်ကြပြီလို့ဆိုရာမှာ ပြည်သူတွေကလည်း ထောက်ပံ့ ကြေးတွေ ပေးကြတယ်ပေါ့။ ဒါပေမယ့် တချို့၀န်ထမ်းတွေကျတော့ စကစရဲ့ ၀င်ငွေလမ်းကြောင်း အတွက် အဓိကအရေးပါတဲ့ လုပ်ငန်းဋ္ဌာနတွေကဖြစ်ပေမယ့် ထောက်ပံ့ကြေးမရတဲ့ အပိုင်းတွေရှိ တယ်ပေါ့။ အောင်မြင်လားဆိုတော့ အထိုက်အလျောက်တော့ အောင်မြင်ပါတယ်။ Sustainable ကတော့ မဖြစ်ဘူးလို့ မြင်ပါတယ်။

ကိုစစ်မင်းနိုင် (0:18:23 to 0:27:50)

ဟုတ် မင်္ဂလာပါ။ ဒီမှာ တက်ရောက်လာကြတဲ့ အကိုတို့အမတို့ရယ် ရဲဘော်ရဲဘက်တွေအားလုံး မင်္ဂလာပါ။ ကျနော် စစ်မင်းနိုင်ပါခင်ဗျ။ အရင်ဦးဆုံး ကျနော့်ကို ကျနော်မိတ်ဆက်ပါရစေ၊ ကျနော်က CDM Medical Network ရဲ့ Admin တွေထဲက တစ်ယောက်ပါ။ ကျနော်က Project coordinator တစ်ယောက်အနေနဲ့ ဒီတော်လှန်ရေး ကာလမှာ MOH ရဲ့ EC အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ကျန်းမာရေးဋ္ဌာနမှာ တာ၀န်ထမ်းဆောင်နေပါတယ်။ CDM ရဲ့ ရာဇ၀င်သည် အခုဆို တစ်နှစ်လည်း စပြည့်တော့မှာပေါ့။ ကျနော်တို့ ၃ ရက်နေ့ကစပြီး မန္တလေးပြည်သူ့ ဆေးရုံကြီးက ဆရာ၀န်တွေ စတင်ခဲ့ကြတယ်၊ ပြီးတော့ ရန်ကုန် စသဖြင့်ပေါ့။ အဲ့ဒီတုန်းက CDM ဆိုတဲ့ အသုံးအနှုန်းက တွင်တွင်ကျယ်ကျယ်မဟုတ်သေးဘဲနဲ့ အာဏာဖီဆန်တဲ့ ဘူးသပိတ်ကနေ အားလုံးစခဲ့ကြတာ ယနေ့ဆိုရင် တစ်နှစ်ပြည့်ပါပြီ။ ကျနော်တို့အနေနဲ့ တော်လှန်ရေးရဲ့ အရွှေ့အပြောင်းတစ်ခုပေါ် မူတည်ပြီး ကျနော်တို့ ၀င်ရောက်ကူညီနိုင်ဖို့တွေ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ချိတ်ဆက်နိုင်ဖို့တွေ စုစည်းခဲ့ကြတယ်။ ကျနော်တိုတွေဆိုရင် CDM ဘယ်က စခဲ့ကြသလဲပေါ့၊  CDM စ ၀င်ပြီး ကာလမှာ ဘာ စ ဖြစ်လဲဆိုရင် CDM ရဲ့ အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲဆိုပြီး ခေါင်းချင်းဆိုင်ဆွေးနွေးတဲ့ အချိန်မှာ အဓိက,ကတော့ အချက်အလက်တွေလိုတာပေါ့။ အဲ့တော့ အချက်အလက်တွေ ဘယ်ကနေပြီး စုစည်းနိုင်မလဲ ဆိုတော့ တိုင်းနဲ့ပြည်နယ်က ကိုယ်စားလှယ်တွေကို ရှာကြတယ်။ ကျနော်တို့ ကျန်းမာရေးဘက်ဆိုရင်လည်း ရှာကြတယ်။ ကျနော်ကတော့ ကျန်းမာရေး Scope ဘက်ကနေ အဓိက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ရရှိထားတဲ့ အချက်အလက်တွေ ပေါ်မူတည်ပြီးတော့ ကျနော်တို့ရဲ့ နဂိုရှိနေပြီးသား ကျန်းမာရေး (DHRH) လို့ ခေါ်တဲ့ ကျန်းမာရေး Human resources Department ကနေပြီးတော့ ကျန်းမာရေး၀န်ထမ်း Total ဘယ်လောက်ရှိလဲ၊ ဒီမှာ ထွက်လာတဲ့ CDM အင်အား ဘယ်လောက်ရှိလဲ အစရှိသဖြင့်ပေါ့။ ကျနော်တို့ နောက်ပိုင်းမှာလည်း NUG ဖွဲစည်းပြီးတဲ့အခါမှာလည်း ဒီ data တွေ ဆက်လက်ပြီးဆောင်ရွက်ရပါတယ်။ ကျနော်တို့ဘက်ကနေပြီးတော့ CDM အောင်မြင်မှုနှုန်းထားကို ပြောရမယ်ဆိုရင် တစ်ခုရှိတာကတော့ ဦးရေတွေ ရာခိုင်နှုန်းတွေနဲ့ ကိုးကားပြောတဲ့အခါမှာ တော်တော်များများသည် စစ်ဘေးရှောင်နေရတဲ့ ပညာရေး၀န်ထမ်း၊ ကျန်းမာရေး၀န်ထမ်း၊ မီးရထား၀န်ထမ်း စသဖြင့် ၀န်ထမ်းပေါင်းစုံသည် ဒီအင်တာနက်ပေါ်ကနေ စာရင်းပေးလို့ရမှန်း၊ ပေးရကောင်းမှန်း မသိတဲ့သူတွေ မပါ၀င်နိုင်သေး တဲ့သူတွေလည်း အများကြီးရှိနေတာကြောင့် Missing ဖြစ်နေတဲ့ Data တွေလည်း အများကြီး ရှိနေပါတယ်၊ အဲ့ဒီအတွက် အခုဆိုရင် ကျန်းမာရေး၀န်ထမ်း ရာခိုင်နှုန်းတွေကို အတိအကျယူဆ ရမယ်လို့ မဟုတ်ပေမယ့် နွေဦးထီမတိုင်ခင်ထုတ်ထားတဲ့ ကျန်းမာရေး CDM အင်အား ၄ သောင်းခွဲလောက် ရှိပါတယ်။ ဒီမတိုင်ခင် ဟိုးအရင်က CRPH ကောက်ထားတဲ့ Data တွေဆို ၆ သောင်း ကျော်လောက်ရှိတယ် ခင်ဗျ။ သူကတော့ အားလုံး၀င်ဖြည့်ကြတာပေါ့။ ကျနော်တို့ကျ တဆင့်ပြီးတဆင့် ပြန်ပြီး လုပ်တဲ့အခါမှာ ၄ သောင်းခွဲလောက်ရှိတယ်။ ကျန်းမာရေး၀န်ထမ်းစုစုပေါင်းရင် အာဏာ မသိမ်းခင် ပြည်သူ့အစိုးရလက်ထက်မှာ ၂ သိန်းခွဲလောက်ရှိတဲ့အထဲမှာ လက်ရှိကျန်းမာရေး၀န်ထမ်း missing ဖြစ်နေတာ ၅ သောင်းလောက်ရှိပါတယ်။ ၅ သောင်းဆိုတဲ့ အင်အားဟာ မနည်းပါဘူး။ မနည်းတဲ့အပြင် အသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ အာဏာဖီဆန်ရေးလုပ်ငန်းမှာ ပါ၀င်လာကြတာဖြစ်တဲ့အတွက် ကိန်းဂဏန်းအရကြည့်ရင်လည်း အထိုက်အလျောက်အောင်မြင်တယ်။ ခုနက ညီမလေးတစ်ယောက် ပြောသွားတာလေးတစ်ခု ၀င်၀င်လာချင်း ကြားလိုက်ပါတယ်။ ပညာရေး တို့ ကျန်းမာရေးတို့ Service ပေးနေတဲ့ ၀န်ကြီးဋ္ဌာနက လူတွေ CDM လုပ်တာ အင်မတန်မှ တိုင်းပြည်အတွက်  နစ်နာတယ်ဆိုတာ ကျနော်လက်ခံပါတယ်။ သို့သော်လည်း CDM သည် အာဏာကို ဖီဆန်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သပိတ်တစ်ခု ဖြစ်နေတဲ့အတွက် ကျနော်တို့သည် service ပေးနေရတဲ့ ၀န်ထမ်းတွေလည်း ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် ကျန်းမာရေး၀န်ထမ်းရော ပညာရေး၀န်ထမ်းတွေရော အာဏာရှင်လက်အောက်မှာ For the greater goal အတွက် တာ၀န်မထမ်းဆောင်ချင်လို့ သူတို့ချစ်ရတဲ့ တပည့်တွေ လူနာတွေစီက ထွက်ပြီး CDM လုပ်ကြရတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း နားလည်လိမ့်မယ်လိုယူဆပါတယ်။ ကျနော်တို့က CDM တွေ ကိုယ်စား ပြောပေးလေ့ပြောပေးထ ရှိပါတယ်ခင်ဗျာ။ အဓိကကတော့ ဘယ်လောက်ထိအောင်မြင်ခဲ့လဲပေါ့နော်။ လက်ရှိမှာလည်း CDM success Committee ဆိုပြီးတော့ တစ်ဖတ်က NUG အစိုးရအနေနဲ့လည်း လုပ်နေတယ်ပေါ့။ CDM တွေလုပ်ကြပါ၊ အလုပ်တွေကနေ ထွက်လာကြပါလို့ လူထုက ပြောကြတယ်၊ အဲ့တုန်းကတော့ ရုံးမထွက်နဲ့ရုန်းထွက်တို့ အိမ်မှာပဲနေ ပြည်သူတွေကကျွေးထားမယ် တို့ ပြောခဲ့ကြပေမယ့် ကျနော်တို့ ပြည်သူတွေအနေနဲ့ရော တာ၀န်ကျေရဲ့လားလိုပြောရင် အားလုံးသိကြတဲ့အတိုင်းပဲ ပြည်သူတွေအနေနဲ့ ဘက်ပေါင်းစုံကနေပြီး လှူဒါန်းနေကြရတယ်ပေါ့။   CDMers တွေ အနေနဲ့ အင်မတန်ကိုမှ ခက်ခဲပါ တယ်။ ကျနော်တို့ ပညာရေး၀န်ထမ်းပဲဖြစ်ဖြစ်၊ ကျန်းမာရေး၀န်ထမ်းပဲဖြစ်ဖြစ်၊ မီးရထား၀န်ထမ်း ပဲဖြစ်ဖြစ်ပေါ့ အခုဆို စျေးရောင်းရတယ်၊  ကြုံရာကျပန်းမှာ လုပ်နေကြရတယ်၊ တစ်ချို့ဆရာမလေး တွေဆိုရင် ကန်စွန်းရွက် ရောင်းနေကြတယ်၊ သို့သော်လည်း ယုံကြည်မှုတစ်ခုအနေနဲ့ လစာရသည် ဖြစ်စေ မရသည်ဖြစ်စေ ထောက်ပံ့ကြေးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ “ဆရာရေ ရပါတယ် ကျွန်တော် ကျွန်မတို့ကတော့ အဆုံးထိ CDM ပါပဲ” လို့ ခံယူထားတဲ့ CDM တွေလည်း တကယ်ရှိပါတယ်။ ဒီလိုမျိုး သူတို့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေနဲ့ဆိုတော့ ပြန်၀င်ပါလို့ သူများကလာပြောရင်တောင်မှ ပြန်မ၀င်ဘဲ ရရာနည်းလမ်းနဲ့ အလုပ်လုပ်ပြီး ဆက်လက်တော်လှန်နေ ကြတဲ့ CDM တွေ အများကြီးရှိပါတယ်။ တဖက်မှာဆိုလည်း Covid Third Wave မှာဆိုရင် ကမ္ဘာကနေ ကြည့်လိုက်ရင်မြန်မာနိုင်ငံမှာဆိုရင် ပြည်သူတွေအများကြီး သေကျေပျက်ဆီးခဲ့ရတာတွေပေါ့။ ဒါသည် SAC ရဲ့စီမံခန့်ခွဲမှူညံ့ဖျင်းတာ၊ ကျန်းမာရေး၀န်ထမ်းတွေကို မတရားဖမ်းဆီးနှိပ်စက်နေတာ ကြောင့်ဆိုတဲ့ Complaint တွေအများကြီးကို ဒေါက်တာဆာဆာတို့ဘက်ကနေပြီး တင်ပေးနိုင်တာ မျိုးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကျနော့်အမြင်ကတော့ ဒီလိုမျိုးနိုင်ငံတကာစာမျက်နှာမှာ CDM သည် တော်တော်လေးကို အရေးပါ အရာရောက်တယ်၊  နောက်တစ်ခုဆိုရင်လည်း အားလုံးသိပြီး ကြတဲ့အတိုင်း Nobel ဆု အတွက် လျာထားခြင်း ခံထားရတဲ့အထိ အတိုင်းအတာတစ်ခုထိ အောင်မြင်မှု ရှိပါတယ်။ သို့သော် ပြည်သူတွေဘက်က ကြတော့ တာ၀န်မကျေဘူးဆိုတဲ့ စကားလုံးဆိုတာထက် ပြည်သူတွေလည်းပင်ပန်းနေပါပြီ။ တခြားမျိုးစုံကို ထောက်ပံ့နေရတာ ဖြစ်တဲ့အတွက်ကြောင့် အခု ချိန်မှာ CDM တွေအတွက် တော်တော်လေး ကျားကန်နေရတာ ရှိပါတယ်။ သို့သော်လည်း ခုနက ပြောသွားသလို CDM တွေသည် ဒါရမှ CDM financial support ရမှ မဟုတ်ပါဘူး။ သူတို့သည် အဆုံးထိ CDM ပါဆိုတဲ့ CDMers တွေ ရှိတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကတော့ ကိန်းဂဏန်းတွေအရတော့ ကြီးကြီးမားမားပြောင်းလဲတာမျိုးတော့မရှိပါဘူးခင်ဗျာ။ ဆိုတော့ ဒါမျိုးလေးတွေတော့ ရှိပါတယ်ခင်ဗျာ။ အဲ့လိုပဲပေါ့နော် ဒီမှာရှိတဲ့အဖွဲအစည်းတွေ ဒီမှာလည်း အဖွဲအစည်းပေါင်းစုံက ညီအကိုမောင်နှမ တွေပါမယ်ထင်ပါတယ်။ ကျနော်တို့ တက်နိုင်သလောက် ငွေအားဖြင့်မဟုတ်တောင်မှ ကျနော်တို့ဘက်မှာဆို Psycho social support ဆိုပြီး channel လေးတွေ ဖွင့်ထားပြီး အပြန်အလှန်ဆွေးနွေးကြတယ်။ ငါတို့လည်း CDM သူတို့လည်း CDM တစ်ယောက်ထဲ မဟုတ်ပဲ အဖွဲအစည်းနဲ့ CDM community လေးတွေရှိကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးကြ အပြန်အလှန်အားပေးနေတာမျိုးလေးတွေ ဒါမျိုး Program လေးတွေလုပ်နေပါတယ်။ ပြီးကျရင် နောက်ထပ် တစ်ချို့တွေ လွတ်မြောက်နယ်မြေမှာ သွားပြီး ရှောင်တိမ်းနေကြတဲ့ CDMers တွေဆိုရင်လည်း သူတို့တွေ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းလေးတွေ လုပ်တဲ့အခါမှာလည်း ကျနော်တို့တွေ seed funding လိုမျိုး နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး အကူညီ ပေးနေတာမျိုးလေး တွေလည်းရှိပါတယ်။ ဆိုတော့ CDM အောင်မြင်နေလားလို့ ပြောရမယ်ဆိုရင်တော့ နိုင်ငံတကာ စာမျက်နှာတွေမှာ ကျနော်တို့ CDM တွေသည် အင်မတန်မှကိုပဲ အသစ်ပါ။ မြန်မာရဲ့CDM ကို သူတိုအနေနဲ့ အသစ်လို့ သတ်မှတ်ပါတယ်။ တစ်ဖက်ကလည်း ကျနော်တို့ အဖွဲအစည်းတွေ ပြည်သူတွေဘက်ကလည်း တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ဆက်လက်ကျားကန်ကန်ရင်းနဲ့ပဲ ဒီ CDM ဒေါက်တိုင်တစ်ခုအနေနဲ့ ဆက်လက် ထောက်ပံ့နေပါတယ်လို့ ဆွေးနွေးရင်းနဲ့ပဲ ကျနော် ဒီမှာပဲ ကျနော့် ဆွေးနွေးချက်ကို နိဂုံးချုပ်ပါတယ်။ ကျနော်ပြောထားတာလည်းများနေပြီ၊  တခြား ညီအကိုမောင်နှမတွေ လည်း ဆွေးနွေးပေးကြပါဦးခင်ဗျာ။ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။

Disco (0:28:00 to 0:34:45)

ကျနော်ကတော့ Disco ပါခင်ဗျာ။ အဖွဲအစည်းတော့ မပြောတော့ပါဘူး။ ကျနော် သာမန် ပြည်သူတစ်ယောက်အနေနဲ့ပဲ ပြောတော့ပါမယ်။ ကျနော့်အတွက်ကတော့ CDM ကို ဘယ်လိုမြင်လဲဆိုတာ ကျနော့်အမြင်ကို နည်းနည်းလောက်ပြောပြပါမယ်။ အရင်နှစ် ဖေဖော်ဝါရီလ တုန်းကဆိုရင် ရုံးမတက်နဲ့ရုန်းထွက်တို့ အဲ့လိုမျိုး အများကြီးပြောခဲ့တာတွေရှိပါတယ်။ အဲ့ဒီဟာကို လည်း ခေါင်းထဲမှာစွဲသွားတာမျိုးရှိတတ်တယ်။ အရင်ကပြောသွားတဲ့သူတွေလည်း ဒီတစ်ချက်ကို ပြောပြီးသွားပါပြီ။ အဓိကကတော့ ကျနော့်အထင်တော့ ကျနော်တို့ CDM ဆိုတဲ့ အဓိပ္ပါယ်ဘာလဲ ဆိုတာကို သေသေချာချာ ပြန်စဥ်းစားဖို့အချိန်တန်ပါပြီ။ ကျနော်မှတ်မိသေးတယ် အရင်ဖေဖော်ဝါရီ၊ မတ်လလောက်တုန်းကဆိုရင် CDM အရမ်းအောင်မြင်နေတဲ့အချိန် တချို့အဖွဲ့အစည်းတွေက ဒီ CDM ကို Second Phase သွားဖို့သင့်ပြီပေါ့ ပြောကြတယ်။ ဒီတိုင်း လူတွေကို အလုပ်ထွက်ခိုင်းတာထက်စာ ရင် အလုပ်တွေပြန်သွားခိုင်းပြီး Key sectors တွေကိုပဲ Target လုပ်ပြီး ထွက်ခိုင်းပေါ့။ အဲ့လိုမျိုး လုပ်ခဲ့တဲ့ တခြားအဖွဲအစည်းတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် NUG တို့ တခြားသူတို့ကို ပြောခဲ့ပါတယ်၊ အဲ့အချိန်မှာ သူတိုနားမထောင်ခဲ့ဘူး။ နောက်ပြီး CDM က ပြည်သူ့၀န်ထမ်းတွေပဲ လုပ်ရမယ် ဒါမှမဟုတ် စစ်သားတွေပဲ လုပ်ရမယ်ဆိုတဲ့ idea တွေက လူတွေစိတ်ထဲ စွဲသွားတယ်ပေါ့။ ကျနော် ဒီအရင်နှစ်မှာ တခြားသူတွေ အများကြီးနဲ့ စကားပြောဖြစ်ခဲ့တယ်။ တခြားနိုင်ငံက Resistance movement တွေ ဘယ်လိုလုပ်လဲဆိုတာလည်း ကြားသိခဲ့ရပါတယ်။ ကျနော်ဘာသင်ခဲ့ရလဲဆိုတော့ တခြားနိုင်ငံမှာဆိုရင် CDM ဆိုတာက စစ်သားဖြစ်ဖြစ်  ဆရာ၀န်ပဲဖြစ်ဖြစ် စစ်သမီးပဲဖြစ်ဖြစ် ဘယ်သူမဆို ပါ၀င်နိုင်ပါတယ်။ ဒီဟာက ပြည်သူ့၀န်ထမ်းမှဆိုပြီးလည်း မဟုတ်ပါဘူး။ နောက်ပြီးတော့ ရုံးတက်တာတွေ ရုံးထွက်တာတွေအပြင် တခြားနည်းလမ်းတွေလည်း သုံးခဲ့ပါတယ်။ အီဂျစ်မှာဆိုရင် သူတို့အလုပ်မထွက်ခင် ၃ လ လောက် သေသေချာချာ စီစဥ် ပိုက်ဆံတွေစု စားစရာတွေစုပြီး တပြိုင်ထဲ အလုပ်ထွက်တာတို့ ဒါမှမဟုတ် Transportation တို့ မီးရထားတို့ အဲ့တာတွေကိုပဲ အဓိက အားစိုက်ပြီးတော့ အဲ့ sector ကိုပဲ CDM လုပ်ခိုင်းပြီး တခြားဟာတွေကို ဒီတိုင်းပဲထားထားတာတို့ အများကြီးရှိတယ်ပေါ့နော်။ ဆိုတော့ ကျနော်တို့ မြန်မာ့ CDM Movement မှာ လိုတာက အဲ့လိုမျိုးနည်းလမ်းတွေ ပိုလိုတယ်လို့ထင်တယ်။ နောက်ပြီးတော့ ကျနော့်အမြင်ကတော့ CDM လှုပ်ရှားမှုဟာ အရင်ကလောက် ဘာလို့သက်ရောက်မှု မရှိတော့တာလည်း ဆိုရင် စစချင်းကတော့ အရမ်းအားရှိတယ်၊ ၀န်ထမ်းတွေ အများကြီးထွက်လာကြတယ်။ Result တွေ အများကြီး တွေ့ရတယ်ပေါ့။ ကြာလည်းကြာလာရော နည်းနည်းမမြင်ရတော့ပဲ ရေရှည်အတွက်ဖြစ်လာတယ်။ ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေး နဲ့ စစ်သား CDM ကျတော့ ချက်ခြင်းကို result မြင်ရတယ်။ စစ်သားတစ်ယောက် ရပ်တည်ချက်ပြောင်းတယ်ဆိုရင် ကျနော်တို့အတွက် ရန်သူတစ်ယောက် နည်းသွားတယ်။ စစ်သားတစ်ယောက်သေတယ်ဆိုရင်လည်း ကျနော်တို့အတွက် တိုက်ဖို့လူတစ်ယောက် နည်းသွားတယ်ပေါ့။ ဆိုတော့ လူတွေကလည်း အဲ့ဘက်ကိုပဲ ပိုပြီးတော့ အားပေးတယ်ပေါ့နော်။ ဒါပေမယ့် ဒီတော်လှန်ရေးဟာ ရေရှည်သွားရမယ့် တော်လှန်ရေးပါ။ နောက်ပြီးတော့ ဒီ CDM ဆိုတာဟာလည်း စနစ်တစ်ခုခုကို လိုက်နာတာတို့ လုပ်ရမယ့် Steps တွေကို လိုက်နာတာတို့ အဲ့လိုမျိုး ကျနော်တို့ မတွေးသင့်တော့ဘူး။ CDM ဆိုတာက Action ထက် ပိုများတယ်ပေါ့နော်။ ကျနော်မှတ်မိသေးတယ် PDF က လူကို ကျနော်တို့ စကားပြောတုန်းက သူတို့က ကိုယ်လုပ်စရာရှိတာ ကိုပဲ ကိုယ်လုပ်ရမှာပေါ့၊ ဒီနိုင်ငံရေးတို့ စဥ်းစားတာတို့ အချင်းချင်းစကားပြောတာတို့ ဆွေးနွေးတာတို့က သူတို့အတွက် မဟုတ်ဘူး ပေါ့။ ဒီဟာက အထက်လူကြီးတွေပဲလုပ်ရမယ်၊ ကျနော်တို့က ကိုယ်လုပ်စရာရှိတာပဲကိုယ်လုပ်ရမယ်၊ အဲ့လိုအတွေးအခေါ်ပဲတွေးခေါ်တဲ့သူတွေ အများကြီးရှိမယ်လို့ ကျနော်ထင်ပါတယ်။ နောက်ပြီးတော့ CDM ဆိုတာ စစ်သားတွေအတွက်ပဲ ပြည်သူ့၀န်ထမ်းတွေ အတွက်ပဲလို့ ဆိုခြင်းက ရိုးရိုးသာမန်ပြည်သူ တွေအတွက်ကျ ခွဲခြားသလိုမျိုးဖြစ်သွားပါတယ်။ သာမန်ပြည်သူတစ်ယောက်က ငါကစစ်သားလည်း မဟုတ်ဘူး ၀န်ထမ်းလည်းမဟုတ်ဘူး ငါက ဘာလုပ်နိုင်မှာလဲဆိုတဲ့ အတွေးအခေါ်တွေ အများကြီး ရှိနေတယ်ပေါ့နော်။ ပိုက်ဆံလှူလိုရတယ် ဒါပေမယ့် သူတို့ကိုယ်တိုင်ပါ၀င်နိုင်မယ့် နည်းလမ်းတွေ စဥ်းစားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ နောက်ပြီး Non CDM ကို ခွဲခြားတာလည်း ဒီက လူတွေလည်း ကျနော့်သဘောနဲ့တူမယ်လို့ ထင်ပါတယ်။ ဒီ Non CDM ကို ခွဲခြားတာတို့ SP လုပ်တာတို့က အရမ်းကိုဆိုးပါတယ်။ သူတို့မှာ ကျနော်တို့ မသိနိုင်တဲ့ အခြေနေတွေလည်း အများကြီးရှိနေနိုင်တယ်။ ကျနော်သိတဲ့ CDM တစ်ယောက်ဆိုရင် သူဟာ CDM လုပ်ပြီးမှ Non CDM ကို ပြန်၀င်သွားတယ်။ ငွေရေးကြေးရေး အဆင်မပြေတာတွေ ရှိတာကြောင့်ပေါ့။ ဒါပေမယ့် ပြန်၀င်သွားတာကြောင့် ခြိမ်းခြောက်ခံရမှုတွေ အများကြီးကြုံခဲ့ရတယ်။ နောက်ပြီး ကျနော် တကယ်ပြောရရင် CDM ကသာ တကယ် အောင်မြင်နေရင် ဒီစကားဝိုင်း ရှိမှာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ နောက်ပြီးတော့ ဘာအရမ်း အရေးကြီးတာလဲဆိုရင် CDM ဆိုတာ ကိုယ့်အတွက် ဘာအဓိပ္ပါယ်ရှိတာလဲ၊ CDM ဆိုတာ ဘာအတွက်လဲဆိုတာကို သေချာစဥ်းစားပြီးတော့ ကျနော်တို့ အချင်းချင်း ဒီလိုမျိုး စကားဝိုင်းတွေ ပြောတာတို့ နောက်ပြီး သာမန်ပြည်သူပဲဖြစ်စေ စစ်သားပဲဖြစ်စေ ပြည်သူ့၀န်ထမ်းပဲဖြစ်စေ ဘယ်သူမဆို အားလုံးပဲ သေချာစဥ်းစားဖို့ အချိန်တန်ပါပြီ။ ဟုတ်ကဲ့ ဒါပါပဲခင်ဗျာ။

ရဲဘော်ထက်မြတ် (0:35:11 to 0:39:40)

ဟုတ်ကဲ့ ကျနော်ကတော့ ရဲဘော်ထက်မြတ်ပါ။ ကျနော်က အခု ပြည်သူ့ကာကွယ်ရေးတပ်တခု မှာ တာ၀န်ထမ်းဆောင်နေပါတယ်။ ကျနော်ဟာလည်း CDM ၀န်ထမ်းတစ်ယောက်ပါ။ လက်နက်ကိုင် တော်လှန်ရေးလမ်းကိုလည်း ကျနော်ကိုယ်တိုင်ပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ CDM ကို ရေတိုနည်းနဲ့ စည်းရုံးခဲ့တယ်ဆိုတာကို လက်ခံပါတယ်။ အဲ့တာကို နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။ အဲ့တုန်းက CDM ရဲ့ သဘောတရားကို နားလည်အောင် ၀န်ထမ်းတွေအကုန်လုံးကို မြင်မြင်သာသာ ရှိအောင်မလုပ်ခဲ့ဘဲ ရေတိုနည်းနဲ့ပဲ စည်းရုံးခဲ့တာတွေရှိပါတယ်။ CRPH က လစာပေးမယ်ဆို တာမျိုးတွေပေါ့၊ ကျနော်ကိုယ်တိုင်လည်း CDM ID code တွေ လိုက်သင်ပေးခဲ့တယ်၊ မလုပ်တတ်တဲ့ သူတွေအများကြီးပါ။ CRPH က လစာပေးမယ်၊ ၁၀ ရက် လောက်တောင့်ခံထားနိုင်ရင်ပဲ စစ်အုပ်စုက ပြုတ်ကျသွားမယ် CDM တံခါးပိတ်မယ် အဲ့လိုမျိုးတွေမနိုင်မနင်းနဲ့ False hope တွေ ပေး စည်းရုံးခဲ့ကြတယ်။ အဲ့တုန်းက ၀န်ထမ်းတော်တော်များ CDM တွေ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြန်၀င်သွားတဲ့သူတွေ ရှိပါတယ်။ အဲ့တာတွေက ဘာကြောင့်လဲဆိရင် False Hope တွေ ပေးခဲ့ကြတာတွေကနေ စပါတယ်။ ရေရှည်မကြည့်ခဲ့ကြဘူး။ ရေရှည်အမြင် မကြည့်ခဲ့ကြဘူး၊ အဲ့လိုမကြည့်ခဲ့တာ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးတပ်ဦးကိုယ်တိုင်က false hope တွေပေး တယ်။ တပြိုင်တည်း ဘယ်လိုတွေလုပ်လိုက်မယ် D Day လိုမျိုး ပြီးတော့ မနက်ဖြန်သဘက်ခါဆိုရင်ပဲ တောင့်ခံနိုင်ရင်ပြုတ်ကျပြီဆိုပြီး စကားတွေ ခုတစ်မျိုး တော်ကြာတစ်မျိုးတွေပြောပြီး တော်လှန်ရေး တပ်ဦးကိုယ်တိုင်က စကားတွေ ကျွံခဲ့တာရှိပါတယ်။ ၀န်ထမ်းတွေကိုယ်တိုင်ကလည်း ဖြစ်မလာတဲ့အခါ တွေမှာ စိတ်ပျက်သွားတာတွေ ရှိပါတယ်။ ပြီးတော့ နောက်တစ်ချက်က အစွန်းရောက်တဲ့အမြင် နှစ်မျိုးရှိပါတယ်။ တော်လှန်ရေးဟာ မကြာခင် နိုင်တော့မယ် ဆိုတဲ့ အမြင်ရယ် တော်လှန်ရေးဟာ ဘယ်တော့မှမနိုင်ဘူးဆိုတဲ့အမြင်ရယ်ပါ။ မကြာခင် နိုင်တော့မယ် ဆိုတဲ့အမြင်မှာ တစ်ရက်လောက်နေ ရင် စစ်တပ်ပြုတ်ကျတော့မယ်၊ တစ်လလောက်နေရင် ပြုတ်ကျတော့မယ် သင်္ကြန်မကျော်ဘူး ဆိုတာ တွေရှိတယ်။ ဒါဟာ တစ်ချက်ပေါ့။ နောက်တစ်ချက်က ဘယ်တော့မှမနိုင်ဘူးဆိုတာပါ။ အဲ့ဒါလည်း အစွန်းရောက်တဲ့အမြင်ပါ။ လက်နက်ကိုင်တော်လှန်ရေးဟာ နိုင်မှာပါ၊ ဒါပေမဲ့ ကျနော်တို့ မြန်မြန် ဆန်ဆန်နဲ့နိုင်မှာမဟုတ်ပါဘူး၊ အချိန်ကြာကြာယူရမယ်၊ ဒီဖက်ဆစ်စစ်တပ်ကို ယှဉ်နိုင်မယ့် တပ်မတော် ဖွဲ့စည်းမယ်ဆိုရင် အချိန်ကတော့ သေချာပေါက်ယူရမယ်၊ ဒါကစစ်ရေးပိုင်းရောက်သွားပြီ။ ကျနော်ပြောချင်တာက Social Media ကိစ္စပါ၊ ၂ ရက်နေ့အာဏာစသိမ်းတုန်းက ၁ ရက် ၂ ရက်လောက်စောင့်ပါ၊ မဆူကြပါနဲ့ဆိုတဲ့ အဲ့လိုဂျင်းတွေ၊ online က လော်ဘီတွေ၊ သိပ်မကြာဘူး ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပါပြီဆိုတဲ့သတင်းတွေ၊ CDM တွေ တစ်ရက်ပဲတောင့်ခံပါ၊ ပွဲသိမ်း ပါပြီတို့၊ အမေရိကန်တွေ၀င်တော့မယ်တို့ အဲ့လိုမျိုးတွေ Facebook တွေအပေါ် ပျံ့နှံ့ခဲ့တယ်၊ အဲ့လိုမျိုးတွေ ပျံ့ခဲ့လို့ ဒီတော်လှန်ရေးမှာ ရေရှည်အမြင်တွေ မရှိတော့ဘဲ CDM တွေဟာ အောင်မြင်သင့် သလောက်မအောင်မြင်ခဲ့ဘူးလို့ ထင်ပါတယ်။ ကျနော် ဒီလောက်ပဲ ပြောချင်ပါတယ်ခင်ဗျာ။

မေ (0:39:45 to 0:45:55)

ကျွန်မကတော့ အစိုးရ၀န်ထမ်းအနေနဲ့တော့ မဟုတ်ဘူးပေါ့၊ medical network ဘက်ကပါ။ ဒါပေမယ့် ကျွန်မ အစိုးရ၀န်ထမ်းမဟုတ်ဘူး၊ ပြည်သူတစ်ယောက်အနေနဲ့ပဲ CDM ထဲမှာ ပါ၀င်လျက်ရှိ နေတာပေါ့နော်။ ကျွန်မသူငယ်ချင်းတွေထဲမှာ အစိုးရ၀န်ထမ်းကနေ CDM လုပ်တဲ့သူတွေလည်း ရှိတယ်ပေါ့။ စောစောက ဆွေးနွေးသွားတာတွေမှာဆိုလည်း ဆရာကိုစစ်မင်းနိုင်တို့လည်း ဆွေးနွေးသွားတာတွေလည်း အများကြီး ပါပြီးသွားပြီပေါ့နော်။ အဲ့ဒီ့မှာ ကျွန်မထောက်ပြချင်တာ သူတိုနဲ့ ပတ်သက်တဲ့လူတွေ အဖွဲအစည်းတွေကို မပတ်သက်ခြင်း၊ မဆက်သွယ်ခြင်းဆိုတဲ့ အကြောင်းရာလေးပေါ့။ စောစောက ဆွေးနွေးသွားတဲ့လူတွေလည်း ပြောသွားပါတယ်။ SP လုပ်တာ Boycott လုပ်တာတွေကို မလုပ်သင့်ဘူးပေါ့။ ဒီဟာကတော့ သဘောထားအမျိုးမျိုး ကွဲလွဲကြမယ်လို့ထင်ပါတယ်။ ကျွန်မ နားလည်တာကတော့ အချို့ Non CDM သမားတွေက အခြေအနေ အရပ်ရပ်ကြောင့် ပြန်၀င်ရတယ်။ သူတို့ကိုယ်တိုင်လည်း အထဲကနေ တစ်နည်းတစ်ဖုံ ပြန်ကူညီကြတယ်။ ဒီလိုလူမျိုးတွေကို ကျွန်မတို့နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ပတ်၀န်းကျင်မှာပဲ မြင်နေတွေ့နေရတဲ့သူတွေ ရှိတယ်၊ သူငယ်ချင်းတွေထဲလည်း ခံစားနေရတာတွေရှိတယ်။ Non CDM သမားတွေမှာမှ ကိုယ့်အချင်းချင်း ထိုးကျွေးနေတဲ့သူတွေ၊ အထဲကနေ နည်းမျိုးစုံနဲ့ အပြင် CDM သမားတွေကို Psychologically and Mentally အရ ထိခိုက်အောင်လုပ်နေတဲ့လူတွေ တစ်ပုံကြီးရှိတယ်ပေါ့နော်။ အဲ့လိုလူမျိုးတွေကျတော့ ကျွန်မတို့ SP ထဲမှာ ပါကိုပါသင့်တယ်လို့မြင်တယ်။ ဒါကျွန်မတစ်ဦးထဲရဲ့ အမြင်ပါ။ ကျွန်မကတော့ ကျွန်မသူငယ်ချင်းတွေရဲ့ Psychologically and Mentally ခံစားနေရတာတွေကို ပိုမြင်ရနေတော့ ရှေ့ပြောတဲ့အချက်တွေအကုန်လုံးက ကျွန်မတို့လုပ်သင့်တဲ့အချက်တွေပါ။ နောက်တစ်ခုက CDM ဆိုရာမှာ လူတွေအကုန်လုံးက CDM လို့ ပြောရင် အစိုးရ၀န်ထမ်းလို့ပဲ ပြေးမြင်ကြတယ်။ နောက်တစ်ခုက နောက်ထပ်သူတို့ ပြေးမြင်တာ အပြင်ကဆို ဘဏ်၀န်ထမ်းပေါ့။ ဒီထက်ပိုပြီးတော့ လူတွေက မမြင်ကြဘူး။ သူတိုကိုယ်တိုင် မီတာမဆောင်တာလည်း CDM ဆိုတာ မေ့နေကြတယ်။ အဲ့လိုပေါ့  CDM အောင်မြင်ခဲ့သလားလို့ မေးရင်တော့ CDM ဟာ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့တယ်။ အခု လက်တလောအခြေအနေမှာတော့ CDM ၀န်ထမ်းတွေဟာ တာ၀န်ကျေတာထက်ကို ပိုပါတယ်။ ကျေးဇူးလည်းတင်ရတယ်။ ကျွန်မတို့အနေနဲ့ အားတွေလည်းနာရတယ်ပေါ့၊ အမြဲတမ်း ကိုယ့်ဖက်က ဟာတွေတောင်မှ လိုအပ်ချက်တွေ ရှိနေကြတယ်။ ပြည်သူတွေအနေနဲ့ကျတော့ တာ၀န်ကျေတာကတော့ ရာခိုင်နှုန်းတော်တော်နည်းမယ်လို့တော့ ကျွန်မကမြင်တယ်။ CDM ပြန်လည်စသင့်လား ဆိုတဲ့ အမြင်ကိုတော့ ကျွန်မကတော့ စသင့်တယ်လို့ မြင်တယ်။ စသင့်တဲ့အချိန်မှာလည်း လိုတဲ့ အကြောင်း အရာကတော့ ဒီ CDM ဟာ ဘာလဲဆိုတာကို လူထုက ပိုနားလည်လာအောင် ပြန်ပြောသင့်တယ်။ နောက်ပြီးတော့ CDM သမားတွေအနေနဲ့ရော  အထဲမှာရှိတဲ့သူတွေအနေနဲ့ရော အခက်အခဲတွေရှိတယ်၊ ဒါပေမဲ့လည်း ဒီလိုမျိုး ရပ်တည်ပေးနေတယ်၊ ယုံကြည်ချက် အတွက်ပေါ့။ အထဲကလူတွေထဲမှာလည်း Non CDM စစ်စစ်တွေရှိတယ်ဆိုတာလည်း ကျွန်မ လက်ခံပါတယ်။ အဲ့ဒီစစ်စစ်တွေကတော့ ပြောစရာမလိုအောင် SP list ထဲမှာ အရင်ကတည်းက ထည့်ထားပြီးသားလို့ ကျွန်မကတော့ မြင်ပါတယ်။ ပြန်ပြီးတော့ဆက်ရရင် CDM ဆိုတာ ဘာလဲ လူထုကလည်း ပြန်ပြီးလက်ခံလာအောင် ကျွန်မတို့ ပြောသင့်တယ်။ ကိုယ်ကိုယ်တိုင် လိုက်လုပ်နိုင်တဲ့အရာတွေကိုလည်း ပိုမြင်အောင်လုပ်သင့် တယ်။ အခုဆိုရင် အိမ်တွေ မီးဖြတ်တောက်မှာစိုးလို့ မီတာခတွေပြေးဆောင်နေတဲ့လူနဲ့ အဲ့လို လူမျိုးတွေက တစ်အိမ်စ၊ နှစ်အိမ်စနဲ့ များလာကြမှာပါပဲ။ အဲ့လိုများလာရင် ကိုယ်တစ်ယောက်ထဲ မသိတာ မျိုးတွေဖြစ်မယ်၊ တခါတလေ ကိုယ့်တစ်တိုက်ထဲ ကိုယ့်တစ်အိမ်ထဲ မီးဖြတ်ခံရတဲ့ အိမ်မျိုးတွေ တောင်ရှိတာပဲလေ။  ဒါကို Awareness ပြန်ရအောင်လုပ်သင့်တယ်လို့ထင်တယ်။ နောက်တစ်ခုက Non CDM အနေနဲ့ ကျန်ခဲ့တဲ့သူတွေ ပေါ့နော်။ ကျွန်မတို့ နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် ပြန်ပြီးတော့ CDM ရဲ့ အနှစ်သာရကို ပြောပြပြီးတော့ သေချာဆွယ်သင့်တယ်လို့ထင်တယ်။ သူတိုကတော့ လခဘာညာနဲ့ ဆွယ်လည်း လာမှာ မဟုတ်ဘူး။ SP နဲ့ ခြိမ်းခြောက်ရင်တော့ လာနိုင်ချေရှိပေမယ့် တရားသေ ပြောလိုတော့မရဘူး၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အတွေးအမြင်မှာကိုက သူတို့တွေ အကုန်ပြန်၀င်နေတာ ပဲဆိုပြီး အတွေးတွေ ရှိကောင်းရှိနေနိုင်တယ်။ အခုကျန်ခဲ့တဲ့သူတွေမှာတောင် အကုန်ပြန်၀င်နေပြီ နင်တို့ရော မ၀င်ကြသေးဘူးလား ပြောခံရတဲ့ သူငယ်ချင်းတွေမှ တစ်ပုံကြီးရှိတယ်။ နောက်တစ်ခုက SP ကိစ္စကတော့လေ CDM သမားတွေရဲ့ Feeling ပေါ့နော်၊ သူတို့ရဲ့ ခံစားချက်ကိုက ဒီလူတွေနဲ့ ပြန်တွဲ မလုပ်နိုင်ဘူးဆိုတဲ့ ခံစားချက်တွေ အများကြီးရှိနေကြတယ်။ ဒါ ကျွန်မတို့ နားလည်ပေးလို့ ရတယ်ပေါ့နော်။ အခုလို ဆက်ဆံခံနေရတဲ့အခါမျိုးမှာပေါ့၊ အဲ့တော့ ဒါနဲ့ပတ်သက်ပြီး ထပ်ပြီးဆွေးနွေး ပေးကြပါဦး။ နည်းလမ်းလေးတွေပေါ့နော်။ ကျွန်မကတော့ Non CDM သမားနဲ့ CDM သမားရဲ့ စိတ်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောရရင် အပြင်မှာရပ်တည်ပေးနေတဲ့ CDM သမားတွေရဲ့ စိတ်ခံစားချက် Psychological trauma တွေကို ပိုမြင်ရတယ်။ ပိုခံစားမိတယ်ပေါ့။ တကယ်ဆိုရင် အကုန်လုံးအတွက် ခံစားပေးရမယ်ဆိုပေမယ့် ကျွန်မကတော့ CDM တွေကိုပဲ ပိုမြင်တယ်။ အဲ့တော့ သူတို့ရဲ့ ခံစားချက်တွေကို နားလည်တယ်၊ သူတို့က SP လုပ်စေချင်တယ်၊ ဒီလူတွေနဲ့ အလုပ်ပြန်တွဲ မလုပ်ချင်ဘူး။ တချို့သူငယ်ချင်းတွေဆို ဘယ်လောက်ထိ ပြောလဲဆိုရင် ငါတို့အစိုးရတက်လာချိန် ဒီလူတွေကို အလုပ်မထုတ်ဘူးဆိုရင် ငါကတော့ထွက်မှာ လုံး၀ပြန်မလုပ်နိုင်ဘူးလို့ ပြောကြတဲ့သူတွေ လည်းရှိပါတယ်။ အဲ့တာကတော့ CDM သမားတော်တော်များများ တခြား Department တော့ ကျွန်မမသိဘူး၊  ကျွန်မ သူငယ်ချင်း CDM တွေမှာတော့ အဲ့လိုပြောကြတယ်။ ဒါ ကျွန်မရဲ့ အမြင်ပါ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

Octopus (0:46:00 to 0:52:12)

ဆရာတို့ ဆရာမတို့ အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ကျနော်ကတော့ ရန်ကုန်ရဲ့ မြေပြင်သပိတ်တွေမှာ ပူးပေါင်းပါ၀င်ပေးနေတဲ့ ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်းတစ်ခုက ဖြစ်ပါတယ်ခင်ဗျ။ ကျနော်ပြောချင်တဲ့ အကြောင်းအရာကတော့ CDM အောင်မြင်ခဲ့သလား မအောင်မြင်ခဲ့သလား ဆိုတာကို ကျနော်တို့က ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာကြမလဲပေါ့။ ၈၈ တုန်းကနဲ့ ပြန်ပြီး တိုင်းတာမယ်ဆိုရင် ၈၈ ထက်တော့ CDM နဲ့ ပတ်သက်ပြီး ပိုပြီးအောင်မြင်ခဲ့တယ်လို့ ထင်မိပါတယ်။ နိုင်ငံတကာနဲ့ ယှဥ်ပြီးပြောရရင်လည်း နိုင်ငံတကာရဲ့ CDM အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ CDM က နည်းနည်းတော့ လွဲကောင်းလွဲနေနိုင်တယ်။ ဘာလို့ဆို ကျနော်တို့က နှစ်ပေါင်း ၆၀ လောက်ကို စစ်အစိုးရရဲ့ လက်အောက်မှာ သင်ယူမှုတွေ လေ့လာမှုတွေ အားနည်းခဲ့ရတယ်။ အဲ့တော့ ကျနော်တို့က ဘာဆိုဘာမှန်းလည်း သေသေချာချာနားမလည်ခဲ့ဘူး။ CDM ဆိုတာကလည်း နိုင်ငံရေးအင်အား စုတွေကလွဲလို့ သပိတ်အင်အားစုတွေ ျဆိုတာကလည်း ဒီပြည်သူကနေပဲ ပေါက်ဖွား လာတာပဲဖြစ်တော့ CDM ဆိုတာ သေချာမသိခဲ့ဘူးပေါ့နော်။ ဒီ ၂၁ ရာစု စရောက်တော့မှ ကျနော်တို့ လူငယ်တွေ CDM ဆိုတာ ဘာလဲဆိုတာကို သိလာခဲ့ကြတယ်ပေါ့ဗျာ။ ဘာလို့ မသိတာလဲဆိုရင် စစ်အစိုးရကြောင့်ပါပဲ။ အရင်ကသာ ဒါကို ပွင့်ပွင့်လင်းလင်းနဲ့ တံခါးဖွင့်ထားခဲ့မယ်ဆိုရင် ကျနော်တို့ လေ့လာလို့ရမှာ ဖြစ်ပြီးတော့ အာဏာရှင်ဆန့်ကျင်ရေးတွေကို နည်းလမ်းပေါင်းစုံ လေ့လာလို့ ရခဲ့မှာ ဖြစ်တယ်။ ဒီလိုမျိုး မလေ့လာနိုင်ခဲ့ခြင်းကလည်း ခေတ်အဆက်ဆက် စစ်အစိုးရတွေကြောင့်ပဲလို့ မြင်ပါတယ်။ နောက်တစ်ခု က CDM နဲ့ ပတ်သက်လို့ စစချင်း Remind ပြန်ခေါ်ရမယ်ဆိုရင် အရင်က ပြည်သူတွေကနေ အစိုးရ ၀န်ထမ်းတွေ အလုပ်မလုပ်မှသာ CDM လို့ ထင်ကြတဲ့အချိန်ကစပြီး လုပ်ရမှာပါ။ နောက်တစ်ခုက Facebook မှာ တိုက်တွန်းတာတွေပေါ့။ အစိုးရ၀န်ထမ်းတွေမှ မဟုတ်ဘူး၊ ကျနော်တို့ Ruby မသောက်တာတွေ Myanmar Beer မသောက်တာတွေပေါ့နော်။ ဒါမျိုးတွေကို store ဆိုင်တွေကလည်း မရောင်းချတာ၊ ဒါလည်း CDM ပါပဲဆိုပြီးတော့သိလာတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကိုယ်တိုင်လည်း Board လေးတွေနဲ့ ရပ်ကွက်တွေ လမ်းတွေမှာ ဟောပြောခဲ့ပါတယ်။ ရန်ကုန်ရဲ့ အခြေအနေကို အကျဥ်းချုပ်ပြတာပေါ့နော်။ ရန်ကုန်ရဲ့ အခြေနေကို ပြည်သူကသိပါတယ်။ ပြည်သူတွေ ဘာကိုသိတာလဲဆိုရင် အစိုးရ၀န်ထမ်းတွေပဲ CDM လုပ်လို့ရတာ မဟုတ်ဘူး ငါတို့လည်း လုပ်လိုရတယ်ဆိုတာကိုပါ။ အဲ့တုန်းကတော့ ဘူးသပိတ်ဆိုတဲ့ စကားက ခေတ်မစားသေးဘူးပေါ့။ ရန်ကုန်မှာ ပြောတာပေါ့နော်။ ဧပြီမတိုင်ခင်က အချိန်မှာ ခေတ်မစားသေး ပါဘူး။ ဒါပေမဲ့ Ruby မရောင်းတော့တာတွေ Myanmar Beer တွေဆို မရောင်းတော့တာတွေ ရောင်းနေ တဲ့ဆိုင်တွေဆိုရင် အားမပေးတော့တာတွေ သွားမထိုင်တော့တာတွေ တကယ်ကို အရှိန်အဟုန်ကောင်း ကောင်းနဲ့ တကယ့် အတောက်ပဆုံးအချိန်လို့ ပြောလို့ရမယ်ထင်ပါတယ်။ အဲ့အချိန်တွေမှာ အောင်မြင်ခဲ့တယ်ပေါ့။ ကြာလာတဲ့အချိန်မှာ အဖက်ဖက်ကနေလည်း တော်လှန်ရေးရဲ့ အခြေနေဟာလည်း ကြာလာတယ်။ ပြီးတော့ ဒီကြားထဲမှာလည်း ပုံသဏ္ဏာန်အမျိုးမျိုးနဲ့ ဖက်ဆစ်သူပုန်တပ်တွေက နေပြီးတော့ ဖမ်းဆီးတယ်၊ ယုတ်မာတယ် ဒီလိုနည်းလမ်းတွေက ဘက်ပေါင်းစုံက ဖြစ်လာတဲ့အခါမှာ တချို့ CDM တွေက Non CDM ပြန်လုပ်ကြရတာတွေ ရှိတယ်။ ကာလံဒေသံတော့မတူဘူးပေါ့၊ ပတ်၀န်းကျင်အခြေအနေအရ ခြိမ်းခြောက်ပြီး ခေါ်တာမျိုးတွေလည်း ရှိတယ်။ သူတို့ကိုယ်တိုင်က လည်း ထောက်ပံ့ကြေးမရတော့လို့ ဆိုတာမျိုးတွေရှိတယ်။ အဲ့တော့ ထောက်ပံ့ကြေးမရလို့ ဆိုတဲ့အခါမှာ ပြည်သူ့၀န်ထမ်းဖြစ်တဲ့ CDM တွေအကုန်လုံးရယ် ပြည်သူ့၀န်ထမ်းမဟုတ်တဲ့ ရိုးရိုးတန်းတန်း လူပုဂ္ဂိုလ်တွေအကုန်လုံးကလည်း ထောက်ပံ့ကြေးလိုချင်လို့ လုပ်ခဲ့ကြတာမဟုတ်ပါဘူး။ ကျနော် သိသလောက်ပေါ့နော်။ ဘာလို့ဆို CDM တွေနဲ့လည်း နီးစပ်ရာအသိုင်းအဝိုင်းတွေမှာ စကားပြော ကြည့်ပါတယ်။ ထောက်ပံ့ကြေးမရလည်း ငါတို့လုပ်မယ်ပေါ့။ လုပ်ရင်းလုပ်ရင်းနဲ့ နောက်ပိုင်းကျတော့ မလိုဘူးလို့ဆိုခဲ့ပေမယ့်လည်း လိုလာတော့ သူတို့အနေနဲ့လည်း အလုပ်ပြန်လုပ်ရတဲ့ အခြေနေမျိုးတွေ ရှိကောင်းရှိနိုင်တယ်ပေါ့။ အချိန်တွေ ကြာလာတဲ့အခါမှာ အောက်တိုဘာရောက်ပြီ နို၀င်ဘာရောက်ပြီ ဒီဇင်ဘာရောက်လာပြီ ဒီအခြေ အနေမျိုးတွေမှာ CDM ကိုမှမဟုတ်ဘူး။ တိုက်ပွဲ နည်းနာလေးခုပေါ့နော်။ ခုခံတော်လှန်စစ်ကို ကြည့်မလား၊ လူထုသပိတ်တိုက်ပွဲတွေကို ကြည့်မလား၊ သံခင်းတမန်ခင်းတွေ ကြည့်မလား၊ ဘူးသပိတ်ကို ကြည့်မလား။ ဒီလေးမျိုးပေါ့။ လေးမျိုးတွေမှာ တခြားစကစဘက်ကနေပြီး တိုက်လိုရတဲ့ဟာမျိုးတွေမှာ လည်း တိုက်လာတယ်ပေါ့။ ဥပမာ – သပိတ်ခေါင်းဆောင်တွေ ဖမ်းဆီးတာတွေ၊ ခုခံတော်လှန်စစ် ဆိုရင်လည်း လေယာဥ်တွေနဲ့ ဗုံးကျဲတာ တွေပါ။ ဒါကတော့ အပြန်အလှန်တွေ လုပ်နေကြတာပေါ့။ ဒီလိုမျိုးတွေ ကြာလာတဲ့အခါမှာ တချို့ ပြည်သူလူထုဘက်ကနေ သူတို့ကိုယ်ပိုင်ဘ၀တွေ ကိုယ်ပိုင် တနေ့တာတွေကို ဖြတ်သန်းနေကြတာ တွေရှိလာတယ်ပေါ့။ အဲ့ဟာမျိုးတွေကြောင့်လို့ ထင်ပါတယ်။ အဲ့တော့ အောင်မြင်ခဲ့သလားဆိုရင် ဥပမာပေးရရင် ပစ္စည်းတစ်ခု၀ယ်နိုင်ခဲ့တယ်၊  ဒါပေမဲ့ အဲ့ပစ္စည်းကို အိမ်မှာထိန်းသိမ်းဖိုအတွက် ထိန်းသိမ်းနိုင်လား၊ မနိုင်လားဆိုတဲ့ အခြေအနေဖြစ်နေတယ်။ အခု အခြေနေနဲ့ဆို အဲ့လိုဖြစ်နေတဲ့ အခြေအနေမျိုးပါပဲ။ ဒါပေမဲ့ ကျနော်တို့ ပိုင်ဆိုင်ခဲ့ဖူးတယ်ပေါ့နော်။ အဲ့ဒီဟာကို ဆက်လက်ပိုင်ဆိုင်ဖို့ ဘယ်လိုနည်းလမ်းပေါင်းစုံနဲ့ စဥ်းစားကြမယ်၊ အဖြေရှာကြမလဲဆိုတာကို ဒီကဆရာဆရာမတွေက လည်း အကုန်လုံး အသိပညာရှင်၊ အတတ်ပညာရှင်တွေ ဖြစ်ကြတော့ ဒါကိုကျနော်တို့ ဝိုင်းစဥ်းစားပြီး အဖြေရှာကြ ရင်တော့ ပိုပြီးတော့ အဆင်ပြေလာမယ်ထင်ပါတယ်။ ပြီးတော့ CDM နဲ့ပတ်သက်ရင် စစ်သားတွေ၀င်လာတဲ့ CDM ကတော့ အခုထက်ထိကို မရပ်ပါဘူး။ ပိုပြီးတော့တောင်၀င်လာတဲ့ အခြေနေမျိုးတွေတောင်ရှိပါတယ်။ အဆိုးထဲက အကောင်းပေါ့၊  အဲ့တော့ ရေရှည်ကို အဆင်ပြေဖို့ အတွက် ဘူးသပိတ်နောက်ပိုင်းဖြစ်လာတဲ့ ကျောင်းမတက်ဖို့ မီတာမဆောင်တာတို့ ဖြစ်လာဖို့အတွက်က အားလုံးတိုက်တွန်းနှိုးဆော်ဖို့လည်းလိုသလို ဘက်ပေါင်းစုံ အခြားနည်းလမ်းတွေ ခုခံတော်လှန်စစ်၊ သံခင်းတမန်ခင်း၊ ဘူးသပိတ် ဒါတွေကိုလည်း ကျနော်တို့ အရှိန်အဟုန်မြှင့်ပြီးတော့ လုပ်ဆောင်မယ်ဆို ရင်တော့ ဒီ့ထက်ပိုပြီးတစ်ဆင့်တက်နိုင်လိမ့်မယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ဒါ ကျနော် ဥာဏ်မှီ သလောက် ဆွေးနွေးကြည့်တာပါ။ ဟုတ်ကျေးဇူးပါ။

ကိုစစ်မင်းနိုင် (0:52:30 to 01:02:00)

ရှေ့ကဆွေးနွေးသွားတဲ့ ဆရာ၊ ဆရာမတွေ ဆွေးနွေးသွားတာလေးတွေကို မှတ်ထားရင်းနဲ့ တချို့ ကိစ္စလေးတွေ ပြန်ပြီးဆွေးနွေးချင်တာလေးတွေပေါ်လာလို့ပါ။ ဆွေးနွေးပေးကြတဲ့ ဆရာ၊ ဆရာမတွေ ညီလေးတွေ အကိုတွေ ညီမလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော် နည်းနည်းလေး တချို့ကိစ္စလေးတွေ ထပ်ပြီး ဆွေးနွေးချင်တာလေးတွေရှိလို့ပါ။ ဥပမာပေါ့နော် ခုနက အကို တစ်ယောက် ပြောသွားတဲ့ကိစ္စလေးတစ်ခုရှိပါတယ်။ CDMers တွေအတွက်ကို ဘာကြောင့် CDM လုပ်ရတယ် CDM ဟာ ဘယ်လို ဆိုတဲ့ Educate လုပ်ရမလဲဆိုတဲ့ ကိစ္စပေါ့နော်။ အခုနောက်ပိုင်းမှာ Federal နဲ့ ပတ်သက်ပြီးတော့ ဒီဘက်မှာ သင်တန်းတစ်ချို့ရှိတယ်ပေါ့နော်။ ရှိတဲ့အခါမှာ တချို့တွေက မေးကြတယ်။ အမေရိကန်ပြည်ထောင်စုလိုနိုင်ငံမှာ Federal မူဝါဒနဲ့ ပတ်သက်ပြီးတော့ သူတို့နိုင်ငံမှာ ရှိနေတဲ့ ပြည်သူတွေကို ဒီ federal အကြောင်း ဘယ်လောက်သိလဲလို့ မေးတဲ့အခါမှာ အများစုက မသိကြဘူး။ Federal ဆိုတာရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး မသိကြဘူးဆိုတာတွေရှိတယ်ဆိုပြီး ဒီကဆရာတွေ ပြောကြတယ်။ ဆိုတော့ ဒီ CDM သည်လည်း အဲ့လိုပဲပေါ့၊ ကျနော်တို့ ဒီ CDM ကို စခဲ့ကြတဲ့ အစိုးရ ၀န်ထမ်းအများစုသည် အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်ချင်ဘူးဆိုတဲ့ စိတ်တစ်ခုထဲနဲ့ CDM မှာ ပါ၀င်ခဲ့ကြတယ်။ CDM ဆိုတဲ့ စကားအသုံးအနှုန်းကိုတောင် နောက်ကျမှပဲ သုံးကြတာပေါ့။ စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်ချင်ဘူးပေါ့။ အဲ့ဒီတော့ CDM ရဲ့ မူဝါဒနဲ့ ဘယ်၀န်ကြီး၊ ဘယ်လူကြီး၊ ဘယ်ခေါင်းဆောင်များမှ မတိုက်တွန်းပါဘဲနဲ့ မိမိရဲ့ ကိုယ်တိုင်ပဲ ဒီစစ်ကောင်စီအောက်မှာ လုပ်ချင်တဲ့စိတ်မရှိတဲ့စိတ်တစ်ခုထဲနဲ့ ဒီလုပ်ငန်းခွင်ထဲကနေ ထွက်လာကြတာပေါ့။ ကျနော်တို့ အရင်တုန်း က CDM နဲ့ Non-CDM သဘောထားကောက်ယူတဲ့အခါတုန်းကလည်း ဘယ်ဟာကတော့ CDM ဘယ်ဟာကတော့ Non-CDM ဆိုပြီး သတ်မှတ်လိုမရပါဘူး။ ကျနော်တို့ ဒေသအလိုက်၊ ဌာနအလိုက် ခံယူချက်ပေါ်မူတည်ပြီး သွားတာဖြစ်တဲ့အတွက် အဲ့မှာလည်း ကျနော်တို့ အဖွဲ့က လူတွေလည်းပါပါတယ်။ အများစုသည် CDMers တွေ ဖြစ်ကြတော့ ပြန်၀င်မလားဆိုရင်  ဒီအာဏာရှင်လက်အောက်မှာ အလုပ် မလုပ်ချင်ဘူးဆိုတဲ့ စိတ်တစ်ခုထဲနဲ့ ထွက်လာတာ။ တချို့တွေ အများ CDM တာမို့ လိုက် CDM လုပ်လိုက်ရတယ်၊ အများလမ်းပေါ်ထွက်လို့ လိုက်ထွက်လိုက်ရ တယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ တကယ့်ကို ခံယူချက်စစ်စစ်နဲ့ ရှိနေကြသော CDMers များသည် ဒီအာဏာရှင် မပြုတ်ကျသေးသ၍ အလုပ် မလုပ်ဘူးဆိုတဲ့ စိတ်တစ်ခုထဲနဲ့သာ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ နောက်တစ်ခုက ဒါသည် ပြည်သူကစပြီး တော်လှန်တဲ့ တော်လှန်ရေး ဖြစ်တဲ့အတွက် CRPH၊ NUG တို့ ပေါ်လာတဲ့အခါမှာသာ စာရင်းတွေ ကောက်ကြတယ်။ ကိန်းဂဏန်း တွေနဲ့ CDM အောင်မြင်မှုကို ပိုင်းဖြတ်ကြတယ်ဆိုတဲ့အခါမှာ ကျနော်တို့ ဒီရာခိုင်နှုန်းတွေသည် တကယ်က နိုင်ငံတကာစာမျက်နှာတွေမှာ ပြတဲ့အခါတွေမှာရယ် တစ်ဖက်က ရန်သူကို ပြန်ပြီးတော့ တုံ့ပြန်တဲ့အနေနဲ့ ပြတဲ့အခါတွေမှာပဲ သုံးပါတယ်။ တကယ်ကတော့ ပြည်သူတွေမှာသာလျှင် ဒီ၀န်ထမ်းတွေမှာသာလျှင် စခဲ့တဲ့ CDM ဖြစ်တဲ့အတွက် ဘယ်သူကမှ ဒီ CDM နဲ့ ပတ်သက်ပြီးတော့ Guideline တို့ ထောက်ပံ့မှုတို့ ဒါမျိုးတွေကို ကျနော်တို့ဘက်ကနေပြီးတော့ မျှော်လင့်တာမျိုးတို့ တကယ့် CDMers တွေမှာ မရှိဘူးဆိုတာ ကျနော်တို့ နားလည်ထားတယ်။ ခုနက မမေလားမသိဘူး ပြောသွားတာ အစိုးရ၀န်ထမ်းတွေကိုပဲ CDM လုပ်တာလား ဆိုတာ တကယ်ကောင်းပါ တယ်။ အစိုးရ ၀န်ထမ်းမှ မဟုတ်ပါဘူး။ အပြင်မှာရှိနေတဲ့ ပြည်သူတိုင်းပြည်သူတိုင်းသည် ဘူးသပိတ် ပေါ့၊ စစ်တပ် ပိုင်ထုတ်ကုန်တွေကို BC လုပ်လို့ရတယ်၊ အခု ဒီနောက်ပိုင်းမှာ ဒီမှာရှိတဲ့ အကိုတွေ အမတွေတော့ ကြားမိလားတော့မသိဘူး။ တချို့လည်း ပါ၀င်နေကြမှာပါ။ ကျနော်တို့ ပြည်သူတွေသည် စီးပွားရေး လုပ်ငန်း သေးသေးကြီးကြီး စစ်တပ်နဲ့ ပတ်သက်တာဆို BC လုပ်ပေါ့နော်။ တချို့ကျ လုံး၀ လုပ်ရ ကောင်းမှန်းမသိဘူး၊ ဘယ်ဟာကို BC လုပ်ရမလဲဆိုတာလည်း မသိဘူး၊ တချို့ကျ ရှုပ်ပါတယ် ငါတစ်ယောက်ထဲ သုံးလိုက်လို့ ဘာမှမဖြစ်ပါဘူးဆိုတဲ့စိတ်၊ တချို့န်ထမ်းတွေမှာလည်း ငါတစ်ယောက် ထဲ ဒီအာဏာရှင်လက်အောက်မှာ ရှိနေလို့ ဘာမှမဖြစ်ပါဘူးဆိုတဲ့ စိတ်မျိုးတွေဟာ ကျနော်တို့ရဲ့ တော်လှန် ရေးကို သက်ဆိုးရှည်စေပါတယ်။ အဲ့ဒီအတွက် ကျနော်တို့ ဘာလုပ်ရမလဲဆိုရာမှာ ခုနက ပြောတဲ့ ထိန်းကျောင်းရေးတွေ ထပ်ပြီးစီစဥ်ရတာတွေရှိတယ်။ အဲ့တော့ ကျနော်တို့ ဘာဖြစ်လာလဲဆိုရင် Comprehensive Economic Sanction ပေါ့၊ အရင်တုန်းကတော့ Target Santions စစ်တပ်ထုတ်ကုန်တွေ မသုံးဘူး၊ စစ်တပ်နဲ့ ဆိုင်တဲ့လူတွေဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်တွေကို ပဲဖြစ်ဖြစ် ပိတ်မယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ နားလည်လာတာက ကျနော်တို့ အဲ့လိုလုပ်လို့မရဘူး။ အကုန်လုံး အနည်းနဲ့အများတော့ စစ်တပ်က သူတို့ဆီကနေ ၀င်ငွေတွေရနေတယ်။ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေတယ်။ အစိုးရ ၀န်ထမ်းတွေကတော့ CDM လုပ်ပြီး ခက်ခဲနေကြတယ်။ ဒါပေမဲ့ သူတို့ကတော့ သွင်းကုန်တွေ ထုတ်ကုန်တွေကနေ ၀င်ငွေတွေ ရနေကြတယ်။ အဲ့ဒီအတွက် BC လုပ်ကြရမယ်ပေါ့။ ကိုယ့်အသိ စိတ်ဓာတ်နဲ့ကိုယ် ဘူးသပိတ်လုပ်လိုမရတော့တာဖြစ်တဲ့အတွက် ကျနော်တို့သည် ဒီဘက်မှာပေါ့ Comprehensive economic sanctions ဆိုပြီး facebook မှာ ဆရာဆရာမတို့ ရှာကြည့်လို့ရပါတယ်။ အဲ့ဒါက ဘာလဲဆိုရင် ဒီမှာရှိသမျှ အလုံးစုံပိတ်ဆိုရေးပေါ့နော်၊ ၀င်လာသမျှဟာကို ပိတ်မယ်။ အခက်အခဲ တွေ ကြုံလာမယ်၊ ဆေးခါးကြီးပေါ့။ ခုနက ပြောသွားသလို ဆေးခါးကြီးဖြစ်မယ်။ CDM ကလဲ တကယ်က ဘူးပဲပေါ့နော်။ ဒီစစ်ကောင်စီလက်အောက်မှာ ကျနော်တို့ လုံး၀ဘာဆိုဘာမှလုပ်မရတဲ့ပုံစံမျိုး စစ်ကောင်စီရဲ့ ၀င်ငွေအားလုံး ရပ်တန့်ရေး၊ ယန္တရားတွေ အားလုံးရပ်တန့်ရေးဆိုတာမျိုး အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ လည်းလိုတယ်။ ဆောင်လည်း ဆောင်ရွက်နေတယ်။ နောက်တစ်ခုကကျတော့ ခုနက ဆရာ တစ်ယောက်ပြောသွားတဲ့ ၈၈ တုန်းကနဲ့ ဘာကွာလဲဆိုတာ။ အဲ့တုန်းက CDM သည် အချိန်အတိုင်း အတာတစ်ခုထိရှိခဲ့တယ်။ သို့သော် အဲ့တုန်းက စင်ပြိုင်အစိုးရ အဝေးရောက်အစိုးရဆိုပြီး အားလုံးက ဝိုင်းသတ်မှတ်ခဲ့ကြတယ်။ ဘာဖြစ်လို့ အဝေးရောက်အစိုးရလို့ ပြောရလဲဆိုရင် မြေပြင်မှာဘယ်သူမှ မရှိတော့ဘူး။ CDM တွေလည်း ပြန်၀င်သွားခဲ့ကြတယ်။ အခုဆိုရင် လက်ရှိ NUG နဲ့ပဲ ပြောရမယ်ဆိုရင် NUG ၀န်ကြီးဋ္ဌာနအနေ နဲ့ပြောမယ်ဆိုရင် မြို့နယ်ပေါင်း ၃၃၀ မှာ၂၆၅ မြို့နယ်မှာဆိုရင် ကျနော်တို့ ကျန်းမာရေး၀န်ထမ်းတွေ အင်နဲ့အားနဲ့ရှိပါတယ်။ အဲ့တာတွေက ဘယ်သူတွေလဲဆိုရင် CDM တွေပေါ့။ အဲ့တော့ လေလှိုင်းအစိုးရ မဟုတ်ဘူး။ မြေပြင်မှာ တချို့ ဒီတော်လှန်ရေးရဲ့ ရဲဘော်တွေပဲဖြစ်ဖြစ်၊ ပြည်သူလူထုကိုပဲဖြစ်ဖြစ် အခုဆိုရင် ကျနော်တို့ စစ်ကိုင်းလိုဒေသမျိုးတွေမှာ သိမ်းပိုက်ရရှိထားတဲ့ နေရာတွေရှိပါတယ်။ အဲ့လိုနေရာမျိုးတွေမှာ တကယ်ပြန်အလုပ်လုပ်နေတဲ့သူတွေသည် CDM တွေသာ မရှိဘူးဆိုရင် ဘယ်သူတွေနဲ့ ပြန်အလုပ်လုပ်ရမလဲဆိုတာစဉ်းစားစရာ ဖြစ်လာပြီ။ ဆိုတော့ ခုနက ကျနော် တို့ ပြောသွားတဲ့ အင်အားသည် CDM လုပ်ထားသည့် အင်အား တစ်နှစ်တာ စုဆောင်းထားသည့် CDM အင်အားပေါ့။ အာဏာရှင်လက်အောက်ကနေ အာဏာဖီဆန်ပြီး ထွက်လာတဲ့ CDM အင်အားသည် ယခုတော်လှန်ရေး အစိုးရရဲ့ မြေပြင်လုပ်ငန်းတွေမှာ ဆက်လက်ပြီးအသုံးချလို့ရတယ်ဗျ။ ဒါသည်လည်း CDM ရဲ့ အရေးပါအရာရောက်တဲ့ အခန်းကဏ္ဏတစ်ခုအဖြစ်အနေနဲ့ ကျနော်ကတော့မြင်ပါတယ်ခင်ဗျာ။ အရင် ၈၈ တုန်းကဆိုရင် အဝေးရောက်အစိုးရအနေနဲ့ တကယ်ကို လေလှိုင်းအစိုးရဖြစ်ခဲ့တယ်။ ဘယ်သူ့ ကိုမှ မထိန်းချုပ်နိုင်ဘူး။ မြေပြင်မှာလည်း မကျန်ခဲ့ဘူး။ ဘယ် CDM မှလည်း ဆက်ပြီးရှိမနေခဲ့ကြဘူး။ ဒီလိုမျိုး ပြန်လည်ထူထောင်ရေးကာလတွေ တော်လှန်ရေးကာလတွေမှာ ဘာမှ အကောင်အထည် မဖော် နိုင်တာတွေ့ရတယ်။ အခု ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာတော့ ဒီ CDM ကြောင့်ပဲ ကျားကန်ထား နိုင်တယ်လို့ မြင်မိပါတယ်။ ဆိုတော့ နောက်တစ်ခုက CRPH တို့ ဘာတို့ လစာပေးမယ်တို့ ဒါတွေသည် တစ်ဖက်ကနေလည်း Network တို့ ဘာတို့မှာ အမြဲရှင်းရပါတယ်။ အစိုးရသည် လုံး၀ မပေးနိုင်ပါဘူး။ မပေးနိုင်တာကိုလည်း အားလုံးသိပါတယ်။ ကျနော်တို့ နှုတ်ခမ်းနီတောင့်ဖိုးတို့ ဘာတို့တောင်မပေးနိုင် သေးတာ ဒီ၀န်ထမ်းတွေအတွက် လစာကတော့ ဘယ်လိုမှပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါသည် တစ်ဖက်က false hope တွေ ဆိုက်ဝါးတွေ ပေးခဲ့ကြတယ်။ ဒါပေမဲ့ တော်တော်များများက အပြန်အလှန်ပဲ Educate လုပ်ကြရင်းနဲ့ပေါ့ တစ်ချို့တွေကျတော့လည်း ယုံစားပြီး ငါတို့ကတော့မရဘူးဆိုပြီး ပြန်၀င်သွားကြတဲ့သူ တွေရှိတယ်။ ဒါကိုတော့ အထူးတလည် မဆွေးနွေးလိုတော့ပါဘူး။ အခုနောက်ဆုံးမှာတော့ မားမား မတ်မတ်ကျန်နေကြသောသူများသည် ဒီတိုင်းပဲပေါ့ ကျနော်ခုနက ပြောသွားသလိုပါပဲ။ ဒီ False hope တွေကိုလည်း ဒီဘက်ကနေ တတ်နိုင်သလောက် စစ်ထုတ်ပြီးတော့ အဖွဲ့အစည်းတွေဘက်ကနေလည်း တတ်နိုင်သလောက် စစ်ထုတ်ပေးဖို့လိုတယ်။ ဒါမျိုးတွေရှိလာရင်လည်း မဟုတ်နိုင်ကြောင်း၊ မဖြစ်နိုင် ကြောင်း ပြောဖို့လိုတယ်။ တစ်ချို့ CDMers တွေမှာဆိုရင် ကျန်းမာရေးမှာဆိုရင် ဆရာ၀န်တွေမဟုတ်ဘဲနဲ့ အခြေခံကျန်းမာရေး၀န်ထမ်းတွေဆိုရင် အင်တာနက်မှာ တွေ့တာနဲ့ယုံကြတယ်။ ဒါပေမဲ့လည်း ဒါမျိုးတွေ က ဒီတော်လှန်ရေးမှာ မဖြစ်နိုင်သေးတဲ့ အကြောင်းကို ကျနော်တို့ Educate လုပ်ဖို့အတွက်လည်း အရေး ကြီး လိုအပ်ပါတယ်ဆိုတဲ့ အကြောင်းလေးကို ထပ်ပြီး ကြုံတုန်းလေး ဖြည့်စွက် ပြောချင်ပါတယ်။ ဟုတ် ကျေးဇူးပါခင်ဗျာ။

ကိုရဲ၀င်းလျှံ (1:02:29 to 1:06:15)

အရှေ့က အကိုတို့ ဆွေးနွေးသွားတာတွေ တော်တော်လေးကောင်းပါတယ်။ အထူးသဖြင့် ကိုစစ်မင်းနိုင်တို့ ဘာတို့ ပြောသွားတာလည်း တော်တော်လေးကောင်းတယ်။ လောလောဆယ် ကျနော်သည်လည်း CDM ၀န်ထမ်းပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်လည်း Medical doctor တစ်ယောက်လည်း ဖြစ်တယ်။ ကျနော် တစ်ခုဘာကို စဥ်းစားမိလဲဆိုတော့ CDM စလုပ်မယ်ဆိုတဲ့ အချိန်မှာ ရှင်းရှင်းပြောရရင် ကျနော်က အုပ်ချုပ်ရေးဘက်ခြမ်းက ဖြစ်သောကြောင့် ကျနော်လုပ်ဖို့ကတော့ သေချာတယ် လုပ်လဲလုပ်ဖြစ်တယ် လုပ်လဲလုပ်နေတယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော် အဲ့ဒီ ထောက်တိုင် support တွက်တော့ ကျနော် မလုပ်ပေးနိုင်ဘူး၊ ဒါပေမဲ့ ကျနော်တို့ ကုသရေးဘက်ခြမ်းက ဆရာ၀န်တွေနဲ့ ပတ်သက်ပြီးတော့ အဲ့ကုသရေးက ဘော်ဒါတွေနဲ့ ကျနော် စကားပြောဖြစ်တယ်၊  ပြောပြီးတော့ ကျနော့်ကိုယ်ကျနော် စဥ်းစား နေတဲ့ အရာတစ်ခုရှိတယ်၊ ဘာလဲဆိုတော့ ကျနော်တို့ CDM တွေလုပ်ကြပြီ၊ ဆေးရုံတွေ ပိတ်ကြပြီ၊ အဲ့လိုမျိုး အခြေအနေတွေမှာ ကျနော်တို့က Public service ပေးနေတဲ့အရာ ဖြစ်သောကြောင့် ဒီရွာထဲမှာ လူနာတွေ တစ်ခုခုဖြစ်ရင် ဘယ်ဆေးရုံကိုသွားပြကြမလဲ၊ နောက်တစ်ခုက လူနာတွေဆီမှာ alternative choice ရွေးစရာ ဘာရှိလဲပေါ့၊ နောက်တစ်ခုကကျ အကယ်၍ ကျနော်တို့က အလကား ဆေးကု ပေးပါတယ်၊ ဘာတို့ပေါ့ ဘုတ်ထောင်ပြီး ကျနော်တို့က ကြေငြာတဲ့အခါကျရင် တစ်ဖက်ရန်သူက ရော ကျနော်တို့ကို၊ အဲ့ဒီဟာကြီးကို ပိတ်ပင်ဖို့အတွက်ကတော့ အမြဲတမ်းလုပ်နေမှာပဲ၊ အဲ့တော့ ကျနော်တို့မှာ ဒီ့ထက်ကောင်းအောင် ဘယ်လိုမျိုးပေးမလဲဆိုတာ စဥ်းစားဖို့လိုတယ်၊ နောက်တစ်ချက်က ကျနော်တို့ CDM ၀န်ထမ်းတွေကို ထောက်ပံ့ကြေးတို့ ဘာတို့ပေးဖို့ထက်စာရင် သူတို့တွေကို အလုပ်အကိုင်ရအောင် ဘယ်လိုမျိုး ဖန်တီးပေးနိုင်မလဲ ဆိုတာကိုပဲ ကျနော် စဥ်းစားစေချင်တယ်၊ ဘာကြောင့်လဲ ဆိုတော့ အလုပ်အကိုင်ကို ရသွားတဲ့အခါ ကျရင် ထောက်ပံ့ကြေးကိစ္စက ကျနော်တို့ စဥ်းစားစရာ မလိုတော့ဘူး၊ နောက်တစ်ချက်က ဘာလဲ ဆိုတော့ အလုပ်အကိုင်ရသွားခြင်းအားဖြင့် သူတို့ ၀င်ငွေရလာမယ်၊ အဲ့၀င်ငွေရနေတော့ တစ်စိတ် တစ်ဒေသကို ဒီတော်လှန်ရေးအတွက် ပြန်ပြီးလှူလာနိုင်မယ်၊ ဒါ ကျနော့် စဉ်းစားပုံ၊ နောက်တစ်ခုကကျ CDM နဲ့ Non CDM ကြားထဲမှာ ကျနော့်အမြင်အရ သိပ်ပြီး ပြသနာတော့ မရှိကြဘူး၊ တစ်ခုရှိတာက လုံး၀ လွန်လွန်ကျူးကျူး ဆိုးဆိုးဝါးဝါး Non CDM သမားတွေဆိုရင်တော့ ကျနော်တို့ အစိုးရ တက်လာရင်တော့ ဖြုတ်သင့်တာဖြုတ် ပယ်သင့်တာပယ်ရမှာပဲ၊ ဒီကြားထဲမှာတော့ အချင်းချင်း positive ဖြစ်စေမယ့်အရာ လုပ်သင့်တယ်၊ အချင်းချင်းအဓိက ဖြစ်နေကြတာဘာလဲဆိုတော့ ကျနော် တို့ လုံး၀ဆိုးရွားတဲ့စနစ်အောက်ကြီးမှာ ရှင်နေရတာ၊ ကျနော်တို့က အဲ့စနစ်ကြီးကို တိုက်ထုတ်ယူရ မယ်၊ အဲ့တော့ သားကောင်အချင်းချင်းကိုတော့ ကျနော်တို့က ဆက်ပြီး အမုန်းမပွားစေချင်ဘူး၊ သူက ဘာမို့လို့ ညာမို့လို့ အဲ့ဒီ စကားနိုင်လုတဲ့ ကိစ္စကြီးတွေ အထူးသဖြင့် facebook မှာ ဖြစ်နေကြတာပဲလေ၊ စကားနိုင်လုတဲ့ကိစ္စတွေနဲ့ ရန်တွေဖြစ်နေကြတာ၊ သက်သက် အချိန်လဲ ကုန်တယ်၊ နောက်တစ်ခုက ကျတော့ ဒါကြီးက တော်လှန်ရေးဘက်မှာလဲ အထောက်ကူမပြုဘူး၊ အချင်းချင်း စိတ်၀မ်းကွဲပြီးတော့ ပြသနာတွေပဲ ဖြစ်နေမှာပဲ၊ ကျနော်က ရှင်းရှင်းပြောရရင် ဒီထောက်တိုင်ကို ဖြိုဖို့ ကြိုးစားရမယ်၊ နောက်တစ်ခုကကျ စစ်ကောင်စီရဲ့ ပစ္စည်းတွေကို ပြည်သူတွေက အဓိက မသုံးစွဲဖို့ပဲလိုတာ၊ ဘယ်ဆိုင်တွေက ဘယ်လိုပဲရောင်းရောင်း ပြည်သူတွေကမသွားဘူး မ၀ယ်ဘူး မသုံးဘူးဆိုရင် ဒီဆိုင် တွေလဲ ဒီ product ကြီးကို တင်နေတော့မှာ မဟုတ်တော့ဘူး၊ အဲ့တော့ ကျနော်ပြောချင်တာက ပြည်သူ အားလုံးကို ဒီလိုမျိုး အသိရှိဖို့၊ ဒီဘက်ခေတ်မှာ အခု အားသာနေတဲ့ social media facebook တို့ ဘာတို့ မှာ ကျနော်တို့အများကြီး educate ဖို့ လိုတယ်လို့ ကျနော်ထင်တယ်

အမည်မသိ (1:06:38 to 1:12:28)

ပြောချင်တာကတော့ ခုနက မမေနဲ့ ကိုစစ်မင်းနဲ့ ပြောသွားတဲ့ထဲမှာ တော်တော်တော့ cover ဖြစ်ပါတယ်၊ နောက်ထပ် ဘာပြောချင်သေးလဲဆိုတော့ အဲ့ဒီ CDM နဲ့ Non CDM ကြားထဲမှာ သူတို့ကို ဘာမှ အရမ်းကြီး မကွာပါဘူးဆိုတဲ့ ဟာမျိုး လုပ်ဖို့ကတော့ လုံး၀ကို မထောက်ခံတဲ့ထဲမှာ ပါတယ်ပေါ့နော်၊ ပြောရမယ်ဆိုရင် ဒီ SP ဆိုတဲ့ဟာကို ပြတ်ပြတ်သားသားကြီးကို လုပ်ပစ်ရမယ်ဆိုတာကို ထောက်ခံတယ်၊ ဘာလို့လဲဆိုတော့ အရှေ့က အမပြောတဲ့အတိုင်းပဲ တစ်ချို့တွေက အတိုင်းအတာတစ်ခုထိ CDM ဖြစ်လာပြီးတော့မှ အကြောင်းအမျိုးမျိုးကြောင့် ပေါ့နော် အဓိက အကြောင်းကတော့ စား၀တ်နေရေးကြောင့် ပြန်၀င်သွားတဲ့ သူတွေလဲ ရှိတယ်၊ တစ်ချို့တွေကလဲ သူတို့ဟာ သူတို့ reason တွေ အများကြီးရှိမယ်ပေါ့နော်၊ Non CDM လုပ်ထားတယ်၊ ဒါပေမယ့် silent ပေါ့နော်၊ ဒါပေမယ့် အများစု Non CDM တွေက ငါတိုနေရာရပြီဆိုတဲ့ ပုံ၊ ပြောရမယ်ဆိုရင် နည်းနည်းတော့ ရိုင်းသွားမယ်၊ ခွေးတိုးပေါက်က ၀င်ချင်ကြတဲ့လူတွေရှိတယ်၊ အဲ့ခါကျ တော့ သူတိုက ငါတို့ ရာထူးတိုးတယ်လေ၊ ငါတို့ ဒီရောက်တယ်လေ၊ ငါတို့ စာမေးပွဲဖြေတယ်လေဆိုတဲ့ ဟာမျိုးတွေ အရမ်းကို ဒီပေါ်မှာ proud ဖြစ်ပြနေတဲ့ ဟာမျိုးတွေ ရှိတယ်၊ ဒါက သူတို့နဲ့ အမြဲတမ်းနီးပါး စကားပြောနေရတဲ့အခါကျတော့ သိလဲသိနေရတယ်၊ ကြားလဲကြား မြင်လဲမြင်နေရတယ်၊ အဲ့ခါကျတော့ အစောကလူတွေ ပြောကြားချက်အတိုင်း ဒီ CDM ဆိုတာ ဘယ်သူ့တိုက်တွန်းချက်မှမပါဘဲ ကိုယ့်ဘာသာ ကိုယ် တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ကို ဒါက အာဏာဖီဆန်ရမယ့်ဟာပေါ့နော်၊ အဲ့တော့ ဒီလိုမျိုး တစ်ယောက်ချင်းစီ လုပ်လာတဲ့အထဲမှာ ဒါတော်လှန်ရေးဆိုတာ အကုန်လုံးက risk တွေ ရှိတာပေါ့နော်၊ ဒီ risk တွေ ရှိတာ သိသိရက်နဲ့ အကုန်လုံးက ရာထူးစွန့်တဲ့သူကစွန့်၊ မိသားစုကပြတ်တဲ့သူပြတ်၊ တောထဲရောက်တဲ့သူကရောက်၊ အဖမ်းခံရတဲ့သူကအဖမ်းခံ၊ သေတဲ့သူကသေ၊ အဲ့လိုမျိုးဖြစ်နေတဲ့ အချိန် မှာ သူတို့တွေက ဒါတွေကို စာမေးပွဲဖြေတယ်လေ၊ အောင်တယ်လေ၊ ရာထူးတိုးတယ်လေ၊ ရောက်သွား ပြီလေ ဆိုတဲ့ဟာမျိုးလုပ်ပြနေတဲ့အချိန်မှာ ဘယ် CDM စစ်စစ်မှတော့ လက်ခံနိုင်မှာမဟုတ်ဘူး၊ လက်ခံနိုင်စရာ အကြောင်းကိုမရှိတာ၊ အဲ့တော့ CDM ဆိုတာ တော်လှန်ရေးရဲ့ တပ်ဦးလို့ ပြောလို့ရတယ်၊ အဲ့ဒီတပ်ဦးထဲကရော  အလယ်ထဲမှာရော အခုအချိန်တစ်ခုထိ ရောက်လာတဲ့အချိန်မှာမှ ရောယောင်၊ ပြီးသွားတဲ့အချိန်ကျရင်လဲ သူတို့ကို SP မလုပ်သင့်ဘူးဆိုတဲ့ဟာကို လက်မခံဘူး၊ လက်မခံချင်ဘူး ပေါ့နော်၊ ပြောတာများရင်များသွားလိမ့်မယ်၊ ဒါ ညီမ ခံစားချက်ပေါ့နော်၊ ဘာလို့လဲဆိုတော့ အကုန်လုံးက သိတဲ့အတိုင်းပဲ၊ ဟိုဘက်က အုပ်စုတွေက သူတို့တွေက သူတို့နဲ့မတူတဲ့လူဆိုရင် ဒီထဲမှာ ၈၈ ကာလကို မှီခဲ့တဲ့သူတွေ ရှိမလားပဲနော်၊ ကျွန်မကတော့ မမှီဘူး၊ ဒါပေမယ့် အဲ့ဒီတုန်းကကျ နိုင်ငံရေးလုပ်တယ်ဆိုရင်၊ နိုင်ငံရေးထဲမှာ နည်းနည်းလေးပါ၀င်ပြီဆိုတာနဲ့ 1990 နောက်ပိုင်းနဲ့ တောက်လျှောက်တွေမှာ သူတို့ မိသားစုက နိုင်ငံရေးလုပ်ဖူးတယ်လေဆိုပြီး လုံး၀မိသားစုလိုက်ကို SP လုပ်ခံရတာမျိုး၊ တကယ်ကို ကျွန်မ စီနီယာတွေထဲမှာကို အဲ့လိုမျိုးခံရတဲ့ မိသားစုမျိုး အများကြီးရှိတယ်၊ ကိုယ်က အခု 2021 ရောက်မှသာ ကိုယ်ကိုယ်တိုင် ဒီအခင်းထဲမှာ ကိုယ်တိုင်ခံစားရတဲ့သူဆိုတော့ ပိုပြီးသိသာသွားတယ်၊ ကြာတော့ ဘယ်လိုပြောရမလဲ၊ CDM တွေ ခဏခဏ ပြောနေသလ်ုမျိူး SP လုပ်ခံရတာ တကယ်တမ်း ငါတို့ပဲ ဖြစ်နေတယ်ဆိုတော့၊ အလုပ်လျှောက်တယ် ဆိုလည်း CDM ဖြစ်နေလို့ အလုပ် ၁၀ ခုလောက်က လက်မခံချင်ဘူး၊ အကုန်လုံး သူငယ်ချင်းဆရာ၀န်တွေဆိုလဲ သူတို့ကိုယ်တိုင် CDM မဟုတ်ဘူး၊ ဒါပေမယ့် active ဖြစ်တယ်၊ တတ်နိုင်သမျှ ကူညီပေးတယ်၊ အဲ့တာကို သိပြန်ရင်လဲ အလုပ်က မခန့်ပြန်ဘူး၊ သူကိုယ်တိုင် CDM မဟုတ်ဘူးနော်၊ CDM နှင့်တကွ revolution မှာ သူတို့ ကူညီပါ၀င်ပတ်သက်တာ အဲ့လိုလူမျိုးတွေတောင် အလုပ်မခန့်ကြဘူး၊ အင်တာဗျူးစိတ်ကြိုက်ဗျူးတယ် အလုပ်မခန့်ဘူး ၊ ကျွန်မက CDM တွေ ကိုယ်စားပြောပေးတာ၊ ကျွန်မ CDM မဟုတ်တောင် ဒီလောက်ခံစားရတာ၊ CDM စစ်စစ်တွေဆို ဘယ်လောက်တောင်ခံစားရမလဲဆိုတာ သိတယ်လေ၊ အဲ့ခါကျတော့ ဒါကြီးကို SP ကို ရော BC ကို အခုရော နောင်ရော ပြင်းပြင်းထန်ထန်လုပ်ရမယ်လို့ ထင်ပါတယ်။

ကိုရဲထက် (1:12:40 to 1:21:03)

ဒီ CDM နဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ ပြီးခဲ့တဲ့နှစ်မှာ မအောင်မြင်ခဲ့ဘူး။  မအောင်မြင်ဘူး ဆိုတာက လုပ်ဆောင်တဲ့သူတွေကြောင့် မဟုတ်ဘူး၊ အဓိကက ကျွန်တော်တို့ အယူအဆကျန်ခဲ့တယ်၊ ဦးဆောင်တဲ့ပိုင်းမှာ လွဲမှားမှုတွေရှိမယ်၊ အဓိကကတော့ အယူအဆလို့ ပြောတဲ့အခါမှာလည်း ဒီ CDM ကို ကျွန်တော်တို့ နားလည်တဲ့ပုံက ကျွန်တော်တို့ လုပ်ရပ်ပေါ်မူတည်တယ်၊ ရုံးတက်တာ မတက်တာ၊ ကျောင်းတက်တာ မတက်တာ၊ ဒါတွေက ကျွန်တော်တို့ ပြီးခဲ့တဲ့ကာလတွေမှာ ဖြစ်ခဲ့တယ်၊ ကျွန်တော့ အယူအဆ ကျွန်တော် နားလည်သလောက် CDM ကို ကျွန်တော် လေ့လာသလောက်ဆို CDM က ကိုယ်ပိုင်ခံယူချက် လူတစ်ယောက်ချင်းစီ ခံယူချက်နဲ့ ဆိုင်တယ်၊ မနာခံတာပေါ့၊ ကိုယ့်ကို အမိန့်ပေးလို့ လုပ်တာ မဟုတ်ဘဲနဲ့ လာပေးတဲ့အမိန့်ကို လာပေးတဲ့စနစ်ကို ကိုယ်က ပြန်ပြီးဖီဆန်တာပေါ့နော်၊ ဒီတစ်ဦး တစ်ယောက်ချင်းစီက ပြန်ဖီဆန်တဲ့ ဓလေ့၊ ပြောရမယ်ဆိုရင် ခေါင်းမာတဲ့ဓလေ့ပေါ့၊ ဒါ ကျွန်တော်တို့ မြန်မာ့ယဥ်ကျေးမှုနဲ့ဆို အင်မတန်ခက်တယ်၊ ခက်တယ်ဆိုတာ ကျွန်တော်တို့က မစခင်မှာပဲ အထက် လူကြီး တစ်ယောက်က ပြောလိုက်ရင် မဆုံးခင်ထဲက ဟုတ်ကဲ့ ဆိုပြီး ပြောချင်ကြတာကိုး၊ ကျွန်တော်တို့ ဒီစနစ်ကြီးတစ်ခုလုံးကို ဖြိုချဖို့ ဒီစနစ်ကြီးတစ်ခုလုံးက ဖောက်ပြန်နေတဲ့အခါမျိုးမှာ လူတစ်ယောက်ချင်း စီက ကိုယ့်ရဲ့ ကိုယ်ပိုင်အသိဉာဏ်နဲ့ ဆင်ခြင်ဖို့လိုတယ်၊ ဒါကတော့ CDM ရဲ့ အခြေခံအယူအဆပေါ့နော်၊ သူ့ကို စခဲ့တဲ့လူတွေရဲ့ အတွေးအခေါ်က အဲ့ကစတယ်၊ ဆိုတော့ အမိန့်ပေးလို့ လုပ်တာမဟုတ်ဘူး၊ ခုနကပြောတဲ့ တစ်ဦးတစ်ယောက်ကြောင့်၊ နိုင်ငံရေးအစုအဖွဲ့အဖြစ် တစ်ဦးတစ်ယောက်ကြောင့် ID ပေးတာတို့၊ ခိုင်းတာတို့ကို ကျွန်တော်တို့က ကန့်ကွက်တယ်၊ ဒါက ပြီးခဲ့တဲ့ကာလတွေမှာ ဖြစ်ခဲ့တာ ပေါ့နော်၊ အခုချိန်မှာ တော်တော်များများ ဆွေးနွေးတဲ့အထဲမှာလည်းပါတယ်၊ ကျွန်တော်တို့ ဒီဘောင်ကျဥ်း နေတာကိုထပ်ပြီး ဘယ်လိုချဲ့ကြမလဲ၊ ပြီးတော့ Non CDM နဲ့ CDM ကိစ္စကိုလည်း ထပ်ဖြည့်ဆွေးနွေး ချင်တယ်၊ CDM Non CDM မှာ Non CDM ဆိုတာကို ကျွန်တော်လက်မခံဘူး၊ Non CDM ဆိုတာ ဘယ်လိုတိုင်းတာမလဲဆိုတာကိုလည်း ကျွန်တော် ပြန်ပြီးမေးချင်တယ်၊ အစောက ကျွန်တော်တို့ လုပ်ရပ်တစ်ခုပေါ်မှာ မမူတည်ဘူးဗျာ၊ ခုနကပြောတဲ့ ဒီအာဏာဖီဆန်တဲ့အယူအဆ ယဥ်ကျေးမှုအပေါ် ကျွန်တော် ချိန်ပြီး စဥ်းစားလိုက်တယ်၊ definition ကို ကျွန်တော်ပြောင်းပြီး စဥ်းစားလိုက်မယ်ဆိုရင် Non CDM လို့ သတ်မှတ်ဖို့ ခက်လိမ့်မယ်၊ ဥပမာ မီတာဆောင်တဲ့သူတွေဆိုရင် အာဏာမဖီဆန်တဲ့သူ တွေပေါ့နော်၊ ကျောင်းတက်တဲ့သူဆို အာဏာမဖီဆန်ဘူး၊ တစ်နည်းနည်းနဲ့မှ အခွန်ဆောင်တဲ့သူတွေ ရှိမယ်၊ City Mart မှာ သွား၀ယ်ရင်တောင် အခွန်က တစ်နည်းနည်းနဲ့ ဆောင်တာရှိကောင်းရှိမှာပဲလေ၊ ပြီးတော့ သံဗုံးမတီးတဲ့သူကိုလည်း Non CDM လို့ ပြောရမှာပဲ၊ အဲ့တော့ ဒီမှာရှိတဲ့လူတွေအကုန်လုံး တစ်နည်းနည်းနဲ့ လွတ်မလားဆိုတော့ ကျွန်တော်လည်း မမြင်ဘူး၊ ဘယ်လို လွတ်အောင်နေမလဲပေါ့၊ အဲ့တော့ Non CDM ဆိုပြီး ကန့်သတ်တာပေါ့၊ CDM ရဲ့အယူအဆက အင်မတန်ဆန့်ကျင်တယ်၊ ကန့်သတ်ပြီးတော့ ဒီလူကို ခွဲချလိုက်တာ၊ ဒီလူကို ပါလို့ မရတော့ဘူး၊ မျဥ်းကြောင်းတားလိုက်တာပေါ့၊ line လေး တစ်ချောင်းဆွဲပြီး ဟိုဘက် line နဲ့ ဒီဘက် line အုပ်စု ၂ ခု ခွဲစေတာပေါ့၊ ဒါကြောင့် ကျွန်တော် ကန့်ကွက်တာပေါ့၊ အယူအဆတွေက Non CDM တွေက ပိုကောင်းတယ်၊ CDM တွေနဲ့ တူတူပဲ၊ အဲ့လိုမျိုး ပြောချင်တာတော့မဟုတ်ဘူး၊ ဒါပေမယ့် Non CDM ဆိုပြီး ကန့်သတ်တယ်ဆိုတာ လွဲနေတယ်လို့ ကျွန်တော်မြင်တယ်၊ Non CDM တွေ Non တွေ ဆိုပြီးတော့ SP လုပ်သင့်လားဆိုတဲ့ မေးခွန်း တွေရှိတယ်၊ အစောနကလည်း ဆွေးနွေးသွားတယ်၊ ဒီလူတွေက အတူတူပဲလား၊ ကျွန်တော်တို့ အကုန်လုံးက ပေးဆပ်ထားတာ၊ လုံခြုံရေးရော၊ မိသားစုကို စွန့်လွှတ်၊ စိတ်ပိုင်းဆိုင်ရာ ထောင်းထောင်းကြေအောင် ပေးဆပ်ထားရတဲ့သူတွေက Non CDM တွေနဲ့ တပြေးတည်းဆက်ဆံသင့်လား၊ ဒါကတော့ လူ့အဖွဲ့အစည်းက စဥ်းစားရမှာ၊ ဒါပေမဲ့ တချိန်တည်းမှာ ကျွန်တော်ပြောချင်တာက Non CDM ဆိုပြီး ခွဲခြား ဆက်ဆံလို့မရဘူး၊ SP လုပ်မယ်ဆိုရင်လည်း အကုန်လုံးက အပြုအမူပေါ်မူတည်တယ်၊ ဒီလူက အကျင့်ပျက်တာလား၊ အရည်အချင်းမရှိဘဲ အလုပ်လုပ်နေတာလား၊ လာဘ်စားတာလား၊ CDM လုပ်နေတဲ့သူကို လိုက်ပြီးတိုက်ခိုက်တာလား၊ ဒီလိုမျိုး ရှုထောင့်တွေကပဲ ကျွန်တော်တို့ တိုက်ခိုက်လို့ရမယ်၊ Non CDM အကုန်လုံးကို တိုက်ခိုက်မယ်၊ အကုန်လုံး ရန်သူဆိုရင် အဲ့တာက စစ်ကောင်စီကို ကူညီပေးတာပဲ၊ အာဏာရှင်စနစ်ကို ပိုပြီးတည်တံ့စေတယ်လို့ ကျွန်တော်မြင်တယ်၊ အာဏာရှင်စနစ်သဘောကိုက အာဏာရှင်ရှိတယ်၊ သူ့အောက်မှာ လက်ပါးစေတွေရှိတယ်၊ ပြီးတော့ အောက်မှာ ဖိနှိပ်ခံတွေရှိတယ်၊ အဲ့ဒီ ဖိနှိပ်ခံအချင်းချင်း ချနေလေ အာဏာရှင်သက်တမ်း ပိုပြီးတည်တံ့လေလေပေါ့၊ အခု ဖြစ်နေတဲ့ ခံစားချက်က အဲ့လိုမျိုး၊ ကျွန်တော် CDM မအောင်မြင်ဘူးဆိုပြီး နံပါတ်တွေ ဘာတွေ ပြောချင်တာ မဟုတ်ဘူး၊ အဓိကက အုပ်စုတွေအချင်းချင်းကွဲပြီး ရန်များရင် ကျွန်တော်တို့ လူ့အဖွဲစည်းအချင်းချင်း ရန်လိုတဲ့အပြုအမူတွေပိုများတယ်၊ ပြီးတော့ CDM ရဲ့ နဂိုအနှစ်သာရဖြစ်တဲ့ တစ်ခုခုက်ို ခေါင်းမာမာနဲ့ စဥ်းစားတယ်ပေါ့၊ အဖြစ်မှန်ကို စဥ်းစားတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ လူအုပ်ကြီးနောက်လိုက်တဲ့ လှိုင်းလုံးတွေ ပဲဖြစ်နေတယ်၊ ဒါတွေက ပြန်သုံးသပ်သင့်တယ်လိုထင်တယ်၊ မအောင်မြင်ဘူးလား အောင်မြင်လား အောင်မြင်မှုကို နံပါတ်တွေနဲ့ပြောမယ်ပေါ့၊ ဥပမာ ရုံးဘယ်နှစ်ခု ပိတ်တယ်၊ ကျောင်းဘယ်နှစ်ခု ပိတ်တယ်၊ ဆေးရုံ ဘယ်နှစ်ခု ပိတ်တယ်၊ ဒါကို အောင်မြင်မှုလို့ သတ်မှတ်ချင်လည်း သတ်မှတ်လို့ရတယ်၊ ဒါပေမဲ့ ပြန်စဥ်းစားရမှာက ဒါတွေပိတ်ပြီးတော့ ဘာဆက်ဖြစ်မလဲ၊ အခုပြောကြတယ် ဒါကြီးက စနစ်တစ်ခုလုံး ပြိုလဲအောင်ဖြိုချမယ်၊ စစ်ကောင်စီ တစ်ခုလုံးပြုတ်သွားမယ်၊ ကျွန်တော်မေးချင်တာက တကယ် ပြုတ်မလားပေါ့၊ ကျွန်တော်တို့ စမ်းခဲ့ပြီးပြီ၊ အရင်နှစ် Feb March ကာလတွေမှာ စနစ်တွေ တော်တော်များများရပ်ခဲ့တယ်၊ ဘယ်နှစ်လပိတ်မှာလဲ၊ ဘယ်နှစ်နှစ်ပိတ်ရင် စစ်ကောင်စီက အသိတရား ရမှာလဲ၊ အကုန်လုံးစဥ်းစားတာက နိုင်ငံခြားကနေပဲ အသိအမှတ်ပြုရင် ကျွန်တော်တို့ လွတ်မြောက်သွား မယ်လို့၊ R2P တွေ၊ စဥ်းစားချက်တွေ၊ အဓိက ပြောချင်တာက ကျွန်တော်တို့ CDM ရဲ့ အောင်မြင်မှုကို အပြင်ကရုံးဘယ်နှစ်ခုပိတ်ပါတယ်ဆိုပြီး ဒီလိုမျိုးစဥ်းစားတာကိုး၊ စစ်ကောင်စီဆိုတဲ့သဘောက ရုံးပိတ်လည်း ဂရုစိုက်မယ့်သူမျိုး မဟုတ်ဘူး၊ လူတွေသေရင်သေပါစေ ဘာကိုမှ ဂရုစိုက်မှာမဟုတ်ဘူး ကျောင်းပိတ်လည်း သူတို့ ကျောင်းဖွင့်တယ်ဆိုတာအဖြစ်ပဲ၊ ကျောင်းသားတွေ စာတတ်အောင်ဖွင့်တဲ့သူ မျိုးလည်း မဟုတ်ဘူး၊ အဲ့တော့ ကျောင်းပဲပိတ်ပိတ် ဘာပဲပိတ်ပိတ် စစ်ကောင်စီက သူတို့ရဲ့ စက်ယန္တရား ကို ဆက်ပြီးလည်ပတ်နေမှာပဲ၊ အဲ့ဒါကို ကျွန်တော်တို့ မရှင်းနိုင်ပဲနဲ့ ရုံးမတက်တော့ရင် နိုင်မယ်ဆိုပြီး လွယ်လွယ်ပြောတာပေါ့၊ ဒါတွေကတော့ ခေါင်းဆောင်တွေမှာ လိုအပ်ချက်တွေရှိတယ်၊ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက ဒါတွေကို ကျွန်တော်တို့ရဲ့ အောင်မြင်မှုလို့ ပြောရရင်ခက်တယ်၊ အောင်မြင်မှုက လူတစ်ယောက်ချင်းစီမှာရှိတယ်၊ လူတစ်ယောက်ချင်းစီရဲ့စိတ်က ဘယ်လောက်ထိ ရပ်တည်ချက်ခိုင်မာ လဲ၊ ပြင်းထန်လဲပေါ့၊ ဂန္ဒီရဲ့ ကျင့်စဥ်ပေါ့နော်၊ CDM ကို အများဆုံး လှုံ့ဆော်ခဲ့တာ ဂန္ဒီပါပဲ၊ သစ္စာဂန္ဒီရပေါ့၊ သစ္စာပေါ်မှာ ရပ်တည်တယ်၊ အမှန်တရားပေါ်မှာ ရပ်တည်တယ်၊ သူများ အသိအမှတ်ပြုဖို့ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ်လုပ်တယ်၊ လုပ်တဲ့အတွက် ပေးဆပ်ရတယ်ဆိုတာ ဂန္ဒီက အပြီးပြောထားတယ်၊ ဘယ်လောက်ပေးဆပ်ရမလဲ၊ ထောင်ထဲမှာ နှိပ်စက်ခံရင်လဲခံရမယ်၊ အိမ်တွေအသိမ်းခံရင်လဲခံရမယ်၊ ဒါပေမဲ့ ပေးဆပ်ရမယ်၊ အဲ့လိုမျိုး ပေးဆပ်တဲ့အတွက်လည်း တခြားသူ တွေကို အပြစ်တင်လို့မရဘူး၊ ကျွန်တော် ဂန္ဒီရဲ့ အနှစ်သာရကို ပြောချင်တာ ကျွန်တော်တို့ လုပ်ရပ်ပေါ်မှာ ခုထိ မူတည်နေတယ်၊ ဒီလိုမျိုး ဆက်သွားရင်တော့ ကျွန်တော်မြင်တာက CDM က အကောင်းဘက်နေ အဆိုးဘက်ကို ပိုရောက်နိုင်တဲ့ အခြေအနေရှိတယ်၊ အချင်းချင်း လုပ်တဲ့သူနဲ့ မလုပ်တဲ့သူ ဥပမာ သတ်သတ်လွတ်စားတာ ကောင်းလား ဆိုရင် ကောင်းတာပေါ့၊ ဒါပေမယ့် သတ်သတ်လွတ်စားပြီး မစားတဲ့ သူတွေကို ရန်သူလို မတိုက်ခိုက်ဘဲ ကျွန်တော်တို့က ဘယ်လိုပြောင်းလဲမလဲ၊ ကျွန်တော်တို့ ဘယ်လို movement ကို သွားမလဲ၊ movement ဖြစ်ရမှာကို တစ်ယောက်ကနေ နှစ်ယောက် ဒီ ရပ်တည်ချက်တွေက ပိုပြီးတဖြေးဖြေး တစ်ယောက်ချင်းစီ မှာ အရည်အချင်းအားဖြင့် ပိုပြီးခိုင်မာလာမယ်၊ အရေအတွက်အားဖြင့် ပိုပြီးခိုင်မာလာမယ်ဆိုရင် စစ်ကောင်စီက သူ့ရဲ့အမိန့်ပေးလိုမရဘူး၊ ထိန်းချုပ်လို့မရတော့ဘူး၊ အဲ့လို မျိုးဖြစ်ရမှာပေါ့နော်၊ အဲ့တော့ အဲ့တာကြီးကို သွားပြီးတော့ အကုန်လုံးကို ပေတံတစ်ခုထဲ ဘောင်တစ်ခုထဲမှာ တိုင်းဖိုတော့ ခက်တယ်၊ ခြုံပြောရမယ်ဆိုရင် အယူအဆကို ပြန်ပြီးတော့ ကျေကျေလည်လည် စဥ်းစားသင့်တယ်၊ ဗျူဟာ တွေကိုလည်း ပြန်ပြီးပုံစံအမျိုးမျိုးနဲ့ စဥ်းစားသင့်တယ်၊ နောက်ဆုံးမှာတော့ CDM က တစ်ယောက်နဲ့ တစ်ယောက် တူမှာမဟုတ်ဘူး၊ အဲ့ဒါကိုတော့ ကျွန်တော်တို့ လက်ခံသင့်တယ်လို့ မြင်တယ်၊ ကျွန်တော် Non CDM ကို ပြောတာတော့မဟုတ်ဘူး၊ ဒါပေမဲ့ Non CDM ကို ကျွန်တော်လက်မခံဘူး၊ Non CDM ဆိုတဲ့ စကားလုံးက ဘာကိုပြောချင်တာလဲ၊ ရုံးတက်ကျောင်းတက်နေတဲ့သူတွေက  Non CDM ပေါ့လေ၊ အဲ့တော့ ဒီလူတွေကိုပဲ ပြောမှာလား၊ တခြားဟာတွေရော ထည့်မတွက်တော့ဘူးလား၊ လုပ်ရပ်တစ်ခုထဲ မှာပဲ CDM ကို ဘောင်ကန့်သတ်မလား၊ အဲ့ဒါကို ပြန်ပြီးစဥ်းစားရမယ်၊ ကျွန်တော်က ဘောင်ကိုချဲ့ပြီး စဥ်းစားစေချင်တယ်၊ ကျွန်တော် အကုန်လုံးခံစားနေရတာသိတယ်၊ စိတ်ဒဏ်ရာတွေရနေပြီ ဆိုတာ သိတယ်၊ ဒါကို heal လုပ်ဖို့ဆိုတာကလည်း အချင်းချင်းလေးစားမှူနဲ့ ချစ်ခြင်းပဲပေါ့၊ ကျွန်တော် အဲ့လိုပဲ ယုံကြည်တယ်၊ အဲ့တာမရှိရင် ဒီတိုင်းပြည်ပဋိပက္ခ ဘယ်တော့မှပြီးမှာမဟုတ်ဘူး၊ ဒီအမုန်းတရားကြီးက တစ်နေ့ထက်တစ်နေ့ မုန်းတဲ့သူတွေ ပိုပိုများလာတာပဲရှိမယ်၊ ဒီအမုန်းတရားဓာတ်ခံနဲ့ကတော့ တိုင်းပြည် အဖြေရှာဖို့၊ အဖြေရှာတယ်ဆိုတာ စစ်ကောင်စီ ပြုတ်ကျတာမကျတာတစ်ပိုင်း၊ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာ အကွဲအပြဲပိုများမယ်၊ အဲ့ဒါ စစ်ကောင်စီအတွက် ပိုကြိုက်စေမယ့်အရာပဲလို့ ကျွန်တော်ကတော့ သုံးသပ်တယ်၊ ဒါ ကျွန်တော့်ရဲ့ ဆွေးနွေးချက်ပါ။

ကို KZ (1:22:47 to 1:26:27)

အစောက CDM နဲ့ Non-CDM ခွဲလို့ မရဘူးဆိုတဲ့ အကြောင်း ကိုရဲထက် ပြောတယ်၊ ကျွန်တော့် အမြင် ကတော့ ကျွန်တော်တို့ လုပ်နေတဲ့ CDM က CDM သတ်ပုံ မဟုတ်ဘူး၊ စကားလုံးတွေက ရောနေတယ်၊ CDM ဆိုတဲ့ စကားလုံးရော၊ ဆန္ဒပြတယ်၊ သပိတ်မှောက်တယ်ဆိုတဲ့ စကားလုံးရော ကျွန်တော်တို့ရောပြီး သုံးနေကြတဲ့ အခြေအနေကို ရောက်နေတယ်၊ ဒါပေမဲ့ အဲ့ဒီစကားလုံးတိုင်းမှာ သူ့ရဲ့ အဓိပ္ပာယ်တွေ အယူ အဆတွေရော အများကြီးကွဲလွဲပေမယ့် ရှေ့ကသုံးကြတဲ့ အကျော်ဇောတွေ နိုင်ငံရေးခေါင်းဆောင်တွေ ကနေစပြီးတော့ ဒီ CDM ဆိုလည်း သပိတ်နဲ့ရောပြီး သုံးနေကြတာ တော်တော်လေး တွင်ကျယ်နေတယ်၊ အခု အများစု လက်ခံထားတဲ့ CDM ဆိုတာကို ကျွန်တော်သုံးသပ်ကြည့်တာ အများစုက ပြောနေကြတာ သပိတ်ကိုပဲရည်ရွယ်ပြီး သုံးနေကြတယ်လို့ နားလည်တယ်၊ သပိတ်အရဆိုရင်တော့ သပိတ်မှောက်တဲ့ဟာ ရှိမယ်၊ မမှောက်တဲ့ဟာရှိမယ်၊ သပိတ်မှာတော့ အပိုင်းခွဲလို့ရတယ်၊ ကျောင်းတက်တဲ့သူက သပိတ် မမှောက်လို့၊  ကျောင်းမတက်တဲ့သူက သပိတ်မှောက်လို့ဆိုပြီး ခွဲလို့ရတယ်ဆိုတဲ့ဟာမျိုး CDM ကို မြင်နေကြတယ် ဆိုတာ နားလည်ပါတယ်၊ CDM ဆိုတာ သပိတ်ထဲ ပါရင်ပါလိမ့်မယ်၊ ဒါပေမဲ့ ဒီသပိတ်အပြင်ကို နောက်မှာ လုပ်ရပ်တွေ အများကြီးပါနေသေးတာ CDM ပေါ့လေ အဲ့ဒီမှာ အာဏာဖီဆန်တဲ့ဟာကို အကျယ်ချုပ်ပြီးပြောရမှာပေါ့၊ CDM ထဲမှာ အကောင်းဆုံး ဥပမာကတော့ စစ်ကောင်စီ အာဏာသိမ်း တက်လာတဲ့အချိန်ကစ facebook တွေကို ban တယ် ဆိုပြီး အမိန့်တွေ ထုတ်တယ်ဗျ၊ အဲ့ဒီ အမိန့်တွေကို ခုချိန်မှာ ဘယ်သူမှ လိုက်နာနေကြတာမဟုတ်ဘူးလေ၊ သူထုတ်တဲ့ အမိန့်တိုင်းကို ကျွန်တော်တို့က မလိုက်နာတဲ့လုပ်ရပ်တွေ ဘယ်လောက်ပဲကြီးကြီးဗျာ အဲ့ဒီဟာတွေ CDM ထဲမှာ အကျုံး၀င်တယ်လို့ သတ်မှတ်လို့ရတဲ့ဟာမျိုး၊ သူ့ရဲ့ အယူအဆအရ CDM အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာ ဘယ်ဟာကိုပြောတာလဲလို့ ကျွန်တော်တို့ ပြန်သုံးသပ်ဖို့လိုတယ်၊ CDM ထဲမှာ  ပါတဲ့ သပိတ်ကို အောင်မြင် လား၊ မအောင်မြင်ဘူးလား ပြောတာလား၊ ဒါမှမဟုတ် ခုနလိုမျိုး CDM အများကြီးထဲကမှ ဘယ်ဟာကို အောင်မြင်လား၊ မအောင်မြင်လား မေးဖိုပြန်ပြီးရှိတယ်၊ သပိတ်အရ ကျွန်တော်တို့ အောင်မြင်လား မအောင်မြင်ဘူးလားဆိုတော့ ကျွန်တော်တို့ ကျောင်းတို့ ဒေသတို့လိုမျိုး ကဏ္ဍအလိုက် အောင်မြင်ကောင်း အောင်မြင်လိမ့်မယ်၊ ဒါပေမယ့် သပိတ်တစ်ခုလုံးရဲ့ လှုပ်ရှားမှုဖြစ်တဲ့ ဦးတည်ရာယန္တရားဖြစ်ဖို့ဆိုတဲ့ နေရာမှာတော့ ကျွန်တော်တို့ မအောင်မြင်ခဲ့ဘူးလို့ မြင်ရပါလိမ့်မယ်၊ အဲ့လိုမဟုတ်ဘဲ CDM အနေနဲ့ ဒီအာဏာဖီဆန်မှုတွေမှာ ဘယ်လောက်အတိုင်းအတာထိ ခရီးရောက်ခဲ့လဲဆိုတာ ခုနက ပြောတဲ့ကိစ္စတွေ၊ မီတာဆောင်တဲ့ကိစ္စတွေ အဲ့လိုမျိုး အမိန့်တစ်ချို့မှာတော့ အောင်မြင်နေခဲ့တယ်၊ အခုချိန်မှာ Facebook မသုံးဘဲနေကြတာ ဘယ်သူမှမရှိကြဘူး၊ အဲ့လို VPN မသုံးဘဲ နေကြတဲ့သူတွေလည်း ဘယ်သူမှရှိကြမှာ မဟုတ်ဘူး၊ ဒီလိုမျိုး အမိန့်တစ်ခုချင်းစီလိုက်မှာမှ အောင်မြင်တဲ့အတိုင်းအတာရှိနေတယ်၊ ပြဿနာက ကျွန်တော်တို့က ခုနလိုမျိုး content တွေ စကားလုံးတွေ ရောပြီးတော့ သုံးနေကြတဲ့အခါမှာ ဒီ CDM ဆိုတာလည်း သပိတ်လိုပဲ သွားမြင်ပြီး တခြားသူတို့ရဲ့ အမိန့်တွေ ဧည့်စာရင်းတိုင်တဲ့ဟာမျိုး သွားပြီးတော့ မတိုင်ဘဲနေတဲ့ဟာမျိုး အဲ့လိုမျိုးဟာတွေက မှိန်ပြီးတော့ဖျော့သွားပြီ၊ ဒီ CDM ဆိုတာနဲ့ သပိတ်ကိုပဲ တန်းမြင်ပြီးတော့ တခြားကျန်တဲ့လုပ်ရပ်တွေကို မမြင်ကြဘူး၊ ဒီ CDM နဲ့ ပတ်သက်ပြီး ပြောနေ ဆွဲဆောင်နေကြတဲ့ နိုင်ငံရေးခေါင်းဆောင်အပိုင်းတွေရဲ့ လိုအပ်ချက်လို့ပဲ မြင်ရတယ်၊ အဓိကကတော့ သပိတ်နဲ့ CDM ကို ခွဲမြင်နိုင်ရင် နောက်လုပ်မယ့်ဟာတွေက ပိုပြီးအဆင်ပြေမယ်၊ ပြီးတော့ အရှေ့မှာ သပိတ်ကို ဒုတိယအကြိမ် ပြန်လုပ်ဖိုကတော့ တော်တော်လေးခက်မယ်လို့ ကျွန်တော်မြင်တယ်၊ ဒီအခြေ အနေမှာ ရှိနေတဲ့လူထုရဲ့အခြေနေက သပိတ်ကို ပြန်စဖို့ဆိုတာ အတော်လေးကိုပဲ ခက်ခဲနေပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ CDM – အာဏာဖီဆန်မှုကို ဒီချိန်မှာပြန်ပြီးတော့ အရောင်တင်ပြီး လုပ်ရင်လည်း ကျွန်တော် တို့ပိုပြီး ထိရောက်မယ်လို့မြင်တယ်၊ ဆိုတော့ ပြန်လုပ်ဖို့ သပိတ်အနေနဲ့ကတော့ ခက်ပေမဲ့ ကျွန်တော်တို့ CDM အနေနဲ့တော့ ပြန်ပြီးတော့ အယူအဆအရ ပြန်ပြီးတော့ လုပ်သင့်တယ်၊ လုပ်ရင်လည်း လုပ်လို့ရတယ်လို့ ကျွန်တော်မြင်ပါတယ်။

မဆန်ဆာ (1:26:46 to 1: 31:40)

ကျွန်မဘက်ကနေ အချက် ၃ ချက်နဲ့ ဆွေးနွေးချင်တယ်၊ ကျွန်မအနေနဲ့တော့ CDM အောင်မြင်လား၊ မအောင်မြင်လား၊ တော်လှန်ရေး အောင်မြင်လား၊ မအောင်မြင်လား ဆိုတာတော့ မပြောတတ်ဘူး၊ ဒါပေမဲ့ ကြည့်မယ်ဆိုရင် ကိုရဲထက်တို့ ကိုစစ်မင်းနိုင်တို့ ပြောသွားသလို နားထောင်ကြည့်လို့ရှိရင်လည်း data အရ ကြည့်မယ်ဆို ကျောင်းက ပိတ်တယ်၊ ပိတ်သွားတယ်ဆိုရင်လည်း အောင်တာပဲ၊ ဒါပေမဲ့ ကိုရဲထက်ရဲ့ တုန့်ပြန်ပြောဆိုတဲ့ဟာ ကျောင်းပိတ်သွားတဲ့အခါကျ ဘာဖြစ်သွားလဲ၊ ကျောင်းတွေတက်လို့ မရအောင် ပညာရေးတွေမရ ဆိုးကျိုးပဲဦးတည်သွားတယ်၊ အဲ့တော့ အဲ့ဒီဟာကို အောင်မြင်တယ်လို့ ပြောမယ်၊ အခုဟာ တော်တော်များများလက်ခံထာတဲ့ အောင်မြင်တယ်ဆိုတာက positive တွေ ဖြစ်လာရင် အောင်မြင်တယ်ပေါ့၊ ဒါပေမဲ့ negative ဖြစ်သွားတဲ့နောက် အောင်မြင်တယ်လို့ ခေါ်မလား၊ ဒါ အများကြီးဆွေးနွေးရမယ့် အပိုင်းပေါ့၊ ပြီးတော့ အရမ်း controversial ဖြစ်တယ်ပေါ့နော်၊ အဲ့တော့ ဒီအကြောင်းကို မပိုင်တဲ့ အပိုင်းလည်းဖြစ်တော့ မဆွေးနွေးချင်တော့ဘူး၊ အဲ့ခါကျတော့ အခု ကျွန်မနားထောင်ရတဲ့ CDM ကို လူတော်တော်များများ ထင်တာကကျတော့ CDM ဆိုတာနဲ့ အလုပ် ထွက်မယ်၊ ရုံးထွက်မယ်၊ ဒါတွေ မလုပ်ရဘူး၊ အာဏာဖီဆန်တယ်ဆိုတာ အများကြီးရှိတယ်၊ ဒါပေမဲ့ အာဏာဖီဆန်ရမယ်ဆိုတဲ့အချိန်မှာ အာဏာဖီဆန်ရုံပဲလားဆိုတာ စဥ်းစားစေချင်တယ်၊ မာတင် လူသာကင်းတို့ ချေဂွေဘားရားတို့ပြောတာကို ကိုးကားပြီးပြောရမယ်ဆိုရင် revolution တစ်ခုက အကောင်းနဲ့ဆွဲဆောင်ရင် ပိုအောင်မြင်တယ်၊ အာဏာဖီဆန်တယ်ဆိုတာက အရမ်းကျဥ်းမြောင်းတယ်၊ ဒီနိုင်ငံ သူတို့ကို အာဖီဆန်တယ်ဆိုတာနဲ့ ပြီးသွားပြီလား၊ အဲ့တာနဲ့ မပြီးသေးဘူး၊ ဒီနိုင်ငံမှာ စကစကို ဘာကြောင့် အာဏာဖီဆန်တာလဲ၊ ဥပမာ မာတင်လူသာကင်းတို့ဘာတို့ဆိုရင် လူမည်းတွေကလည်း ရထားတစ်စီးပေါ်မှာ လူဖြူတွေနဲ့ အတူတူစီးနိုင်ရမယ်၊ Hope တစ်ခုပေါ့၊ ပြီးတော့ ချေဂွေဗားရားကို ကိုးကားရရင်လည်း ဒီ revolution လုပ်ရတယ်ဆိုတာ အချင်းချင်းတရားကြဖို့ လူသားတိုင်းက အသားရောင်ခွဲခြားမှုမရှိ သူ့ဘက်ကိုယ့်ဘက်မရှိ our side your side ဆိုပြီး၊ အခုဆိုရင် our side အရမ်း ဖြစ်တယ်၊ အဲ့လိုမျိုးမရှိဘဲ တန်းတူညီမျှ ချစ်ခြင်းမေတ္တာတရား hopeful နည်းပေါ့၊ ဘယ်လိုနိုင်ငံ မျိုးဖြစ်ရအောင် ဒီတော်လှန်ရေးကြီးကို လုပ်ရတာဆိုတဲ့ အကောင်းစိတ်၊ အဲ့လို positive hope ရှိမယ်၊ အဲ့တော့ အာဏာဖီဆန်ရုံပဲမဟုတ်ဘဲနဲ့ ငါတို့သည် အာဏာဖီဆန်နေရတယ် ဒါပဲလား မဟုတ်ဘဲနဲ့ ဒီ့ထက်ပိုပြီး မြင့်မြတ်တဲ့ mission တွေ ချချင်တယ်၊ မဟုတ်ရင် အာဏာဖီဆန်မယ်၊ အမုန်းတရားနဲ့ တော်လှန်ဆန့်ကျင်မယ်၊ သူတို့ကိုမကျေနပ်လို့ ငါတို့ တော်လှန်တယ်၊ ငါတို့ကို သတ်လို့ သူတို့ကို ပြန်သတ်မယ်၊ အဲ့တာဆိုရင် တဖြေးဖြေးနဲ့ ကိုယ်တွေရဲ့ emotionally politically drained ဖြစ်လာတာပဲရှိမယ်၊ အရမ်းအားကောင်းတဲ့ hope မရှိတဲ့ အခါကျရင် ကိုယ်တွေ ပင်ပန်းတာပဲရှိမယ်၊ ဒါက ၁ အချက်ပေါ့နော်၊ နောက်တစ်ချက်ကကျတော့ သူတို့ကို CDM လုပ်နေတဲ့သူတွေ၊ မလုပ်နေတဲ့သူတွေကို အကုန်လုံးပါတယ်၊ ဘယ်သူပဲ ဖြစ်ဖြစ်၊ ရုံးမတက် ရုံးမထွက်ပဲနေတဲ့သူ ဖြစ်ဖြစ်၊ သူတို့ကို ဘယ်လိုမျိုး motivate လုပ်မလဲ၊ ကိုယ့်ဘက်ပါလာအောင် ဘယ်လိုလုပ်မလဲ၊ သူတို့ကို SP လုပ်မယ်၊ This is not the right answer ပေါ့နော်၊ အရင်ကတော့ ကျွန်မအနေနဲ့ ဒီဟာက မလုပ်တဲ့သူတို့ကို သိအောင်လုပ်မယ်၊ မလုပ်တဲ့သူတို့ဆိုရင် ဝိုင်းကျဥ်မယ်၊ ဝိုင်းကျဥ်တာ အဖြေဟုတ်ရဲ့လားလို့ တဖြည်းဖြည်း တွေးမိလာတယ်၊ ဘာကြောင့်လဲဆိုရင် ကျောင်းတုန်းက စာသင်ရတယ်၊ Psychology မှာ သင်ရတယ်၊ ငယ်ငယ်တုန်းက တောင်မှ ကလေး ၂ ယောက်ရှိမယ်၊ အိမ်စာမလုပ်ဘူးဆိုရင် ရိုက်မယ်ဆိုတဲ့ punishment နဲ့ ၊ negative reinforcement အရဆို ထမင်းတစ်နပ်မစားရဘူး၊ အဲ့ နည်း ၂ နည်းက လုံး၀မကောင်းဘူး၊ သူတို့ကို ပိုပြီးလုပ်နိုင်အောင် motivate လုပ်မယ်ဆိုရင် positive reinforcement က ကောင်းတယ်ဆိုတာ သင်ခဲ့ရတယ်၊ အဲ့တာဘာလဲဆိုရင် အိမ်စာလုပ်ပြီး စာတော်တဲ့ကလေးဆိုရင် ဆုချတယ်၊ ဒါ သူတို့ကို ဆွဲဆောင်နိုင်တဲ့အကောင်းဆုံးနည်းပဲ၊ အဲ့ခါကျတော့ Positive reinforcement နဲ့ အာဏာဖီဆန် – CDM လုပ်ဖို မဆွဲဆောင်နိုင်ဘူးလား၊ SP တို့ Negative reinforcement တို့ အပြင် တခြားနည်းလမ်းတွေရှိတယ် ဆိုတာကို သတိပြုမိလာတယ်၊ အဲ့ဒီခါကျတော့ အဲ့တိုင်း ဒါကို လုပ်ရင်ကောင်းမလား ဆွေးနွေးချင်တယ်၊ နံပါတ် ၃ အချက်နေနဲ့ စောစောကလိုမျိုး SP လုပ်တယ်၊ ဒါက အရင်တုန်းက စကစက ဒီလိုမျိုး လုပ်ခဲ့တာပဲမို့ သူတို့အတိုင်း ပြန်လုပ်တယ်၊ အခုဆိုရင် လက်နက်ကိုင်တယ်၊ သူတို့ လက်နက်နဲ့လုပ်လို့ ငါတို့ လက်နက်ကိုင်ရတယ်၊ သူတို့ကို ဒါမျိုးနဲ့ပဲ ချရတော့မယ်၊ သူတို့က သေနတ်နဲ့မှကြောက်တာ၊ ဒါကြောင့် ငါတို့ သေနတ်ပြန်ကိုင်မယ်၊ ဒါဆို ကျွန်မတို့က ဘာကို တော်လှန်နေတာလဲ၊ ဥပမာ သူတို့ SP လုပ်လို့ ကိုယ်တွေ SP ပြန်လုပ်တယ်၊ သူတို့ နည်းလမ်းတိုင်းလုပ်နေတာ၊ အမှန်ဆို သူတို့ကို တော်လှန်တာ၊ သူတို့လို မဖြစ်ချင်လို့ တော်လှန်နေတာ၊ အဲ့ခါကျတော့ သူတို့ လုပ်တဲ့အတိုင်း ကိုယ်က လိုက်လုပ်နေရတာ၊ ပြောချင်တာက မိစ္ဆာစစ်တပ် ဖက်ဆစ်စစ်တပ်ကို ဖျက်ချင်တယ်၊ ဒါပေမဲ့ ကိုယ်တွေကိုယ်တိုင်က မိစ္ဆာဖြစ်နေတယ် အဲ့တော့ ဘာမှမထူးဘူး၊ ဘာမှမကွာဘူး၊ ဒီတော်လှန်ရေးကြီးက ဒုံရင်းဟာ ဒုံရင်း ပြန်ဖြစ်သွားတယ်၊ အဲ့တာကို မကြိုက်ဘူး၊ အဲ့ဒီခါကျတော့ သူတို့လိုမျိုး မဖြစ်အောင် postivie reinforcement သုံးမယ်၊ အာဏာဖီဆန်တာထက် ဒီစနစ်ကြီးအောက်မှာ မလုပ်ချင်တာထက် ဘယ်လို နိုင်ငံမျိုးမှာ ပိုလုပ်ချင်လဲ၊ ဘယ်လိုလုပ်ချင်လဲဆိုတာ ဒီဟာထက် ပိုကောင်းတဲ့ better future အတွက် hope စစ်စစ် ထည့်သွင်းပြီးတော့ တော်လှန်ရေးအောင်မြင်အောင် လုပ်ချင်တယ်၊ နို့မို့ဆိုရင် ဒါက တော်လှန်ရေးမဟုတ်ဘဲနဲ့ Uprisings တို့ Strikes တို့ သာသာပဲ ဖြစ်သွားမယ်

ကိုရန်ပြေ (1:36:30 to 1:40:55)

ကျွန်တော်ဆွေးနွေးချင်တာကတော့ အချက် ၂ ချက်ရှိတယ်၊ CDM အောင်မြင်လား မအောင်မြင်ဘူး လားနဲ့ CDM နဲ့ Non-CDM ကိစ္စကို ဆွေးနွေးချင်ပါတယ်၊ CDM အောင်မြင်လားဆို ကျွန်တော့်အနေနဲ့ အောင်မြင်တယ်လို့ ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီစစ်ကောင်စီ အုပ်ချုပ်လို့မရဘူးဆိုတာ CDM တွေကြောင့်၊ အုပ်ချုပ်ရေးမှုးကို သတ်ပစ်လိုက်လို့ မဟုတ်ဘူး၊ ဒီအမိန့်မနာခံတဲ့အတွက်ကြောင့် CDM က အောင်မြင်တယ်လို့ ထင်ပြီး စစ်ကောင်စီက အုပ်ချုပ်ချင်သလောက် အုပ်ချုပ်လို့ မရသေးဘူးလို့ ကျွန်တော်မြင်တယ်၊ တဖြည်းဖြည်းနဲ့ အားနည်းလာတာတော့ ရှိပါတယ်၊ နောက်တစ်ခုက ဘာလို့ အောင်မြင်တယ်လို့ ကျွန်တော်မြင်လဲဆိုတော့ ဒီ CDM သမားတွေတွက် နောက်မှာ ပြည်သူတစ်အုပ်လုံးက နေပြီးတော့ ထကြွပြီး အကုန်လုံးက စည်းစည်းလုံးလုံး ဖြစ်သွားတယ်၊ အဲ့တာ အဓိကအောင်မြင်ဆုံးလို့ ကျွန်တော်မြင်တယ်၊ ခုချိန်မှာကတော့ ကျွန်တော်တို့ တဖြေးဖြေးနဲ့ အားနည်းလာတဲ့အလျောက် သွေးကွဲ လာတာတွေရှိတယ်၊ ဒီလိုမျိုး CDM Non-CDM ခွဲခြားလာတာတွေရှိတယ်၊ ဒါတွေကလည်း ကိုယ့်ဘက်က အားနည်းမှုတွေရှိသလို စစ်အုပ်စုဘက်က တမင်တကာ လုပ်ယူတာတွေ ရှိတယ်လို့လည်း ကျွန်တော် မြင်တယ်၊ Non-CDM လိုမျိုး label တပ်ထားတာရှိမယ်၊ Gen Lee ဆိုတာမျိုး တစ်ခု ရှိသေးတယ်၊ အဲ့လို label တပ်ထားတာမျိုးက ကျွန်တော်တို့ကို သွေးကွဲစေတယ်၊ အဲ့မှာ ခံယူချက်က ရှိကြတာပဲဆိုတော့ လူတိုင်းမှာ ခံစားချက်ရှိတယ်၊ ဒေါသရှိတယ်ဆိုတော့ ဒီဥစ္စာတွေက အချင်းချင်း သွေးကွဲစေတယ်၊ နောက်တစ်ခုပြောချင်တာက CDM Non-CDM ကိစ္စပေါ့လေ၊ အစောက မအန်နုန်း ပြောသလိုမျိုး ဘွဲ့ရသွားပြီ၊ ရာထူးတက်တယ်၊ ဘာညာနဲ့ ဂုဏ်ဆာနေတဲ့သူတွေရှိတယ်၊ ဒီလိုမျိုးလူတွေက မုန်းစရာတွေ ပါဆိုတာ ဟုတ်တော့ဟုတ်တယ်၊ မုန်းစရာတွေပါ၊ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပြန်စဥ်းစားရမှာက ကျွန်တော်တို့ အဓိကပန်းတိုင်က ဘာလဲဆိုတာပဲ၊ ဒီလူတွေက ဒီလိုမျိုးဖြစ်သွားပေမယ့်လည်း တစ်ချိန်ချိန်မှာ ကိုယ့်ဘက်ကို ပြန်မပါလာနိုင်ဘူးလို့ ပြောလို့မရဘူး၊ တစ်ချိန်ချိန်မှာ ပြန်ပါရင်ပါလာ နိုင်တယ်၊ ဘာလို့လဲဆိုတော့ ဒီလူတွေက များသောအားဖြင့် သာကူးတွေဆိုတော့လေ၊ ကျွန်တော်ဖတ်ရတာ တစ်ခုရှိတယ်၊ ပေါ့ဘီရက် သူက ဆားဘီးယားက တော်လှန်ရေးသမားပေါ့၊ သူပြောတာ ဘာလဲ ဆိုတော့ တော်လှန်ရေးဆိုတာ အမြဲတမ်း pull သဘောမျိုးပဲရှိတယ်၊ push မဟုတ်ဘူးတဲ့၊ ဘာဖြစ်လို့လဲဆိုတော့ pull ဆိုတာ ကျွန်တော်တို့ အမြဲတမ်း စည်းရုံးသိမ်းသွင်းနေဖို့ပဲ ကြိုးစားနေရမယ်၊ ဟိုဘက်ကို push လုပ်လိုက်တာမျိုး မဖြစ်အောင်ပေါ့၊ ကျွန်တော်တို့ မြန်မာစကားမှာရှိတယ်၊ ပညာရှာပမာ သူတောင်းစားလိုမျိုး ကျွန်တော်တို့အနေနဲ့ကတော့ အမြဲတမ်း ကျွန်တော်တို့ ဆွဲသွင်းနေရမယ်၊ ဟိုဘက်ကို ရပ်တည်နေတဲ့ သူမျိုးရှိနေတာတောင်မှ သူတို့ကို အချိန်ပေးထားလိုက်၊ သူတို့မှာလည်း သူတို့ အခက်အခဲ ရှိရင်ရှိနေနိုင်တယ်၊ ပြောလို့မရဘူးဆိုတော့ ပြီးကျရင် ကျွန်တော်တို့ဘက်က အမြဲတမ်းစည်းရုံး သိမ်းသွင်းပြီးတော့ ကြိုးစားနေရမယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော့်အမြင်မှာတော့ ဒီတော်လှန်ရေး အောင်တယ်၊ မအောင်ဘူးဆိုတာက ကျွန်တော်တို့ စည်းရုံးမှုပေါ်မှာပဲ မူတည်တယ်၊ ပုဂ္ဂိုလ်ရေးအရတွေကို ဘေးချိတ်ထားရင် ဘေးချိတ်ထားရမယ်၊ ဟိုဖက်က စည်းရုံးနိုင်သွားရင် သူတို့နိုင်သွားလိမ့်မယ်

DC721 (1:41:10 to 1:44:55)

ကျနော့်အနေနဲ့ ဆွေးနွေးချင်တာကတော့ CDM မအောင်မြင်ဘူးလို့ ပြောတာက CDM တွေ ကြားထဲ နည်းနည်းလေးစိတ်ခုစရာ စကားလုံး ဖြစ်သွားမယ်ထင်ပါတယ်။ ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့တယ်။ တကယ်တမ်းက ခုနက ဆန်ဆာ ပြောသွားသလိုပဲပေါ့နော်၊ ကျနော်တို့က လူတွေကို တော်လှန်တာမဟုတ်ဘူး။ စနစ်ကို တော်လှန်တာပေါ့နော်။ ဒီ CDM တွေဟာ အစောပိုင်းက ရှင်းရှင်းလေးပဲ။ ဒီစနစ်ကို မကြိုက်ဘူး၊ သူတို့ အုပ်ချုပ်မှုအောက်မှာ မလုပ်ဘူး၊ အဲ့ဒီ့ပုံစံပဲ သွင်းခဲ့ကြတယ်ပေါ့နော်။ သွင်းခဲ့ကြပြီးတော့ ကျနော်တို့က ဘာဖြစ်သွားလို့ CDM အကြောင်းကိစ္စကို ပြန်လဲဆွေးနွေးနေရလဲဆိုရင် Better Life ဒီထက် ပိုကောင်းတဲ့စနစ်တစ်ခုကို ကူးရမှာပါ။ အဲ့ဒီ ကူးရမယ့် ဟာမှာ CDMers တွေရဲ့ စိတ်ထဲမှာ ဒီအယူအဆကို မထည့်လိုက်နိုင်ဘူးပေါ့။ အဲ့ဒီဟာကို သုံးသပ်တာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ခုချိန်မှာ ဘာပဲပြောပြော CDMers တွေ ကြားမှာပေါ့နော် ကျနော် သုံးသပ်သူတစ်ဦးရဲ့ အမြင်ပေါ့။ ရပ်နေခဲ့တယ်လို့ မြင်တယ်။ ရပ်နေခဲ့ရတယ်။ ကျနော်တို့က ထပ်ပြီးတော့ ကျနော်တို့ အင်နဲ့အားနဲ့လုပ်ခဲ့တဲ့ CDM တွေကို ရှေ့ဆက်တိုးစရာအကြောင်းမရှိခဲ့ဘူး ဖြစ်တာပေါ့။ ကျနော်မြင်တာကို ပြာတာပါ။ ဘာလို့ဆို ဒီတိုင်းရပ်နေခဲ့ရတယ်။ အော် ငါတို့ ရပ်ခဲ့ရပြီလား။ ဒါမျိုးပေါ့။ တကယ်တမ်းတော့ အရှေ့မှာ အာဏာဖီဆန်ရေးလုပ်ငန်းတွေကို ကျနော်တို့က ခုနက ဆန်ဆာပြောခဲ့သလို ပိုပြီးတော့ကျယ်တဲ့ Plan တွေကို မချခဲ့ကြတာ။ အလုပ်ထွက်ရင် ပြီးပြီတို့ ပြောခဲ့ကြတာတွေကို ကျနော်ပြောတာပေါ့နော်။ ဒီရုံးမတက်ရင်တော့ ငါတို့ပြီးပြီ။ တကယ်တမ်းက ရုံးမတက်ရင် ငါတို့က ပြီးသွားတာမဟုတ်ဘူး၊ ပိုကောင်းတဲ့စနစ်ကို သွားနေတာ၊ ပိုကောင်းတဲ့စနစ်ကို ကြိုးပမ်းနေတာ၊ ဒါမျိုးပေါ့၊ အဲ့ဒီ image လိုမျိုး မထည့်ခဲ့နိုင်တာ အဲ့တာကိုပြောတာပေါ့နော်။ ဟိုလိုမျိုး CDM က လူတွေ အများကြီး ထွက်လာတာပဲ၊ အဲ့တာကို မအောင်ဘူးလားဆိုတာတွေကို ပြောတာမဟုတ်ပါဘူး။ အဲ့တာကို ကျနော်တို့က ဆွေးနွေးတာဖြစ်ပါတယ်။ ကျနော်တို့ကတော့ ရှင်းတယ်လေ။ CDM တွေနဲ့ Non CDM တွေ ကြားမှာ ကျနော်တို့က CDM ပဲဖြစ်ဖြစ် Non CDM ပဲ ဖြစ်ဖြစ် စစ်ကောင်စီက ဘယ်သူ့အနေနဲ့ အုပ်ချုပ်မှာလဲ။ အဲ့ဒီကြားထဲမှာ သွေးခွဲခဲ့တယ်။ ဒါကြီးတွေ အကုန်လုံးကိုလည်း Non တွေ ကြောင့်ဆိုပြီး ကျနော်တို့ စနစ်ကြီးလုပ်တဲ့အခါမှာ ဒီမြောက်မြားစွာသော လူတွေကို ကျနော်တို့ ဘယ်လိုလုပ်ခဲ့မလဲ။ အဲ့ဒီစနစ်တွေကိုလည်း ကျနော်တို့ ပြန်မဆွေးနွေးခဲ့ကြဘူး။ အဲ့ဒါကို Non CDM ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ထောက်ပံ့နေတာလား၊ ဘောမနေတာလားဆိုတဲ့ အမုန်းတရားတွေ ထည့်တယ်။ ကျနော်တို့ကတော့ ကျနော်တို့ဖာသာ ရှေ့ဆက်သွားမယ်။ သူ့ဟာသူ Non ချင် Non မ Non ချင်နေ။ ရှေ့ဆက်သွားမယ်။ ကျနော်တို့ရဲ့ better life plan ကို ကျနော်တို့ တွန်းကြမယ်။ အဲ့ဒီ better Life plan ထဲမှာပါတဲ့အစီစဥ်တွေအကုန်လုံးဟာ Non CDM တွေကို မုန်းတာမဟုတ်ဘူး။ Non ဆိုတဲ့ လူတွေကို မုန်းတာမဟုတ်ဘူး။ စစ်ကောင်စီရဲ့ ယန္တရားကို ပံ့ပိုးနေတဲ့ ဒီစနစ်ထဲမှာ လည်ပတ်နေတဲ့သူတွေသည် ကျနော်တို့ သွားမယ့်လမ်းတွေနဲ့ လုံး၀မသက်ဆိုင်ဘူးပေါ့။ ဒါမျိုးပေါ့။ ကျနော်တို့ CDMers တွေ လျှောက်မယ့်လမ်းကို သူတို့တွေ ပိုပြီးအားကျလာအောင် ကျနော်တို့သွားမယ့် ယန္တရားကို သူတို့ ပိုပြီး မြင်သာလာအောင် မပြနိုင်ခဲ့ဘူး။ Non တွေကို အောက်ကျခံပြီး ခေါ်ခဲ့ရတာပဲဆိုတာမျိုးလည်း မဟုတ်သင့်ဘူးပေါ့နော်။ လူတွေ ရုံးမတက်နဲ့ ဒီကိစ္စက ပြီးပြီလား။ အဲ့လိုမျိုး ဖြစ်ခဲ့ရခြင်းမှာ လူတွေက ရုံးတွေဘာတွေ မတက်တာကနေ ရှေ့တဆင့်တက်ဖို့ CDM တွေ အတွက်တွန်းအား၊ CDM တွေရဲ့ စည်းရုံးမှု အဲ့တာတွေကို ရှေ့ဆက်မတက်နိုင်ခဲ့ဘူးလို့ ပြောတာပါ။ CDM တွေ လူမထွက်တာတွေဟာ မအောင်မြင်တာ မဟုတ်ဘူးဆိုတာကို ဆွေးနွေးချင်တာပါ။ ဟုတ် ကျေးဇူးပါ။

Disco (1:45:01 to 1:47:18)

ခုနအရှေ့က အမပြောသွားတာတွေကို တော်တော်လေးသဘောကျပါတယ်။ ကျနော်ပြောမယ့် ဟာတွေ လည်း ရှေ့ကအမ ပြောသွားတဲ့အထဲမှာ အများကြီး ပါသွားပါတယ်။ အဲ့ထဲက ကျနော် နည်းနည်း လေးထပ်ထည့်ချင်တာက ဒီ CDMers တို့ Non CDMers တို့ ဆွေးနွေးတဲ့အကြောင်းပေါ့နော်။ ကျနော်လည်း ကိုရဲထက်နဲ့ အမြင်နည်းနည်းတော့ တူတယ်။ ဒီ CDMers နဲ့ Non CDMers နဲ့က တကယ်ဆို သေသေချာချာခွဲခြားလို့ မရဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ အလုပ်ထဲကနေ ကူပေးတာတို့၊ information တွေ ပေးတာတို့ အဲ့လိုမျိုးလုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိတယ်ပေါ့နော်။ နောက်ပြီးတော့ ကျနော်လည်း နားလည်တယ်။ Non CDM လုပ်ပြီးတော့ အလုပ်ထဲနေပြီး အခွင့်အရေးယူနေတဲ့ အဲ့လိုလူတွေလည်း အများကြီးရှိတယ်ပေါ့။ အဲ့မှာ ဒီ SP ကို လုပ်ချင်မှာပဲ။ မလုပ်နဲ့လို့ ကျနော်ကတော့ မပြောချင်ဘူးပေါ့နော်။ ဒါပေမယ့် အဓိက ကျနော်ပြောချင်တာက ကျနော်တို့ သုံးနေတဲ့ စကားလုံးတွေက အင်မတန်ကို အားရှိစေတယ်ပေါ့နော်။ လူတစ်ယောက်ကို Non CDM လို့ ပြောလိုက်ရင် လူတွေက သူ့ကို ထင်သွားတဲ့တစ်မျိုး ရှိမယ်။ CDM လို့ ပြောလိုက်ရင်လည်း ထင်သွားမယ့်တစ်မျိုးရှိတယ်။ နောက်ပြီး တော့ ကျနော်တို့ ကိုယ်တိုင် သေသေချာချာ မေးရမှာက ဒီစကားလုံးတွေက ဘာအဓိပ္ပါယ်ရှိလဲပေါ့နော်။ နောက်ပြီးတော့မှ ဘာဆက်လုပ်ရမလဲဆိုတာ ဆက်ပြီးတော့ ပြောနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ဘာလိုလဲဆိုရင် Vision တစ်ခု လိုတယ်ပေါ့နော်။ ခုနက အမဆန်ဆာပြောသွားသလိုမျိုး ကျနော်တို့ ပိုကောင်းတဲ့အနာဂါတ်ပေါ့။ ဘယ်လိုနိုင်ငံအောက်မှာ နေချင်လဲဆိုတာမျိုးပေါ့။ အဲ့လိုက priority ကပိုအရေးကြီးတယ် ထင်ပါတယ်။ CDM လုပ်တယ်ဆိုရင် ဘာအတွက် အဓိက လုပ်တာလဲ။ SP အတွက် ခွဲခြားချင်လို့ လုပ်တာလား၊ ပိုကောင်းတဲ့ အနာဂါတ်တည်ထောင်ဖို့အတွက် လှုပ်ရှားမှုလား ဆိုတာ ကျနော်တို့ သေသေချာချာ စဥ်းစားဖို့လိုပါတယ်။

ကိုဝေယံစိုး (1:47:15 to 1:52:48) 

အစ်ကိုတို့ ဆွေးနွေးသွားတာလည်း တော်တော်လေးကို ကောင်းတယ်၊ အချက်အလက်တွေကလည်း ထည့်သွင်းစဥ်းစားရမှာတွေ သိရှိရတယ်၊ ကျနော်တို့ နောက်ပိုင်း CDM Non-CDM မှ မဟုတ်ဘူး၊ တော်လှန်ရေးမှာ ကြည့်ရင် အဓိက,က ခု မြင်လာရတာက CDM Non-CDM ပဲ ပြောပြော CDM ကျောင်းသား non-CDM ကျောင်းသားပဲ​ပြောပြော သေချာတာက ကျနော်တို့ ရှေ့ဆက်သွားရမယ့် နိုင်ငံရေးဆိုတာမှာ သိတဲ့အတိုင်း ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလုပ်ရမယ့် အနေအထားမှာ ဖြစ်တယ်၊ ဆိုတော့ non-CDM တွေကို ဝင်လာရအောင် ကျနော်တို့က အချိန်ကန့်သတ်မှု မရှိဘဲ ကျနော် အမြဲပြောနေကျ ဖွင့်ပေးရမယ်၊ ဖွင့်ပေးထားဖို့ လိုအပ်သလို ဒီဘက်မှာ ရှိနေတဲ့သူ ခုချိန်မှာ စစ်ကောင်စီကို စစ်ကောင်စီရဲ့ institution ဥပမာ ဖက်ဒရယ်ပညာရေး – ပညာရေး instiitution ကို ဘယ်လို တည်ဆောက်မလဲ၊ စစ်ကောင်စီက လုပ်ထားတဲ့ constitution ကို ရွေးမလား၊ ဖက်ဒရယ်ပညာရေးကို လုပ်နေတဲ့ constitution ကို ရွေးမလား ဆိုတာကကျတော့ non-CDM ဝန်ထမ်းတွေရဲ့ အပိုင်းပဲ၊ ၂ ခု ဖြစ်နေတဲ့ အားပြိုင်နေတဲ့ ကြားထဲမှာ တစ်ဖက်မှာ non-CDM ဒီလိုမျိုး ကျနော်တို့ဘက်မှာ အဆင်သင့်ဖြစ်နေရင် non-CDM တွေ ထပ်ပြီးတော့ စည်းရုံးစရာမလိုဘဲ automatically ဝင်လာမယ်လို့ ကျနော်က မြင်မိတယ်၊ ပြီးတော့ တစ်ခုရှိတာက non-CDM တွေကို ကျနော်တို့က သူတို့ကြောင့် တော်လှန်ရေးက နှောင့်နှေးကြန့်ကြာနေတယ်၊ သူတို့ကြောင့် အရှေ့ကို မရောက်ဘူးလို့ ဆိုတဲ့ အတွေးအခေါ်တွေထက် ကျနော်တို့ ဒီဖက်မှာ ရှိတဲ့ CDM ဝန်ထမ်းတွေကို ဘယ်လိုမျိုး တည်ဆောက်ထားမလဲ ဆိုတာပေါ့လေ၊ ပြီးတော့ ကျနော်တို့ ဒီ CDM ဝန်ထမ်းတွေကို ဘယ်လိုမျိုး ထိန်းသိမ်းထားမလဲ ဆိုတာကို ကျနော်တို့ စဥ်းစားကြမယ်ဆိုရင် ပိုပြီးတော့ ရှေ့ရောက်မယ်လို့ ကျနော်က ယူဆမိတယ်၊ ရှေ့ကလည်း ကျနော်တို့ရဲ့ တော်လှန်ရေး ရဲဘော်တွေ ပြောသလို တော်တော်များများ ပါသွားပြီး ဖြစ်တယ်၊ ဒီ Non-CDM တွေကို ကျနော်တို့က ဒီလူတွေဟာ သူတို့ကြောင့် တော်လှန်ရေးဟာ ကြန့်ကြာနေတယ်ဆိုတဲ့ အပိတ်သဘောမျိုး မပြောဘဲ အဖွင့်ကနေ ငါတို့မှာ ဒီလို ဒီလို လုပ်နေတာတွေ ရှိတယ်၊ နင်တို့တွေလည်း ဒီ CDM ကို လုပ်နိုင်မယ် ဆိုရင် ဒီလိုမျိုး constitution တွေနဲ့ တွေ့ကြုံခံစားရမယ် ဆိုတာတွေကို အလေးပေးပြောပေးမယ်ဆိုရင်တော့ ဒီလို စည်းရုံးနည်းနာက ပိုပြီးကောင်းတဲ့ နည်းနာတစ်ခုတော့ ကျနော်က ယူဆတယ်၊ CDM ကနေ non-CDM ပြောင်းတဲ့သူတွေကို ကျနော်တို့က စည်းရုံးသိမ်းသွင်းတာမှ မဟုတ်ပါဘူး၊ ဒီ ဒလန်တွေလို့ပဲ ပြောပြော စစ်ကောင်စီကို ထောက်ခံတဲ့သူတွေကို စည်းရုံးတဲ့ အခါမှာလည်း ဒါက နည်းနာတစ်ခု ဖြစ်တယ်၊ ကျနော်တို့ သွားနေတဲ့ constitution ကို ချပြဖို့ ကောင်းတာ ဖြစ်တယ်၊ နောက်တစ်ခု ကျနော် တွေ့လာတာကတော့ ဒီ CDM Non-CDM ပြောတဲ့ အချိန်မှာ ကျနော်ကတော့ ဒီ ပညာရေးဘက်ကဆိုတော့ ပညာရေးပဲ ပြောဖြစ်တယ်၊ ဒီ ခံယူချက်နဲ့ လုပ်တယ်ပဲ ပြောပြော ကျနော်တို့ဆိုလည်း ခု CDM ဝန်ထမ်းတွေကို ထောက်ပံ့တယ်၊ သို့ပေမယ့်လည်း ဒီ စားဝတ်နေရေး ခက်ခဲ မပြေလည်တဲ့ အခက်အခဲတွေကို ကြုံတွေ့လာရတဲ့ အချိန်မှာ တစ်ချို့ ဝန်ထမ်းတွေဆို ငိုချပြီး တောင်းပန်ပြီး တစ်ကယ့်ကို ခက်ခဲ့တဲ့ အနေအထားကို ရင်ဆိုင်နေရတယ် ဆိုတာ ကျနော်တို့ ကိုယ်တိုင်လည်း ကြားမိနေတာ ရှိတယ်၊ တစ်ကယ် မြေပြင်မှာ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်တယ်၊ ဒါကို ကျနော်တို့ ဘယ်လို ရင်ဆိုင်ဖြတ်ကျော်ကြမလဲ၊ ဟိုတလောတုန်းက CDM BEDSU က လုပ်တဲ့ CDM ဝန်ထမ်းများညီလာခံမှာ ကျနော်တို့ အများကြီး ကြုံခဲ့တာတွေ ရှိတယ်၊ အဲ့ဒါက ဘာတွေလဲ ဆိုရင် CDM ဝန်ထမ်းတွေ တွေ့ကြုံခဲ့တဲ့ အခက်အခဲတွေကို ဖြေရှင်းပေးမယ့်သူတွေ မရှိတဲ့ဟာမျိုး ကြုံတွေ့နေရတာတွေ၊ ဝမ်းနည်းမှုတွေနဲ့ သူတို့ ဘယ်လို ရှေ့ဆက်နေရတာ တွေ ကို ပြောပြတဲ့ ဟာတွေ တစ်ကယ်ကို ကျနော်တို့အတွက် ဝမ်းနည်းစရာကောင်းတဲ့ အနေအထားတွေ ဖြစ်တာပေါ့၊ ဒီလိုမျိုးဟာတွေကို ကျနော်တို့က ဘယ်လိုမျိုး ဖြေရှင်းကြမလဲ၊ ရှေ့ဆက်ပြီး ဘယ်လိုမျိုး အကောင်အထည်ဖော် ဆောင်ရွက်ကြမလဲ ဆိုတာ ကတော့ စဥ်းစားသင့်တယ်လို့လည်း မြင်တယ်၊ တစ်ဖက်မှာကျတော့ ကျနော်တို့ရဲ့ လူထု CDM ဆိုတာလည်း ရှိတာပေါ့၊ လူထု CDM လို့ ပြောရင် ဒီ ဘူးသပိတ်ကိုပဲ ပြောပြော – အခွန်မဆောင်ဘူး၊ မီတာမဆောင်ဘူး ဒီလိုဟာမျိုးမှာ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်နိုင်ဖို့က ဘယ်လောက်အတိုင်းအတာထိ ရှိလဲ၊ ဆက်လက်ပြီးတော့ ပူးပေါင်းပါဝင်နိုင်ဖို့ ရှိအောင် ဘယ်လောက်ထိ ဆွဲဆောင်နိုင်မလဲ ဆိုတဲ့ဟာကို ကျနော်တို့ ဆက်ပြီးကြိုးစားသင့်တယ်လို့ ကျနော်ကတော့ မြင်တယ်၊ ကျေးဇူးတင်ပါတယ်ဗျ

ကိုရဲ၀င်းလျံ (1:52:48 to 1:57:08)

စောစောက ညီမလေးတစ်ယောက် medical ဘက်က ပြောသွားတာရှိတယ်။ ကျနော်လည်း medical team ဘက်က ဆိုတော့ ခုနက ကိုရဲထက် ပြောတာလားမသိဘူး။ CDM နဲ့ Non CDM ကို SP လုပ်သင့်လားဆိုတာကို အဓိကထားပြောသွားတာကို တွေ့ရတယ်။ ဒါပေမဲ့ ကျနော်တစ်ခုလောက် ပြောခွင့် ပေးပါ။ ကျနော်လည်း ဆရာ၀န်တစ်ယောက်ပါပဲ။ ကျနော်တို့ CDM လုပ်လိုက်လို့ အပြင်မှာလည်း အလုပ်တွေမရတော့ပါဘူး။ အဲ့ဒီတော့ in service သမားကြီးပဲ CDM နဲ့ Non CDM လို ခွဲခြားပြီး ကျနော်တို့တွေကြီးပဲ ဆက်ဆံခံနေရတယ်။ ရှင်းရှင်းပြောရရင် အစိုးရအလုပ်၀င်လိုက်တယ်ဆိုကတည်းက ကျနော်တို့ဟာ အမှားကြီးတစ်ခုလို ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင် ဒီကာလမှာ CDM လုပ်ပြန် တော့လည်း ထွက်ပြေးနေရတာနဲ့ ကိုယ့်ကိုကိုယ် CDM ပါလို့ မပြောရဲဘူး။ ပြီးရင် ငတ်တစ်လှည့် ပြတ် တစ်လှည့်နဲ့ ကိုယ့်ဟာကိုယ် လည်ပတ်နေရတယ်။ အဲ့တော့ Non CDM ဖြစ်နေကြတဲ့သူတွေကို ကြည့်ရင်လည်း သူ့အခက်ခဲနဲ့ သူ့ဒုက္ခနဲ့သူ ဖြစ်နေတယ်။ ဆိုတော့ အပြင်က In Service မ၀င်တဲ့ ဆရာ၀န် တွေကျ ဆေးခန်းရှိတဲ့သူတွေက ဆေးခန်းအထိုင်မပျက်ဘူး။ သူ့၀င်ငွေရှာနေတဲ့ လမ်းကြောင်းက ဖြောင့်နေတယ်။ အဲ့တော့ ကျနော်တို့ ပြောပြောနေတဲ့ Non CDM သမားတွေကိုကျတော့ ဘောမလို့ ပြောမယ်ဆိုရင် ဆေးကုမ္ပဏီအောက်မှာ လုပ်နေကြတဲ့သူတွေကျတော့ရော Non CDM ဒေါက်တာတွေကို ဘောမနေတာ မဟုတ်တော့ဘူးလား။ နောက်တစ်ချက်က ဘာလဲဆိုရင် အပြင် Private ဆေးရုံတွေမှာ လုပ်နေတဲ့ MO တွေ ကျတော့ရော Non CDM ဆရာ၀န်တွေ လာထိုင်တာတို့ လာ round တဲ့ အခါတွေကျ တော့ရော လူနာလာကြည့်တဲ့အခါကျတော့ရော ဒီလူက Non CDM မို့လို့ဆိုပြီး အပြင်တကယ်မှာရော SP လုပ်ကြရဲ့လား။ နောက်တစ်ချက်က NGO မှာ လုပ်နေတဲ့ဆရာ၀န်တွေဆိုရင်လည်း သူတို့က ဘယ်စည်းမျဥ်းတွေ ဘယ်အစိုးရတွေနဲ့ ချိတ်ဆက်ပြီး သွားမှာလဲဆိုတာ စဥ်းစားစရာ တစ်ချက်ရှိတယ်။ အဲ့လိုမျိုးပေါ့ အဓိက,က ဘာလဲဆိုရင် လိုင်းပေါ်မှာသာ SP သာ လုပ်နေကြတာ၊ အပြင်လောကမှာတော့ အဲ့ SP ကြီးက လုပ်တဲ့သူတော့ရှိကြတယ်။ နည်းတယ်။ ရှင်းရှင်းပြောရရင် လိုင်းပေါ်မှာ လူကြိုက်များ ရုံလောက်ပဲရေးပြီးတော့ လုပ်နေကြတဲ့သူတွေ အများကြီးပဲ။ ကျွန်တော့်ပတ်ဝန်းကျင်မှာ အများကြီး၊ ရှင်းရှင်းပြောရရင် ဒီစနစ်ဆိုးကြီးကို မကြိုက်ဘူး။ ဒါကြောင့် ဒီအာဏာရှင်ကို တော်လှန်နေတာ။ ဒီတော့ ဒီအာဏာရှင်ကို တော်လှန်တဲ့အခါမှာ ကျနော်တို့ သားကောင်အချင်းချင်းရန်မဖြစ်ကြဖို့ လိုတယ်။ ကျနော် ပြောတာက Non CDM မှာလည်း ကောင်းတဲ့သူလည်းရှိသလို မကောင်းတဲ့သူလည်းရှိတယ်။ ဆိုးရွား ပြီးတော့ ကိုယ့်ကိုဒုက္ခပေးနေတဲ့သူတွေလည်း အများကြီးရှိတယ်။ တစ်ချို့ဟာတွေဆိုရင် Non CDM လုပ်နေတဲ့သူက CDM သမားတွေကို ဒုက္ခပေးနေပါတယ်ဆိုတဲ့ဟာမှာ ဘာအထောက်အထားနဲ့ရှိလဲ။ ထွက်လာတဲ့ order ကို ကြည့်ပြီး လက်မှတ်ထိုးတဲ့သူက ထိုးလိုက်လို့ ဒီလူကို blacklist တင်လိုက်ပြီဆို တာမျိုးကရော သေချာရဲ့လားပေါ့။ နောက်ကွယ်မှာ ဒီစာရွတ်ပေါ် နာမည်မပါ၀င်ဘဲနဲ့ ဒုက္ခပေးနေတဲ့ သူတွေ အများကြီးရှိတယ်။ လတ်တလော NUG က blacklist ထုတ်ထားတဲ့ထဲမှာဆိုရင် ညွှန်ကြားရေး မှူးတစ်ယောက်တော့ပါတယ်။ သူဆိုရင် Non CDM လုပ်တယ်၊ ဒါပေမဲ့ CDM တွေကို cover ပေးလွန်းလို့ ဘယ်ရောက်သွားလဲဆိုရင် တခြားနေရာကို demotion ဆန်ဆန်လွင့်သွားတယ်။ တစ်ဖက် NUG အစိုးရတဲ့ blacklist ထုတ်တဲ့အချိန်မှာ အဲ့ဆရာ၀န် list ထဲ ပါလာတာကို ကျနော်တွေ့လိုက်တယ်။ ကျနော်တို့က အဲ့အလွှာကြီးကို ဘယ်လိုမျိုးခွဲကြမလဲ။ ဘယ်လိုမှလည်း တိုင်းတာလို့ မရဘူး။ အရှေ့က အကိုတွေ ဆွေးနွေးသွားတာ အရမ်းကိုကောင်းပါတယ်။ သူတို့ ပြောသွားတာတွေကို ကျနော်လုံး၀ထောက်ခံပါတယ်။ ကျနော်ကတော့ ရှင်းရှင်းပြောရရင် CDM အောင်မြင်ခဲ့လားဆိုရင် အထိုက်အလျောက်တော့ အောင်မြင်ခဲ့ ပါတယ်။ ဒါပေမဲ့ ရေရှည်အတွက်တော့ ရုန်းကန်နေရတဲ့အခြေနေလို့ ယူဆလို့ ရတယ်။ ရှေ့လျှောက် ဒီ CDM ကို ပြည်သူတစ်ရပ်လုံးပါ၀င်လာဖို့ကို ကျနော်တို့ အများကြီး Educate တွေလုပ်ဖို့ လိုအပ်တယ်လို့ ထင်တယ်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

မ Lizzy (1:57:20 to 2:00:13)

အဓိက ကျနော်ကတော့ CDM အောင်မြင်လား မအောင်မြင်လား မေးရင် မသေချာဘူးလို့ ပြောရမှာ ပေါ့နော်။ Data တွေ ကြည့်ရင်တော့ သူတို့က အောင်မြင်တယ်လို့ ပြောကြတယ်။ ကျနော်က အဓိက  ယှဉ်ကြည့်ချင်တာက တပ်ရဲ့ CDM ပေါ့။ ဒီတပ်ရဲ့ CDM မှာ ဆိုရင် စပြီး ထွက်လာတုန်းက ပြည်သူ လူထုက စစချင်းမှာ လက်မခံဘူး။ ကျနော်တို့ CDM ဟာ ပထမ စစတုန်းက အုံလိုက်ကျင်းလိုက်နဲ့ အားကောင်းတယ်လို့ ထင်ရတယ်။ အဲ့လို အားကောင်းလာပေမယ့် ဘာလို့ ပြိုကွဲသွားတာလဲ၊ သူတို့လို ကျနော်တို့ ပိုကောင်းဖို့ CDM ဒုတိယ အကျော့ လုပ်တော့မယ်ဆိုရင် CDM စစ်သားတွေဆီကနေ ဘာနည်းနာယူသင့်သလဲပေါ့။ သူတို့မှာဆိုရင် သူတို့အချင်းချင်း သွေးမကွဲဘူး။ သူတို့ ဟိုမှာကျန်ခဲ့တဲ့သူ တွေဆိုရင်လည်း ဖရဲသီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ချစ်ကြတယ်။ ဒီဘက်ကို ၀င်လာအောင်ပြောကြ ရင်လည်း အမုန်းစကားနဲ့မဟုတ်ပဲ အပေါင်းလက္ခဏာဆောင်တဲ့ စကားနဲ့ပဲ ပြောတယ်။ သူတို့က အမြဲတမ်း ကြည့်လိုက်ရင် ဘယ်အချိန် CDM တံခါးပိတ်ပါတော့မယ်ဆိုတာမျိုး မရှိဘူး။ ကျနော်တို့ ဘက်ကျတော့ အဲ့လိုမရှိဘဲနဲ့ CDM တံခါးပိတ်လိုက်ကတည်းက မှားယွင်းတယ်လို့ ကျနော်ကတော့ မြင်တယ်။ အမြဲတမ်းဖွင့်ထားဖို့ လိုတယ်ဆိုတာကိုတော့ ကျနော် ထောက်ခံတယ်။ အရှေ့က ပြောသွားသလိုပေါ့၊ သူတို့ဆီမှာဆိုရင် ၀င်လာတဲ့သူတစ်ယောက်ချင်းစီက CDM ပါလို့ ဂုဏ်ယူစွာနဲ့ ပြောနိုင်တယ်။ ကျနော်တို့ဘက်မှာဆိုရင် CDM ၀င်လာပြီဆိုရင် အဲ့ဒီ၀င်လာတဲ့သူက ပုန်းလျိုးကွယ်လျှိးနဲ့ နေနေရတယ်။ ဒါဘာကြောင့် ဖြစ်ရတာလဲပေါ့။ ကျနော်တို့ အဲ့ဒီဟာကို လေ့လာပြီး ဒီထက်ပိုကောင်း အောင် ဘာလုပ်ကြမလဲပေါ့။ ပြီးတော့ ရှေ့မှာ ပြောခဲ့သလိုပေါ့ SP လုပ်ခြင်း၊ မလုပ်ခြင်းက Non CDM မို့ SP လုပ်တာမဟုတ်ဘဲနဲ့ပေါ့။ အခုဆို ကျနော်တို့ မြင်နေရတယ်။ Non CDM လုပ်တဲ့သူတွေထဲမှာလည်း ကောင်းတဲ့သူတွေ ရှိတယ်။ CDM ထဲမှာဆိုလည်း အကျင့်စာရိတ္တ ကောင်းကိုမကောင်းတဲ့သူမျိုးတွေလည်း ရှိနေနိုင်တယ်။ ကျနော်တို့ SP လုပ်ခြင်း၊ တရားမျှတမှုရှိခြင်း၊ မရှိခြင်းဟာ သူတို့ လုပ်ရပ်နဲ့ပဲ ဆိုင်တယ်။ Non မို့လို့ CDM မို့လို့ ဆိုပြီး မရှိဘူးပေါ့နော်။ ဒါက အဝေးကြီးလိုပါသေးတယ်။ မမျှော်ကြည့်နဲ့ဦးဆိုပြီး လုပ်မရဘူး။ ကျနော်တို့ လိုချင်တာက ဒီမိုကရေစီဆိုရင် ကျနော်တို့ လုပ်တဲ့ဟာကလည်း ဒီမိုကရေစီဆန် နေရမယ်။ ကျနော်ကတော့ အဲ့လိုထင်တယ်။ ရှေ့ကပြောသွားတဲ့ဟာတွေကို ကျနော်လည်း ထောက်ခံပါ တယ်။ ပြီးရင် Vision ရှိရမယ်။ ပိုပြီးအားကောင်းတဲ့ဟာကို ရှိရမယ်ဆိုတော့ ကျနော်တို့ ချပြနိုင်ရမယ်။ သူတို့ဖက်ဆို ဘယ်လို တပ်ကမကောင်းဘူးဆိုတာ ချပြစည်းရုံးနိုင်တဲ့အတွက် တဖြေးဖြေးနဲ့ CDM ဦးရေ များလာတယ်။ ကျနော်ဆိုလည်း ဆရာ၀န်ပေါ့နော်။ ကျနော်တို့ဘက်ဆိုရင်လည်း ကျနော်တို့ လိုချင်တဲ့ ကျန်းမာရေးစနစ်က ဘာလဲ။ ကျနော်တို့ ကျန်းမာရေးကြီးဝန်ကြီးဌာနဘက်မှာဆိုလည်း မကျေနပ်စရာတွေ အများကြီးရှိတယ်။ In Service ၀င်တဲ့သူနဲ့ မ၀င်တဲ့သူနဲ့ပေါ့ အများကြီးရှိတယ်။ အချင်းချင်းဖိနှိပ်နေတာ တွေလည်း အများကြီးရှိတယ်။ ဒါတွေကို ပေါ်လွင်စေချင်တယ်ဆိုတာ သူတို့ကို ဒီအာဏာရှင်အောက်မှာ ဆို ကိုယ်တွေရဲ့ အနာဂါတ်မှာ ဒါတွေရှိနေဦးမယ်ဆိုတာ ပြန်ချပြပြီးတော့ပဲ သူတို့ကို ပိုပြီးစည်းရုံးနိုင်လိမ့် မယ်လို့ ကျနော်မြင်တယ်။ ရှေ့မှာ ကိုရဲထက် ပြောသွားတာ၊ ကိုရဲ၀င်းလျံ ပြောသွားတာ၊ ဆန်ဆာ ပြောသွားတာ၊ ကိုဝေယံစိုးတို့ ဘာတို့ ပြောသွားတာ ကျနော် ထောက်ခံတယ်။ CDM ဒုတိယအကျော့ လုပ်မယ်ဆိုရင် ပိုပြီးကောင်းတဲ့ vision နဲ့ ဒီပိုကောင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ပြည်သူအကုန်လုံးကို တော်လှန်စိတ်ဓာတ်တွေ ဘယ်လိုသွင်းရမယ်ဆိုတာ Educate လုပ်ရမယ်လို့ မြင်တယ်။ ဟုတ်ကဲ့ ဒါပါပဲ။

မနန်းခမ်း (2:03:33 to 2:08:40)

CDM အောင်မြင်ခဲ့လား မအောင်မြင်ခဲ့ဘူးလားဆိုတဲ့ ခေါင်းစဥ်အောက်မှာ အများကြီး ဆွေးနွေးသွားခဲ့ ကြတယ်ပေါ့။ ကျွန်မတို့ ဒီတစ်နှစ်တာ ဖြတ်သန်းခဲ့တာမှာ အောင်မြင်တယ်လို့ ပြောတာတွေလည်းရှိတယ်။ မအောင်မြင်ဘူးလို့ ပြောတဲ့သူတွေလည်းရှိတယ်။ ပြီးတော့ ဒီခေါင်းစဥ်က ကျယ်ပြန့်တာကြောင့်မို့ ဘယ်လိုတိုင်းတာမလဲဆိုတဲ့ မေးခွန်းတွေထုတ်လာတာလဲ ရှိတယ်ပေါ့နော်။ ဒီအောင်မြင်ခဲ့တယ်လို့ ပြောတာကကျ ဒီ CDM နောက်မှာ ပြည်သူတွေအများကြီးက Support နိုင်တယ်၊ ပြီးတဲ့အခါကျတော့ ခံယူချက်နဲ့ လုပ်ခဲ့ကြတယ်ပေါ့။ ဒီကျွန်မတို့ တပ်ဦးလိုပြောတဲ့သူတွေက လစာတွေဘာတွေနဲ့ ပြောခဲ့ ပေမဲ့လည်း ဒီ CDM ဟာ ကျွန်မတိုခံယူချက်နဲ့လုပ်တာ၊ မတရားမှုကို ဖီဆန်တာပေါ့နော်။ ဒါပေမဲ့ အားနည်းချက်ကတော့ လူများဖို့အရေအတွက်ကိုပဲ ဦးတည်သွားတာတွေ ရှိတယ်။ CDM ဆိုတာ ၀န်ထမ်းပဲလို့ ကျွန်မတို့ အရင်ဆုံးပြေးမြင်မိခဲ့တယ်။ ၀န်ထမ်းပဲ လုပ်ရမယ်ဆိုတဲ့ အယူအဆတွေ စွဲခဲ့တယ်။ အဲ့ဒီအခါမှာ ပြည်သူနဲ့ ၀န်ထမ်းဆိုပြီး အယူအဆကို ခွဲလိုက်သလို ဖြစ်သွားတယ်။ ကျွန်မတို့ တက်တက်ကြွကြွနဲ့ CDM လုပ်ခဲ့တုန်းကလည်း ဘယ်အတိုင်းတာထိရင် ဘယ်အချိန်ရောက်ရင် ငါတို့ အောင်ပြီဆိုတဲ့ False hope တွေ၊ တံခါးပိတ်ရမယ်၊ မပိတ်ရဘူး၊ ဒါမျိုးကိစ္စတွေလည်း ဖြစ်လာခဲ့ တယ်ပေါ့။ ပြီးတဲ့အခါကျတော့ နောက်တစ်ခုက ကျွန်မတို့ရဲ့ အားနည်းချက်က ဘာဖြစ်လဲဆိုရင် ကျွန်မတို့ SP တွေလုပ်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာတွေလည်း ရှိတာပေါ့နော်။ ဒါပေမဲ့ အခုကျတော့ SP လုပ်ခံနေရသူတွေက CDMers တွေ ဖြစ်နေတယ်။ ပြီးကျတော့ ကျွန်မတို့ လုပ်ခဲ့သမျှဟာ အနှစ်သာရ ပေါ့လျော့သွားတယ်၊ ပြည်သူတွေပါ, ပါမလာတော့တဲ့ အခြေနေတစ်ခုထိ ဖြစ်သွားတယ်ပေါ့။ ဥပမာ ပေးထားတာတွေလည်း ရှိပါတယ်။ ဘယ်လိုဖြစ်နေလဲဆိုတော့ ကျွန်မတို့ ပစ္စည်းတစ်ခုကို ၀ယ်နိုင်ခဲ့ ပေမယ့် မထိန်းသိမ်းနိုင်ခဲ့တဲ့ အခြေနေတွေ ဖြစ်သွားတယ်ပေါ့နော်။ အဲ့နောက်ပိုင်းရောက်တော့ CDM ဟာ ဘာလဲဆိုတာပြန်ပြီး စဥ်းစားဖို့လိုပြီ။ ဒုတိယလှိုင်းကို ပြန်ပြီးတော့ စသင့်တယ်ဆိုပြီး ဆွေးနွေးကြတဲ့ အခါမှာ CDM အယူအဆ၊ CDM လုပ်တယ်ဆိုတာ ကိုယ်ဆန့်ကျင်တဲ့ အဖွဲ့အစည်းကို အင်အားချိနဲ့ အောင်လုပ်တာ၊ သူ့ယန္တရားကို မလည်ပတ်နိုင်အောင် လုပ်တာ၊သူ့ရဲ့တရားဝင်မှုမရှိအောင်၊ ပြီးတော့ SP လုပ်တာတွေ၊ BC လုပ်တာတွေ အများကြီးပါ၀င် တယ်ပေါ့။ ပြီးတော့ သပိတ်အပြင် တခြားလုပ်ရပ်များစွာ ပါ၀င်ဖို့ ထောက်ပြ ဆွေးနွေးထားတာတွေ လည်း ရှိပါတယ်။ ပြီးတော့ ရှေ့ကအမ တစ်ယောက် ဆွေးနွေးသွားတာက ကျွန်မတို့ ဒီ CDM နဲ့ ပတ်သက်ပြီး တော်လှန်ရေးလုပ်နေတာဟာ အဟောင်းဆိုတာ ထက် အသစ်ကိုသွားနေကြတာမို့လို့ စနစ်မကြိုက်တာမို့ တွန်းလှန်နေတာ အဲ့တာကြောင့်မလို့ ဒီလိုမျိုး တွန်းလှန်နေတဲ့အခါမှာ သူများလိုလည်း ဖြစ်စရာမလိုဘူး။ လုပ်ရပ်ကို ဆန့်ကျင်ရမယ်။ အဲ့တာကြောင့်မို့ သူကတော့ ဘာအကြံပေးလဲဆိုရင် အမုန်းတရားထက် mission နဲ့ vision ကို ပိုသွားစေချင်တယ် ဆိုပြီးတော့ အကြံပြုဆွေးနွေးသွားတာတွေ ရှိတယ်။ ပြီးတော့ ကျွန်မတို့ အသုံးအနှုန်းလေးပေါ့။ Non CDM၊ CDM ဆိုပြီး သုံးနှုန်းကြတာတွေ ရှိတယ်ပေါ့။ အဲ့တာကို ထောက်ပြဆွေးနွေးသွားကြတာက Non CDM ကို ဘယ်လိုမျိုးတိုင်းတာမလဲပေါ့နော်။ မျဥ်းကို ကန့်ထားလိုက်မှာလား၊ အဲ့လိုမျိုး ကန့်တာကိုလည်း ကန့်ကွက်တဲ့အပိုင်းတွေ ဘာတွေ ရှိတယ်ပေါ့နော်။ ပြီးတော့ ကျွန်မတို့ CDM လုပ်တဲ့အခါမှာ CDM ရဲ့ လုပ်ရပ်က ဘယ်လိုမျိုးကဏ္ဏတွေ အပိုင်းတွေ လုပ်သွားတယ်ဆိုတာထက် CDM လုပ်တဲ့သူရဲ့ ရပ်တည် ချက်ကို သုံးသပ်ပြီးတော့မှပဲ အောင်မြင်မှုကို တိုင်းတာတယ်ဆိုပြီးတော့လည်း ထောက်ပြသွားတာတွေ ရှိပါတယ်။ ပြီးကျတော့လည်း အကိုတစ်ယောက် ဆွေးနွေးသွားတာမှာလည်း ဒီတော်လှန်ရေးမှာ ကျွန်မတို့ လုပ်ရမှာက စည်းရုံးရေးတွေလုပ်ရမှာဆိုပြီး ပြောထားတာတွေရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်မတို့ ပိတ်မထားဘဲနဲ့ အမြဲတမ်းဖွင့်ထားရမယ်။ စည်းရုံးသိမ်းသွင်းသွားကြရမယ်ဆိုပြီး ဆွေးနွေးသွားကြတာတွေလည်း ရှိပါတယ်။ အဲ့အခါကျ နောက်ဆုံးပိတ်ပြောသွားတာမှာဆိုရင် ပိုပြီးကောင်းတဲ့ အရွေ့တစ်ခု ရောက်အောင် ပိုပြီး Educate ဖြစ်အောင်လုပ်ရမယ်။ အမြဲတမ်း စည်းရုံးပေးရမယ်ဆိုပြီး ပြောထားတာ တွေရှိတယ်ပေါ့နော်။

ကိုရဲထက် (2:08:50 to 2:13:12)

ကျနော် ခုနတုန်းက ပြောတာကတော့ အယူအဆအပေါ် အခြေခံပြီးပြောတာပေါ့နော်။ ဝေဖန်တာပေါ့။ ပြီးခဲ့တဲ့ကာလကို သုံးသပ်တော့ အဆိုးမြင်တဲ့သဘောမျိုး ရောက်သွားတာဖြစ်နိုင်တယ်။ ပြီးတော့ ဒီမှာ CDM လုပ်နေသူတွေရှိတာဆိုတော့ တိုက်ခိုက်တာမျိုး ဖြစ်သွားရင် တောင်းပန်ပါတယ်။ ကျနော် အဲ့လို ရည်ရွယ်တာတော့ မဟုတ်ဘူး။ ကျနော်ဦးတည်တာ အယူအဆပဲ။ဒီ CDM အယူအဆကို ပိုပြီး နားလည်လာဖို့ ပြင်းပြင်းထန်ထန် သုံးတာမျိုးရှိတာပေါ့လေ။ ဒီမှာ ကျနော့်ကို ပြန်ပြောတာမျိုး ရှိတယ် ပေါ့နော်။ ဒီကျောင်းမတက်တာ ရုံးတွေမတက်တာက အတိုင်းအတာတစ်ခုထိ သက်ရောက်မှုရှိတယ်ပေါ့။ ဒါမှန်ပါတယ်ပေါ့။ မှန်တယ်။ ကျနော်ပြောတာ လုံး၀ကြီးတော့ စစ်ကောင်စီကို အနိုင်မယူနိုင်ဘူးပေါ့။ အရပ်ဘက်အစိုးရယန္တရားပြုတ်ကျရုံနဲ့ စစ်ကောင်စီက ထွက်မယ့်အတန်းစားမျိုး မဟုတ်ပါဘူး။ တခြား နိုင်ငံတွေမှာဆိုရင်တော့ အသိတရား ရကောင်းရမယ်။ ပြည်သူတွေ ထိခိုက်နေပြီဆိုပြီး၊ ပြည်သူတွေကို ချစ်တဲ့စိတ်ရှိရင်ပေါ့။ ဒီနိုင်ငံမှာတော့ မရှိဘူး၊ ၀မ်းနည်းစရာပဲ။ အဲ့တော့ ကျွန်တော်တို့မှာ အဲ့လောက် စဥ်းစားချိန်လည်း မရှိတာဖြစ်တဲ့အတွက် အဲ့ထက်ပိုတဲ့စဥ်းစားချက် လိုတယ်ပေါ့။ ပြည်သူရဲ့ ဆန္ဒပြတယ်၊ ကန့်ကွက်တယ် ဆိုတဲ့ပုံနဲ့ မြင်လို့ရတယ်။ ဒါပေမဲ့ ပြောချင်တာက အဲ့တစ်ခုထဲနဲ့  ပွဲမသိမ်းနိုင်ဘူးပေါ့။ ဒါကိုစဥ်းစားဖို့ ပြောတာပါပဲ။ ပြီးတော့ ကျနော်ပြောလို့ CDM ဟာ ဆိုးကျိုးဖြစ်စေတယ်ဆိုတာ ဒါက ပြောရရင် ကျနော့်အနေနဲ့ အများကြီးမျှော်လင့်ခဲ့တာပါ။ ပြောရရင် ကျွန်တော်က Non Violent အကြမ်းမဖက်လမ်းစဥ်ကို အဓိကလေ့လာတယ်။ CDM က ပျက်ဆီးတဲ့လမ်းစဥ် မဟုတ်ပါဘူး။ ဒါပေမဲ့ CDM ကို အသုံးချမှုမှာ အယူအဆလွဲမှားမှုရှိခဲ့တယ်၊ CDM မှာ ပေးဆပ်မှုအရမ်းများတယ်လေ။ အင်မတန်ပေးဆပ်ရမှုတွေ ရှိခဲ့တယ်။ အဲ့ဒီ့ပေးဆပ်မှုကို ထိရောက်စေချင်ခဲ့ပါတယ်။ ထိရောက်ဖို့ကို မထိရောက်ဘဲနဲ့ အချင်းချင်းအပြန်အလှန်ပြောတဲ့နေရာမှာပဲ လမ်းဆုံးနေတာပေါ့။ အဲ့တာကို ကျနော် မဖြစ်စေချင်တာပါ။ အဲ့တာကို ပြောချင်တာပါ။ ဒါကို အဓိက ရည်ညွှန်းတာပါ။ အခြေအနေ ပေါ်မူတည်တယ်။ ပိုထိရောက်စေချင်တယ်။ ဒီ Non CDM ကိစ္စပေါ့နော်။ Non CDM တွေကို တစ်တန်း တည်းထားမှာလား။ ဘယ်လို ကျနော်တို့ အရေးယူမလဲ။ ဘယ်လိုတရားမျှတမှုထုတ်မလဲပေါ့။ ကျနော်တို့ ခုနက ပြောသလိုပဲ။ ဥပမာ ကျောင်းသား ကျောင်းသွားတက်တာပေါ့နော်။ အဲ့တာကို ဘယ်လို အရေးယူမှာလဲပေါ့လေ။ ဘယ်ပုဒ်မ ဘယ်ရှုထောင့်ကနေ အရေးယူမှာလဲပေါ့လေ။ ပြောရမှာပေါ့ အချက်အလက်နဲ့။ သူတို့ကို ဘာပြစ်မှုရှိလို့ အရေးယူမှာလဲ။ ဆိုတော့ အဲ့တာတွေကို ချက်ကျလက်ကျ ရှင်းပြဖို့ လိုတာပေါ့။ ခုလိုမျိုး တစ်ချို့ လော်ဘီတွေ ပြောနေကြသလိုမျိုး ပြည်သူ့တရားစီရင်မှုတို့ အဲ့ဒါ တွေကတော့ အဓိပ္ပါယ်လုံး၀မရှိဘူး။ ကျနော်တို့က ပြောရင် အချက်အလက်နဲ့ပြောရမှာပေါ့။ ဥပမာ လာဘ်စားတာလား၊ အကျင့်ပျက်တာလား၊ CDM တွေကို ဖိနှိပ်တာလား၊ Cyber bullying လုပ်တာလား ဘာလုပ်တာလဲပေါ့နော်။ အဲ့လို လုပ်တဲ့အချက်ကို ထိထိမိမိပြောပြီး တိုက်ခိုက်မှရမယ်။ Non CDM တစ်ခုလုံးကို ခြုံပြီးပြောနေသ၍ကတော့ အဖြေမရနိုင်ဘူးပေါ့နော်။ ဒီအုပ်စုနှစ်စုကြားထဲ ဘက်တွေကွဲပြီး တော့ ကျနော်တို့ အချင်းချင်းပဲ တိုက်ခိုက်နေကြတာ။ အာဏာရှင်တွေ အာဏာရှင်လက်ပါးစေတွေ သူတို့က အသာစီးပဲ၊ နောက်ကနေ နေနေတာပဲလေ။ ပြောရရင် မိုးကျရွှေကိုတွေကို ပိုပြီးတောင် တိုက်ခိုက်သင့်တာပဲလေ။ ကျနော်ကြည့်နေတာ သူတို့ကိုကျ သိပ်မပြောဘူး။ တကယ့်ပြသာနာတွေက မိုးကျရွှေကို တွေမှာ ရှိတာ။ CDM ကြောင့် ယန္တရားက ရပ်တန့်သွားတယ်။ ဒါပေမဲ့ သူတို့က အရေးပါတဲ့ နေရာတွေကို ဆက်ထိန်းထားပေးတယ်။ ဒီမိုးကျရွှေကိုတွေကို တိုက်ခိုက်ဖို့ကျ သိပ်မပြောဘူး။ ဥပမာ လာဘ်စားတဲ့သူတွေ ရှိတယ်၊ အခုချိန်မှာ လာဘ်စားပြီး ပိုပြီးပိုချမ်းသာနေတဲ့သူတွေ ရှိတယ်။ ဒီလူတွေ ကိုကျ သိပ်မပြောကြဘူး။ ကပ်ဖားယပ်ဖားလုပ်နေတဲ့သူတွေလည်း အများကြီးပဲ။ ဒါတွေကို ပြန်သုံးသပ် ဖို့ လိုတာပေါ့နော်။ Non CDM ဆိုပြီး အကျယ်ဖြန့်ပြီး ဝါးလုံးရှည်နဲ့ လိုက်ရမ်းနေသ၍ကတော့ ထိရောက်မှု နည်းတယ်ပေါ့။ ဒါကို စဥ်းစားဖို့ပြောတာပါ။ ပြီးတော့ ဒီ CDM တွေမှာ ခွဲခြားဆက်ဆံသင့်တယ်ဆိုတဲ့ စဥ်းစားချက်ကိုပေါ့။ အဲ့ဒီဟာကို CDM/ Non CDM ခွဲခြားမသတ်မှတ်သင့်ဘူး။ Non CDM ဆိုပြီး ဘောင်မခတ်သင့်ဘူးဆိုတာကို ကျနော် ထပ်ပြောပြလို့ ရတယ်။ ကျနော်တို့က အခုက ၁ နှစ် ပေါ့နော်။ ဒီ ၁ နှစ် မှာ စစ်တပ်ရဲ့ မတရားမှုတွေကို မျက်မြင်ခံစားခဲ့ရတယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့လိုမျိုး ခုဒီ မတိုင်ခင်မှာ ခံစားခဲ့ရသူတွေအများကြီးရှိတယ်။ အခုဆို ပင်လုံစာချုပ်ချုပ်ခဲ့တာ ၇၅ နှစ် ပြည့်ပြီ။ ကျနော်တို့ ပြည်မက အခုမှ အာဏာသိမ်းတာလေ၊ ပင်လုံဆို ဟိုးအစောကြီးကတည်းက ခုဆို ၇၅ နှစ် တောင်ရှိပြီ၊ တိုင်းရင်းသားတွေမှာဆိုရင် အာဏာသိမ်းခံရတာ၊ ရိုဟင်ဂျာဆိုလည်း ရိုဟင်ဂျာတွေကို သတ်ခဲ့တာပဲလေ။ မတရားတဲ့ ယန္တရားက ခုမှရှိတာ မဟုတ်ဘူး။ ဒီတော်လှန်ရေးမတိုင်ခင်ကတည်းက ရှိတာပေါ့နော်။ အဲ့ဒီ ယန္တရားကို ထောက်ခံနေကြတဲ့သူတွေ အများကြီးပဲ၊ ဒီထဲမှာလည်း အများကြီး ပါမှာပဲ၊ NLD လည်း ပါခဲ့တယ်။ အများကြီးပါခဲ့တယ်၊ အဲ့လိုလူတွေကို ဘယ်လိုအရေးယူမလဲပေါ့၊ အဲ့ကနေစပြီး စဥ်းစားရမှာ၊ ဒီကာလတစ်ခုထဲကို စဥ်းစားလို့ မရဘူး။ တပြေးညီ ဖြစ်ရမှာ၊ အဲ့တော့ အရေးယူမယ်ဆို အကုန်လုံးကို အရေးယူရမှာပဲ။

Share on facebook
Share on twitter
Share on telegram