Contents

ကိုမင်းသေ့ ( 0:05:50 to 0:20:07)

ကျွန်တော်က ပထမဆုံးဆွေးနွေးရတယ်ဆိုပေမဲ့ ကိုရဲထက်ပြောသွားတဲ့ မေးခွန်းအဖြေကိစ္စထက် ဆွေးနွေးချက်ပဲဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်က ခင်းပြီးအစဆွဲထုတ်တဲ့သဘောဖြစ်ပါတယ်။ ဒီမှာလည်း ဆွေးနွေးနိုင်တဲ့သူတွေ ပါဝင်တယ်လို့ ယုံကြည်တယ်လေ။ ကျွန်တော့်အမြင် ပထမပြောချင်တာက ဘာလဲဆိုတော့ NUG ရဲ့ တကယ်တမ်း Role က တော်လှန်ရေးတပ်ဦးပုံသဏ္ဍာန်လည်းဟုတ်သလို စင်ပြိုင်အစိုးရ အသွင်သဏ္ဍာန်လည်း ရှိနေတယ်ဆိုတဲ့သဘော၊ တကယ်တမ်းပြောရရင် Reality မှာတော့ဗျာ အစိုးရကဲ့သို့သော အစိုးရရဲ့ Function အပြည့်အဝကို ကျင့်သုံးနိုင်တဲ့အခြေအနေမျိုးတော့ မရှိသေးဘူး။ သို့သော် တော်လှန်ရေး ပုံသဏ္ဍာန်မျိုးကို ပိုပြီးကဲတယ်။ အဲဒီအခါမှာ ဘာဖြစ်လဲဆိုတော့ ပထမဆုံး ကျွန်တော်ပြောချင်တာက တော်လှန်ရေးတပ်ဦး ဆိုတဲ့ အနက်အဓိပ္ပါယ်က ဘာလဲဆိုတာကို သဲသဲကွဲကွဲသိနားလည်ဖို့ လိုတယ်လို့ထင်ပါတယ်။ ပြီးတော့ စင်ပြိုင်အစိုးရဆိုတဲ့ အနက်အဓိပ္ပါယ်ကဘာလဲဆိုတာကို သဲသဲကွဲကွဲ သိဖို့လိုတယ်။ 

ကျွန်တော့်အထင် ပထမဦးဆုံးပြောချင်တာက ဒီနှစ်ခုလုံးပူးတွဲပုံသဏ္ဍာန်ရှိနေတယ်။ ကျွန်တော်တို့က Theory အရ သော်လည်းကောင်း၊ Reality အရ သော်လည်းကောင်းကြည့်တယ်ဆိုရင် ကျွန်တော့်အထင် တော်လှန်ရေးက တစုံတရာ အောင်မြင်မှ အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို လုပ်နိုင်တဲ့အနေအထားပေါ့‌နော်။ နောက်ဆုံး ရာနှုန်းပြည့် မအောင်မြင်သေးဘူးဆိုရင်တောင်မှ တစ်ဝက်လောက်သော်လည်းကောင်း၊ သုံးပုံ၊ နှစ်ပုံလောက်သော်လည်းကောင်း စသဖြင့် အဲ့လိုမျိုး ခြေကုပ်ယူထားတဲ့ပုံသဏ္ဍာန်မျိုးရှိတဲ့အခါမှာ အစိုးရရဲ့ Function တွေကိုလည်ပတ်တာရှိတယ်။ သို့သော် အခုလောလောဆယ်ကတော့ မြန်မာပြည်ရဲ့ မြန်မာ Context လို့ဘဲပြောလိုရမလားမသိဘူး။ ဒီအခြေအနေကြောင့် နှစ်ခုပူးတွဲပုံသဏ္ဍာန်မျိုးနဲ့ တွေ့နေရတယ်လို ထင်တယ်။ ဒါက နံပါတ်တစ် အချက်ပေါ့။ 

ပြီးတော့ နောက်တခုက ဘာပြောချင်လဲဆိုတော့ ကိုရဲထက်တို့ Freedom Fighter Page မှာလည်း အဲဒီ Opinion မျိုးကိုရေးထားတာတွေ့ရတယ်။ ကျွန်တော် အဲဒီဟာလေးကိုဘဲ ကောက်နှုတ်ပြီးတော့ပြောချင်ပါတယ်။ ပြီးတော့ ကိုရဲထက်လည်း ပထမဆုံးနိဒါန်းပြောတုန်းက ပါတယ်ပေါ့လေ။ အဲ့တာက အထူးသဖြင့် တော်လှန်ရေးကို ဦးဆောင်နေတာက NUG မဟုတ်ဘူး၊ လူထုကဦးဆောင်နေတာလို ပြောတာရှိတယ်။ ကျွန်တော်လည်း ကြားဖူးတယ်။ By name နဲ့တော့ ကျွန်တော်မပြောချင်ပါဘူး။ အခု NUG ထဲက အခုတော်တော်များများ ဝေဖန်မှုများနေတဲ့ ဝန်ကြီးထဲကတစ်ယောက်ပါဘဲ။ တချို့တွေကတော့ သိမှာပါနော်။ ဘယ်သူပြောတာလဲဆိုတာ နာမည်မတပ်ချင်ပါဘူး။ အဲ့တော့ ကျွန်တော်က ဘာသွားမြင်လဲဆိုတော့ လူထုကိုဆွဲဆောင်တဲ့နေရာမှာတော့ ဒီလိုမျိုးစကားနဲ့ပြောရမှာပေါ့ဗျာ မှန်ပါတယ်။ သို့သော် တခုရှိတာက Real Politics လို့ခေါ်တဲ့ လက်တွေ့နိုင်ငံရေး မှာကြတော့ လူထုကဦးဆောင်နေတယ်ဆိုတာကို လုပ်လို့မရဘူး။ အထူးသဖြင့် လူထုကိုယ်တိုင်က အာဏာသိမ်းမှု ပြီးတော့ CRPH ပေါ်လာတယ်။ အဲဒီနောက်ပိုင်းမှာ NUG ပေါ်လာတယ်။ အဲဒီအခါမှာ ဆန္ဒပြသပိတ်တိုက်ပွဲ တွေမှာလည်း တွေ့ရမှာဖြစ်ပါတယ်။ အဲ့တာ ဘာလဲဆိုတော့ CRPH သည် ဒို့ရဲ့ကိုယ်စားပြုအစုအဖွဲဖြစ်ပါတယ်။ ပြီးတော့ NUG ဟာ ဒို့ရဲ့ကိုယ်စားပြုအစိုးရအဖွဲ့ ဖြစ်ပါတယ်ဆိုတာကို လူထုက ဆန္ဒပြသပိတ်မှာ သူတိုရဲ့ Opinion တွေ၊ သူတိုရဲ့ ယုံကြည်မှုတွေကို NUG အပေါ်မှာ၊ CRPH အပေါ်မှာ Mandate ပေးတဲ့ကာလက အာဏာသိမ်းမှုအပြီး တစ်လ၊ နှစ်လအတွင်းမှာ ရှိထားပြီးပါပြီ။ အဲ့လိုမျိုး လူထုက Mandate ပေးထားတဲ့၊ ကိုယ်စားလှယ်အနေနဲ့ ပေးထားတဲ့ NUG ဟာ သူ့ကိုယ်သူ ငါတို့က တော်လှန်ရေးကိုဦးဆောင်နေတာမဟုတ်ဘူး၊ လူထုကဦးဆောင်နေတာ ပါလို့ လူထုကြားထဲမှာ လူထုကိုစည်းရုံးတဲ့အနေနဲ့ ပြောတယ်ဆိုရင်တော့ ဒါကလက်ခံနိုင်ဖွယ်ရှိတယ်။ သို့သော် တကယ့် လက်တွေ့နိုင်ငံရေးမှာ ဒီလိုမျိုး လူထုကပဲ ဦးဆောင်နေတယ်ဆိုတဲ့ စကားလုံးကို ပြောလို့မရဘူး။ အထူးသဖြင့် လူထုဆိုတဲ့စကားလုံးက သိပ်ပြီးတော့ ယေဘုယျကျတယ်ပေါ့နော်။ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံရေးဆောင်းပါးတွေ တော်တော်များများရေးခဲ့သလို နိုင်ငံရေးသမားတွေနဲ့လည်း တော်တော်များများ ကျင်လည်ထိတွေ့တဲ့အခါမှာ နိုင်ငံရေးသမားတွေက လူထုကိုဆွဲဆောင်တဲ့အခါမှာဖြစ်ဖြစ် နိုင်ငံရေးစကားပြောတာ ဖြစ်ဖြစ် ယေဘူယျတွေသိပ်ပြောတယ်။ မှန်ပါတယ် နိုင်ငံရေးဆိုတာ ယေဘုယျတွေနဲ့ ပြော ပြီးတော့လုပ်ကြရတယ်။ သို့သော် Policy ကိစ္စတွေကို ပြောတဲ့၊ လုပ်တဲ့၊ စီမံခန့်ခွဲတဲ့အခါမှာ ဘာသွားတွေ့လဲ ဆိုတော့ ယေဘုယျတွေချည်းဘဲ ပြောလိုမရဘူး။ အဲ့တော့ ကျွန်တော်ထင်တာတော့ လူထုကို ဆွဲဆောင်စည်းရုံး တဲ့အခါမှာ လူထုကဦးဆောင်နေတာပါလို့ ပြောချင်ပြောလို့ရတယ်။ သို့သော် တကယ့်လက်တွေ့ကျကျ ဦးဆောင်တဲ့နေရာမှာ လူထုကဦးဆောင်နေတာပါ၊ ငါတို့က တော်လှန်ရေးအစိုးရ မဟုတ်ပါဘူးဆိုတဲ့ ပုံစံမျိုး၊ တော်လှန်ရေးခေါင်းဆောင်တွေမဟုတ်ပါဘူးဆိုပြီး ပြောတဲ့အယူအဆမျိုးက လက်တွေ့အရ မသင့်တော်ဘူးလို ကျွန်တော် ထင်တယ်။ ဒါက နံပါတ်နှစ်အချက်ပေါ့လေ။ 

ပြီးတော့ နောက်တခုရှိတာက နံပါတ်သုံးအချက်အနေနဲ့ ကျွန်တော် ပြောချင်တာက သိပ်မကြာခင်က ၂၀၂၂ ခုနှစ်ထဲမှာ စစ်ရေးရလဒ်ထွက်ပါ့မလားဆိုပြီး ကျွန်တော့်ရဲ့ စိုးရိမ်ချက်ပေါ့နော်။ သာမာန်လူထုတစ်ယောက်အနေနဲ့ ကျွန်တော်ကတော့စိုးရိမ်တယ်။ သို့သော် နိုင်ငံရေးနယ်ထဲမှာ တစုံတရာ ခြေလှမ်းခဲ့ဖူးတဲ့သူ၊ ခြေလှမ်းထားတဲ့သူ ဖြစ်တာကြောင့် ကျွန်တော်တိုက နိုင်ငံရေးသမားတွေရဲ့ အကျင့်ကိုလည်းနားလည်တယ်၊ သိနေတယ်။ သိနေတဲ့အခါမှာ ဘာလဲဆိုတော့ အားလုံးလည်း ကြားမှာပေါ့နော်၊ ၂၀၂၁ ကနေ ၂၀၂၂ ကို ကူးတဲ့အခါမှာ တော်လှန်ရေးစိတ်ဓာတ်ခွန်အားတွေကို သယ်လာတဲ့အနေနဲ့ တော်လှန်ရေးသမားတွေက လူထုကိုတက်ကြွအောင် Motivation တွေလုပ်ကြတယ်။ အဲ့တာတွေကလည်း တော်လှန်ရေးမှာ မလုပ်ရဘူးလားဆိုတော့ လုပ်ရမယ်။  သို့သော် တဖက်ကလည်း လက်တွေ့ကျတဲ့နိုင်ငံရေးမှာ ရလဒ်ထွက်ဖို့လိုတယ်။ ရလဒ်လို့ပြောတဲ့အခါမှာ အခုအားလုံးသိတယ်ပေါ့နော်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ အကြမ်းမဖက်သော နိုင်ငံရေးနည်းလမ်းနဲ့လည်း တိုက်ပွဲဝင်ကြတာဖြစ်သလို လူထုတိုက်ပွဲတွေ၊ ကုန်စည်တွေကို သပိတ်မှောက်တာတွေ၊ နိုင်ငံတကာ Pressure ပေးတာတွေ စသဖြင့် အဲဒီလိုမျိုးနည်းပေါင်းစုံတွေ လုပ်သလို တကယ့် လက်နက်ကိုင်တောလှန်ရေးလို့ခေါ်တဲ့ Armed Struggle ကိုလည်းသွားနေတယ်။ အဲ့တော့ ကျွန်တော်တို့ကတော့ နည်းပေါင်းစုံနဲ့ စစ်အာဏာရှင်ကို တိုက်နေတဲ့ပုံစံမျိုး ဖြစ်တယ်။ သို့သော် လက်ရှိအခြေအနေအရတော့ လက်နက်ကိုင်လမ်းစဥ်ဟာ အဓိကလမ်းစဥ်လိုဖြစ်နေတယ်။ အဲ့တော့ အဲဒီလမ်းစဥ်ကိုပဲ ဗဟိုပြုပြီးပြောသင့်တယ်လို ကျွန်တော်ထင်ပါတယ်။ ၂၀၂၂ ထဲမှာ စစ်ရေးရလဒ်ထွက်ပါ့မလားဆိုတဲ့ စိုးရိမ်ချက်ကို သာမာန်လူထုတစ်ယောက်အနေနဲ့ စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ NLD အစိုးရကာလကို သွားကြည့်တဲ့အခါမှာ ကျွန်တော်တို့ကိုယ်တိုင်လည်း ကျွန်တော်တို့မိတ်ဆွေတွေနဲ့ ထိတွေ့ပါတယ်။ အဲဒီအထဲမှာလည်း ကျွန်တော်တို့မိတ်ဆွေတွေ အများကြီးရှိပါတယ်။ ဘာတွေ့ရလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဟာ အတိုက်အခံပါတီအနေနဲ့ နှစ်ပေါင်းများစွာ ရှင်သန်ရပ်တည်လာခဲ့တာ၊ ၂၀၁၅ မှာ တကယ်တမ်းပြောရရင် မထင်မှတ်ဘဲလို့တော့ မပြောလိုပေမဲ့ နိုင်ငံရေးဖြေလျှော့ရေးကိစ္စရပ်တွေက တစုံတရာ ညှိနှိုင်းဆောင်ရွက်မှုတွေ အောင်မြင်ခဲ့လို သူဟာ Opposition Party ကနေ Ruling Party အဖြစ် အုပ်ချုပ်ခွင့်ရတဲ့အစိုးရနေရာကို ရောက်လာတယ်။ အဲဒီအခါမှာ ဒီချုပ်ကခေါင်းဆောင်တွေပြောတာကို ကျွန်တော်တိုကြားပါတယ်။ ဒို့က အာဘဲရှိတာပေါ့နော် ဏာမရှိဘူးတဲ့၊ အဲ့တော့ ဒိုကို အာဏာရတယ်၊ အာဏာရှိတယ်လို မပြောပါနဲ့တဲ့။ အဲ့တော့ RFA က ဦးခင်မောင်စိုး ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတဲ့အထဲမှာ သူတိုကို အာဏာပိုင်တွေလို သုံးနှုန်းတာကိုတောင်မှ ဒေါ်အောင်ဆန်းစုကြည်က သဘောမကျဘူးပေါ့နော်။ ကျွန်မတို့က အာဏာတကယ်မပိုင်သေးဘူးလို ပြောတာရှိတယ်။ အဲ့တော့ ဆိုလိုချင်တာက ဘယ်သူပဲဖြစ်ဖြစ် အကန့်အသတ်လေးရှိတာတော့မှန်ပါတယ်။ သို့သော် အုပ်ချုပ်သူအဆင့်ရောက်တဲ့အခါမှာ အတိုက်အခံ နိုင်ငံရေးသမားတွေက သူတို့ဖြတ်သန်းလာခဲ့တဲ့ အတိုက်အခံဗီဇကို မဖျောက်နိုင်တာတွေ့ရတယ်။ အဲ့တော့ ဘာလဲဆိုတော့ တကယ်တမ်း အုပ်ချုပ်သူနေရာကနေ စီမံခန့်ခွဲပြီးလုပ်ရမယ့်ကိစ္စတွေမှာ သူတိုကိုယ်တိုင်က အုပ်ချုပ်သူဟန်၊ အုပ်ချုပ်သူပုံသဏ္ဍာန်မပေါက်ဘဲနဲ့ အရင်တုန်းက အတိုက်အခံဗီဇအတိုင်း အတိုက်အခံစကား တွေကိုပဲ ပြောနေတာသွားတွေ့ရတယ်။ အဲဒီဟာနဲ့ အလားသဏ္ဍာန်တူ အခုမြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ဘာသွားတွေ့ရလဲဆိုတော့ နိုင်ငံရေးနယ်ထဲကလာတဲ့သူတွေက စစ်ရေးနယ်ကို ကူးပြောင်းသွားတယ်။ အဲ့တော့ နိုင်ငံရေးသမားတွေက လက်နက်ကိုင်တယ်လို့ပဲပြောရင် ရှင်းပါတယ်နော်။ တကယ်တမ်းပြောရရင် နိုင်ငံရေးရဲ့သဘောသဘာဝနဲ့ စစ်ရေးရဲ့သဘောသဘာဝက တူသလိုလိုနဲ့ မတူတာတွေအများကြီးရှိသလို ကွဲလွဲတာတွေလည်းရှိတယ်။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ နိုင်ငံရေးသမားတွေက စစ်ရေးအရဦးဆောင်မှုနေရာကို အခြေအနေအရ တွန်းပိုပြီး ရောက်လာတဲ့အခါ အဲဒီနိုင်ငံရေးသမားတွေ ကိုယ်တိုင်ကိုက နိုင်ငံရေးသမား အကျင့်မပျောက်တာ သွားတွေ့ရတယ်ပေါ့နော်။ စစ်ရေးဦးဆောင်မှုနေရာမှာ နိုင်ငံရေးစကားတွေကို လိုသည်ထက်ပိုပြီးတော့ ချင့်ချင့်ချိန်ချိန်မပြောဘဲနဲ့ လက်တွေ့မကျသော၊ နိုင်ငံရေးအသားပေးတဲ့ ပုံသဏ္ဍာန်မျိုးတွေနဲ့ လူထုကိုပြောတာ သွားတွေ့ရတယ်။ အဲ့ဒါတွေဟာဘာလဲဆိုတော့ ကိုယ်လျှောက်လှမ်းတဲ့လမ်းစဥ်နဲ့ လက်ရှိတည်နေဆဲအခြေအနေပေါ်မှာ မူတည်ပြီးတော့ ရလဒ်ထွက်အောင်လုပ်တဲ့နေရာမှာ ကျွန်တော်တို့ဟာ သဘောသဘာဝအားဖြင့် ခုနကလိုပေါ့နော် အုပ်ချုပ်သူနေရာမှာ အတိုက်အခံစကားပြောတယ်၊ စစ်ရေးအရ ဦးဆောင်ရမယ့်ကိစ္စတွေမှာ နိုင်ငံရေးစကားတွေပဲ တွင်တွင်ပြောနေတဲ့ကိစ္စတွေက သဘာဝမကျဘူးလို့ ကျွန်တော်ထင်တယ်ပေါ့လေ။ 

နောက်ဆုံး နိဂုံးချုပ်အနေနဲ့ လူထုကိစ္စကိုပဲပြောပါမယ်။ လူထုဆိုတဲ့စကားလုံးက ယေဘုယျသိပ်ကျတဲ့ စကားလုံးတွေလို့ ကျွန်တော်ထင်ပါတယ်။ တကယ်တမ်းပြောရရင် လက်တွေ့နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ လူထုကဦးဆောင်နေတာဆိုပြီး ယေဘုယျပြောဖို့မသင့်ဘူး။ လူထုနောက်မြီးဆွဲဖြစ်နေလို့မရဘူး။ ပြီးတော့ တော်လှန်ရေးမှာ တစုံတရာ Populism လိုအပ်တာ မှန်ပါတယ်။ သို့သော် အကန့်အသတ်နဲ့သာ လိုမယ်လို့ထင်ပါတယ်။ အဲ့ထက်ပိုလာမယ်ဆိုရင် တော်လှန်ရေးက ရလဒ်မထွက်ဘဲနဲ့ လူထုနောက်မြီးဆွဲ ဖြစ်သွားတတ်တယ်။ ပြီးတော့ ကျွန်တော် တခုကြောက်တာရှိတယ်။ အဲ့တာဘာလဲဆိုတော့ ကျွန်တော်တို့ ဆန္ဒပြတိုက်ပွဲတွေ အလွန်ပြင်းထန်တဲ့ ကာလနောက်ပိုင်းမှာ အကြမ်းဖက်ဖြိုခွင်းပြီး သတ်ဖြတ်ခံရသူတွေများပါတယ်။ များတဲ့အခါမှာ အခုနိုင်ငံရေးသမားဆိုသူတွေရဲ့သဘာဝ ဘာသွားတွေ့ရလဲဆိုတော့ အထူးသဖြင့် လူမှုကွန်ရက်မီဒီယာမှာပေါ့ဗျာ ပြည်သူပါရင်နိုင်မှာ၊ ပြည်သူမပါရင် ကျရှုံးမှာ ဆိုတဲ့စကားလုံးကို သုံးလာတယ်။  တခါတရံကျတော့ နိုင်ငံရေးသမားတွေက ဘာလုပ်တတ်လဲဆိုရင် ကိုယ်နိုင်ငံရေးအရ ညံ့ဖျင်းတာကို လူထုအပေါ်မှာ ထိုးချတာ။ လူထုမပါလို့ ဒို့ကရှုံးရတာဆိုတဲ့ ပုံသဏ္ဍာန်မျိုးတွေပြောလေ့ရှိပါတယ်။ ကျွန်တော်က အဲ့ဒါကို သိပ်ကြောက်ပါတယ်။ ကျွန်တော်တို့စာရေးသူ အနေနဲ့လည်း ဒီကိစ္စတွေကို သေချာမှတ်ထားပြီး ဒါက ရေးသားသင့်ရင် ရေးရမယ့်ကိစ္စတွေလို ထင်ပါတယ်။ နောက်ဆုံးအနေနဲ့ လူထုကိစ္စနဲ့ဘဲ အဆုံးသတ်ချင်ပါတယ်။ ကျွန်တော်တို့ရဲ့မိတ်ဆွေ ကိုတေဇာဆန်းက ဆွေးနွေးပွဲနှစ်ခုလောက်မှာပြောတယ်။ ဘာပြောလဲဆိုတော့ ဒီတိုက်ပွဲ၊ ဒီတော်လှန်ရေးက ဒီတခါမနိုင်ရင် လူထုအပြစ်မဟုတ်တော့ဘူးတဲ့။ တော်လှန်ရေးကိုဦးဆောင်နေသူ ဒို့တတွေရဲ့ အပြစ်ဖြစ်သွားပြီတဲ့။ အဲ့တော့ ဒိုတွေညံ့လိုမအောင်တာပေါ့နော်။ လူထုက ပါဝင်တယ်။ ထောက်ခံတယ်။ လူထုက တာဝန်ကျေတယ်။ ဆက်ပြီးလည်းကျေမယ်လို သူမျှော်လင့်တယ်ပေါ့နော်။ သူပြောခဲ့တဲ့စကားလေးကို ကျွန်တော်သိပ်ကြိုက်တယ်။ ဒါလေးကိုပြောရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ် ။

မစောဟန်နွေဦး ( 0:20:30 to 0:30:16 )

 အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ Transgender တဦးလည်းဖြစ်တယ်။ နိုင်ငံရေး၊ အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးတွေနဲ့ ပက်သက်ပြီးတော့ ဆောင်းပါးတော်တော်များများ ရေးခဲ့သလို နွေဦးတော်လှန်ရေးကဗျာတော်တော်များများကို ရေးသားထားပြီး စာရေးဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီကနေ့ ဒီခေါင်းစဥ်လေးနဲ့ပက်သက်ပြီးတော့ ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ခြင်းခံရတဲ့အတွက်လည်း အတိုင်းမသိ ညီကိုမောင်နှမတွေနဲ့အတူ ဝမ်းသာရပါတယ်။ ဆိုတော့ ဒီကနေ့ ဆွေးနွေးမယ့်ခေါင်းစဥ်လေးက NUG ကို Highlight လုပ်ထားတဲ့ NUG က တော်လှန်ရေးတပ်ဦးလား၊ စင်ပြိုင်အစိုးရလားဆိုတာပေါ့နော်။ ခုနက ဆရာမင်းသေ့ ပြောသွားတဲ့အထဲမှာ တော်တော်များများ ပြည့်ပြည့်စုံစုံ ပါသွားတယ်ပေါ့နော်။ ညီမတို့ရဲ့ NUG အစိုးရကို ပြန်ကြည့်လိုက်တဲ့အခါမှာ ညီမအနေနဲ့ပြောရရင် ဘယ်လိုပုံစံမျိုးတွေမြင်ရလဲဆိုတော့ NUG က စင်ပြိုင်အစိုးရဖြစ်လိုက်၊ တော်လှန်ရေးတပ်ဦးဖြစ်လိုက်ပေါ့နော်။ အားလုံးလည်း ဒီလိုမျိုးမြင်မိလိမ့်မယ်၊ တွေးမိလိမ့်မယ်လို့တော့ ကျွန်မလည်းထင်တယ်။ ဆိုတော့ အဲဒီမှာ FFM ရဲ့ တော်လှန်ရေးတပ်ဦးဆိုတာဘာလဲ၊ စင်ပြိုင်အစိုးဆိုတာဘာလဲဆိုတဲ့ စကားအတိုင်းဘဲ ခွဲခွဲခြားခြား သိထားဖို့လိုအပ်တဲ့အချက်ဖြစ်တယ်။ တော်လှန်ရေးတပ်ဦးနဲ့ စင်ပြိုင်အစိုးရဆိုတာကို ရောထွေးလို့မရဘူးဆိုတာသိမယ်ဆိုရင်တော့ ဒီဟာပေါ်မှာ ဆုံးဖြတ်ချက်ချလို့ရတယ်။ ညီမရဲ့အတွေးအမြင်ကတော့ ခုနကပြောသလို လက်ရှိမှာ ညီမတို့ရဲ့ NUG က စင်ပြိုင်အစိုးရဖြစ်လိုက်၊ တော်လှန်ရေးတပ်ဦးဖြစ်လိုက်ပေါ့။ ဒီနှစ်မျိုးထဲမှာ ဘာလိုလုံးလည်ချာလည် တွေလိုက်နေလည်းဆိုတော့ တော်လှန်ရေးတပ်ဦးဖြစ်ဖို့အတွက် လိုအပ်ချက်တွေအများကြီးရှိတယ်။ ဒါမှမဟုတ် လက်နက်ကိုင်လမ်းစဥ်နဲ့ပက်သက်ပြီးတော့မှ လိုအပ်ချက်တွေလည်းရှိမယ်၊ လက်နက်မဲ့တော်လှန်ရေးလမ်းစဥ် အတွက်လည်း လိုအပ်ချက်တွေအများကြီးရှိတယ်။ ဆိုတော့ တဖက်ကိုပြန်တွေးကြည့်ရင် စင်ပြိုင်အစိုးရဖြစ်ဖို့လည်း လူထုထောက်ခံမှုအများကြီးလိုအပ်တယ်။ ဆိုတော့ NUG က ဒီနှစ်မျိုး ကြားထဲမှာ လုံးလည်ချာလည်ရိုက်နေတယ်။ ဘယ်ဟာပါလို့ သီးသီးသန့်သန့်ကြီး တထစ်ချကြီး မှတ်ချက်ချလို့မရဘူး။ ကျွန်မကတော့ လက်ရှိမှာနိုင်ရာတာဝန်ထမ်းနေတဲ့ ပြည်သူထဲကပြည်သူတစ်ယောက် နိုင်ငံရေးသုံးသပ်သူ တယောက်အနေနဲ့ ညီမရဲ့သဘောထားကို ပြောပြတယ်ဆိုတာထက် ဆွေးနွှေးပေးခြင်း ဖြစ်ပါတယ်။ 

အဲ့တော့ စင်ပြိုင်အစိုးရဘက်ကို တချက်လောက်ပြန်လှည့်ကြည့်ရအောင်။ လက်ရှိမှာ စင်ပြိုင်အစိုးရလို ဘာလိုပြောလည်းဆိုရင် စင်ပြိုင်အစိုးရမှာက လူထုထောက်ခံမှုတွေလိုအပ်လာတယ်။ နောက် ဗျူရိုကရေယန္တရား အတိုင်း သွားရတာတွေရှိတဲ့အတွက် အခက်အခဲတွေ၊ လိုအပ်ချက်တွေရှိတယ်။ နောက်ပြီးတော့ လက်ရှိမှာက NUG တခုတည်းရှိတာမဟုတ်ဘူး။ ဆိုတဲ့ခါကျတော့ NUG နဲ့ ဆက်စပ်ဆက်စပ်ပြီးတော့မှ နွေးဦးတော်လှန်ရေးကာလ အတွင်းမှာ ပေါ်ပေါက်လာတဲ့ PDF တွေရှိတယ်၊ အဖွဲ့အစည်းတွေ ရှိတယ်။ တခြားတခြားသော တော်လှန်ရေးအတွင်းမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အဖွဲအစည်းတွေအများကြီးရှိတယ်ပေါ့နော်။ အဲဒီအချိန်မှာ NUG ကို ညီမတို့က PDF ဆိုတာနဲ့ သွားပြီးတွဲမြင်တာရှိတယ်။ အဲဒီလိုတွဲမြင်တဲ့အခါ နိုင်ငံရေးအပေါ်မှာ လေ့လာသုံးသပ်သူတွေကဘဲဖြစ်စေ၊ ပြည်သူလူထုကပဲဖြစ်စေ အားမလိုအားမရဖြစ်လာတာမျိုးတွေ၊ ဝေဖန်တာမျိုးတွေ ရှိလာတယ်။ NUG ရဲ့ ဝန်ကြီးတချို့ကလည်း လိုအပ်ချက်တွေရှိတယ်လေနော်။ အဲဒီလိုအပ်ချက် တွေကို သွားသွားမြင်ပြီးထုတ်ဖော်ဝေဖန်တဲ့အခါ ပြည်သူလူထုနဲ့ အစိုးရကြားထဲမှာ တချို့တချို့သော အရာတွေက စိတ်ဝမ်းကွဲမှုတွေဖြစ်စေတဲ့ ပုံစံမျိုးတွေ၊ နောက်ပြီးတော့ တဖက်နဲ့တဖက် အချေအတင်လိုမျိုး၊ အတွေးအမြင် မမျှတာမျိုးတွေ ဖြစ်လာတယ်ပေါ့နော်။ အဓိကကတော့ တဖက်က ညီမတို့ရန်သူကိုကြည့်တဲ့အခါ PDF တွေ၊ တော်လှန်ရေးမှာပါဝင်နေတဲ့အဖွဲအစည်းတွေဆိုတာက သူတို့အတွက် ကြီးမားတဲ့အဟန့်အတား ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က NUG ဆိုတဲ့အရာကို လုံးဝနိမ့်ပါးသွားဖို့ဘဲ၊ သူတို့အောက်ရောက်သွားဖို့၊ ပျောက်သွားဖို့ပဲ အရေးကြီးတယ်ဆိုတဲ့ပုံစံမျိုး လိုချင်တာဖြစ်တဲ့အတွက် NUG ဆိုတဲ့အရာကြီးရှိနေရင် သူတို့အတွက် အများကြီး အဟန့်အတားဖြစ်နိုင်တယ်။ ဘာလိုလဲဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ အစိုးရတရပ်ဆိုတာက လုံးဝမဖြစ်မနေရှိပေးမှရမယ်။ ဆိုတဲ့ခါကြတော့ ပြည်သူလူထုဘက်မှာရပ်တည်တဲ့ NUG ဆိုတဲ့အစိုးရကို ပြည်သူလူထုကထောက်ခံထားတယ်။ ညီမတို့က ဒီနေရာမှာ ပြောဆိုတဲ့အခါမျိုးမှာဖြစ်စေ အတွေးအမြင်တွေက  မျှတဖို့အရေးကြီးတယ်။ ဒီခေတ်ကာလမှာ မီဒီယာအခန်းကဏ္ဍက အရမ်းထိရောက်လာတဲ့ အတွက် သတင်းအချက်အလက်တွေ၊ ဆက်သွယ်မှုနည်းပညာတွေက လွယ်လွယ်ကူကူ ထွန်းကားနေတာ ဖြစ်တဲ့အတွက် တဖက်က ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကလည်း သတင်းအချက်အလက်စီးဆင်းမှုကို အရမ်းလိုချင်တယ်။ ဆိုတဲ့ခါကြတော့ ဒီအရာတွေကို သူတိုရဲ့မဖြစ်စလောက်ပိုင်ဆိုင်ထားတဲ့ MRTV ၊ MWD တို့လိုမီဒီယာတွေ၊ မြန်မာ့အလင်းတို့လို စာစဥ်တွေနဲ့ ထိုးဖောက်လို့မရဘူး။ ဒါက NUG အတွက်ရော၊ ပြည်သူလူထုအတွက်ရော အားသာချက်တခု ဖြစ်တယ်။ ဒီသတင်းအချက်အလက်စိမ့်ဝင်စေမှု၊ စီးဆင်းစေမှုတွေကို ကျွန်မတို့က ဂရုစိုက်ထိန်းသိမ်းပေးရမယ်။ 

အချုပ်ပြန်ပြောရရင် တော်လှန်ရေးကာလမှာ အစိုးရနဲ့ပြည်သူလူထုဟာ အပေးအယူမျှနေဖို့ အဓိကအရေးကြီးတယ်ပေါ့နော်။ ကိုယ်ကတော့ နိုင်ငံရေးပေါ်မှာ လေ့လာသုံးသပ်နေသူလည်း ဖြစ်တယ်၊ လက်ရှိမှာလည်း မတရားမှုကိုကိုယ်တိုင်က တော်လှန်နေတဲ့သူလည်းဖြစ်တဲ့အတွက် ကိုယ့်အတွေးအမြင်အတိုင်း ပြောရမယ်ဆိုရင် လူတိုင်းလူတိုင်းမှာ အရေးကြီးဆုံးက နိုင်ရာတာဝန်ပေါ့နော်။ ဒီစကားလေးနဲ့ပဲ အချုပ်ပြောချင်ပါတယ်။ ကြီးကြီးကျယ်ကျယ်တွေ ချဲ့ကားပြီး ဘာကြီးပါလို့သတ်မှတ်နေတာထက် NUG အစိုးရအနေနဲ့ကော ဒီဖက်က ပူးပေါင်းပါဝင်နေတဲ့ပြည်သူလူထုအနေနဲ့ကရောက နိုင်ရာတာဝန်ထမ်းပြီး ပါဝင်ပူးပေါင်းပေးကြမယ်ဆိုရင် သင့်တင့်လျောက်ပတ်တဲ့ လူမှုအသိုင်းအဝိုင်း၊ လိုချင်တဲ့ စစ်မှန်ပြည့်ဝတဲ့အရာတွေကို ရရှိပိုင်ဆိုင်လာမယ်လို ထင်ပါတယ်။ NUG အနေနဲ့က တော်လှန်ရေးတပ်ဦးလား၊ စင်ပြိုင်အစိုးရလားဆိုတာကို ကိုယ်တိုင်က စဥ်းစားဖို့လိုသလို အမြဲတမ်း အတွေးအမြင်တွေမျှတဖို့က  တော်လှန်ရေးကာလအတွင်းမှာရော တော်လှန်ရေးအလွန်မှာပါ ပိုပြီးတော့အရေးကြီးပါတယ်။ ပြန်ပြီးပြောရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာက ပြည်သူလူထုကလက်ခံထားတဲ့ အစိုးရတရပ်ကတော့ မဖြစ်မနေရှိမှရမယ်ဆိုတာကို နိဂုံးချုပ်အနေနဲ့ ပြောချင်ပါတယ်ရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

ကိုရဲထက် ( 0:30:16 – 0:31:27)

ဒီမှာဆရာမကော ကိုမင်းသေ့ကော ဆွေးနွေးထားခဲ့တဲ့အတိုင်း NUG မှာက စင်ပြိုင်အစိုးရကော တော်လှန်ရေးတပ်ဦးကော ရဲ့ အင်္ဂါရပ်တွေရှိနေတယ်။ ဒါကြောင့်လည်း တော်လှန်ရေးအစိုးရလို့ ခေါ်ကြတာပေါ့။ ဒီဆွေးနွေးပွဲကတော့ တဖက်ဖက်ကိုပဲရှိရမယ် ဆိုပြီးခွဲခြားဖို့တော့ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်ဖက်မှာပိုရောက်နေတယ်၊ ပိုအလေးထားနေတယ်ဆိုတာကို ဆွေးနွေးဖို့ဖြစ်ပါလိမ့်မယ်။ 

ကိုသက္ကမိုးညို ( 0:31:27 to 0:40:55 )

 အမှန်ကတော့ ကျွန်တော်က နားထောင်ဖို့လာရင်းနဲ့ ဝင်ပြောရတာပေါ့နော်။ သိပ်ပြောဖို့တော့ အစီအစဥ်မရှိဘူး။ ဒါပေမဲ့ ဒီလိုလေးလုပ်ပေးတဲ့ ခေါင်းစဥ်လေးကို အင်မတန်သဘောကျလို့ ဝင်ပြီးတော့ Join လိုက်တာပေါ့နော်။ ဘာလိုလဲဆိုတော့ NUG နဲ့ပက်သက်ပြီးတော့ ဝေဖန်သံတွေလည်း ညံနေတာရှိသလို ထောက်ခံသံတွေလည်း ညံနေတာအများကြီးရှိပါတယ်။ အဲ့တော့ ကျွန်တော်တိုက ဒီလိုခွဲဖို့လိုလား၊ မလိုလားဆိုတာ ပြန်စဥ်းစားရမယ်။ ကျွန်တော့်အမြင်ကတော့ NUG သည် စင်ပြိုင်အစိုးရလား၊ တော်လှန်ရေးတပ်ဦးလားဆိုတာမျိုး ခွဲမှကိုရလိမ့်မယ်။ ဘာလိုဆို ကျွန်တော်ဘာပြန်စဥ်းစားမိလဲဆိုတော့ ဖွဲစည်းပုံသည် Function ဆိုတဲ့ လုပ်ငန်းဆောင်တာကို ဦးတည်ပြီးတော့မှ ဖွဲစည်းရတာဖြစ်တယ်။ အဲ့တော့ NUG နဲ့ပက်သက်ပြီးတော့ NUG သည်ဘာလုပ်မှာလဲဆိုတဲ့ မေးခွန်းဝင်လာတယ်။ ဝင်လာတဲ့ခါကျတော့ NUG ရဲ့ဖွဲစည်းပုံသည် ကျနော့်အမြင် တော်လှန်ရေးအစိုးရရဲ့ ဖွဲစည်းပုံထက် သာမန်အစိုးရရဲ့ဖွဲစည်းပုံဘက်ကို ပိုယိုင်နေတယ်။ ဘာဖြစ်လိုလဲဆိုတော့ NUG သည် တော်လှန်ရေး တိုက်ခိုက်တဲ့နေရာမှာ တကယ်တမ်းလိုအပ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊   ပြည်ထဲရေးဝန်ကြီးဌာန လိုမျိုးတွေတင်မကဘဲ တဖက်က ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ် စတဲ့ဝန်ကြီးဌာနတွေကိုပါဖွဲစည်းထားတယ်။ အဲ့တော့ ဒီဝန်ကြီးဌာနတွေသည် တော်လှန်ရေးကာလမှာ လိုအပ်သလား၊ မလိုအပ်ဘူးလား။ ကျွန်တော်တစ်ဦးတည်းအမြင်အရတော့ ဒီဟာတွေသည် မလိုသေးဘူး။ မလိုသေးပေမဲ့ သူတို့ဘာလိုဖွဲ့ထားလဲ ဆိုတာ စဥ်းစားကြည့်တော့ NUG သည် သူ့ရဲ့ဖွဲစည်းပုံကိုက စင်ပြိုင်အစိုးရဘက်ကို နည်းနည်း နွယ်နေတယ်လိုခံစားမိတယ်။ ဒါပေမဲ့  ရှေ့ကပြောသွားတဲ့ ဆရာမင်းသေ့၊ ဆရာမစောဟန်နွေဦးတို့ ပြောသွားတဲ့ စကားတွေနဲ့ပက်သက်ပြီး နောက်ထပ်စဥ်းစားမိတာက Dimension – အချိန်ကို ထည့်မစဥ်းစားမိကြဘူး။ NUG သည် ပထမပိုင်းမှာ တော်လှန်ရေးအစိုးရဘက်ကဲရမယ်၊ တော်လှန်ရေးတပ်ဦးဖြစ်ရမယ်။ ဘာလိုလဲဆိုတော့ တော်လှန်ရေးကာလဖြစ်တယ်လေ။ တော်လှန်ရေးကာလကနေ တဖြည်းဖြည်းအောင်မြင်သွားတဲ့အခါ အစိုးရဖွဲစည်းပုံကို ပြန်ပြီးတော့ Dimension အရပြောင်းသွားတာမျိုး ကျွန်တော်တို့က ပိုပြီးတော့သဘောကျတယ်။ ဒါပေမဲ့  ဝန်ကြီးဌာနတွေကြိုဖွဲ့ထားတယ်။ ဒီဝန်ကြီးဌာနတွေက ပုံမှန်အစိုးရလို လုပ်နေလို့ရှိရင် တဖက်မှာ တော်လှန်ရေးကို အားစိုက်နိုင်မှုနည်းသွားမလား ပြန်စဥ်းစားရတယ်။ ဥပမာ ကျန်းမာရေးဝန်ကြီးဌာနဆိုရင် ကာကွယ်ဆေးတွေထိုးပေးဖို့ ကြိုးစားရတယ်၊ သူနာပြုတက္ကသိုလ်ဖွင့်တယ်ဆိုတာမျိုးတွေလုပ်တယ်ပေါ့နော်။ ဒါတွေသည် တကယ်တမ်း လိုပြီလား၊ မလိုသေးဘူးလား။ စဥ်းစားစရာတွေကတော့ အများကြီးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်က တော်လှန်ရေးအချိန်မှာ တော်လှန်ရေးတပ်ဦးဖြစ်နေရမယ်၊ တော်လှန်ရေးတဖြည်းဖြည်း အောင်မြင်လာမှ အစိုးရဘက်ကိုပိုသွားတာမျိုးကို ပိုကြိုက်တယ်။ ဒါပေမဲ့ တော်လှန်ရေးတပ်ဦး ဖြစ်နေ၊ မနေဆိုတာလည်း စဥ်းစားဖို့ရှိတယ်။ ခုနက ကိုမင်းသေ့က လူထုလို့သုံးတယ်။ ကျွန်တော်ကတော့ အမေစုပြောတဲ့စကားပေါ်မူတည်ပြီး ပြည်သူလိုသုံးချင်တယ်။ ဘာလဲဆိုတော့ ပြည်သူရဲ့ဦးဆောင်မှုနောက်ကိုပဲ NUG ကလိုက်နေရသလို ကျွန်တော်ကခံစားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူကလမ်းပေါ်ထွက်တဲ့အချိန်မှာ သူတို့က “စု၊ရွေး၊လွှတ်” ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်မယ်၊ လွှတ်တော်ပြန်ကျင်းပမယ်ဆိုပြီး ဦးလှည့်နေကြတယ်။ ပြည်သူကကျ လမ်းပေါ်မှာ စစ်အာဏာရှင်ပြုတ်ကျရေး ကြွေးကြော်နေတယ်။ တခါ လူထုက ခုခံကြ၊ခုခံကြဆိုတော့လည်း သူတိုက နည်းနည်းလေး နောက်ကျ၊ နောက်ကျနေခဲ့တယ်။ ပြည်သူက ရှေ့အမြဲတမ်းရောက်နေတဲ့အတွက်ကြောင့် တော်လှန်ရေးဦးဆောင်မှု၊ နိုင်ငံရေးဦးဆောင်မှုကို သူတို့က တကယ်တမ်းလုပ်နိုင်ပါရဲ့လားဆိုတဲ့ အတွေးက ဝင်ဝင်လာတယ်။ ပြည်သူနောက်ကပဲ ကိုမင်းသေ့ပြောသလို နောက်မြီးဆွဲလိုက်နေတယ်။ ပြည်သူကရှေ့ရောက်ပြီး သူတို့က နည်းနည်းလေးနောက်ကျနေခဲ့ပြီး အထလေးတဲ့သဘောရှိတယ်ပေါ့နော်။ ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်တစ်ယောက်တည်း အမြင်အရ တချိုနေရာတွေကကျတော့ NLD ရဲ့ Mindset တွေအတိုင်း အထနှေးတယ်၊ ကိုယ့်လူနဲ့ကိုယ်ပဲ လုပ်တတ်တယ်၊ ဘေးလူဝင်မှာကို နည်းနည်းကြောက်တယ်၊ အကြံပေးရင် သိပ်ပြီးမလုပ်ချင်ဘူးဆိုတာတွေ ရှိတတ်တယ်ပေါ့နော်။ တချိုတွေပါ၊ တချိုကြတော့လည်း မဟုတ်ပါဘူး။ 

အဲ့တော့ ပြန်ကောက်ရရင် NLD Mindset နည်းနည်းဖျောက်ပြီးကာမှ NUG သည် ရှေ့ပိုင်းမှာ တော်လှန်ရေးအစိုးရဖြစ်စေချင်တယ်၊ တပ်ဦးမှာရှိစေချင်တယ်။ ဦးဆောင်ပြစေချင်တယ်။ သို့သော်လည်း တပ်ဦးမှာ ရှိမနေဘူးပေါ့နော်။ တပ်ဦးကို ပြည်သူကတော့တွန်းတင်နေတယ်။ တွန်းတင်ပေမဲ့လည်း ရှေ့ကိုတက်မလာဘဲ နည်းနည်း နောက်ကိုရောက်နေတယ်ပေါ့နော်။ ဒါကလည်း ခုနက ကိုမင်းသေ့ပြောတဲ့စကားအတိုင်းဘဲ နိုင်ငံရေးသမားဘဝကနေ တော်လှန်ရေးသမားဘဝကို ရောက်တဲ့အခါမှာ နဂိုအကျင့်ဟောင်းက ဖျောက်နိုင် ခဲတာမျိုးတွေရှိတတ်တယ်။ နိုင်ငံရေးအလုပ်နဲ့ပဲ အောင်မြင်မယ်လိုတွေးမိတာမျိုး ရှိတတ်တယ်။ နောက်တခုကဘာလဲဆိုတော့ NUG နဲ့  ပြည်သူကြားမှာ တခါတခါဖြစ်တတ်တာက နားလည်မှုတွေ ဟနေတတ်တယ်။ တချိုကိစ္စတွေက လျှို့ဝှက်ရမှာတွေရှိတယ်၊ တချိုကိစ္စတွေကကျတော့ ပြည်သူလူထု သိသင့်တာမျိုးတွေလည်းရှိနေတယ်။

အဲ့တော့ အဲဒီနှစ်ခုအကြားက အဟကို ပြေအောင် ဖြေပေးမယ့် ပြန်ကြားရေးတာဝန်ခံ တစ်ယောက်မရှိဘူးဖြစ်နေတယ်။ တချိုကိစ္စတွေက လျှို့ဝှက်ရမယ်ဆိုတာ မှန်ပါတယ်။ စစ်ရေးလျှို့ဝှက်ချက်တွေ ရှိတယ်၊ ဘဏ္ဍာရေးဆိုင်ရာလျှို့ဝှက်ချက်တွေရှိမယ်၊ ကြိတ်ပြီးလုပ်ရမယ့်ဟာတွေရှိတယ်။ သိုသော် ပြည်သူကကျတော့ NUG ဘာလုပ်နေလဲဆိုတာသိချင်တယ်။ သိချင်တော့ အဲဒီနှစ်ခုကြားကအဟကို ဖြေပေးမဲ့သူက မရှိဘူး။ တခါတခါကျတော့ ဝေဖန်သံတွေညံလာတာပေါ့။ ညံလာလိုရှိရင် တချိုသောသူတွေ များသောအားဖြင့် လော်ဘီတွေက Fan များရင် အမှန်တရားဖြစ်သွားတာကိုး။ သူတို့တွေက ပြည်သူနဲ့ NUG ကြားကအဟကို ဆွဲကပ်ပြီး နားလည်အောင်လုပ်ပေးရမဲ့အစား အားနည်းသူကိုဖိနှိမ်ချပြီး မင်းမပြောနဲ့၊ ပြောလို့ရှိရင် မင်းကသွေးခွဲတဲ့ကောင်၊ တော်လှန်ရေးကို မအောင်မြင်စေချင်တဲ့ကောင်၊ မင်းကဘောမဘဲဆိုပြီး တံဆိပ်ကပ် ပေးလိုက်တယ်။ အများစုက တော်လှန်ရေးအောင်ချင်တာပေါ့၊ ကျွန်တော်လည်းအောင်ချင်တယ်လေ။ အောင်ချင်တော့ Fan များတဲ့သူတွေက ဒီကောင်တကယ်များ ဒလန်ဖြစ်နေပြီလားဆိုပြီး ဝိုင်းဆဲကြဆိုကြတော့ များသောအားဖြင့် ပြည်သူစစ်စစ်တွေရဲ့အသံကမထွက်ဘဲနဲ့ သူတို့ဘက်ကအသံပဲ ကျယ်သွားတယ်။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ NUG သည် တကယ့်ပြည်သူရဲ့အသံစစ်စစ်ကို ကြားမှကြားပါလေစဆိုတာမျိုး ဖြစ်လာတယ်။ လူအများစုရဲ့ တော်လှန်ရေးမအောင်မြင်မှာစိုးတဲ့စိတ်ကို လက်နက်အဖြစ်သုံးပြီးကာမှ မှန်ကန်ရိုးသားစွာ ဝေဖန်တဲ့သူကို တိုက်ခိုက်တယ်။ အဲ့ဒါက တကယ်တမ်း NUG အတွက်ရော ပြည်သူအတွက်ပါ အန္တရာယ်ကြီးတယ်။ ဘာလိုလဲဆိုတော့ ကျွန်တော်တို့ဟာ တော်လှန်ရေးအောင်ဖို့ဆိုရင် Legimate Body ခေါ်တဲ့ တရားဝင်အစိုးရတရပ် ဖြစ်လာမှကိုရအုံးမှာဖြစ်တယ်။ ဖြစ်လာဖို့အတွက် လောလောဆယ်မှာ အင်အားအကောင်းဆုံးက NUG ပဲရှိသေးတာ။ နောက်တခုက ဘယ်သူမှမရနိုင်တဲ့ တဖက်က CRPH ရဲ့ထောက်ခံမှုနဲ့တက်လာတယ်။ CRPH သည် ပြည်သူလူထုက မဲပေးထားသော လွှတ်တော်အမတ်တွေကနေတဆင့် လာတယ်။ အဲဒီအတွက်ကြောင့် NUG သည် တရားဝင်မှုကို အလိုလိုရနေတာဖြစ်တယ်။ ဒါပေမဲ့ တဖက်ကလည်း ရနေတဲ့တရားဝင်မှုကို မြေပြင်ကနယ်မြေပိုင်စိုးမှုနဲ့ ပြန်တွဲနိုင်ရမယ်။ အခုလောလောဆယ်တော့ နည်းနည်းခက်နေလိမ့်မယ်။ 

ပြန်ပြောရမယ်ဆိုရင် NUG ကို တော်လှန်ရေးတပ်ဦးနေရာမှာ ရှိစေချင်တယ်။ အခုအပိုင်းမှာ တပ်ဦးကနေပြီး လူထုကိုဦးဆောင်မှုပေးစေချင်တယ်။ ဒါပေမဲ့ ဖွဲစည်းပုံအရ NUG သည် စင်ပြိုင်အစိုးရလိုဖွဲစည်းထားတယ်။ တော်လှန်ရေးအစိုးရလို ဖွဲစည်းထားတာမဟုတ်ဘူးဖြစ်နေတယ်။  အခုကာလသည် တော်လှန်ရေးကာလ ဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးအစိုးရအတိုင်း ဖွဲစည်းပြီးကာမှ တဖြည်းဖြည်းချင်း စင်ပြိုင်အစိုးရပုံစံမျိုး ဝန်ကြီးဌာနတွေချဲ့ထွင်သွားတာကို ကျွန်တော်တို့ကပိုဖြစ်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Desmond Doss (0:41:15 to 0:45:50 )

ကျွန်တော် Doss ပါ။ ကျွန်တော်ကတော့ လောလောဆယ်မှာ အစိုးရနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကမဟုတ်ဘူး။ မြေပြင်အဖွဲအစည်းတွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကပါ။ အမျိုးသားညီညွတ်ရေးအစိုးရက တော်လှန်ရေးတပ်ဦးလား၊ ဒါမှမဟုတ် စင်ပြိုင်အစိုးရလားဆိုတဲ့နေရာမှာ သူတိုရဲ့ Mindset ထဲမှာတော့ သူတို့က တော်လှန်ရေးတပ်ဦး ဖြစ်ချင်တယ်၊ တည်ဆောက်တဲ့နေရာမှာတော့ စင်ပြိုင်အစိုးရဲ့ အစိတ်အပိုင်းတွေနဲ့ တည်ဆောက်ထားတယ် ပေါ့ဗျာ။ စိတ်ကတော့ တော်လှန်ရေးတပ်ဦးဖြစ်ချင်ပေမဲ့ သူတိုရဲ့ Body ကြီးတစ်ခုလုံးက စင်ပြိုင်အစိုးရဘက် ရောက်နေတယ်ပေါ့။ အဓိကကတော့ အဲဒီဟာပေါ့ဗျာ။ နောက်တခုက စင်ပြိုင်အစိုးရ ဖြစ်နေပေမယ့် ဘယ်လို ဖြစ်နေလဲဆိုတော့ စင်ပြိုင်အစိုးရဲ့ လုပ်ငန်းစဥ်တွေကိုလည်း မဖော်ဆောင်နိုင်ပြန်ဘူး။ အဓိကပြဿနာက အဲ့တာပေါ့ဗျာ။ ကာကွယ်ရေးဝန်ကြီးဌာနတွေ၊ ဘာတွေပြီးတွေပြီးရင် ကျန်းမာရေးဝန်ကြီးဌာနတွေ၊ လျှပ်စစ်နဲ့ သယံဇာတဝန်ကြီးဌာနတွေ စသဖြင့် မလိုအပ်တဲ့ဝန်ကြီးဌာနတွေ အများကြီး ဖွဲ့ထားတယ်။ ဒီဟာတွေက ခုချိန်မှာ မလိုအပ်သေးဘူး၊ နောင်တချိန်ကျရင် လိုအပ်လာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် တိုးချဲ့ဖွဲစည်းရမယ့်ဟာတွေကို ခုကတည်းက စပြီးဖွဲစည်းထားတယ်။ နောက်တခုကကြတော့ ကာကွယ်ရေးဝန်ကြီးဌာနပေါ့။ ကာကွယ်ရေး ဝန်ကြီးဌာနက လက်ရှိအခြေအနေအရ လက်နက်ကိုင်တော်လှန်ရေး လုပ်ငန်းစဥ်တွေကို စပြီးလုပ်နေရတဲ့ ကာလဖြစ်တယ်။ ကာကွယ်ရေးဝန်ကြီးဌာနက Government Body အနေနဲ့ရပ်တည်မယ်ဆိုရင်တောင်မှ သူတို့ Government Body တခုဖြစ်မလာသေးဘူး။ အဲ့တော့ တော်လှန်ရေးတပ်ဦးဖြစ်ဖို့ ကျွန်တော်မပြောသေးဘူး။ စင်ပြိုင်အစိုးရဖြစ်မှုကိုပင် သူတိုမလုပ်နိုင်သေးဘူး။ ကျွန်တော်အမြင် လောလောဆယ်ကာလမှာ ဟိုမကျ၊ ဒီမကျ အနေအထားမျိုး ဖြစ်နေတယ်ပေါ့ဗျာ။ 

နောက်တခုကကျတော့ ကျွန်တော်တို့က မြေပြင်နဲ့အနီးစပ်ဆုံးရှိတဲ့ အနေအထားမျိုးမှာ လူထုက တာဝန်ကျေလာပြီ၊ လူထုက အမြဲကျေအုံးမှာဘဲ၊ တော်လှန်ရေးအစကတည်းကနေကြည့်လိုက်ရင် တာဝန်ကျေသထက်ကို ကျေနေပြီပေါ့ဗျာ။ ဆိုတော့ မနှစ်ကအခြေအနေကိုပြန်ကြည့်ရင် ကျွန်တော်တိုက လမ်းပေါ်သပိတ်တိုက်ပွဲတွေစလာပြီ။ သူတို့ကဆရာသက္ကမိုးညိုပြောသလိုပဲ စု၊ရွေး၊လွှတ် ဆိုတဲ့ Line ကိုတင်တယ်။ လူထုကတော့ လမ်းပေါ်မှာ အာဏာရှင်စနစ်ကျဆုံးရေးပေါ့။ အဲဒီကနေတဆင့် ဘယ်ကိုရောက်သွားလဲဆိုတော့ လမ်းပေါ်မှာ ငါတိုကိုလာမထိနဲ့၊ လာထိရင်ကိုင်မယ်ဆိုတဲ့အထိဖြစ်လာပြီ။ ဆိုတော့ အဲ့အခြေအနေအထိကို ဒီဘက်ကအစုအဖွဲတွေက ကိုင်မယ်၊ ပြုမယ်ဆိုတာကို လက်မခံသေးဘူး။ အကြမ်းမဖက်ဖို့၊ လက်မပါဖို့ စသဖြင့် အဲဒီဟာတွေထိ ဖြစ်လာတယ်။ အဲဒီ့အပြင် ကျော်လွန်ပြီးတော့မှ လမ်းပေါ်မှာ ငါတိုကိုလာထိရင်ချမယ်လို ကြွေးကြော်ခဲ့တဲ့ပုဂ္ဂိုလ်တွေက မြို့ပေါ်မှာအခြေအနေမဟန်တော့ဘူး၊ ငါတို လက်နက်ကိုင်မှရတော့မယ်၊ လက်နက်ကိုင်တော်လှန်ရေးက ငါတိုကိုခေါ်နေပြီဆိုပြီး ကူးပြောင်းသွားတဲ့ အခြေအနေမျိုးမှာလည်း ဒီဘက်က အစိုးရလိုအမည်ခံထားတဲ့ ပုဂ္ဂိုလ်တွေက Government Body ကြီးကို အသည်းအသန်တည်ဆောက်နေတယ်။ ဒီဘက်က ကျောင်းသားတို့၊ လူငယ်တို့၊ လူထုတွေက လက်နက်ကိုင်တော်လှန်ရေးကို စတင်ဖို့အတွက် လုပ်ကိုင်နေကြပြီပေါ့ဗျာ။ အစိုးရက ပါမလာသေးဘူး၊ ပြောရရင်တော့ လူထုနောက်မြီးဆွဲနေတယ်ပေါ့ဗျာ။ တော်လှန်ရေးတောက်လျှောက်မှာ အစိုးရကို ကျွန်တော်တို့လူထုက ဆွဲခေါ်လာရတယ်။ ခုချိန်ထိကိုပဲ ကျွန်တော်တို့ကို ဦးဆောင်နိုင်မှု မပေးသေးဘူး။ နောက်တခုကကျတော့ နိုင်ငံတကာစစ်မျက်နှာဘက်ကို အာရုံစိုက်နေတာများတယ်။ အဓိက သူတိုကိုယ်သူတို တပ်ဦးဆိုတဲ့ သဘောတရားကိုမေ့ပြီး အစိုးရလို ကျင့်ကြံပြီးတော့ နိုင်ငံတကာဘက်ကို အားထည့်နေတယ်။ ကျွန်တော့်အမြင်ကတော့ ရှင်းတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက တပ်ဦးလည်းမဟုတ်ပြန်ဘူး၊ စင်ပြိုင်အစိုးရလားဆိုတော့လည်း မဟုတ်ပြန်ဘူး၊ ကြားကျနေတဲ့ပုံစံမျိုးဘဲ ဖြစ်နေလိမ့်မယ်။

ဦးထွန်းအောင်ကျော် (0:46:15 to 0:54:48 )

ကျွန်တော် ထွန်းအောင်ကျော်ပါ။ ကျွန်တော်က ၇၄ မျိုးဆက်ပေါ့နော်။ ကျွန်တော့်ရေးခဲ့တာတွေလည်း အများကြီးရှိသလို အပြုသဘောဝေဖန်ဖို့ ဒီလိုလုပ်ပေးတာကို ကျွန်တော့်အနေနဲ့ သဘောလည်းကျတယ်၊ အပြုသဘောဆောင်တယ်ပေါ့နော်။ တော်လှန်ရေးလုပ်တဲ့နေရာမှာ ဝေဖန်မှုရှိဖို့တော့လိုတယ်။ ဝေဖန်မှုမရှိဘဲနဲ့ လုပ်တဲ့အစိုးရမှန်သမျှ၊ ခေါင်းဆောင်တွေ၊ ခေါင်းစဥ်အကြီးကြီးတွေရှိတဲ့လူတွေလုပ်သမျှ မှန်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ မျက်စိမှိတ်ထောက်ခံနေမယ်ဆိုရင်တော့ ကျွန်တော်တို့အားလုံးက လမ်းမှန်ကိုရောက်မှာ မဟုတ်ပါဘူး။ ဦးဆောင်တဲ့သူတွေမှားရင် မှားတဲ့အတိုင်း ကျွန်တော်တို့က ချောက်ထဲကိုဆင်းသွားဖို့ပဲရှိတယ်။ အဲ့တာကြောင့် အပြုသဘောဝေဖန်တာကို လက်ခံသလို အပြုသဘောဝေဖန်မှုကို ရဲရဲတင်းတင်းလုပ်ဖို့လိုတယ်။ အဓိကကတော့ ပုဂ္ဂိုလ်ရေးမပါဘဲနဲ့ တော်လှန်ရေးအောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့မူနဲ့၊ ဒီခံယူချက်နဲ့သွားမယ်ဆိုရင် ကျွန်တော်တို့အစုအဖွဲ့ဟာ တော်လှန်ရေးကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ ထောက်တိုင်တခု၊ တကယ်တမ်း လမ်းမှန်ကိုတည့်ပေးနိုင်တဲ့အင်အားစု ဖြစ်လာမယ်လို့ ယုံကြည်တယ်။ နောက်တခုက ရှေ့က ကိုသက္ကမိုးညို ပြောသွားတဲ့ တချို့အပိုင်းတွေက ကျွန်တော်တို့တွေးထားတာနဲ့ တစ်ထပ်တည်းဘဲပေါ့နော်။ NUG မပေါ်ခင် CRPH မှာထဲက လွှတ်တော်ကိုယ်စားလှယ်တွေဟာ ရှေ့ကဦးဆောင်တာမဟုတ်ဘဲနဲ့ လူထုနောက်ကနေ တရွတ်တိုက်လိုက်နေတဲ့ သဘောမျိုးဖြစ်တယ်။ ၂၀၀၈ ခြေဥဖျက်သိမ်းဖို့ကိစ္စကိုလည်း လူထုက တောင်းဆိုလာတော့မှ သူတိုက ဖျက်သိမ်းတယ်တို့ဘာတို့ ပြောလာတာဖြစ်တယ်။ နောက်တခုက လက်နက်ကိုင် တိုက်ပွဲကိစ္စကိုလည်း လူထုကတောင်းဆိုလာမှ ပါဝင်လာတာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့သံသယရှိတာက NUG ဝန်ကြီးတွေထဲမှာ လက်နက်ကိုင်တော်လှန်ရေးကို တကယ်တမ်းယုံကြည်တဲ့သူတွေ ရှိပါ့မလားပေါ့နော်။ လက်နက်ကိုင်တော်လှန်ရေးက အောင်မြင်နိုင်ပါ့မလားဆိုပြီး သံသယနဲ့၊ လက်နက်ကိုင်လမ်းစဥ်ကို ယုံကြည်မှုမရှိဘဲနဲ့ မျှောလိုက်နေတာမျိုးများ ဖြစ်မလားပေါ့နော်။ အဲဒါတွေကို ကျွန်တော်တို့က သေချာစီစစ်ဖို့လိုတယ်၊ လေ့လာသုံးသပ်ဖို့လိုတယ်။ ကျွန်တော်ဆိုလို့ရှိရင် ABSDF မှာ ပထမဆုံးဥက္ကဌလုပ်ခဲ့တယ်။ ကျွန်တော်တွေ့ကြုံခဲ့တာ ဘာလဲဆိုတော့ ကျွန်တော်တိုက လက်နက်ကိုင်လမ်းစဥ်ကိုယုံကြည်လို့ လုပ်ကြတယ်။ ဒါပေမဲ့ လက်နက်ကိုင်လမ်းစဥ်ကို မယုံကြည်ဘဲနဲ့ ကိုယ်အဖမ်းခံရမှာစိုးလို ထွက်ပြေးလာပြီးတော့ လက်နက်ကိုင်လမ်းစဥ်ကိုလည်း မယုံကြည်ဘူး၊ ဒါပေမဲ့ ပညာတတ်အပိုင်းတွေမှာ ပါလာတဲ့လူတွေက ခေါင်းဆောင်ပိုင်းတွေ ရလာတယ်။ ကျွန်တော်နာမည်တော့မတပ်ဘူး ပုဂ္ဂိုလ်ရေးပါမှာစိုးလို။ အဲ့တော့ ခေါင်းဆောင်ပိုင်း ရလာတဲ့အခါမှာ နောက်ပိုင်းကျ ဘာဖြစ်လဲဆိုတော့ NGO တွေက ဖိအားပေးတယ်ပေါ့ဗျာ။ NGO တွေက လက်နက်ကိုင်လမ်းစဥ်ကိုလိုက်မယ်ဆိုရင် ငါတိုအနေနဲ့ ငွေကြေးမထောက်ပံ့နိုင်ဘူးလို့ ဖိအားပေးတဲ့အခါ တစ်အုပ်စုက လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ပြီးတော့ ABSDF ဗဟိုကော်မတီတခုလုံးကို NGO ပုံစံပြောင်းပစ်လိုက်တာပေါ့နော်။ ဒါကြောင့်မို ABSDF က ကိုသံခဲတို့လက်ထက်မှာ လုံးဝစုတ်ပြတ်သွားတာ။ လုံးဝနလန်မထူနိုင်ဘူးပေါ့နော်။ ထောက်ပံ့ကြေးယူနေတဲ့သူတွေ၊ နိုင်ငံခြား Contact ရှိသူတွေ၊ ဗဟိုကော်မတီမှာ လုပ်နေတဲ့သူတွေအားလုံးက ထမင်းနပ်မှန်အောင်ဆိုပြီးတော့ NGO ပုံစံပြောင်းသွားတဲ့အတွက် ABSDF ကကျသွားတယ်။ ကျသွားတဲ့အခါမှာ NGO လိုင်း ပြောင်းသွားတဲ့သူတွေကလည်း NGO ကရတဲ့ ပိုက်ဆံတွေနဲ့ သူတို့က လစာပေးကြတယ်။ ကျွန်တော်တို့ ABSDF မှာ စစချင်းလုပ်တုန်းက လစာဆိုတာမရှိဘူး။ အခု PDF  တွေမှာလို လစာမရှိဘူး။ ငွေရေးကြေးရေးအတွက် လုပ်တာမဟုတ်ဘူး။ တော်လှန်ရေးအတွက်စိတ်ဓာတ်နဲ့လုပ်တဲ့အတွက် စားအတူ၊သွားအတူနေနိုင်တယ်။ ဒါပေမဲ့ အဲဒီလို NGO  ပြောင်းသွားပြီးတော့ လစာပေးလာပြီဆိုရင် ဘယ်အလုပ်ကိုဘယ်လောက်ရမှ၊ ငွေမရရင်မလုပ်ဘူးဆိုတဲ့ ကြေးစားတွေပုံစံမျိုး၊ လခစားတွေပုံစံမျိုး ဖြစ်သွားတယ်။ အလားတူဘဲ NCGUB ပေါ်လာတုန်းက NCGUB က ဦးစိန်ဝင်းတို့ စင်ပြိုင်အစိုးကလည်း အခု NUG နဲ့ ပုံစံတူပါတယ်။ ဒါပေမဲ့ သူတိုကျ လက်နက်ကိုင်ဖို့၊ တပ်ဖွဲဖို့ ကျွန်တော်တို ပြောတဲ့အချိန်မှာ ဝန်ကြီးချုပ်ဦးစိန်ဝင်းက ကျွန်တော်တိုလက်နက်ကိုင်မယ်ဆို ပိုက်ဆံရမှာမဟုတ်ဘူးဗျတဲ့။ သူက ကျွန်တော်ကို အဲဒီလိုပဲ ပေါ်တင်ပြောခဲ့ဖူးတယ်။ အဓိပ္ပါယ်က ပိုက်ဆံမရရင် မလုပ်ဘူး၊ ပိုက်ဆံရတဲ့အလုပ်ပဲလုပ်မယ်ဆိုတော့ တော်လှန်ရေးက မဖြစ်တော့ဘူး။ အဓိက ကျွန်တော်စိုးရိမ်တာက NUG မှာလည်း လက်နက်ကိုင်လမ်းစဥ်ကို ပြတ်ပြတ်သားသား မပြောရဲကြဘူး။ ပြောမယ်ဆိုရင် ကာကွယ်ရေး အနေနဲ့ပဲ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့ပုံစံမျိုး ပြောနေကြတော့ ဒီကိစ္စနဲ့ပက်သက်လို လက်နက်ကိုင် တော်လှန်ရေးကို မယုံကြည်တဲ့သူတွေပါလာပြီးတော့ လက်နက်ကိုင်တော်လှန်ရေးကို အင်တိုက်အားတိုက် မပံ့ပိုးရင် ကျွန်တော်တို ရဲဘော်ရဲဘက်တွေ အသက်ပေးနေရတာနဲ့ မတန်ဘူးပေါ့နော်၊ လုပ်နေရတာနဲ့ မတန်ဘူး။တချို့အပိုင်းတွေမှာ ကျွန်တော်တို့က တကယ်တမ်း လက်နက်ကိုင်တော်လှန်ရေးကို အာပေးတဲ့သူတွေ NUG မှာ အင်အားရှိလာဖို့၊ တကယ်ပြတ်ပြတ်သားသားလုပ်နိုင်ဖို့အတွက် ကျွန်တော်တိုက ဝေဖန်ပေးရမယ်လို ယုံကြည်တယ်။ အဲ့တာကြောင့် အခု လက်နက်မကိုင်နိုင်သေးတဲ့ရဲဘော်တွေ လက်နက်ကိုင်နိုင်အောင် ကျွန်တော်တို ဘယ်လိုပံ့ပိုးမလဲ၊ လက်နက်ကို ဘယ်လိုရှာဖွေကြရမလဲပေါ့နော်။ အဲဒီလိုဟာမျိုးကို ကျွန်တော်တိုက ဆက်ပြီးတော့ဝေဖန်ရင်းနဲ့ တွန်းတင်သွားကြရမယ်။ နောက်ပြီးတော့ Donar တွေကိုလည်း တကယ်တမ်းတိုက်နေတဲ့ LDF ဖြစ်ဖြစ် PDF ဖြစ်ဖြစ် အဖွဲအစည်းတွေကို ထောက်ပံ့နိုင်ဖို့ နိုင်ငံတကာမှာရှိတဲ့ Donar တွေကို သိအောင်ပြောပြီး အသိမျက်စိဖွင့်ပေးရင်ကောင်းမယ်။ ဘာလို့ဆို တချိုက NUG ရဲ့အရှိန်ကြောင့် NUG ကိုဘဲလှူတော့ ငွေမှန်သမျှ NUG ဆီဘဲဝင်ပြီးပုံနေတယ်။ တကယ်တမ်း လုပ်နေတဲ့အဖွဲ့တွေက လက်နက်တွေ မတပ်ဆင်နိုင်ဘူး။ ဥပမာဆိုရင်ဗျာ မုံရွာဘက်တို၊ မြောင်ဘက်တိုဆိုလိုရှိရင် Auto လက်နက်က လေး၊ငါးလက်လောက်ပဲ ရှိတာဗျ။ ကျန်တာက တူမီးတွေဘဲ။ အဲ့တော့ အဲဒီလိုအဖွဲတွေက အဲ့လောက်လေးနဲ့တောင် ခံတိုက်နေတယ်ဆိုရင် အဲဒီအဖွဲ့တွေကို လက်နက် အလတ် ၈၀၊ ၁၀၀ လောက်ပေးလိုက်ရင် နယ်မြေတွေမှာ အတော်စိုးမိုးနိုင်တဲ့အဆင့်ကို ရောက်လာမယ်။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်လာအောင်လုပ်နိုင်မယ့် အခြေအနေရှိတယ်။ ဆိုတော့ အဲဒီလိုဟာမျိုးတွေကို ကျွန်တော်တိုက Donar တွေကို အသိပညာပေးပြီးတော့ တကယ်တိုက်နေတဲ့အဖွဲတွေကို ပံ့ပိုးပေးဖို့ပြောနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အများကြီးအကျိုးရှိမယ်။ နောက်ပြီးတော့ NUG ကိုလည်း အထဲမှာရှိတဲ့ ခေါင်းဆောင်ပိုင်းတွေထဲက တကယ်ထဲထဲဝင် စိတ်ဓာတ်ရှိတဲ့သူတွေ ကို ကျွန်တော်တို့က အားပေးရင်းနဲ့ သူတိုနဲ့အနီးကပ် အကြံဥာဏ်ပေးကြရမယ်ဆိုရင်တော့ ပိုပြီးအလုပ်ဖြစ်မယ် လို့ထင်တယ်။ တချိုအပိုင်းတွေကတော့ ပြန်မပြော၊ နားမထောင်တဲ့လူတွေရှိတာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို အဲ့ဒါကို စီစစ်နိုင်ဖို့တော့လိုတယ်။ ဒီလောက်ပါဘဲ။

ကိုမိုဃ်းသွေး ( 0:54:55 to 1:06:20 )

 ဟုတ်ကဲ့ ပါဝင်ဆွေးနွေးခွင့်ရတာ အထူးဘဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဆွေးနွေးပွဲရဲ့ ခေါင်းစဥ်အနေနဲ့တပ်ထားတဲ့ NUG က တော်လှန်ရေးတပ်ဦးလား၊ စင်ပြိုင်အစိုးရလား ပေါ့နော်။ အဲဒီနေရာမှာ ကျွန်တော်က အငြင်းနဲ့စချင်ပါတယ်။ NUG က စင်ပြိုင်အစိုးရလို ကျွန်တော်တော့မမြင်ဘူး။ ဘာလိုလဲဆိုတော့ စင်ပြိုင်အစိုးရဆိုတဲ့ သဘောတရားက အစိုးရတရပ်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ အဲဒီအစိုးရတရပ်ကို အကြောင်းအမျိုးမျိုးနဲ့ ဥပမာ- ပြည်သူလူထုက လက်မခံလိုဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ အစုအဖွဲတခုခုကနေ သူတိုနဲ့အပြိုင် တခြားနည်း၊ တခြားဟန်တခုနဲ့ အစိုးရတခု ထူထောင်လိုက်တယ်။ ထူထောင်ပြီးတော့ သူတို့ကသာအစိုးရဖြစ်တယ်ဆိုပြီး ပြိုင်တာပေါ့နော့်။ အဲဒီလိုဟာမျိုးကို စင်ပြိုင်အစိုးရလို့ခေါ်တယ်လို ကျွန်တော်က နားလည်တယ်။ ဒါကြောင့်မလို ကျွန်တော်တိုရဲ့ နွေဦးတော်လှန်ရေး အခြေအနေမှာက NUG ပေါ်ပေါက်လာပုံ အနေအထားမှာဆိုလိုရှိရင် တရားဝင်အစိုးရသည် အခုအချိန်ထိ ပြောရမယ်ဆိုရင် ကျွန်တော်တို ၂၀၀၈ ခြေဥကို ကြိုက်တာ၊ မကြိုက်တာ ခဏဖယ်ထားမယ်။ ဒါပေမဲ့ အရှိတရားကို ပြောရမယ်ဆိုရင် တရားဝင်ဖြစ်တည်ခဲ့တဲ့ အစိုးရက သမ္မတဦးဝင်းမြင့်ခေါင်းဆောင်တဲ့ အစိုးရသာဖြစ်တယ်။ ဒီအစိုးရကို မတရားအာဏာသိမ်းပြီး န.စ.က ဆိုပြီးတော့မှ အကြမ်းဖက်စစ်ကောင်စီကဖွဲစည်းပြီး အာဏာကိုသိမ်းယူတယ်။ ဆိုတော့ ဒီနေရာမှာ NUG ကပြိုင်လုပ်တာမဟုတ်ဘဲ NUG ပေါ်ပေါက်လာပုံကို ပြန်ကြည့်မယ်ဆိုရင် CRPH ကနေပေါ်လာတယ်။ CRPH နဲ့အတူ နောက်မှာ Constitution မရှိသော်ငြားလည်း ဖက်ဒရယ်ကိုအခြေခံထားတဲ့ ပဋိညာဥ်အစိတ်အပိုင်း ၁ နဲ့ ၂ ရှိတယ်ပေါ့ဗျာ။ ဒါကလည်း ပြောရမယ်ဆိုလို့ရှိရင် ပြည်သူလူထုကနေ တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ CRPH အစုအဖွဲ၊ တော်လှန်ရေး အင်အားစုတွေ၊ လူမျိုးစုနိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီးရေးဆွဲထားတဲ့ အနည်းဆုံးအားဖြင့် အစိတ်အပိုင်း ၁ ကို သဘောတူထားတဲ့ ဖက်ဒရယ်ပဋိညာဥ်ချာတာကနေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မလို ကျွန်တော်က NUG ကို စင်ပြိုင်အစိုးရလို လက်မခံဘူး။ ဒါသည် အစိုးရဖြစ်တယ်။ ဘယ်လိုအစိုးရလဲဆိုတော့ ဒုတိယအဆင့်ဖြစ်တဲ့ အငြင်းမဟုတ်ဘဲ ထောက်ခံအဆိုပေါ့နော်။ NUG ကို ကျွန်တော်က တော်လှန်ရေး တပ်ဦးအစိုးရလိုမြင်တာ။ တော်လှန်ရေးလည်းဖြစ်တယ်၊ တပ်ဦးလည်းဖြစ်တယ်လို ကျွန်တော်မြင်တယ်။ တပ်ဦးဖြစ်တယ်ဆိုတာမှာ လက်ရှိ NUG မှာပါဝင်နေတဲ့ လူတွေရဲ့အရည်အချင်းတွေ၊ လုပ်ပုံကိုင်ပုံ မှန်ခြင်း၊ မှားခြင်းတွေကို ဒုတိယထားရမယ်။ နိုင်ငံရေးအနှစ်သာရကို ကျွန်တော်ရှေ့ကထားချင်တယ်။ အဲ့ဒါဘာလဲဆိုတော့ NUG ပေါ်ပေါက်လာပုံမှာ တဖက်က CRPH ကိုအခြေခံထားတယ်။ တဖက်မှာ NUCC စုဖွဲမှုရှိတယ်၊ နောက်ဖက်ဒရယ်ချာတာဆိုတဲ့ စုဖွဲမှုရှိတယ်။ အဲဒီ ဖက်ဒရယ်ချာတာ၊ NUCC စတာတွေသည် ပြည်သူလူထုရဲ့ တစုံတရာကိုယ်စားပြုမှုတွေနဲ့ပေါ်ထွက်လာတဲ့ အချက်အလက်တွေ ဖြစ်တယ်။ ဒီအပေါ်မှာ အခြေခံပြီးတော့မှဖွဲစည်းထားတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးထဲကထွက်လာတဲ့ တော်လှန်ရေးအစိုးရလို့ ကျွန်တော်က မြင်တယ်။ ပြီးတော့ အမြင့်ဆုံးကြွေးကြော်သံတွေ၊ အမြင့်ဆုံးလုပ်ဆောင်ချက်တွေကို အဲဒီမှာ လုပ်ဆောင်တယ်။ ဆိုလိုချင်တာက မှန်ပါတယ် တချို့သောရဲဘော်တွေ ဆွေးနွေးကြသလိုပဲ ၂၀၀၈ ခြေဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး စသဖြင့် ဒါတွေသည် ကျွန်တော်တို့ကိုယ်တိုင်လည်းပဲ သပိတ်ဆန္ဒပြတဲ့ပွဲတွေမှာဆိုရင် ဖေဖော်ဝါရီလ ၁၀ရက်နေ့ လှည်းတန်းမှာစပြီး ဟောပြောကတည်းက  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုသွားရမယ်၊ ၂၀၀၈ ခြေဥကိုဖျက်သိမ်းရမယ်ဆိုပြီး ပြောခဲ့တယ်။ သိုသော်လည်း သပိတ်တွေမှာ ကျွန်တော်တိုပြောတာတွေက ကျွန်တော်တိုရဲ့အသံသာဖြစ်တယ်။ ဒါပေမဲ့ တကယ်တမ်း Action ကို CRPH စုဖွဲထားတဲ့နေရာကနေလုပ်တယ်၊ နောက်ပြီးတော့မှ NUG ဆိုတဲ့အစိုးရ ဖြစ်လာတဲ့အခါမှာ ဖက်ဒရယ်ဒီမိုကရေစီကိစ္စတွေကို သူတိုသွားတယ်။ အဲ့တော့ ဆိုလိုချင်တာက ကျွန်တော်တိုပြည်သူလူထုတွေကနေ ဆန္ဒပြတဲ့သပိတ်တွေ နည်းပေါင်းစုံက တောင်းဆိုလိုက်တဲ့ တောင်းဆိုချက်တွေကို နိုင်ငံရေးအရ အနှစ်သာရရှိရှိ ဦးဆောင်နိုင်တဲ့ Body ကတော့ NUG Body ပဲဖြစ်တယ်။ ဒါကြောင့်မလို့ ကျွန်တော်က NUG ကို တော်လှန်ရေးရဲ့တပ်ဦးလည်း ဖြစ်တယ်၊ အစိုးရလည်း ဖြစ်တယ်လို့ လေးလေးနက်နက်ယုံကြည်တယ်။ ဒီနေရာမှာ တဖက်ကပြန်ပြီးထပ်ပြောရလိုရှိရင် ဒါက သူ့ရဲ့စုဖွဲမှု၊ သူ့အရဲ့အနှစ်သာရသဘောကို ပြောတာသာဖြစ်တယ်။ ဒါပေမဲ့ တကယ့်တကယ်တမ်းမှာတော့ လုပ်ဆောင်နေကြတဲ့သူတွေထဲမှာ ခုနက ရှေ့မှာရဲဘော်တွေပြောသွားသလို လိုအပ်ချက်တွေအများကြီးရှိတယ်။ တဖက်မှာဆိုလိုရှိရင် ဘာကိုအမျှင်မပြတ်နိုင်ဖြစ်နေလဲဆိုတော့ ၂၀၂၀ မတိုင်ခင်မှာရှိထားတဲ့ NLD ကြီးစိုးတဲ့ နိုင်ငံရေးအာဏာ၊ နိုင်ငံရေး အသိုက်အဝန်းပေါ့နော်။ အဲဒီအရိပ်တွေကမပြတ်နိုင်ဘူး၊ ပါလာနေတာတွေရှိတယ်။ ဒါက အားနည်းချက်တစ်ခုဖြစ်တယ်။ ဒီအားနည်းချက်က ဘာကိုသွားထိခိုက်လဲဆိုတော့ တော်လှန်ရေးရဲ့ အနှစ်သာရမှာဆိုလိုရှိရင် လူထုလူတန်းစားပေါင်းစုံရဲ့ အသံတွေကိုစုဖွဲထားတဲ့ အစုအဖွဲတွေရှိတယ်၊ သပိတ်ကော်မတီတွေရှိမယ်၊ နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံ ရေးပါတီတွေရှိမယ်။ ဒီအစုအဖွဲတွေရဲ့ Participation- စုပေါင်းပါဝင်မှုကို ထိထိရောက်ရောက် လမ်းမဖွင့်ပေးသေးဘူးလို ကျွန်တော်မြင်တယ်။ ဒါပေမဲ့ တချိုနေရာမှာတော့ လမ်းဖွင့်ရဲ့သားနဲ့မပါတာလည်း ရှိကောင်း၊ ရှိနိုင်တယ်။ ဒါကတော့ သူတိုကြုံတွေ့ရတဲ့ အခက်အခဲဖြစ်နိုင်တယ်။ သိုသော်ငြားလည်း တဖက်မှာ ဆရာသက္ကမိုးညိုတို့ဆွေးနွှေးသွားသလို NLD လုပ်ဟန်ကများတယ်။ နောက်ပြီးတော့ သူတိုရဲ့မိသားစုပုံစံပေါ့နော်။ ပိတ်တဲ့သဘောလေးတွေရှိတယ်၊ သံသယများတယ်၊ တခုခု၊ တဖွဲ့ဖွဲ့ကနေပြီးတော့ ဒါလုပ်ချင်တယ်၊ ဒါလုပ်သင့်တယ်လို့ ပြောလာလို့ရှိရင် သူတို့က သူတို့အဖွဲရဲ့ ကျေလည်မှုကို အရင်စဥ်းစားရတယ်။ ဒါကကျတော့ သူတိုရဲ့ လုပ်ဟန်အားနည်းချက်လို့မြင်တယ်။ တဖက်မှာလည်း အဲဒီအားနည်းချက်တွေကြောင့် လက်နက်ကိုင်တော်လှန်ရေးမှာဖြစ်စေ၊  အခြားကိစ္စတွေမှာဖြစ်စေ အားနည်းချက်တွေ များစွားပေါ်လာရတယ်လို ယူဆတယ်။ အဲ့တော့ ဒီနေရာမှာ ထပ်ပြီးတော့ခွဲချင်တာက တပ်ဦးနဲ့ အစိုးရနဲ့က ဘာတွေလဲပေါ့။ တပ်ဦးဆိုတာ လူထုလှုပ်ရှားမှုကြီးရဲ့ အသံတွေ၊ တောင်းဆိုချက်တွေ၊ နိုင်ငံရေးအရ ကြွေးကြော်သံတွေ၊ နိုင်ငံရေး လိုလားချက်တွေကို စုစည်းပြီးတော့မှ အကောင်အထည်ဖော် တိုက်ပွဲဝင်ယူတဲ့ဟာကို တပ်ဦးလို ကျွန်တော်ကတော့ အဓိပ္ပါယ်ဖွင့်ချင်တယ်ဗျာ။ တဖက်မှာ အစိုးရဆိုတဲ့အခါကျတော့ တိုင်းပြည်တပြည်လုံးကို စီမံတယ်၊ အုပ်ချုပ်တယ်၊ လူထုရဲ့ လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ပေးတယ်ပေါ့ဗျာ၊ ပြီးတော့ ကာကွယ်မှုတွေကိုပေးတယ်။ ဒီနေရာမှာ ကျွန်တော်က NUG ထဲမှာရှိထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေ၊ ပညာရေးဝန်ကြီးဌာနတွေ စသဖြင့်ရှိနေတာကို မူအားဖြင့် ထောက်ခံတယ်။ ဘာလိုလဲဆိုတော့ ကျွန်တော်တို နွေဦးတော်လှန်ရေးမှာ ထူးခြားတဲ့လက္ခဏာ တခုရှိတယ်။ အဲ့တာဘာလဲဆိုတော့ CDM လှုပ်ရှားမှုကြီးပါလာတယ်။ အဲဒီလှုပ်ရှားမှုကြီးကနေ ဘာကိုရထားလဲ ဆိုတော့ လက်ရှိတည်နေတဲ့ ဗျူရိုကရေစီယန္တရားပေါ့ဗျာ၊ အုပ်ချုပ်ရေးစတဲ့ဝန်ကြီးဌာန ယန္တရားတွေက ရပ်တန့်သွားတယ်။ ရပ်တန့်သွားတာကို တဖက်က တော်လှန်ရေးအစိုးရက အစားထိုးနိုင်ဖို့ဆိုရင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမားရေးဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန စသဖြင့် ရှိထားခြင်းဟာ မူအရကောင်းတယ်။ ဒါပေမဲ့ ပြဿနာက တကယ်လက်တွေ့လုပ်တဲ့အခါမှာ ခုနတုန်းက ရဲဘော်တစ်ယောက်ဆွေးနွေးသွားသလို နှေးတဲ့ဟာတွေပါတယ်။ ဘာလို့လဲဆိုတော့ အစုအဖွဲသေးသေးလေးကို အဓိကထားစဥ်းစားတဲ့အခါ ပိုပြီးနှေးကွေးစေတဲ့အပိုင်းတွေဖြစ်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ မဝံ့မရဲဖြစ်တာတွေပါတယ်။ ဥပမာဆိုလိုရှိရင် အခုချိန်ထိ သူတို့ Crypto Currency ပုံစံမျိုး လုပ်မယ်ဆိုတာကလည်း ဘယ်ရောက်သွားလဲ ဆိုတာမသိရဘူး။ ဒါမျိုးက လက်ရှိရှိနေတဲ့ စစ်ကောင်စီရဲ့ ငွေကြေးစီးဆင်းမှုကို ထိုးနှက်ချင်လို့ရှိရင် ဒါကဖြစ်ရမယ်။ နောက်တခုက အခွန်ဆောင်ဖို့အတွက် လမ်းကြောင်းတွေလုပ်မယ်ဆိုပြီး အဲဒီဟာတွေကလည်း ခုချိန်ထိ ဖြစ်မြောက်လာတယ်လို့ မကြားရဘူး။ စီမံခန့်ခွဲမှုမှာ လိုအပ်နေတာတွေ အများကြီးရှိတယ်။ နောက်တခုက ပြည်သူတွေကို ကျောင်းမတက်နဲ့  ကျောင်းထွက်ဆိုပြီးတော့မှ ပြောကြတယ်။ ဒါပေမဲ့ အဲဒီအတွက် Alternative ပညာရေးကို ကျွန်တော်ရေးဖူးပါတယ်။ ဒါပေမဲ့ အတူတူပါပဲ အဆဲခံရတာ။ ပညာရေးနဲ့ပက်သက်ရင် Alternative ဘယ်မှာလုပ်မှာလဲ၊ ကျန်းမာရေးနဲ့ပက်သက်ရင် Alternative ဘယ်မလဲ၊ ဒါတွေက ဖြစ်အောင်လုပ်မယ်ဆိုရင် ဖြစ်နိုင်တဲ့ အနေအထားတွေရှိတယ်။ သို့သော်လည်း တကယ်မဖြစ်လာဘူး။ ဘာကြောင့်လဲဆိုတာ ပြန်ကြည့်လိုက်ရင် ပညာရေးတို့၊ ကျန်းမာရေးတို့ကို ဒေါက်တာဇော်ဝေစိုး တစ်ယောက်တည်းကနေ ကိုင်ထားတယ်။ ကျွန်တော်က ဒေါက်တာဇော်ဝေစိုးကို မနာလိုစရာလည်း တစ်စက်မှမရှိဘူး၊ မလေးစားစရာလည်း မရှိဘူး။ သို့သော်လည်း သူက အဲ့ဒါတွေလုပ်ထားပြီး သူရဲ့ Page တွေမှာကြည့်လိုက်ရင် တိုက်မယ်၊ ခိုက်မယ်ဆိုတာချည်းဘဲ။ ဆိုတော့ ဒီဟာတွေကို တကယ် Operation လုပ်တာ ဘယ်သူလဲ။ နောက်တခုက တချို့ဆိုသိလိမ့်မယ်။ ကျွန်တော် လေးကေကော်တိုက်ပွဲဖြစ်တုန်းက မခံနိုင်လွန်းတော့ ထရေးမိတယ်။ ဘာလိုလဲဆိုတော့ ဝင်းမြတ်အေး ဘယ်ရောက်နေလဲ၊ ရည်မွန်ဘယ်ရောက်နေလဲ။ ဘာလိုလဲဆိုတော့ ချပြီ၊ ဝင်ချနေတဲ့အချိန်မှာ စစ်တိုက်မယ်ဆိုတဲ့သူက ဘယ်မလဲမသိဘူး။ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်မယ် ဆိုတဲ့ လူသားချင်းစာနာမှုဝန်ကြီးကလည်း ဘယ်မှာရောက်နေလဲမသိဘူး။ လူမရှိလို့၊ ငါတိုက လုံခြုံရေးအရ ဒီမှာမရှိလို့ ရတယ် ကျွန်တော်တို့လက်ခံတယ် ၊ သိုသော်လည်း ခင်ဗျားတိုမှာ ဗျူရိုကရေစီ မရှိဘူးလား၊ အစုအဖွဲ မရှိဘူးလား၊ ဒါကတော့ NUG အစိုးရကနေ အဆင်သင့်  ပြင်ထားတဲ့ ထောက်ပံ့ရေးတွေပါဆိုပြီး ပိုက်ဆံတွေ၊ ငွေတွေကို ကျွန်တော်ပြောနေတာမဟုတ်ဘူး ဆန်အိတ်ဝင်ထမ်းတာပဲ ဖြစ်ဖြစ် ဝင်လုပ်နိုင်ရမယ်။ ဒါပေမဲ့ ကျွန်တော်တိုရဲ့ ဒုက္ခသည်တွေ ထောင်နဲ့ချီ သူများနိုင်ငံရဲ့ နွားတင်းကုပ်တွေ နွားခြံမှာ မျက်နှာမွဲ၊ မျက်နှာငယ်နဲ့ သွားအိပ်လိုက်ရတယ်။ ဒါပေမဲ့ တဖက်မှာကျတော့ ကိုယ့်အစိုးရဆိုတာကြီးရှိနေတယ်။ မရှိတဲ့အချိန်မှာ ဖြစ်တာဆိုရင် ကျွန်တော်တို့က မပြောဘူး။ ဆိုလိုချင်တာက ဘာလဲဆိုတော့ နည်းနည်းပြန်ချုပ်ရလိုရှိရင် အနှစ်သာရအရ NUG ရဲ့ တည်ရှိမှုအထိုင်ကို တော်လှန်ရေးတပ်ဦးအစိုးရတစ်ခုအဖြစ် အပြည့်အဝ ထောက်ခံတယ်။ ဒါကြောင့်လည်း ကျွန်တော့်ကို တချိုက တခါတလေကျရင် ဒီကောင်က NUG ကို လောဘီလုပ်တယ်ပြောကြတယ်။ မဟုတ်ဘူး ကျွန်တော်က မူကိုပြောတာ။ ဒီလိုစုဖွဲမှုမျိုးက ဖန်တီးယူလိုမရဘူး။ ဥပမာ ရှစ်လေးလုံးကာလမှာ အဲ့လိုမျိုးအစိုးရတရပ်ကို ဖန်တီးယူဖို့ဆိုတာမလွယ်ဘူး၊ မဖြစ်နိုင်ခဲ့ဘူး။ အဲ့တော့ လူထုတရပ်လုံးက တညီတညွတ်တည်း ထောက်ခံသွားတဲ့ အစိုးရတရပ်ပေါ်လာဖို့ဆိုတာ မလွယ်ဘူး။ တအားခက်ခဲတဲ့ကိစ္စကြီးဗျ။ ခုက Automatic  ရပြီးသားဖြစ်တယ်။ လူထုက တကယ့်ကို လှိက်လှိက်လှဲလှဲ ထောက်ခံထားတယ်။ သိုသော် အဲဒီရှိထားတဲ့ တော်လှန်ရေးတပ်ဦးအစိုးရဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လျော်ညီအောင်၊ ထိုက်တန်အောင်လို လုပ်တာမှာ အားနည်းနေတာကို ကျွန်တော်ကတော့ ထင်ထင်ရှားရှားတွေ့ရတယ်။ အဲ့တာကြောင့်မလို့ ကျွန်တော် တောက်လျှောက်ပြောလာတာက NUG Reform လုပ်ရမယ်။ တချိုက အဲ့လို Reform လုပ်မယ်ဆိုရင် ကျွန်တော်တို့ဝေဖန်သုံးသပ်သူတွေကို မင်းတိုကောင်တွေပါချင်လို့လားဆိုတာ၊ မဟုတ်ဘူး ကျွန်တော်တိုပါဖို့ မဟုတ်ဘူး၊ ပါလည်းမပါနိုင်ဘူး၊ ဒါပေမဲ့ ပြောချင်တာက တကယ်လုပ်နိုင်တဲ့သူ စစ်ရေးဆိုရင် စစ်ရေးလုပ်နိုင်တဲ့သူကိုထည့်ရမယ်၊ တခြားဝန်ကြီးဌာနတွေလည်း ကျန်းမားရေး၊ ပညာရေး စသဖြင့်ရောနေတာရှိရင် ခွဲထုတ်သင့်ရင် ခွဲထုတ်လိုက်။ တကယ်အလုပ်ဖြစ်မယ့်ဟာကို စပြီးလုပ်လိုက်။ နောက်ထပ် အရေးကြီးနေတာတခုက ကျွန်တော်တိုမှာ နယ်မြေစိုးမိုးမှုရှိတဲ့ ERO တွေရှိတယ်၊ တော်လှန်ရေး လက်နက်ကိုင်အဖွဲအစည်းတွေရှိတယ်။ သူတိုနဲ့ Power Sharing လုပ်ရမယ်။ Power sharing လုပ်ဖို့ ဖက်ဒရယ်ချာတာထဲမှာ သူတိုလိုချင်တာတွေထည့်ဆိုရင်လည်း ထည့်ရမယ်။ ထည့်နိုင်လိုရှိရင် ဒီလူတွေပါ ပါလာပြီးတော့မှ တကယ့်ကိုစုံလင်တဲ့ NUG ဆိုတဲ့  အမျိုးသားညီညွတ်ရေးအစိုးရ နာမည်အတိုင်း တစ်မျိုးသားလုံး တညီတညွတ်တည်းပါဝင်တဲ့ အစိုးရစစ်စစ် ဖြစ်အောင်လုပ်ဖို့ဖလိုတယ်။ ဒါပေမဲ့ အခုအခြေအနေမှာတော့ ရှေ့မှာရဲဘော်တစ်ယောက် ဆွေးနွေးသလိုပါဘဲ တစုတဖွဲက နည်းနည်းများနေသေးတယ်။ ဒါကလည်း သူတိုထဲမှာ ဘယ်လိုဖြေရှင်းမလဲတော့ မသိဘူး၊ ကျွန်တော်တို့ တွန်းအားပေးနေတာလည်း အဲ့တာကိုဖြစ်တယ်။ တစုတဖွဲ့ထဲကနေ တည်နေလိုမရဘူး။ တမျိုးသားလုံးပါရမယ်၊ အစုအဖွဲတိုင်းပါရမယ်။ တကယ် Efficient ဖြစ်တဲ့ အစိုးရတရပ် ဖြစ်လာရမယ်။ ဒါပေမဲ့ ဂုဏ်ပုဒ်အရတော့ ကျွန်တော်သည် NUG ကို တော်လှန်ရေးတပ်ဦးအစိုးရ အနေနဲ့ လှိုက်လှိုက်လှဲလှဲ ထောက်ခံတယ်၊ ကြိုဆိုတယ်၊ လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာအရတော့ ပြင်ဆင်မှုတွေအများကြီး ပြုလုပ်ဖို့လိုပါသေးတယ်လို ဆွေးနွေးချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Paytoe ( 1:06:30 to 1:12:30 )

 အခုလိုအလှည့်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ NUG က တော်လှန်ရေးတပ်ဦးလား၊ စင်ပြိုင် အစိုးရလားဆိုတာထက် ကျွန်တော်ရဲ့ တွေ့ရှိချက်၊ သိရှိချက်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ တွေ့ရှိချက်အရ ဆိုရင်တော့ NUG ဟာ တော်တော်များများ Facebook ပေါ်မှာ နိုင်ငံရေးထဲက ရဲဘော်ရဲဘက်တွေ တင်နေကြသလိုဘဲ စိတ်ပျက်စရာကောင်းတယ်ပေါ့နော်။ ဝန်ကြီးတစ်ယောက်ရဲ့ ပြောစကားတွေ၊ Page တခုခုရဲ့ လုပ်ပုံကိုင်ပုံ မှားသွားတာတွေ၊ လွဲသွားတာတွေက တွေ့ရှိချက်အရတော့ စိတ်ပျက်စရာအခြေအနေတော့ ဖြစ်ပါတယ်ခင်ဗျ။ 

ကျွန်တော့်သိရှိချက်တွေက NUG ရဲ့ သွားနေတဲ့လမ်းကြောင်းမှာ တိကျချင်မှတိကျပါလိမ့်မယ်။ ဒါပေမဲ့ အနီးစပ်ဆုံးသိရှိချက် ဖြစ်တယ်ဆိုတာတော့ ကျွန်တော် ပြောပါရစေ။ ကျွန်တော် ဆွေးနွှေးချင်တာက NUG ဟာ အကြမ်းမဖက်လှုပ်ရှားနေတဲ့ မြေပြင်သပိတ်အဖွဲအစည်းတွေလို တူရာတူရာစုပြီး မြေပြင်ပေါ်မှာ စစ်အာဏာရှင်ကို တော်လှန်တဲ့ မြေပြင်သပိတ်အဖွဲမျိုးတွေလိုရှိတယ်။ နောက်တခုက UG တွေ၊ SDF တွေ၊ BLDF တွေလိုမျိုး လက်နက်ကိုင်တော်လှန်မှရမယ်ဆိုတဲ့ အစုအဖွဲ့တွေရှိတယ်။ NUG ကလည်း ကျွန်တော်မြင်တာတော့ အဲ့လိုပုံစံမျိုးပဲ။ မြေပြင်အကြမ်းမဖက် လှုပ်ရှားမှုဖက်လည်းပါတယ်၊ စစ်အာဏာရှင်ကို တိုက်ထုတ်မှရမယ်ဆိုတဲ့ ပုံစံတွေလည်းပါတယ်လို ကျွန်တော့်အနေနဲ့ သိထားတယ်။ နောက်တခုကဘာလဲဆိုတော့ NUG က NLD တွေအများဆုံးပါဝင်တယ်ဆိုတာ အမတ်အများစုနဲ့ ဖွဲစည်းထားတဲ့ CRPH မှာဆိုရင်တော့ ဟုတ် ကောင်းဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ NUG မှာတော့ ယာယီသမ္မတကအစ ဝန်ကြီးအဆင့်တွေ၊ ဒုဝန်ကြီးအဆင့်တွေအထိ လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသား အလွှာစုံဖွဲစည်းထားတဲ့ အဖွဲတခုလို ကျွန်တော်မြင်တယ်။ မှန်ပါတယ် ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ် စသဖြင့် ဝန်ကြီးဌာနတွေအများကြီး ရှိတယ်။ ဒါပေမဲ့ ကျွန်တော်သိတာကတော့ အကုန်လုံးက တော်လှန်ရေးကိုပဲ အားစိုက်နေတယ်လို ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ NUG ထဲကဝန်ကြီးဌာနတွေအားလုံးက ဝန်ကြီးတွေက စစ်အာဏာရှင်ကို တိုက်ထုတ်မှရမယ် ဆိုတာမျိုးကို ယုံကြည်ထားကြတယ်။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ လူထုရဲ့တောင်းဆိုချက်တွေအတိုင်း ဆွေးနွေးစရာမလိုဘူး။ နိုင်ငံခြားရေးဝန်ကြီးပြောသလို စစ်တပ်နဲ့ ဘာမှဆွေးနွေးစရာမရှိဘူးဆိုတဲ့ စကားအတိုင်းပဲ ပေါ့နော်။ 

နောက်တခုက စစ်တိုက်ဖို့ဆိုရင် အဓိကလိုအပ်တာက လက်နက်နဲ့၊ ငွေကြေးဘဲ။ NUG ကလူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ဥရောပနိုင်ငံတွေမှာရှိတဲ့ ဘဏ်အကောင့်တွေ၊ အရှေ့တောင်အာရှမှာရှိတဲ့ ဘဏ်အကောင့်တွေမှာ အများကြီးတော့ ငွေလက်ခံလို့မရဘူး။ အဲ့လိုအခြေအနေမျိုးတွေကို NUG က ဖွဲစည်းထားတဲ့ ဝန်ကြီးဌာနတွေနဲ့ ကျော်လွှားတယ်လို့မြင်ပါတယ်။ တွေ့ရှိချက်အရတော့ Zoom အကောင့်နဲ့စာသင်တာတွေ၊ ဆေးခန်းဖွင့်တာမျိုးတွေ တွေ့ကောင်းတွေ့ပါလိမ့်မယ်။ လိုင်းပေါ်ကနေ ဆေးခန်းဖွင့်လိုကတော့ ဆွေးနွေးခွင့်ဘဲရမယ်၊ ပညာရေးကျတော့လည်း Zoom Call တစ်ခုကို လူဘယ်လောက် Join လိုရမှာလဲ။ ဒါပေမဲ့ အဲဒီဝန်ကြီးဌာနတွေအကုန်လုံးက တော်လှန်ရေးအတွက် စစ်အာဏာရှင်တိုက်ထုတ်ဖို့ကို သက်ဆိုင်ရာဌာနအသီးသီးကနေလုပ်နေတယ်။ ဘာဘဲဖြစ်ဖြစ် ပညာရေး၊ ကျန်းမားရေးအတွက် အလှူခံတဲ့ Show ပွဲတွေလုပ်တာကအစ ဒါတွေအကုန်လုံးက စစ်အာဏာရှင် တိုက်ထုတ်ဖို့ဆိုတာလို့ ကျွန်တော် သိထားတယ်။ နောက်တခုက စစ်ရေးအရဆိုလိုရှိရင် NUG ရဲ့စစ်တိုင်းဖွဲစည်းပုံ အရ စစ်တိုင်း ၅ တိုင်း ဖွဲစည်းထားတယ်။ မြောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အနောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း စသဖြင့် စစ်ဌာနချုပ်တွေရှိတယ်။ ကျွန်တော်သိရသလောက်တော့ မြောက်ပိုင်းတိုင်းကို စစ်ရေးအရကွပ်ကဲတာက မြောက်ပိုင်းတိုင်းစစ်ဒေသ ကွပ်ကဲရေးအဖွဲဆိုပြီးတော့ ရှိတယ်။ အဲဒီစစ်ဒေသကို ဦးဆောင်တာက ကျွန်တော်တိုအားလုံးသိတဲ့အတိုင်း KIA တို့ KIO တို့က ဦးဆောင်ကြခြင်းဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ထပ်ပြီးတော့ C3C ကို ပြန်လည်ဖွဲစည်းပြီးတော့ ဗဟိုစစ်ဆင်ရေး ကွပ်ကဲမှုကော်မတီဆိုပြီးတော့မှ NUG က ကြီးကြပ်တဲ့အပိုင်းတွေရှိတယ်။ စစ်ဒေသမှူးက ကျွန်တော်သိသလောက်ဆိုရင် NUG က မဟုတ်ပါဘူး။ ဝန်ကြီးတွေလည်း မဟုတ်ပါဘူး။ စစ်ဒေသမှူးဟာ KIA ရောဆိုတာကို ကျွန်တော်သိထားပါတယ်။ ကျွန်တော့်စကားကို ပြန်အဆုံးသတ်ရရင် NUG က တပ်ဦးလား၊ စင်ပြိုင်အစိုးရလားဆိုလိုရှိရင် NUG အနေနဲ့ လက်ရှိတော်လှန်ရေးလိုအပ်ချက်အရ ဒီလိုမျိုးဝန်ကြီးဌာနတွေ ဖွဲစည်းပြီးတော့ လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပြီး လုပ်နေတယ်လို မြင်ပါတယ် ခင်ဗျ။ ကျေးဇူးတင်ပါတယ်။

Desmond Doss (1:12:40 to 1:21:20 )

ကျွန်တော် ခုနက ကိုထွန်းအောင်ကျော်ပြောသွားတဲ့ကိစ္စပေါ့ဗျာ၊ ဒါက ကျွန်တော်လည်း ထဲထဲဝင်ဝင်ပါနေတဲ့လမ်း ကြောင်းလည်းဖြစ်တော့ ပြောချင်ပါတယ်။ အခုလောလောဆယ် ဝင်ငွေစီးဆင်းမှုမှာ ပြည်တွင်းငွေစီးဆင်းမှုနဲ့ ပြည်ပငွေစီးဆင်းမှုဆိုပြီး နှစ်ပိုင်းခွဲလို့ရတယ်။ ဆိုတော့  ပြည်ပရငွေအများစု ၉၀ ရာခိုင်နှုန်းလောက်က အမျိုးသားညီညွတ်ရေးအစိုးရဆီကိုရောက်တယ်။ ဘယ်ဌာနကို ရောက်တယ်ဆိုတာ ကျွန်တော်အတိအကျ မပြောဘူး။  ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်ကဘဲ Fundraising Team တွေ၊ မြေပြင်အဖွဲတွေဆီ ရောက်တယ်ပေါ့ဗျာ။ ပြည်တွင်းငွေဆိုရင်တော့ ၇၀ ရာခိုင်နှုန်းလောက်က မြေပြင်တပ်ဖွဲတွေဆီရောက်တယ်၊ ၃၀ ရာခိုင်နှုန်းလောက်က အမျိုးသားညီညွတ်ရေးအစိုးရဆီကို ရောက်တယ်ပေါ့။ ဆိုတော့ ခုနက ကိုထွန်းအောင်ကျော်ပြောသလိုဘဲ အလယ်ပိုင်းဒေသမှာ တူမီးတွေနဲ့ချတယ်၊ လက်လုပ်တွေနဲ့ချတယ်။ LDF တွေက လောလောဆယ်မှာ သူတို့က လူထုရဲ့ကူညီမှုနဲ့ဘဲ ရပ်တည်နေရတာ။ အမျိုးသားညီညွတ်ရေးအစိုးရဆီကို စီးဝင်တဲ့ငွေတွေက LDF တွေဆီ မရောက်တာများတယ်။ ရောက်တဲ့အဖွဲတွေဆီရောက်တယ်။ ဒါပေမဲ့ အစုအဖွဲတွေက များနေတဲ့အတွက် အများဆုံးမရောက်ဖြစ်ဘူး။ လက်ရှိဆိုရင် အခုညနေကဘဲ လေယာဥ်နဲ့ဗုံးကျဲခံရတဲ့ ကရင်နီဒေသဆိုရင်လည်း သူတိုဆီ အစိုးရရဲ့ ထောက်ပံ့မှု  တွေမရောက်ဘူး။ ဆိုတော့ စစ်ရေးဆိုင်ရာကိစ္စရပ်တွေမှာမရောက်တာမဟုတ်ဘဲ ခုနက ကိုမိုးသွေးပြောသလိုပဲ စစ်ဘေးရှောင်ကိစ္စတွေရှိတယ်၊ စသဖြင့်ကိစ္စတွေမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လုပ်ဆောင်မှုတွေ မတွေ့ရဘူး။ အဲဒီဟာနဲ့ ပက်သက်ပြီးတော့လည်း ဝေဖန်တယ်ပေါ့ဗျာ။ Team တွေကနေလည်း တောက် လျှောက်ပြောတယ်။ နောက်ဆုံး ဘယ်လောက်ပြောပြော မင်းတို့ကတော့ ဘောင်မဝင်ဘူး၊ မင်းတို့ကတော့ အစုအဖွဲအသေးလေးတွေ၊ မင်းတို့ကို ငါတိုကအဖက်လုပ်စရာမလိုဘူးဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ကို ဘာမှအကြောင်းမပြန်ဘူး။ အကြောင်းပြန်ခြင်း ဆိုတာထက် ကျွန်တော်တို့ပြောနေတဲ့ဟာတွေကို ကျွန်တော်တို့ဒါတွေလုပ်နေတယ်၊ ပြောတာမှားတယ်ဆိုတဲ့ အကြောင်းပြန်ချက် မရဘူးပေါ့ဗျာ။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ ဝေဖန်တာတွေ လုံးဝမလုပ်တော့ဘူး။ နောက်ဆုံး မှတ်မှတ်ရရ ကရင်နီမှာ ကျွန်တော်တို့ရဲဘော်အယောက် ၂၀ ကျတယ်။ ခင်ဦးမှာ အယောက် ၁၃ ယောက်၊ စုစုပေါင်း အယောက် ၃၀  ကျော်ကျတဲ့နေ့မှာ ကျွန်တော်တို Statement တစ်စောင်ထွက်တယ်။ အဲ့တစ်စောင်က ဘာမှမရေးထားဘူး၊ Blank Statement- ထုတ်ပြန်ကြေညာချက် ဗလာကြီးပေါ့။ ဒါနောက်ဆုံး အမျိုးသားညီညွတ်ရေးအစိုးရကို ဝေဖန်ခဲ့တာဖြစ်တယ်။ နောက်ဆုံး ဘာမှမပြောချင်တော့ဘူးဗျာ၊ သူတိုရဲ့လုပ်ဆောင်ချက်တွေ နှေးကွေးတယ်။ Donar ကိစ္စမှာလည်း ထိုနည်းလည်းကောင်းဘဲ။ နိုင်ငံတကငွေတွေက NUG ဆီကို စီးဝင်တယ်။ ကျွန်တော်တို့ မြေပြင်တပ်ဖွဲတွေက ဒီဘက်ကငွေတွေနဲ့ပဲ လည်ပတ်ပြီးတော့ လှုပ်ရှားနေရတယ်။ နောက်တခုကကျတော့ လက်နက်ဈေးပေါ့။ လက်နက်ဈေးကလည်း တစတစတက်လာပြီ၊ ကျွန်တော်တို့ တော်ရုံနဲ့ ဝယ်ပေးလိုမရတော့ဘူး။ ပြည်မမှာလည်း ကျပ်တည်းလာပြီ၊ ကုန်ဈေးနှုန်းတွေကလည်း တဖြည်းဖြည်းတက်လာနေတယ်။ ကျပ်တည်းပေမဲ့ လူထုကတော့ပေးနေတယ်၊ ဒါပေမဲ့ ပေးတဲ့နှုန်းနဲ့ ဝယ်ရမဲ့နှုန်းနဲ့က မမျှတော့ဘူးပေါ့ဗျာ။ အဲ့ဒီဟာတွေကလည်း တပ်ဖွဲ့တွေနဲ့ Fundraising Team တွေကြားထဲမှာ ပြဿနာ တက်နေတယ်။ နောက်ပြီးတော့ ဝေဖန်ရင် တံဆိပ်အတပ်ခံရတယ်။ များသောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဝေဖန်လိုက်တာနဲ့ မင်းကတော့စစ်တပ်အသိုင်းအဝိုင်းကဘဲ၊ မင်းကတော့ သွေးခွဲတဲ့ကောင် စသဖြင့် ဒါက လူထုက ကျွန်တော်တို့ကို ပြောတာမဟုတ်ဘူး။ လော်ဘီတွေ စသဖြင့် ပုဂ္ဂိုလ်တွေကနေပြောတာ။ လူထုကလော်ဘီတွေရဲ့စကားတွေကြောင့် ကျွန်တော်တို့ကို အဲ့လိုမျိုးမြင်ကောင်း မြင်လိမ့်မယ်။ ဒါပေမဲ့ လူထုရဲ့အမြင်မှာက တကယ်အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်၊ တကယ်အလုပ်လုပ်နေတဲ့ အစုအဖွဲ့တွေထဲက တစ်ယောက်ယောက်က အမျိုးသားညီညွတ်ရေးအစိုးရကို ဝေဖန်တယ်ဆိုရင် လက်ခံတယ်။ အလုပ်မပြဘဲနဲ့တော့ မဝေဖန်နဲ့ပေါ့ဗျာ။ ကျွန်တော်တို့ဆိုရင် ဝေဖန်ခဲ့တဲ့တောက်လျှောက်မှာ လူထုရဲ့ တံဆိပ်အတပ်ခံရတာတွေ တခါမှမကြုံဖူးဘူး။ ဘာလိုဆို ကျွန်တော်တိုက ကိုယ့်လမ်းကြောင်းနဲ့ ကိုယ့်ဘာသာကိုသွားနေလို့ပဲ။ ခုနက Donar ကိစ္စကို ပြန်လှည့်မယ်ဆိုရင် ဟိုတလောက ကရင်နီမှာ ကျတယ်၊ ချောင်းဦးမှာ ကျတယ်ဆိုတဲ့နေ့မှာ ကျွန်တော်တိုဘက်က ထောက်ပံ့ကူညီမှုတွေ မပေးဘူး၊ မပေးဘူးဆိုတဲ့ အသံတွေထွက်လာတော့ လော်ဘီတွေကနေ အသံထွက်လာတယ်။ ဘာလို့မပေးလဲဆိုတော့ လူထုကမှ Bond တွေမဝယ်တာ ၊ Bond ရဲ့ Target ကဘယ်လောက်ရှိတယ်၊ Target မပြည့်တဲ့အတွက် ငါတို့ဝယ်ပေးလို့မရတာဆိုတဲ့ စကားမျိုးပြောလာတယ်။ ပြောရရင်တော့ လူထုကို အပြစ်ပုံချတာ။ မင်းတိုမဝယ်လို့ ငါတို့က သူတိုကို လက်နက်မဝယ်ပေးနိုင်တာ စသဖြင့် အဲ့လိုမျိုး အပြစ်ပုံချခံရတာ မျိုးရှိတယ်။ အဓိကပြဿနာက အဲဒီကပဲပေါ့ဗျာ။ ကျွန်တော်တိုဆိုရင် 3U Projet မှာ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ထောက်ပံ့ရမယ့် တာဝန်မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ Guilty ဖြစ်တယ်ဗျာ။ ဒီအဖွဲတွေကို မပေးလိုက်ရတဲ့အတွက် အခုလိုကျဆုံးရတာဆိုပြီး ကျွန်တော်တို့မှာ Guilty ဖြစ်တဲ့စိတ်နဲ့ 3U Projet ကို run နေတာပေါ့နော်။ 3U Projet ကိုစပြီး Announce လုပ်တုန်းက ဒေသသုံးခုမှာရှိတဲ့ တပ်ဖွဲတွေကို ကျွန်တော်တို့ တာဝန်ပျက်ကွက်မှု၊ မသိချင်ယောင်ဆောင်မှု စတဲ့အပြစ်တွေအတွက် ကျွန်တော်တို့ တောင်းပန်ထားတယ်။ စာအရလည်းတောင်းပန်တယ်၊ လက်တွေ့အရလည်း ကျွန်တော်တို့ လုပ်တယ်ပေါ့ဗျာ။ 3U Projet ဆိုရင် တောင်းပန်တဲ့အနေနဲ့ ကျွန်တော်တို့အပြစ်တွေကို အလုပ်နဲ့ပြန်ပြီးတော့ သက်သေပြတဲ့သဘောမျိုးပဲ ။ဆိုတော့ ကျွန်တော်တို့ဆိုရင် ဘာမဟုတ်တဲ့ အဖွဲအစည်း၊ အင်အားစုအသေးလေးတွေ။ ကျွန်တော်တို့လို အင်အားစုအသေးလေးတွေကတောင် ဒီလို Guilty ဖြစ်တယ်ဆိုရင် ကျွန်တော်တိုထက် ပိုပြီးလုပ်နိုင်တဲ့သူတွေက Guilty မဖြစ်ဘူးလား။ ကျွန်တော် အစိုးရကို မေးခွန်းထုတ်ချင်တာ ပေါ့ဗျာ။ နောက်တခုကကျတော့ ကျွန်တော် ဒဲ့ဘဲပြောမယ် လူမဟုတ်ဘူးလားပေါ့။ လူမှန်ရင် ခံစားတတ်တဲ့ နှလုံးတစ်စုံပါတယ်။ လူတွေသေတယ်၊ တပ်ဖွဲဝင်တွေသေတယ်၊ ဒီနေရာမှာ တော်ရုံတန်ရုံ လူဖြစ်နေတဲ့ အရူးတစ်ယောက်တောင်မှ ဒီဟာမြင်ရင် ခံစားတတ်တာမျိုးပါ။ သူတို့က ဘာမှမလုပ်ဘဲ တိတ်ဆိတ်နေတယ်။ ပြီးတော့ နောက်တခုက ရဲဘော်တွေကျဆုံးသွားတဲ့သတင်းကို စစ်ရေးသတင်းအကျဥ်းချုပ်မှာ ချန်ထားခဲ့တယ်။ အဲ့လိုဟာမျိုးတွေက အမျိုးသားညီညွတ်ရေးအစိုးရကို နောက်ဆုံးဗျာ ဘာမှမပြောချင်တော့ဘူး။ လုပ်ချင်ရာလုပ်နေကြတယ်ဗျာ။ ကျွန်တော်တိုလည်း ရှိသလောက်အားနဲ့ ကျွန်တော်တို့ရှေ့ဆက်မယ်။ တပ်ဖွဲတွေကိုပေးမယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထောက်ပံ့မှုတွေ ဘာတွေကိုလည်း မတောင်းတော့ဘူး၊ ဘာလုပ်မှာလဲဆိုတာတွေလည်း မထုတ်ချင်တော့ဘူး။ ကိုယ့်ဟာကိုဘဲ  ရှေ့ဆက်မယ်ဆိုတာမျိုးနဲ့ သွားတယ်။ အဓိက အဲဒီဟာပါဘဲ ကျွန်တော်ပြောချင်တာက။

လင်းသစ္စာ ( 1:21:35 to 1:26:05 )

 ဟုတ်ကဲ့ ကျွန်တော်က လင်းသစ္စာပါဗျ။ ကျွန်တော်ဆိုရင် အခုအစည်းအဝေးလုပ်တဲ့အထဲမှာ အငယ်ဆုံးလို့ထင်ပါတယ်။ ဘာလို့ဆိုရင် ကျွန်တော့အသက်က ၁၈ ပြည့်တော့မယ်ဗျ။ ပြောရရင် အရင် Covid ဖြစ်ကတည်းက ကျွန်တော်ဆိုရင် ကျောင်းမတက်ရဘူး၊ အခုထိလည်း ဆယ်တန်းကို CDM ဝင်ထားတဲ့ကျောင်းသားပါ။ ဟိုတစ်ခေါက်ကလည်း တက်ဖူးပါတယ်၊ အခုတစ်ခေါက်တက်တာက လူငယ်တွေကိုယ်စား ပြောချင်လိုပါ။ အခု NUG မှာဆိုရင် ကျောင်းသားတွေအတွက် CDM ကဒ်တွေဘာတွေ ရှိတယ်ဆိုပြီး ကျွန်တော်တို့သိတယ်။ CDM ကဒ်တွေ ထုတ်ပေးမယ်ဆိုတော့ ကျွန်တော်တို ကျောင်းသားတွေအကုန်လုံး ပျော်ရတယ်။ ဒါပေမဲ့ ထုတ်ပေးသင့်လား၊ မထုတ်ပေးသင့်ဘူးလားဆိုပြီး ထပ်ထုတ်ပြန်တယ်။ အဲဒီလိုမျိုး ဇဝေဇဝါဖြစ်မဲ့ကိန်းမျိုးကိုတော့ မထုတ်ပြန်သင့်ဘူးဗျာ။ သူတို့ဘက်က ထုတ်ပြန်တာက အတည်တကျကြီးလိုလို ထုတ်ပြန်ခဲ့တယ်။ နောက်တချက်ကကျ ကျောင်းသားတွေမှာက ငါတို့ကို ထုတ်ပေးတော့မှာလား၊ ငါတို့က CDM ကျောင်းသားတွေ၊ ငါတို့အတွက် အခွင့်အရေးရသွားပြီဆိုတဲ့ အတွေးနဲ့ပျော်ရတယ်ဗျာ။ အခုကျောင်းတက်နေတဲ့ ကျောင်းသားတွေလည်း လုံးဝအများကြီးပါ။ ၆၀ ရာခိုင်နှုန်းလောက်ရှိမယ်။ ကျွန်တော်တို့ CDM ကျောင်းသားတွေဆို အခွင့်အလမ်းက နည်းသွားပြီဗျာ။ နောက်တချက် ထပ်ပြောချင်တာက ကျွန်တော်ဆိုရင်လည်း နေပြည်တော် PDF ကဘဲ။ အဲ့လိုမျိုးအချိန်မှာဆိုရင် လိုင်းပေါ်မှာ အလှူခံတာရှိတယ်။ NUG အစိုးရဘက်ကထောက်ပံ့တာဆိုရင် လုံးဝနည်းနည်းလေးပဲရှိတယ်ဗျာ။ ပြောချင်တာက သူတို့အလှူငွေတွေ အများကြီးပဲရတယ်။ ထောက်ပံ့တာအရမ်းနည်းတယ်။ ဥပမာဆိုရင် လက်နက်နှစ်လက်စာလောက်ပဲ ထောက်ပံ့တယ်။ ရန်ကုန်မှာ မန္တလေးမှာ အခုသေသွားတဲ့လူတွေထဲမှာ ကျွန်တော်သူငယ်ချင်းတွေများတယ်။ မြသွဲ့သွဲခိုင်သေတုန်းကလည်း ကျွန်တော်မျက်စိရှေ့မှာပါပဲ။ အခု NUG လုပ်ပုံက သေသွားတဲ့လူတွေကို မျက်နှာမထောက်တဲ့ပုံဖြစ်နေတယ်။ သေသွားတဲ့လူတွေကို မသိချင်ယောင်ဆောင် နေသလို ဖြစ်နေတယ်။ ဟုတ် ဒီလောက်ပဲ ပြောပါရစေဗျ။ အမှားပါသွားရင်လည်း Sorry ပါဗျ။

Mr. Rev Park (1:26:16 to 1:35:50)

ဟုတ်ကဲ့ပါဗျ။ Mr. Rev Park ဆိုတာ ကျွန်တော်က တော်လှန်ရေး Code Name အနေနဲ့ ပေးထားတာပါ။ CDMer တစ်ယောက်ပါ။ ကျွန်တော်က တပ်အဝန်းအဝိုင်းကဖြစ်ပြီး ဗိုလ်ကြီးအဆင့်အရာရှိတစ်ယောက်ပါ။ တပ်ထဲမှာ ကျွန်တော်နေတဲ့သက်တမ်းက ၁၉ နှစ်လောက် ရှိတယ်ပေါ့နော်။ အစောပိုင်းက ဆွေးနွေးသွားတဲ့ ကိုမင်းသေ့ကနေ ညီလေးလင်းသစ္စာအထိ ပြောသွားတဲ့အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဒီနေ့ဆွေးနွှေးတဲ့ ခေါင်းစဥ်နဲ့ အကိုတို့၊အမတို့၊ညီလေးတို့ ပြောသွားတဲ့ထဲကပဲ ထုတ်နုတ်ပြီးတော့ ဆွေးနွေးသွားချင်တာပါ။ ကျွန်တော်ကတော့ အပိုင်းနှစ်ပိုင်းပေါ့နော်၊ ဆွေးနွေးတဲ့ခေါင်းစဥ်ရယ် တော်လှန်ရေးမှာ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ အမြင်ပေါ့။ 

NUG ဟာ တော်လှန်ရေးတပ်ဦးလား၊ စင်ပြိုင်အစိုးရလား၊ မသေချာဘူးလားဆိုတဲ့ Poll လေးကောက်တာမှာ ကျွန်တော်ကတော့ ဘာမှမဖြေလိုက်ဘူးဗျ။ ဒီဟာကိုဘယ်လိုမြင်လဲ ကျွန်တော်စဥ်းစားတယ်။ ကို Desmond Doss ကပြောသွားတယ်၊ NUG သည် တပ်ဦးဖြစ်ချင်တယ်၊ ဒါပေမဲ့ စင်ပြိုင်အစိုးပုံစံ Structure မျိုး တည်ဆောက်ထားတယ်ပေါ့။ ကျွန်တော်ကတော့ တခြားအကိုတွေဆွေးနွှေးသွားတာလည်း ရလိုက်ပါတယ်။ ဒါပေမဲ့ ကို Desmond Doss ပြောသွားတာကို ကျွန်တော်က Accept လုပ်တယ်။ NUG သည် စင်ပြိုင်အစိုးရပုံစံတည်ဆောက်ထားတဲ့၊ အစောပိုင်းကတော့ သူတို တော်လှန်ရေးတပ်ဦးလည်းဖြစ်ချင်တယ်၊ တော်လှန်ရေးတပ်ဦးလည်းလုပ်တယ်ပေါ့ဗျာ။ ဒါပေမယ့် သူတိုမှာ တော်လှန်ရေးတပ်ဦးလုပ်နိုင်လောက်တဲ့ အနေအထားမျိုးမရှိဘူးဆိုတာ သူတိုကိုယ်သူ သိသွားပုံရတယ်။ ဒါမှမဟုတ် နဂိုကတည်းက ဒီဘက် NUCC ဘက်ကိုပေးမယ်လို လျာထားတာလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်။ ကျွန်တော် ERO နယ်မြေတွေမှာရောက်ချိန် ပထမအစောပိုင်းတုန်းက NUG ဆီကို နီးစပ်ပေါက်ရောက်မယ့်သူတွေကို ကျွန်တော်တို့ပြောပြတယ်။ NUG က ဒီဘက်နိုင်ငံရေးကိုပဲကိုင်ပြီး ERO တွေကို တပ်ဦးအနေနဲ့ပေးဖို့ပေါ့နော်။ အဲ့တုန်းက NUG နဲ့နီးစပ်တဲ့သူတွေက အဲ့လိုပေးတဲ့အကြံဉာဏ်ကို မကြည်ဖြူ၊ မကြိုက်ဘူးပေါ့ဗျာ။ ဒလန်လားဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ အချိန်အတိုင်းအတာတခု ဖြတ်သန်းပြီးတဲ့အခါ NUG သည် တော်လှန်ရေးတပ်ဦး၊ စစ်ရေးဦးဆောင်မှုနေရာမှာ ဦးဆောင်လို့မဖြစ်တာလား၊ သူကိုယ်တိုင်ဘဲပြုပြင်သွားတာလား ဒါမှမဟုတ် အကြံပေးမှုတွေကြောင့်လားတော့ မသိဘူး၊ အခုအချိန်မှာတော့ တော်လှန်ရေးတပ်ဦးကို NUCC ဆီပေးပြီး C3C အတိုင်ပင်ခံကောင်စီအဖွဲတွေနဲ့ NUCC ကသွားမယ်လို့ ချမှတ်ထားတယ်ပေါ့နော်။ အဲ့အတွက်ကြောင့် တော်လှန်ရေးတပ်ဦးက NUCC ဖြစ်ပြီး ကျွန်တော့်အနေနဲ့ပြောရရင် စင်ပြိုင်အစိုးရက NUG ဆိုတဲ့ ပုံစံမျိုးနဲ့သွားတယ်ပေါ့ဗျာ။ ကျွန်တော်ကတော့ လက်ရှိမှာ စင်ပြိုင်အစိုးပုံစံရော၊ တပ်ဦးပုံစံအနေနဲ့ပါ ပီပီပြင်ပြင် မရှိသေးဘူးလို့ မြင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အမြင့်အရ Policy အရတော့အခုအချိန်ထိ မှန်ကန်နေသေးတယ်ပေါ့နော်။ ဒါပေမယ့် အရှေ့ကပြောသွားသလို Policy မှန်ပေမယ့် လက်တွေ့အကောင်အထည်ဖော်မှု Implementation အပိုင်းကို ကျန်သေးတယ်။ ချမှတ်လိုက်တဲ့ Grand Strategy မှန်တယ်ဆိုရင်တောင် Stratgey ကို ဘယ်သူကကိုင်တာလဲ၊ Tectics (နည်းဗျူဟာ)ကို ဘယ်သူကိုင်လဲဆိုတာ၊ ဘယ်လောက်ထိရောက်မှုရှိလဲ ၊ ဘာတွေလိုအပ်နေသလဲဆို တာကို ဆန်းစစ်လေ့လာကြည့်ဖို့ လိုပါတယ်။ အဲ့လိုကြောင့်လဲ implementation အပိုင်းမှာနှေးနေတယ်။ ကျွန်တော့်အမြင်လေးပြောချင်တာက အခုလိုဖြစ်နေတဲ့အရာတွေ ဘယ်အရာမဆိုအားလုံးက တော်လှန်ရေးနိုင်ချင် လို့ပုံအောပြီးတော့ ထောက်ခံတဲ့လူတိုင်းက all in လုပ်ထားကြတာပေါ့၊ ဒီအနေထားမှာ ကျွန်တော်တို့က မနိုင်လို့မရဘူး။မနိုင်လို့မရတဲ့အတွက် ဆက်သွားမှာပဲ တော်လှန်ရေးက၊ NUGက စင်ပြိုင်ပဲဖြစ်ဖြစ် တော်လှန်ရေးတပ်ဦးကပဲဖြစ်ဖြစ် fail သွားတယ်ဆိုရင်တောင် ကျွန်တော်တို့က ကျွန်တော့်တကိုယ်စာကတော့ NUGနေရာမှာ တခြားတပ်ဦးတခု လာပြီးတော့ သွားဆိုလည်း ဆက်သွားမှာပဲ၊ NUGရှိလည်းဆက်သွားမှာပဲ မရှိလည်းဆက်သွားမှာပဲ။ မူအရတော့အခုချိန်မှာ NUG ကလိုကိုလိုအပ်တဲ့အတွက် သူတို့ကိုsupporting ပေးနေရမှာပဲ၊ ကျွန်တော်တို့ကဘယ်လိုနေရာကနေ supporting ပေးလို့ရလည်းလို့ CDMer တစ်ယောက်အနေနဲ့ ကမ်းလှမ်းဖူးတယ်။ မေးဖူးတယ်။ ထဲထဲ၀င်၀င်ကူညီလို့မရဘူး၊ ဒါပေမယ့်သူတို့နဲ့အနီးစပ်ဆုံးနေရာမှာရှိခဲ့တယ်၊ မြေပြင်အခြေနေကိုလည်းသိတယ် သူတို့အခြေနေကိုလည်း နီးနီးစပ်စပ်သိတယ်၊ အဲ့ဒါကြောင့်ပြောချင်တာ သူတို့အခက်အခဲတွေကိုလည်း နားလည်တယ်၊ ဒါကြောင့်အပြစ်မတင်ချင်ဘူး ဝေဖန်တယ်ဆိုရင်တောင် ကျွန်တော့်တကိုယ်စာ အဖြေရှာချင်တယ်၊ တကယ်လက်တွေ့လုပ်ဆောင်ဖို့ မလွယ်ဘူးလို့ပြောတယ်၊ ‌ဝေဖန်တဲ့ကိစ္စကလည်း မလွယ်ပါဘူး။ လက်တွေ့လုပ်ဆောင်တာလည်း မလွယ်ပါဘူး။ လိုအပ်တဲ့အချိန်နဲ့ အရှိန်မရဘဲ နှေးကွေးနေတာကို analysisလုပ်သင့်တယ်။  တကယ်က NUCCထဲကနေ ရှိသင့်တာ၊ NUCCကလည်း မရှင်းလင်းဘူး။  ကျွန်တော်နဲ့ရင်းနှီးတဲ့လူတစ်ယာက်ကိုမေးတယ်။ NUCC Channel ကိုဘယ်လိုဝင်ရလည်း။  သူတို့ဆီကလည်း တိကျတဲ့အဖြေမရှိဘူးပေါ့၊ မရှိတဲ့အတွက် NUCC channelကိုလည်း ၀င်လို့မရဘူး၊ ၀င်လို့မရတဲ့အတွက် ဒီထဲကရှိတဲ့အကိုတွေအနေနဲ့ analysis ကိုTeamအနေနဲ့ လုပ်မယ့်လူရှိရင် ပါ၀င်ချင်ပါတယ်၊ တစ်ဦးတယောက်အမြင်ဆိုတာထက် Think Tank လိုမျိုး analysis team လုပ်ပြီး ဘယ်နေရာအားကောင်းတယ်၊ အားနည်းဆိုတာ တွေနယ်ပယ်ပေါင်းစုံက အချက်အလက်တွေနဲ့ရလာတဲ့ report  တွေကို NUG,NUCC,ERO သက်ဆိုင်ရာ နယ်ပယ်အလိုက် စုပြီးလုပ်မယ်ဆိုရင် ပါ၀င်ချင်ပါတယ်။ 

ကိုမိုဃ်းသွေး (1:35:50 – 1:44:00)

အခုဒီအပိုင်းမှာဆွေး‌နွေးချင်တာက အစိုးရသဏ္ဍာန်စုဖွဲ့ထားတဲ့ NUGအနေနဲ့ ဘာတွေလုပ်နိုင်လည်း ဆိုတာရယ် ဒုတိယတချက်က NUG အပေါ်မှာဘယ်လို၀ိုင်းပြီးတည့်မတ်ကြမလည်းဆိုတာရယ်ပါ။

တခုက ပညာရေးတို့ ကျန်းမာရေးတို့ telemedicine တို့ အွန်လိုင်းစာသင်ခန်းတို့လုပ်ထားတယ်ပေါ့၊ ဒါတွေကကျွန်တော်တို့ appreciate လုပ် လေးစားပါတယ်၊ တဖက်မှာဒီထက်ပိုပြီးလုပ်နိုင်တဲ့resource တွေအခြေနေတွေပေးနေတယ်လို့မြင်တယ်၊ အဲ့ဟာတွေဘာလို့အာရုံမစိုက်တာလည်း လို့၊ ကျွန်တော့်အနေနဲ့ မူအရဆိုNUGကိုအပြည့်အ၀ထောက်ခံပါတယ်။ တဖက်မှာ မဖြစ်မနေပြောင်းလဲရမှာ တိုးရလျော့ရမှာတွေရှိတယ်၊ ဥပမာ စစ်ကိုင်းတိုင်းမှာဆိုရင် နယ်မြေတခုမှာပြည်သူတွေဟာနေ့တိုင်းလိုလိုသပိတ်တွေထွက်ကြတယ်။ အင်နဲ့အားနဲ့ တကယ့်ကို မြို့ပေါ်တွေထိအောင် လက်နက်တွေနဲ့သွားလာပြီး စီးထားနိုင်တဲ့အနေထားတွေ ရှိနေတယ်။ ဒါပေမယ့်မေးခွန်းတခုရှိတာ ‌ကျောင်းတွေNUGက ဖွင့်လို့မရဘူးလား ၊ တည်မြဲချင်တည်မြဲမယ် မတည်မြဲချင်မတည်မြဲဘူးဗျာ အဲ့လိုလုပ်ဖို့လည်း CDM ၀န်ထမ်းတွေ ကျောင်းဆရာဆရာမတွေ နေရာအနှံ့မှာ သိန်းနဲ့ချီရှိတယ် ဒါက တကယ့်resourcesတွေ။ အဲ့လိုနေရာမျိုးမှာဆေးပေးခန်းတွေ ဖွင့်မယ် ဆေးပေးတဲ့အဖွဲ့လေးတွေလုပ်မယ်။ ကရင်ပြည်နယ်မှာKNU က လုပ်ထားတဲ့ backpackerဆိုတာရှိတယ်၊ အဲ့ချိန်တည်းကBackpacker တွေရဲ့အစွမ်းကိုသိတယ်၊ အဲ့အချိန်စစ်အစိုးထိန်းချုပ်နယ်မြေ၊ ထိန်းသိမ်းထားတဲ့နေရာတွေကို ရောက်အောင်သွားပြီးဆေးကုတယ်၊ အခုCDMတွေထဲမှာ ဆရာ၀န်ဆရာမတွေ သူနာပြုတွေအများကြီးရှိတယ်၊ ဒါတွေကိုချိတ်ဆက်ပြီးလုပ်နိုင်တဲ့ Capacity မရှိဘူးလား၊ တဖက်မှာ telemedicineလုပ်သလို တဖက်မှာမြေပြင်ကိုယ့်လူရှိတဲ့နေရာတွေမှာ ရအောင်သွားပြီးလုပ်ကြမယ်။ နောက်တခုက ဒီဘက်မှာလည်း အွန်လိုင်းစာသင်၀ိုင်းလုပ်တဲ့နေရာမှာ အွန်လိုင်းကနေ ကြော်ငြာပြီးလာတက်ပါ လုပ်ရမယ့်အစား၊ CDMဆရာမတွေနဲ့ Networkတွေဖွဲ့ပြီးတော့၊ CDMဆရာမတွေက တကယ်တမ်းပြောရရင် ဒီခေတ်က ကျွန်တော်တို့ခေတ်နဲ့မတူတော့ဘူး  ကျောင်းသားကျောင်းမလာရင် ဆရာမက မိဘဆီ ဖုန်းလှမ်းဆက်လိုက်တာ။ ကျောင်းသားကျောင်းမတက်နိုင်ရင် မိဘကဖုန်းဆက်ပြီး ခွင့်လှမ်းတိုင်လို့ရတယ်။ ဆရာဆရာမတွေမှာ ကျောင်းသားတွေဖုန်းနံပါတ်တွေရှိတယ်။ သူနယ်နဲ့သူချိတ်ဆက်ပြီး စာသင်၀ိုင်းလေး မဖန်တီးပေးနိုင်ဘူးလား ၊တို့ဆရာမက CDMနဲ့ရှောင်တိမ်းနေရတာဖြစ်တယ် ကျောင်းမှာအတိုင်းတော့မသင်နိုင်ဘူး သူရတာကိုသင်ရိုးအတိုင်း လိုက်သင်ပေးနေတဲ့အတွက် ငါတို့ဒီလနှစ်သောင်းတော့ ဆရာမကိုလှူမယ်။ ဘာလေးတော့လုပ်ပေးမယ် ဆိုတဲ့ဟာမျိုးဆိုရင် CDM ဆရာမတွေအတွက် supporting ရသေးတယ်။ အလားတူ ဆေးဘက်မှာလည်းအဲ့လိုပဲ၊ ဘာလို့အဲ့ဒါတွေကို မလုပ်နိုင်တာလည်းလို့ မေးစရာရှိနေတယ်။ ဥပမာ မင်းတပ်မှာရော ကရင်နီမှာရော ရဲဌာနတွေဖွဲ့လိုက်တယ်၊ စစ်ကိုင်းတိုင်းထဲမှာNUG ကရဲတပ်ဖွဲ့တွေဘာလို့မလုပ်နိုင်တာလည်း နောက်ပြီးအုပ်ချုပ်ရေးမှာလည်း ဘာလို့မထူထောင်နိုင်တာလဲ ၊ အကြီးကြီးမဟုတ်ဘူး ကွန်ရက်လေးတွေနဲ့ဖွဲ့ပြီး စနစ်တကျအုပ်ချုပ်ဖို့ဘာကြောင့်မလုပ်နိုင်တာလဲ၊ ဒါတွေကတကယ်ကိုလိုအပ်နေတယ်၊ တဖက်မှာ လက်နက်ကိုင်ကာကွယ်ရေးနဲ့ ပါတ်သက်ရင်သိပ်တော့နားမလည်ဘူး ရဲ‌ဘော်တစ်ယောက်တင်ပြသွားတဲ့ ဟာတွေကြားရတာ စိတ်တော့မကောင်းဘူး။ တဖက်မှာ services တွေလုပ်ဖို့ Human resources တွေအလုံအလောက်ရှိတယ် CDM Network တွေရှိတယ် အဲ့ဒါဆိုပိုက်ဆံကဘယ်မှာလဲ၊ ပိုက်ဆံက နောက်ထပ်စဥ်းစားချက်တခုပေါ့ နောက်ဆုံးအမေရိကန်က Law တခုရှိတယ် အဲ့မတိုင်ခင်မှာလဲUSAID ကနေဒေါ်လာသန်းငါးဆယ်ဖိုး မြန်မာပြည်နဲ့ပါတ်သက်ပြီးတော့ ဘတ်ဂျက်ချတာတွေရှိတယ်၊ အဲ့ဒါတွေကို NUGနဲ့ယူလို့မရရင်လည်း ပြဿနာမရှိဘူး  ၊ မဟုတ်ရင်လည်း ကရင်နီမှာဖြစ်ဖြစ် ချင်းမှာဖြစ်ဖြစ် စစ်ကိုင်းမှာဖြစ်ဖြစ် ပြည်သူတွေရွာသားတွေလူငယ်တွေရှိနေတယ်။ အဲ့လူတွေဖွဲ့ခိုင်းလို့ရတယ်၊  အရပ်ဘက် NGOလို ပုံစံမျိုးတွေဖွဲ့ခိုင်းပြီးတော့ လူမှုကယ်ဆယ်ရေး အရပ်ဖက်အဖွဲ့အစည်းပုံစံ ဖွဲ့ပြီးတော့ အစိုးရနဲ့Network ချိတ်ပြီးတော့ အဲ့network တွေအနေနဲ့ funding လျှောက်တာမျိုးတွေလုပ်လို့ရတယ် ၊ NUGကထိုင်ပြီးတော့ Recommand လုပ် proposal ဘယ်လိုလုပ်ရတယ်ပြောပေး၊ NUG ကမယူဘူး ဒါပေမယ့် လူထုထဲမှာ စစ်ဘေးရှောင်လို့ ဒုက္ခရောက်နေတယ် အဲ့အဖွဲ့ကိုမင်းတို့ပေးသင့်တယ် ဆိုတာမျိုးထိုင်လုပ်ရင် ၊ သဘောတခုက တစုံတရာ ဘတ်ဂျက်တွေရောက်လာနိုင်တယ် ၊ အခုကအဲ့လိုမျိုးတွေလုပ်ထားမျိုး မတွေ့ရဘူး။ 

NUGမှာစွမ်းဆောင်မှုအားဖြင့် တော်တော်အားနည်းတာကို ပွင့်ပွင့်လင်းလင်း ‌ဝေဖန်သုံးသပ်ရပါမယ်။ အဲ့နေရာမှာလူအရ လူတွေပိုပြီးတော့ သင့်တော်တဲ့လူတွေကိုလည်း ပြောင်းရပြောင်းရလိမ့်မယ်။ ဒါတွေကမဖြစ်မနေလုပ်ရမယ်၊  NUGထဲမှာလူမျိုးစုံပါတယ်၊ ဒါပေမယ့်ပါနေတာက သူ့ရဲ့လူမျိုးသူ့ပြည်နယ်ကို ကိုယ်စားပြုမဟုတ်ဘူး။ အဖွဲ့အစည်းအစုအဖွဲ့ကိုပဲ ကိုယ်စားပြုနေတာပဲဖြစ်တယ်၊ ဖက်ဒရယ်အရ လူမျိုးစုကြီးတခုလုံးကို ကိုယ်စားပြုတဲ့ဟာမျိုးဖြစ်လာအောင််လည်းလုပ်ရမယ်။ တဖက်မှာNUGအစိုးရလိုမျိုး တော်လှန်ရေးတပ်ဦး အပြိုင်ဖွဲ့လာတာမျိုးဖြစ်လာရင် မကောင်းဘူး NUCCသည်လည်း အဲ့လိုဖြစ်လာရင် မကောင်းဘူး လူထုကြားထဲမှာကွဲသွားမယ်၊ ABC ဆိုတဲ့နောက်ထပ်အစိုးရကိုထောက်ခံတဲ့အုပ်စုနဲ့  NUG ကိုထောက်ခံတဲ့အုပ်စုနဲ့အဖွဲ့ကွဲပြီး ကျွန်တော်တို့တော်လှန်ရေးကပိုပြီးအင်အားချိနဲ့သွားမယ်၊ အဲ့လိုမဟုတ်ပဲ NUGကြီးကိုပိုကောင်းလာအောင်လို့  ကျွန်တော်တို့ အမုန်းခံပြီး ဝေဖန်ကြမယ် တိုက်တွန်းကြမယ်၊ အတွင်း channelတွေကလည်း တတ်နိုင်သလောက် ပြောသလိုအပြင်မှာလည်း အမုန်းခံဆဲကြမယ်၊ အဲ့လိုလုပ်ရမှာသည် လည်း  ကျွန်တော်တို့ရဲ့တော်လှန်ရေးတာ၀န်တရပ်လို့ မြင်တယ်လို့တင်ပြရင်း နိဂုံးချုပ်ပါတယ်။

ကိုဘရောင်း (1:44:20 – 1:50:30)

 ဒီနေ့အစိုးရကို‌ဝေဖန်ရရင်သူတို့ကိုယ်တိုင် ၀ိ၀ါဒကွဲပုံမရဘူးလို့ပဲပြောချင်ပါတယ်။ NUGအစိုးရသည် လုပ်ချင်စိတ်တွေအရမ်းများပြီး လုပ်နိုင်စွမ်းတွေအရမ်းနည်းနေတယ်လို့ပဲ သုံးသပ်ပါတယ်၊ သူတို့မှာလည်း သူတို့ ရဲ့စွန့်လွှတ်မှုကို အများကြီးရုန်းကန်နေတာကို နားလည်ပါတယ်၊ လုပ်နိုင်စွမ်းအားကိုတော့ ပြန်လည်သုံးသပ်ရပါမယ်၊ ပြည်သူ့ဆန္ဒတွေကကြီးလာလေ သူတို့လုပ်နိုင်စွမ်းအားကို သူတို့ပူပင်မှုရှိလာတာကို တွေ့ရပါတယ်။ အလုပ်ကို ညလုံးပေါက်လုပ်နေတယ်မျိုးတွေ တွေ့ရတယ်။ ဒီလိုညလုံးပေါက်လုပ်နေတာက အလုပ်မဟုတ်ဘူး အလုပ်တွင်တာအဓိကပေါ့၊ အောက်ခြေကိုစိတ်မချဘူး အရာကဏ္ဍ အားလုံးမှာ ပါ၀င်လုပ်ချင်နေတယ်။ အဲ့ဒါကြောင့်အလုပ်မတွင်ဘဲ စွမ်းဆောင်ရည်ကျဆင်းနေတယ်လို့ မြင်တယ်။ NUG သည် တော်လှန်ရေးမှာ နိုင်ငံရေးဦးဆောင်မှုမှာ အရေးကြီးဆုံးပဲဖြစ်တယ်။ သူတို့ကို ဘာဖြစ်စေချင်လဲဆိုတော့ တော်လှန်ရေးမှာမူ၀ါဒနဲ့ တာ၀န်ခံမှုအပိုင်းကိုပဲ ဦးဆောင်ဖို့ ပြုပြီး အကောင်အထည်ဖို့ကွန်ရက်တွေကို ချိတ်ဆက်စေချင်ပါတယ်၊ လုပ်ပိုင်ခွင့်တွေခွဲ‌ဝေပေးဖို့ လိုအပ်နေတယ်။ တခုခုဆိုပြည်သူက သူတို့ကိုအလုံးစုံအပ်နှင်းထားတယ်၊ အလုံးစုံတာ၀န်ခံရမယ် လွဲချော်မှာ စိုးတယ်ဆိုတဲ့ပူပန်စိတ်ကြောင့် အရာအားလုံးကို ကိုယ်တိုင်လုပ်မှရမယ်ဆိုပြီး စဉ်းစားလာတယ်။ ဒီတော့အလုပ်မတွင်တဲ့ သဘောကိုသိရပါတယ်၊ ဒါတွေဟာမှားယွင်းပါတယ်၊ ဘာလို့ဒီမှာပြောလဲ NUG ကိုတိုက်ရိုက်မပြောဘူးလား ဆိုတော့ NUG အနေနဲ့လော်ဘီအသံပဲကြားပြီးတော့ကျန်တဲ့ဟာဆိုနားလေးနေတယ် လော်ဘီတွေပြောတာပဲနားထောင်တယ်၊ လော်ဘီတွေပြောတာပဲပြန်ပြောတယ်။ NUGရဲ့ Godfather ဖြစ်လာမယ့်အနေထားလို့တောင် ပြောရမလိုဖြစ်နေတယ်၊ တကယ်တော့အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်တက်လာဖို့သည် လုပ်ပိုင်ခွင့် ခွဲ‌‌ဝေပေးဖို့လိုအပ်ပါတယ်။ ခုလိုတော်လှန်ရေးကာလမှာ NUGရဲ့တော်လှန်ရေးဦးဆောင်မှုကို သူကပဲရှိနေရမှာ ဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့ရော အားလုံးကလည်းလက်ခံရမှာဖြစ်တယ်။ သူတို့ကိုယ်တိုင်ကလည်း ကျွန်တော်တို့တိုင်းပြည်အနာဂါတ် ပြည်သူသန်းငါးဆယ် မမွေးလာသေးတဲ့ပြည်သူတွေရဲ့ အနာဂါတ်ကိုပါ NUG ကို ပုံအပ်ထားတာဖြစ်တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့်စဥ်းစားပြီး ပြောင်းလဲသင့်တယ်လို့မြင်ပါတယ်။ မူ၀ါဒပိုင်းဆိုင်ရာသာပဲ သူတို့တွေကိုတာ၀န်ယူစေချင်ပါတယ်။ မှန်ကန်တဲ့မူ၀ါဒတွေချမှတ်ပေးနိုင်ဖို့ပြီးတော့  ပြည်သူရဲ့အပ်နှင်းထားအပေါ်မှာ တာ၀န်ခံမှုအပိုင်းကိုပဲ သူတို့ကိုလုပ်စေချင်ပြီးတော့ လုပ်ပိုင်ခွင့်တာ၀န်အဆင့်ဆင့်ကိုတော့ အောက်ကနေ ကွန်ရက်တွေတည်ဆောက်ပြီးခွဲ‌ဝေပေးနိုင်ရင် စွမ်းဆောင်ရည် ဒီထက်အများကြီး ကျွန်တော်တို့တော်လှန်ရေးအတွက် ထိထိရောက်ရောက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ 88 လိုမဟုတ်ပါဘူး 2021 တော်လှန်ရေးမှာကွန်ရက်တွေကို နည်းနည်းလေးအားထည့်တာနဲ့ သူတို့ယုံယုံကြည်ကြည် social skill နဲ့ လိုက်လုပ်မယ်ဆိုရင်ကို အများကြီး Networkတွေကောင်းလာမှာ သေချာပါတယ်။ ကမ္ဘာအရပ်ရပ်မှာ အမေရိကကြည့်မလား ဥရောပကြည့်မလား  ဂျပန် သြဇီကြည့်မလား ကျွန်တော်တို့အိမ်နီးနားချင်း အာဆီယံမှာကြည့်မလား ကျွန်တော်တို့လူမျိုးတွေ  နိုင်ငံသားတွေ နိုင်ငံအသီးသီးမှာထွက်သွားပြီးတော့ ရပ်တည်နေတဲ့နေရာကဏ္ဍ အသီးသီးမှာ  တကယ့် ကျွမ်းကျင်တတ်ကျွမ်းတဲ့ လူတွေအများကြီးရှိနေပါတယ်။ ဒီnetworkကို အများကြီးတည်ဆောက်ပြီးတော့မှ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ NUGကို‌ဝေဖန်ချင်တယ်၊ နောက်တခုက  NUGနဲ့ပါတ်သက်ရင် ‌ဝေဖန်မှရမယ်။ ခုကမ‌ဝေဖန်ဘူး ‌ဝေဖန်ရင်တချို့ မျက်စိပိတ်ထောက်ခံသူတွေနဲ့ လော်ဘီအချို့က တိုက်ခိုက်နေရင် NUG လမ်းလွဲသွားတဲ့အခါ မဖေးမနိုင်ဘဲနေပါလိမ့်မယ်။ အဲ့ဒါဆိုတိုင်းပြည်အနာဂါတ်က ပိုပြီးမှောင်ပါလိမ့်မယ်။  NUG အနေနဲ့လမ်းမှန်ပေါ်မှာ အမြဲတမ်းဦးဆောင်နိုင်ဖို့က အနာဂါတ်အတွက် ဦးဆောင်နိုင်အောင် ကျွန်တော်တို့တွေသည် ၀ိုင်း၀န်းဖေးမနေရမှာဖြစ်ပါတယ်။  ကျွန်‌တော်တို့တွေသည် ဘယ်လော်ဘီကပဲ ဘာပဲပြောပြော ကျွန်တော်တို့တိုင်းပြည် အနာဂါတ်အတွက်  ကျွန်တော်တို့ပြောကို ပြောရပါမယ်။ ကျွန်တော်တို့လက်ရှိ တော်လှန်ရေး အနာဂါတ်အောင်ပွဲဟာ NUGမပါဘဲ လုံး၀သွားလို့မရဘူး။ ကျွန်တော်တို့ရဲ့နိုင်ငံရေးဦးဆောင်မှု အပ်နှင်းထားမှုဟာ NUG ပါမှကိုဖြစ်မယ်၊ NUGဟာ စွမ်းဆောင်ရည် အခုထက်ပိုမိုအားကောင်းတဲ့ အလုပ်ဖြစ်တဲ့ ဦး‌ဆောင်နိုင်တဲ့ NUGအစိုးရဖြစ်ဖို့ ကျွန်တော်တို့တွေ အားလုံး ကဏ္ဍပေါင်းစုံ အဖွဲ့စည်းအင်အားစုပေါင်းစုံ ကနေပြီးတော့ ‌ဝေဖန်ထောက်ပြ ဆွေးနွေးနေရင်  အကြိမ်ကြိမ်ပြောလာရင် NUGလည်း မဖြစ်မနေ သူတို့တွေပြန်လည်သုံးသပ်လုပ်ဆောင်လာနိုင်မယ်လို့ မြင်ပါတယ်။ အားလုံးပြန်ချုပ်ရရင်NUGဟာ သူတို့ကိုယ်တိုင်ခုတော့ သဘောပေါက်စပြုလာပြီလို့ မြင်ပါတယ်။ လုပ်ချင်စိတ်တွေအရမ်းများပြီး လုပ်နိုင်စွမ်းအားတော့တော်တော့်ကိုနည်းနေတယ်။ အဲ့ဒါသည်သူတို့လုပ်ပိုင်ခွင့်ကို မဖြန့်ပေးလို့ ကွန်ရက်တွေကို ကောင်းကောင်းမတည်ဆောက်နိုင်လို့ လို့မြင်ပါတယ်၊ ဒါတွေကိုပြောင်းလဲလိုက်ရင် အားကောင်းတဲ့ တော်လှန်ရေးတပ်ဦးအစိုးရတခု  ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။

ကိုရဲထက် (1:50:40 – 1:55:45)

ကျွန်တော် စကားဝိုင်းခေါင်းစဉ်နဲ့ ပက်သက်ပြီး ထပ်ရှင်းပြချင်လို့ ဝင်ရောက်ဆွေးနွေးတာပါ။ ပထမဆုံးကတော့ 

ဒီစကားဝိုင်းနာမည်ရွေးရတာခက်ပါတယ်။ ကိုမိုဃ်းသွေးပြောသလို စင်ပြိုင်အစိုးရဆိုတဲ့စကားလုံးကလည်း သတိထားရတဲ့စကားလုံးဖြစ်တယ်၊ ကျွန်တော်တို့က ဘာလို့ခွဲထုတ်ချင်လဲဆိုတော့ NUG ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းဖြစ်စေချင်တာကြောင့်ပါ။ ကိုမိုးသွေးတော့ ပြောသွားတယ် မူ၀ါဒကရှင်းတယ်ပေါ့၊ သွားမယ့်နေရာရှင်းတယ် ဒါပေမယ့် ဘယ်လိုသွားမယ်ဆိုတာမရှင်းဘူးလို့မြင်တယ်။ ဗျူဟာပိုင်း‌မူ၀ါဒပြောရမလား ဗျူဟာပိုင်းရပ်တည်ချက်ကတော့မရှင်းဘူးမြင်တယ် အဲဒီအပိုင်းမှာရှင်းရှင်းလင်းလင်းဖြစ်သင့်တယ်။ မြေပြင်လုပ်ဆောင်မှုလိုအပ်ချက်ကတော့ရှိတာအများကြီးပဲ၊ ဒါပေမယ့် အခုဆွေးနွေးပွဲကတော့ အဓိကက NUGရဲ့နေရာအခန်းကဏ္ဍကို သေချာရှင်းရှင်းလင်းလင်း ဖြစ်ချင်တာပါ။ 

ကျွန်တော့်အယူအဆက စင်ပြိုင်အစိုးရဆိုတာ သူ့မှာအရေးပါမှုတွေရှိတယ်၊ တခုက legitimacy လူထုထောက်ခံမှု နိုင်ငံတကာထောက်ခံမှုရအောင်လုပ်တယ်၊ ဒါကအခုNUG အဓိကလုပ်ဆောင်နေတဲ့ခြေလှမ်းဖြစ်တယ်။ နောက်တခုကအုပ်ချုပ်ရေးယန္တရားကိုတည်ဆောက်တယ်။ နောက်တခုက ဗျူရိုကရေစီယန္တရားကို အသွင်တူအောင်လုပ်တယ်၊ အများစုကအွန်လိုင်းပေါ်မှာပဲလုပ်နိုင်တယ် အခုနယ်မြေစိုးမိုးတဲ့ဒေသ တချို့တွေလာရင်တော့ အုပ်ချုပ်ရေးယန္တရားကို  ဘယ်လောက်ထိပီပီပြင်ပြင်လုပ်နိုင်မလဲဆက်ကြည့်ရမယ်။ နောက်တခုက နိုင်ငံရေးအရဦးဆောင်မှု နိုင်ငံရေးအရပေါင်းစည်းမှု၊ ဒါလည်းအင်မတန်မှအရေးကြီးတယ်။ ဒီဟာကNUCCနဲ့သွားပြီးတော့ချိတ်တယ် ဒီအပိုင်းတွေမှာ ကျွန်တော်တို့ စင်ပြိုင်အစိုးရဆိုပြီး NUGကိုသေးအောင်လုပ်တာမဟုတ်ဘူး သူ့ရဲ့အခန်းကဏ္ဍ အရေးကြီးတယ်၊ နောက်တပိုင်းက တော်လှန်ရေးတပ်ဦးဆိုတာ ကျွန်တော်ရည်ရွယ်တာက တော်လှန်ရေးကိုအဆုံးထိအောင်လုပ်မယ်။ အနိုင်ယူနိုင်တဲ့စစ်သူကြီးပေါ့။ လက်နက်ကိုင်ဖြစ်ဖြစ် အကြမ်းမဖက်လူထုလှုပ်ရှားမှုနဲ့ဖြစ်ဖြစ်၊ တကယ့်ကိုဗျူဟာမြောက်ဦးဆောင်မှုတွေ စုဖွဲ့မှုတွေလုပ်ပြီးတော့ သွားတာမျိုးပေါ့ အဲ့နေရာမှာကျွန်တော်တို့ Freedom fighter အနေနဲ့ကတော့ အကြမ်းမဖက်လှုပ်ရှားမှုပေါ့။ အကြမ်းမဖက်လမ်းစဥ်ကိုလိုက်တယ်၊ ဒီလိုမျိုးဥပမာတွေလည်းအများကြီး ရှိတယ်၊ ဒီလိုဦးဆောင်မှုတွေ အိန္ဒိယမှာ ဂန္ဒီလိုမျိုးရှိသလို ဆူဒန်မှာ FFC ရှိတယ်။ တခြားနိုင်ငံတွေမှာလည်း ပူးပေါင်းတဲ့ကော်မတီတွေရှိတယ်။ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတော့ လက်ရှိမှာ diffusion of responsibility ဆိုတဲ့ ဟိုလူလုပ်မလိုဒီလူလုပ်မလိုနဲ့ဘယ်သူမှမလုပ်ဖြစ်တော့တာပေါ့။ တော်လှန်ရေးတပ်ဦးက ဘယ်သူမှန်းမသိဘူးပေါ့ ဥပမာ အကြမ်းမဖက်ဆိုလည်း NUGလုပ်မှာလား သပိတ်တွေကလုပ်မှာလား ဘယ်သူလုပ်မှာလဲပေါ့။ မသိဘူး အကုန်ကဟိုလူလုပ်မလိုဒီလူလုပ်မလိုနဲ့ တော်လှန်ရေးက ကြာလာတာပေါ့။ လက်နက်ကိုင်ဆိုလည်း အဲ့တိုင်းပဲ လက်နက်ကိုင်တော်လှန်ရေး ဦးဆောင်တဲ့နေရာမှာ PDFကလုပ်မှာလား EAOကလုပ်မှာလား NUCC လုပ်မှာလား NUG လုပ်မှာလားဆိုတာ ခုထိမရှင်းဘူး။ NUCC ဆိုလည်း အချိန်ရွေ့နေတာပဲရှိတယ်။ ပြည်သူ့ညီလာခံဆိုတာကလည်း ပြည်သူတွေကိုမိန့်ခွန်းပြောသွားတာပဲရှိတယ်။ ပြည်သူတွေကမေးခွန်းထုတ်လို့မရဘူး။ ပြီးခဲ့တဲ့ ပြည်သူ့ညီလာခံဆို လူစိတ်၀င်စားမှု အင်မတန်နည်းသွားတယ်၊ ကျွန်တော်ကတရုတ်ကားဥပမာနဲ့ယှဥ်ကြည့်တယ် ဘုရင်မ မရှိတော့ဘူး အမတ်တွေကျန်ခဲ့တယ်၊  အမတ်တွေမှာတံဆိပ်တုံးရှိတယ် (Legitimacy ရှိတယ်) လက်ရှိဖြစ်နေတာ၊ ဒီနေရာမှာ စစ်သူကြီးရော NUGကထွက်လာမှာလား ဒါမှမဟုတ်အပြင်က စစ်သူကြီးက NUGနဲ့ပေါင်းသွားမှာလား ဒီနေရာမှာတော်လှန်ရေးတပ်ဦးထွက်ခြင်းက NUGနဲ့ခွဲထွက်ဖို့မဟုတ်ပဲ NUGရဲ့လိုအပ်တဲ့အပိုင်းကို ဖြည့်ဆည်းနဲ့ပုံစံပေါ့ ၊ NUGက လက်နက်ကိုင်တော်လှန်ရေးသွားမယ်ဆိုပေမယ့်၊ သူ့ရဲ့ကာကွယ်ရေး၀န်ကြီးတို့က တကယ်တိုက်မယ့်သူတွေလို့ ကျွန်တော်မမြင်ဘူးပေါ့။ PDFတွေကလည်း ယုံကြည်မှာလည်းမဟုတ်ဘူး။  ဦးရည်မွန်တို့ ဦးလွင်ကိုလတ်တို့ ထွက်တိုက်မယ်လို့ ဘယ်သူမှပုံဖေါ်ကြမှာမဟုတ်ဘူး၊ ဒီတော့ဒီဟာနောက်ကို လက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်မှုနောက်ကို ဘယ်လိုလိုက်ကြမလဲပေါ့၊ NUGရဲ့ပျောက်နေတဲ့တခုက စစ်သူကြီးကဘယ်မှာလဲပေါ့၊ ဒါဘယ်ကထွက်ထွက်ကောင်းတာပဲ NUGဘက်ကဖြစ်ဖြစ် ပြည်သူတွေဘက်က အစုအဖွဲ့တခုခုကနေထွက်လာလည်းကောင်းတာပဲ၊ တချိန်မှာဒီဟာပြန်ပေါင်းစည်းသွားဖို့ပဲလိုတယ်၊ NUGဟာနိုင်ငံရေးအရဦးဆောင်ဖို့လိုတယ်၊ နိုင်ငံရေးအရ ပေါင်းစည်းဖို့လိုတယ်၊ စစ်သူကြီးကတော့ အနိုင်ယူဖို့ တော်လှန်ရေးအနိုင်ယူဖို့လည်းလိုသေးတာပေါ့။ ဒီအပိုင်းကိုအဓိကမေးခွန်းထုတ်ချင်တာ ဘယ်သူက ဘာလုပ်မှာလဲပေါ့၊ အခုကျွန်တော်မရှင်းဘူး NUG ကနိုင်ငံတကာထောက်ခံမှုလိုချင်တာလား၊ တော်လှန်ရေးကိုပြီးအောင်လုပ်မှာလား။ အခု2022မှာပြီးမယ်၊ ပြီးအောင်လုပ်ချင်တယ်ဆိုပြီး ခဏခဏပြောတယ်၊ အရင်တုန်းကလည်း ခြောက်လနေပြီးအောင်လုပ်မယ် ဆိုပြီးပြောတယ်၊ ဒါပေမယ့်ဘယ်လိုပြီးအောင်လုပ်မှာလဲ၊ ဒီမေးခွန်းကိုမေးချင်တယ်။ ဒီတိုင်းပဲအချိန်တန်ရင် နိုင်သွားမှာပဲတော့ လုပ်လို့မရဘူးပေါ့၊ ဘယ်လိုနည်းလမ်းနဲ့အနိုင်ယူမှာလဲ၊ အနိုင်ယူဖို့ ဘယ်သူကလုပ်မှာလဲ NUGကလုပ်မှာလား ဒါမှမဟုတ် လုပ်နိုင်တဲ့အဖွဲ့ကိုပူး‌ပေါင်းမှာလား အတူသွားမှာလား၊  ဒီဟာကိုသိချင်တာပေါ့။ ဆက်ပြီးဆွေးနွေးပေးကြပါ။ 

ကိုရေမွန် (1:56:00 – 2:10:37)

ကို Desmond Dossတို့ ကိုထွန်းအောင်ကျော်တို့ ပြောသွားတာနားထောင်ရတာရင်ထဲမကောင်းဘူး စိတ်မကောင်း စရာပဲဗျာ။ ပြည်သူကိုအပြစ်ပုံချတဲ့ကိစ္စဆို တော်တော်ကြီးဆိုးရွားတယ်ဗျာ။ ကျွန်တော်ကတော့ ထား၀ယ်ဘက်မှာ သပိတ်လှုပ်ရှားနေတဲ့သူပါ။

လက်နက်ကိုင်တော်လှန်ရေးအကြောင်းကိုတော့ကို Desmond Doss တို့လိုတော့သိပ်တော့နားမလည်ဘူးပေါ့ဗျာ။ ခုနကလော်ဘီကအပစ်ပုံချတယ်ဆိုတဲ့ကိစ္စကလည်း ဆိုးရွားပါတယ်။ ကျွန်တော်တို့တော်လှန်ရေးလုပ်တယ်ဆိုတာ စစ်ရေးတိုက်ပွဲ တိုက်‌နေတာတော့မဟုတ်ဘူးဗျာ။ သပိတ်လှုပ်ရှားမှုနဲ့ နိုင်ငံရေးတိုက်ပွဲတိုက်နေတာ၊ တော်လှန်ရေးကို နိုင်ငံရေးတိုက်ပွဲနဲ့ တိုက်နေတဲ့သူတွေပေါ့။ တော်လှန်ရေးသမားနဲ့နိုင်ငံရေးသမားနဲ့ခွဲမမြင်ချင်ဘူး ၊ ဒီအချိန်မှာ တော်လှန်ရေးသမားသည်လည်း နိုင်ငံရေးသမားပဲ၊ နိုင်ငံရေးသမားသည်လည်း တော်လှန်ရေးသမားပဲဗျာ။ 

ပြည်သူတွေကို အပြစ်ပုံချတဲ့ကိစ္စကတော့ တော်တော်ကြီးကို ဆိုးရွှားပါတယ်။ ကျွန်တော်တို့ သပိတ်သွားထွက်တဲ့ရွာတွေမှာ ပြည်သူတွေက ကျွန်တော်တို့သပိတ်ထွက်ပြီးရင် ခွေးတွေရောက်လာပြီး ရွာကိုဖိတာပေါ့၊ အဲ့ဒါကြောင့် သူတို့ရွာမှာ သပိတ်ကိုထွက်တာ မလိုချင်ဘူးဆိုပြီးပြောတယ်။ ရင့်ရင့်သီးသီး ပြောတာတွေ ဘာတွေရှိတယ်။ အဲ့လိုအခြေအနေမျိုးမှာတောင်မှ ပြည်သူတွေရဲ့ခံစားချက်ကို နားလည်ပေးပြီးတော့ သွားရတာပေါ့။

 NUG ကဘာလဲဆိုတော့ အာကလိအောက်၊အောက်ကလိအာပဲ ။ စင်ပြိုင်အစိုးရဆိုတာလည်းမပီပြင်ဘူး၊ တော်လှန်ရေးတပ်ဦးဆိုတာလည်းမပီပြင်ဘူး။ ဖက်ဆစ်တော်လှန်ရေးမှာ NUGအစိုးရကို ရန်သူထက် အင်အားသာလွန်တဲ့ ကျွန်တော်တို့ရဲ့  အင်အားတခုလို့မြင်တာ၊ သူက legitimacy ရှိတဲ့ အစိုးရဖြစ်နေတာကိုး။ တရား၀င်မှုရှိတဲ့အစိုးရတစ်ရပ်ကို ကျွန်တော်တို့ကပိုင်ဆိုင်ထားတယ်။ ရန်သူစကစထက်  အရမ်းကို အင်အားသာလွန်တဲ့ အချက်တစ်ချက်ပေါ့၊ အားရစရာ ကောင်းတဲ့အချက်ပါ။ စစ်မြေပြင်ပြင်ပတိုက်ပွဲမှာ ကျွန်တော်တို့ရဲ့CDM ရှိသလို legitimacy Governmentဆိုတာရှိနေတဲ့အတွက် ရန်သူထက်အင်အား သာလွန်တဲ့အချက်တခုပေါ့။ ကိုမိုဃ်းသွေးပြောသလိုပဲ မူအရတော့NUG ကိုထောက်ခံတယ်၊ သူကပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတဲ့အစိုးရ၊ ကျွန်တော်တို့စက်တင်ဘာလတုန်းက မြေပြင်မှာသပိတ်တွေထွက်ပြီးတော့ Accept NUG ၊ Reject Military. ဆိုပြီးတော့ သပိတ်တွေ အကြီးအကျယ်ထွက်ခဲ့တာပါ၊ မူအရထောက်ခံတယ်၊ ဒါပေမယ့် NUG အစိုးရသည် စင်ပြိုင်အစိုးရလားလို့မေးရင် မဟုတ်ဘူးလို့ပဲပြောရမှာပါ၊ သူကစင်ပြိုင်အစိုးရ မပီပြင်သေးဘူး။ သူ့မှာအုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ နယ်မြေပိုင်စိုးမှုလည်းမရှိသေးဘူးဗျာ။ ဗီယက်နမ် တော်လှန်ရေး ပြည်တွင်းစစ်မှာ မြောက်ဗီယက်နမ် ကဟိုချီမင်းတို့လို ပြင်သစ်တွေကိုခံချပြီးတော့ သူတို့ဟာသူတို့ နယ်မြေစိုးမိုးမှုရလာပြီးတော့ မြောက်ဗီယက်နမ်အစိုးရ ထူထောင်တယ်၊ နယ်မြေစိုးမိုးမှုလည်း ရှိတယ်။ အဲ့လိုဆိုလည်း စင်ပြိုင်အစိုးရပီသတယ်ဗျာ။ တောင်ဗီယက်နမ်အစိုးရနဲ့ မြောက်ဗီယက်နမ်အစိုးရ စင်ပြိုင်ထူထောင်ထားနိုင်တယ်။ ကျွန်တော်တို့ NUGအစိုးရမှာတော့ ပြည်သူပေးထားတဲ့mandate ပဲရှိတယ်။ စင်ပြိုင်အစိုးရ ပီပီသသဖြစ်မလာသေးဘူး၊ ဒါပေမယ့်ကျွန်တော်တို့ စောင့်ကြည့်ရမယ်၊ ကရင်နီဘက်မှာ ပြည်သူ့ရဲတပ်ဖွဲ့တွေ ပြည်သူလူထုက ဆင်းသက်လာတဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖြည်းဖြည်းချင်း စတင်ထူထောင်နေသလို၊ PDF တွေအားကောင်းလာတဲ့ နယ်မြေစိုးမိုးမှုရလာတဲ့ စစ်ကိုင်းတို့ ဘက်မှာလည်း NUGအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား တွေအမာခံအဆင့်အနေနဲ့ ထူထောင်လာနိုင်မလားဆိုတာ စောင့်ကြည့်ဖို့လိုတယ်။

NUGအစိုးရက တော်လှန်ရေးတပ်ဦးလားဆို၊ ကျွန်တော်ကတော့ NUG ကိုတော်လှန်ရေးတပ်ဦးအဖြစ်မမြင်ချင်ဘူး။ ကျွန်တော်တို့မျှော်လင့်သင့်တာ NUCCပဲ ဖြစ်သင့်တယ်။ တော်လှန်ရေးကာလမှာအလိုအပ်ဆုံးက တပ်ပေါင်းစု၊ တပ်ပေါင်းစုသည်သာတပ်ဦး ဖြစ်လိမ့်မယ်။ မြန်မာ့သမိုင်းမှာဖက်ဆစ်တော်လှန်ရေးနှစ်ခု ကြုံခဲ့ရတယ်။ အခုနွေဦးတော်လှန်ရေးသည်လည်း ဖက်ဆစ်တော်လှန်ရေးပဲ။

နောက်တခုကဖဆပလ ခေတ်တုန်းကဖက်ဆစ်တော်လှန်ရေးပေါ့၊ ပြန်လေ့လာကြည့်ရင် ဖဆပလစတင်ဖွဲ့စည်းတဲ့ 1944-1946 ကာလတွေဆိုအမျိုးသားစည်းလုံးညီညွတ်ရေးရဲ့‌ရွှေခေတ်လို့ပြောရမယ်၊ အရမ်းကိုစည်းလုံးကြတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရယ်၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့မျိုးချစ်တပ်မတော်ကိုစုစည်းပြီးတော့ တပ်ပေါင်းစုအဖြစ်နဲ့ တော်လှန်ရေးတပ်ဦး ပီပီသသဖြစ်အောင်ဖွဲ့စည်းခဲ့တယ်။ အဲ့ခေတ်ကို အမျိုးသားစည်းလုံး ညီညွတ်ရေးရဲ့‌ ရွှေခေတ်လို့ပြောလို့ရမယ်။ နောက်ပိုင်းတော့ အလံနီကွန်မြူနစ်ပါတီတွေခွဲထွက်၊ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ အကွဲအပြဲတွေဖြစ်ပြီးတော့ တပ်ပေါင်းစုပုံစံမပီသတော့ဘူး။ တပ်ပေါင်းစုပုံစံရှိတဲ့ ဖဆပလက နောက်ဆုံးကြ ပါတီအဖြစ်ပဲလျောကျသွားတယ်။ ပါတီအဖြစ်မှာတောင်မှ သန့်ရှင်းနဲ့ တည်မြဲဖဆပလဆိုပြီးတော့ ကွဲပြဲပြီး နောက်ဆုံး အရပ်သားဒီမိုကရေစီဘောင်ထက် စစ်ဘောင်ကျယ်လာတယ်၊ နောက်ဆုံး စစ်တပ်အာဏာသိမ်းတဲ့ ဆိုးကျော့သံသရာထဲကရုန်းမထွက်နိုင်တော့ဘူး။ ခုတော်လှန်ရေးမှာဖဆပလခေတ်က သင်ခန်းစာတွေက အသုံးချစရာ ရှိနေတုန်းပဲ၊ မြန်မာလိုဒီမိုကရေစီစနစ် ခိုင်မာအောင်ကြိုးစားနေတဲ့နိုင်ငံတွေမှာ ဘယ်လိုနိုင်ငံရေးပါတီတခုတည်းကမှ ပြည်ထောင်စုကြီးတခုလုံးကို ဦးဆောင်နိုင်မှာမဟုတ်ဘူးဗျ။ NUGမှာသမ္မတတို့ ကာကွယ်ရေးတို့ကိုတိုင်းရင်းသားတွေကိုနေရာပေးထားပေမယ့် ဒါကအရေခြုံထားတာပဲရှိတယ်၊ တိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်ပြဌာန်းခွင့် ခွဲ‌‌‌ဝေတာမျိုး အားနည်းတယ်၊ အရင်တုန်းကဖဆပလခေတ်က ပထမဆုံးသမ္မတ စ၀်ရွှေသိုက်ရှမ်းလူမျိုးကိုသမ္မတနေရာပေးတယ်၊ ကရင်လူမျိုး စမစ်ဒွန်း ကိုကြ ကာကွယ်ရေး၀န်ကြီးနေရာပေးတယ်၊ အဲ့လိုတိုင်းရင်းသားလူမျိုးတွေကို ရာထူးကြီးတွေပေး အာဏာတွေ ပေးထားတာမျိုးမှာ အရေခြုံထားတာက တကယ်တမ်းကျတော့ ဖဆပလအစိုးရက ဖက်ဒရယ်အစိုးရ မပီပြင်ဘူးပေါ့ဗျာ။ တိုင်းရင်းသားတွေကိုရာထူးကြီးတွေပေးထားတာပဲရှိတယ်ပေါ့ဗျာ။ အခုလည်း NUG မှာသမ္မတတို့ ၀န်ကြီးပိုင်းတို့ကို တိုင်းရင်းသားတွေကိုနေရာပေးထားတာရှိပေမယ့် တကယ့်တကယ်ကြတော့ တိုင်းရင်းသားတွေလိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့အစိုးရမျိုးနဲ့ ပီပီပြင်ပြင်မဟုတ်ဘူးဗျာ။ NUGအစိုးရမှာ ဖက်ဒရယ်အခြေခံဥပဒေလည်း မရှိသေးဘူးဗျာ။ 

ကျွန်တော်အမြင်ကတော့ NUCC ကိုပဲတော်လှန်ရေးတပ်ဦးမှာရှိနေသင့်တယ်။ တော်လှန်ရေးတပ်ပေါင်းစုအနေနဲ့ပဲ မျှော်လင့်တယ်၊ဒီမိုကရေစီမရင့်ကျက်သေးတဲ့နိုင်ငံမျိုးမှာဆိုရင် ဘယ်နိုင်ငံရေးပါတီကပဲ တော်လှန်ရေးကို ဦးဆောင်နိုင်မှာ မဟုတ်ဘူး။ တိုင်းရင်းသားလူနည်းစုတွေအပါအ၀င် လူမျိုး‌ပေါင်းစုံကိုစုစည်းပြီးထားနိုင်တဲ့ တပ်ပေါင်းစုပုံစံမျိုးကသာလျှင် ပြည်ထောင်စုကြီးတခုလုံးကို စုစည်းဦးဆောင်ပြီး တော်လှန်ရေးကို ချီတက်နိုင်လိမ့်မယ်လို့ထင်တယ်။ တပ်ပေါင်းစုနိုင်ငံရေးအားကောင်းနေတာနဲ့ အမျှ အမျိုးသားစည်းလုံးမှု ညီညွတ်ရေးလည်း ခိုင်မာနေပါလိမ့်မယ်။

NUCCမှာလည်း EAOတွေ တော်လှန်ရေးအင်အားစုတွေအားလုံးစုစည်းပြီးတော့နိုင်ငံရေးအုပ်ချုပ်မှုကဏမှာ သဘောတူညီမှုတွေရပြီးတော့ နိုင်ငံရေးကတိက၀တ်တွေအခိုင်အမာချပြီးလို့ရှိရင် ၊NUG တခုတည်းနဲ့တော့ တော်လှန်ရေးကိုဦးဆောင်နိုင်လိမ့်မယ်လို့မထင်ဘူးဗျာ၊ အခုလည်း NUG လုပ်နေတာက တော်တော်အဆင်မပြေဘူး၊ NUCCလိုမျိုးတပ်ပေါင်းစုကိုပဲ တော်လှန်ရေးရဲ့တပ်ဦးလို့ ယူဆပါတယ်။ အချုပ်ပြောရရင် NUG  က စင်ပြိုင်အစိုးရလည်းမပီပြင်ဘူး၊တပ်ဦးလည်းမပီပြင်ဘူး တော်လှန်ရေးကို ဦးဆောင်နိုင်တယ် ဆိုတာလည်း NUGမှာ ပီပီပြင်ပြင်မရှိဘူး၊ မူအရတော့  NUGကိုထောက်ခံတယ် တော်လှန်ရေးတပ်ဦးမှာတော့ NUGကိုမမြင်ချင်ပါဘူး။ NUGက တော်လှန်ရေးတပ်ဦးမပီသဘူး၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ထားနိုင်တဲ့ တပ်ပေါင်းစု  NUCCလိုမျိုးကိုပဲ တော်လှန်ရေးတပ်ဦးမှာ ရှိနေစေချင်တယ်။ ကျွန်တော်သပိတ်လှုပ်ရှားသူမို့ သပိတ်နဲ့ဆိုင်တာပြောပါမယ်.

လက်နက်ကိုင်တော်လှန်ရေးရှိသလို သပိတ်တိုက်ပွဲတွေရှိတယ်၊ ထား၀ယ်မှာဆိုအာဏာသိမ်းတဲ့ ဖေဖော်၀ါရီတစ်ရက်နေ့ညမှာတည်းက အမှတ် 3 အထကကျောင်းထဲမှာ သမဂ္ဂအလံကြီးကိုလွှင့်တင်လိုက်တယ် ‌။ 3 ရက်နေ့မှာကမ်းနားလမ်းမှာထား၀ယ်ခရိုင်သပိတ်ကော်မတီဆိုပြီး ဖြစ်လာတဲ့ရဲဘော်တွေထဲက သုံး‌ယောက်လောက် ကမ်းနားလမ်းမှာလမ်းပေါ်ထွက်ကြွေးကြော်ကြတယ်။ အားလုံးသိတဲ့အတိုင်း ပြည်သူတွေဆိုတာစစ်တပ်နဲ့မတူဘူး စစ်တပ်က institution ခိုင်ခိုင်မာမာရှိထားပြီး အမိန့်ပေးတာနဲ့ လမ်းပေါ်ထွက်ဆို အကုန်ထွက်လို့ရတယ်။ အာဏာသိမ်းတဲ့နေ့မှာ အမိန့်ပေးလိုက်တာနဲ့ နေပြည်တော်မှာခွေးတွေတန်းစီနေတာပဲ လမ်းပေါ်‌ရောက်နေတာ၊ ပြည်သူတွေကြ အဲ့လိုမဟုတ်ဘူး။ အာဏာသိမ်းတာနဲ့ လမ်းပေါ်ထွက်လာအောင်ဖြည်းဖြည်းချင်းဆွဲခေါ်လာရတာ။ ထား၀ယ်မှာဆိုလည်း ၃ ရက်နေ့မှာ ခရိုင်ကော်မတီ၀င်ဖြစ်လာမယ့် သူတွေကမ်းနားလမ်းမှာ ထွက်ကြွေးကြော်ကြတယ် ငါးရက်နေ့မှာ အာဇာနည်လမ်းပေါ်ထွက်ပြီးဆန္ဒပြကြတယ်။ အဲ့လိုဖြည်းဖြည်းချင်းဆွဲခေါ်လာတာ၊  အကြမ်းမဖက်လူထုလှုပ်ရှာမှု သပိတ်တိုက်ပွဲမှာဆိုရင် NUG ဟာ လုံး၀တပ်ဦးမပီသဘူး၊ သပိတ်ခေါင်းဆောင်တွေနဲ့ပြည်သူတွေနောက်ကိုပဲ NUG ကလိုက်နေရတယ်။ ကျွန်တော်သံသယရှိတာကတော့ NUGမှာ အကြမ်းမဖက်လှုပ်ရှားမှုနဲ့ပါတ်သက်တဲ့ဗျူဟာ vision  ခိုင်ခိုင်မာမာ မရှိဘူးလို့ထင်တယ်။ သတင်းလွှင့်ပေးနေတာပဲရှိတယ် ၊ရည်မှန်းချက် စီမံချက်မရှိဘူး။ လက်နက်ကိုင် တော်လှန်ရေးမှာလည်း တကယ့်ကိုစိတ်မကောင်းစရာတွေပဲ တွေ့နေရတယ်။ သပိတ်တိုက်ပွဲမှာ ဆိုလည်း NUG ကနောက်ကနေ သတင်းတင်ဖို့ပဲရတယ်။ မြေပြင်ကလူတွေပဲ ဦးဆောင်နေရတယ်ဗျာ။  NUG ကစင်ပြိုင်အစိုးရလည်းမပီသဘူး။ တော်လှန်ရေးမှာတော့ NUCCလိုတပ်ပေါင်းစုကိုပဲ မျှော်လင့်တယ်။ ကျွန်တော်တို့ပြည်သူတွေက တာ၀န်ကျေသထက်ကျေတယ်။ခုထိလမ်းပေါ်ထွက်သပိတ်တွေမှာ လိုက်နေတုန်းပဲ။ ခုချိန်ထိပြည်သူတွေမှာ တော်လှန်ချင်စိတ်ကအမြဲရှိနေတယ်၊ အမြဲတမ်းအင်အားကောင်းနေတဲ့ သပိတ်စစ်ကြောင်း ရှိတဲ့နိုင်ငံဆိုတာ ဘယ်နိုင်ငံမှမရှိဘူး.။ထား၀ယ်ဘက်မှာဆိုလည်း ကျွန်တော့်အဘွားအရွယ် လောက်ရှိတဲ့ အဒေါ်ကြီးတွေလိုက်နေကြတုန်းပဲ၊ ခုပြည်သူတွေကို ပြန်ပြီးတော့စော်ကားတဲ့ လော်ဘီတွေရဲ့ အန္တရာယ်ကိုလည်း စကစနဲ့တန်းတူကြောက်တယ် ပန်ဆယ်လိုတို့ကိုရောပဲ။ ရိုးရိုးသားသားပြောတာပါ။ NUG က စင်ပြိုင်အစိုးရလည်းမပီသဘူး။ တော်လှန်ရေးမှာတော့ NUCCလိုတပ်ပေါင်းစုကိုပဲမျှော်လင့်တယ်။ အမှားပါရင် ခွင့်လွှတ်ပေးပါ။ 

ကိုရန် (2:10:40  – 2:17:30)

ကိုရန်ပါ။ ဘယ်အဖွဲ့အစည်းနဲ့မှ ချိတ်ဆက်ထားတာမရှိပါဘူး။ ပြည်သူထဲကပြည်သူတစ်‌ယောက်ပါ၊ ကျွန်တော့်အမြင်မှာတော့ စင်ပြိုင်အစိုးရရော တော်လှန်ရေးတပ်ဦးအနေနဲ့ရော နှစ်ခုစလုံးနဲ့သွားနေတယ်လို့ မြင်ပါတယ်။  စင်ပြိုင်အစိုးရအနေနဲ့ သူတို့ကပြည်သူကရွေးချယ်ထားတဲ့အစိုးရပေါ့ စစ်ကောင်စီက အာဏာသိမ်းပြီးတော့ အစိုးရလုပ်ချင်တဲ့သဘောပေါ့။ ကျွန်တော်စိုးရိမ်တဲ့အရာက အရေးတော်ပုံအောင်သွားရင် ပန်းတိုင်ကတရားမျှတတဲ့ဖက်ဒရယ်ဒီမိုကရေစီလိုချင်တယ်၊ ဒီအရာကမလွယ်ဘူးခက်ခဲတဲ့အရာပေါ့။ ဒီလိုဖြစ်လာဖို့ ကျွန်တော်တို့အရမ်းကို စုဖွဲ့မှုအားကောင်းရပါမယ်။ တခြားနိုင်ငံတွေမှာ တော်လှန်ရေးက ပြီးသွားတယ် ဆိုရင်တောင်      တ‌ကျော့ပြန်အာဏာသိမ်းတာ ၊ပြည်တွင်းစစ်တွေကဖြစ်ပါတယ်. ဒါတွေမဖြစ်ဖို့ဆို စုဖွဲ့မှု အားကောင်းဖို့လိုတယ်။ ၀န်ကြီးဌာနတွေရှိဖို့လိုတယ် တချို့တွေပြောတာနောက်ခါလာနောက်စျေးပေါ့ ။ အဲ့ဒါမျိုးကအလွယ်တကူလုပ်လို့မရဘူး တော်လှန်ရေးပြီးမှ ကောက်ခါငင်ခါ ထဖွဲ့စည်းလို့ လွယ်တဲ့အရာ မဟုတ်ဘူးပေါ့။ အခုအာဏာသိမ်းတယ်ဆိုတာလည်း ရှေ့ကကိုရေမွန်ပြောတဲ့ထဲမှာ ပါပါတယ်။ ဖဆပလခေတ် ထဲက  ကျွန်တော်တို့ခေါင်းဆောင်တွေလုပ်ကြံခံရတယ် ခေါင်းဆောင်ကောင်းတွေက မရှိတော့တာလည်းပါတယ်။ ပြည်တွင်းစစ်တွေကလည်း မငြိမ်းသွားဘူး၊ အာဏာသိမ်းမှုတွေဖြစ်ပြီးတော့ ကျွန်တော်တို့ အမြဲသောက ပင်လယ်‌‌ဝေနေရတယ်။ 

နောက်တခုက‌ တော်လှန်ရေးတပ်ဦးလားဆိုတော့ ပြည်သူတွေကဦးဆောင်လမ်းပြမယ့်သူ ဒုက္ခတွင်းထဲက ကယ်ထုတ်မယ့်သူကို မျှော်လင့်ကြတယ်၊ အာဏာသိမ်းပြီးတည်းကခေါင်းဆောင်ကဘယ်သူလဲပေါ့။ NUGကိုလည်း ဒီလိုမျှော်လင့်တာ သဘာ၀ပဲလို့ထင်တယ်၊ NUGအနေနဲ့ကြတော့လည်း ပြည်သူပဲအားကိုးနေရတာ ဆိုတော့ သူတို့မှာဘယ်လောက်ပဲ လုပ်ပိုင်ခွင့်တွေရှိနေပါစေ၊ ပြည်သူကလုပ်မှရမယ့်ဟာဆိုတာအရှိတရားပါ။

တော်လှန်ရေးတပ်ပေါင်းစုအနေနဲ့သွားနေတဲ့ နေရာမှာ စုပေါင်းခေါင်းဆောင်မှုနဲ့ တဦးတဖွဲ့တည်းက ခေါင်းဆောင်မှုဆိုတာ နှစ်ခုရှိပါတယ်။ စုပေါင်းခေါင်းဆောင်မှုနဲ့ တဦးတဖွဲ့ဦးဆောင်မှုမှာအားနည်းချက် အားသာချက်တွေရှိတယ်။ တဦးတဖွဲ့ဦးဆောင်မှုက စည်းရုံးမှုပိုရှိတယ်၊ သူတို့ဦးဆောင်မှုနောက်ကို အားလုံးက လိုက်လို့ရတယ်၊ အားနည်းချက်က တဖက်ကဖမ်းစီးတာဖြစ်ဖြစ် နာမည်ဖျက်တာဖြစ်ဖြစ် လုပ်လိုက်ရင် ဒီခေါင်းဆောင်က အားနည်းသွားတယ် ဆိုရင်တော်လှန်ရေးတခုလုံးကအားနည်းသွားတယ်၊ စု‌ပေါင်းခေါင်းဆောင်မှု ကြတော့ အလွယ်တကူခြေမှုန်းလို့မရဘူး၊ အားနည်းချက်ကဘာလဲဆိုတော့ တယောက်တပေါက် ဖြစ်နေတယ်။ ကျွန်တော်တို့တွေရဲ့အားနည်းချက် အားသာချက်တွေကို သုံးသပ်ဖို့လိုပါတယ်။ NUGမှာလည်း အားနည်းချက် အားသာချက်တွေရှိပါတယ်၊ စကစမှာလည်းအားနည်းချက် အားသာချက်တွေရှိတာကို သုံးသပ်ဖို့လိုကြောင်း အကြံပေးချင်ပါတယ်။

လှလှစိမ်း (2:17:40 – 2:22:10)

ကျွန်တော်ကတော်လှန်ရေးအင်အား အရမ်းမကောင်းတဲ့နေရာတခုမှာ UGလုပ်နေပါတယ်။ အခုNUG အစိုးရကတပ်ဦးလားစင်ပြိုင်လား ပြောရတာ တော်တော်အဆင်မပြေဘူးပြောရပါမယ်။ ကောင်းသည်ဆိုးသည် မဟုတ်ဘဲ personal point of view ကပဲပြောတာပါ၊ လက်ရှိချိန်မှာ သူတို့ဘာဖြစ်ချင်တာလဲဆိုတာ သူတို့ကိုယ်တိုင်သေချာသိကောင်းသိမှာပါ။ သူတို့လုပ်နေတဲ့မူ၀ါဒလမ်းစဥ်တွေက NUCC ပြည်သူ့ညီလာခံ ခေါ်တယ်။  မိန့်ခွန်းပြောသွားတယ်။ ဒါပဲ ဘာမှဆက်ဖြစ်မလာဘူး။ EAOတွေ အဓိကလက်ခံနိုင်မယ့် charter တစ်ခုချပြနိုင်ဖို့လိုတယ်။ ဒါမှရှေ့ရောက်မယ်လို့မြင်တယ်။ Legitimacy အတွက်လုပ်နေသော်လည်း ဒါတွေက အခြေအနေတခုအထိ ဆက်ရောက်ပါ့မလား သံသယ၀င်မိတယ်။ ဒါကNUGကိုအလုပ်မလုပ်ဘူး ပြောနေတာမဟုတ်ဘူး။ အခုလက်ရှိမှာလုပ်နေတာတွေကိုလည်း အားမရဘူး. လှုပ်ရှားမှုတွေသည် နိုင်ငံတကာနဲ့ ပါတ်သက်တာကို အဓိကလုပ်နေတယ်။ ဒါပေမယ့် ပြည်သူတွေအသံကို သေချာမကြားဘူးလို့ မြင်တယ်။ လော်ဘီတွေနောက်ပဲ လိုက်နေတယ်။ လော်ဘီတွေကလည်း ပြည်သူတွေကိုတခုခုဆိုပြန်ဆဲတယ် follower ၀ိတ်နဲ့ ဖိတယ်ဆိုတော့ ပြောရတဲ့လူတွေကတွန့်တွန့်သွားကြတယ်။ အဆဲခံပြီးပဲပြောရမယ်ဆိုတော့လည်း နိုင်ငံရေးအသိရှိဖို့ ပြည်သူလူထုတရပ်လုံး ပါ၀င်လာအောင်လုပ်ဖို့ကြ နှစ်ပေါင်းများစွာဖိနှိပ်မှုတွေနဲ့ ပညာမတတ် အောင် ဖိနှိပ်ခံထားရတဲ့လက်အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားတဲ့နေရာမှာ ပြည်သူလူထုအနေနဲ့ နိုင်ငံရေးရေချိန် မြင့်လာအောင် တော်လှန်ရေးနဲ့ တွဲပြီးလုပ်မှရမယ်။သို့သော်NUGအနေနဲ့ဒါကိုလုပ်နိုင်မလား။

သူတို့ကိုယ်တိုင်တောင် တော်လှန်‌ရေးတပ်ဦးလား စင်ပြိုင်အစိုးရလားဆိုတာကို မသဲကွဲတော့သလို တခါတလေကြ ကျွန်တော်ကိုယ်တိုင် တော်လှန်ရေးတပ်ဦးဆိုတာကို လက်မခံချင်ဘူးဘာလို့လဲဆိုတော့ သူတို့သည် ပြောနေတာပဲရှိတယ်။ ဆရာကြီးဇော်‌‌‌ဝေစိုးတို့ဆိုရင် ကျန်းမာရေးနဲ့ပညာရေးကိုကိုင်ထားတယ် ဆိုပေမယ့် သူတို့ကချမယ်နှက်မယ်ပြောနေတယ်။ ဦးရည်မွန်ဆိုရင်လည်း ရှေ့ထွက်ပြီးတော့ဘာမှလုပ်မပြနိုင်ရင် နောက်ကလိုက်ရမယ့်လူတွေကတွန့်မှာပဲ။ 2022 မှာအပြတ်ဖြတ်မယ်ပြောပေမယ့် ဒီအပြတ်ဖြတ်မယ့်လမ်းစဉ်ကို  သူတို့ကိုယ်တိုင်တောင်အတိအကျမရှိရင် ရှေ့ဆက်လျှောက်မယ်ဆိုခက်မှာပဲ၊ အားမလိုအားမရဖြစ်တဲ့အ‌ကြောင်း ပြောမိတာ အားနာပါတယ်။

ကိုအေးချမ်းအောင် (2:22:30 – 2:26:50)

ပြည်သူတစ်‌ယောက်ပါ။ နိုင်ငံခြား သင်္ဘောလိုက်တယ်။ လိုအပ်တာတွေလှူတယ််။ ဒီမေးခွန်းကတော့ ရှင်းရှင်းလင်းပါပဲ။ စပေါ်တည်းက NUCCကအရင်ပေါ်တာဆိုတော့တော်လှန်ရေးတပ်ဦးက NUCC သီးသန့်ပဲ သူကနေမှ အစိုးရအလုပ်တွေလုပ်ဖို့ဆိုပြီးတော့ NUG ကိုဖော်ဆောင်ပေးလိုက်တာဆိုတော့ NUG ကအစိုးရလုပ်ဖို့သက်သက်ပဲ။ 

တော်လှန်ရေးကိစ္စတွေမှာ ဘာလို့NUG ကိုတပ်ဦးအဖြစ်မြင်လာရလဲဆိုတော့ အဓိကက PDF တို့ UGအပေါ်မှာ တာ၀န်ခံမှု သူတို့ကိုmanage ဘယ်လိုလုပ်မလဲ ဘယ်သူလုပ်မလဲ  commandကဘယ်ကလာမလဲ ဆိုပြီးလုပ်ပေးရာ ကနေစပြီး ၀ိ၀ါဒကွဲလာတယ်လို့မြင်တယ်။ အဲ့ကနေစပြီး သူကတော်လှန်ရေးတပ်ဦးလား စင်ပြိုင်အစိုးရလား ဆိုပြီးတော့ စဥ်းစားစရာဖြစ်လာတယ်လို့မြင်မိပါတယ်။ ‌ဝေဖန်တာထက်စာရင်ဖြစ်စေချင်တာ ပြည်သူတွေက အများကြီးတာ၀န်ယူပေမယ့် ပြည်သူတယောက်ချင်းစီမှာရှိတဲ့ ခံယူချက်တွေအတွေးအခေါ်တွေ ဒီမိုကရေစီ လို့သာအော်နေပေမယ့် ဒီမိုကရေစီစံချိန်စံနှုန်းတွေ တဦးတယောက်ချင်းစီမှာ ပြည့်စုံရမယ့်ခံယူချက်တွေ အဲ့ဒါတွေကို နားမလည်သေးတဲ့လူတန်းစားတွေ ရှိနေသေးတယ်ဗျ။

အရင်NLD အစိုးရလက်ထက်မှာလည်း ဒီမိုကရေစီယဥ်ကျေးမှုတွေကို ပြည်သူလူထုဆီ ချပြဖို့အများကြီး ပျက်ကွက်ခဲ့တယ်။ ပြန်ကြားရေးဌာနတို့ဘာတို့အဲ့လိုမျိုးကနေ ကိုရီးယားကားတွေ Dramaတွေနဲ့ပဲ ချွေးသိပ်ထားတယ်၊ တကယ့်ဒီမိုကရေစီစံချိန်စံညွန်းနဲ့ ကိုက်ညီတဲ့ပြန်ကြားရေးအရာတွေ ပြည်သူတွေဆီ မရောက်ဘူးဗျ။ ပြည်သူတွေကသာသလိုနေတဲ့ လူတန်းစားတွေ အများကြီးရှိနေတယ်။ အဲ့လူတွေကိုtarget ထားပြီးတော့ NUGအနေနဲ့လူမျိုးရေးဘာသာရေး ဆိုက်၀ါးမိနေတဲ့လူတွေ ဒီမိုကရေစီခံယူချက်တွေကို မသိဘဲနဲ့ ကိုယ်ကျင့်တရားထက် တခြားအရာတွေကိုဦးစားပေးနေတဲ့လူတွေဆီ ရောက်အောင် NUGအနေနဲ့ လုပ်ပေးစေချင်တယ်။ အဲ့လိုသူတို့မလုပ်ခဲ့တဲ့အတွက် သူတို့မှာ Human Resource အရမ်းနည်းသွားပြီ။ အဲ့ဒါ‌ကြောင့်မို့ သူတို့ကိုယ်တိုင်ကုန်းရုန်းလုပ်နေပြီး တာ၀န်ပေးရမယ့်လူ အားကိုးရမယ့်လူနည်းလာတယ်။ တကယ်တာ၀န်ပေးလိုက်ပြန်ရင်လည်းခေါင်းခံရမှာသူတို့ခေါင်းခံရမှာဆိုတော့ သူတို့ပဲကုန်းရုန်းလုပ်ရင်း မနိုင်၀န်ထမ်းနေရတယ်လို့မြင်တယ်ဗျ။ ကျွန်တော်ကတော့် အမြန်ဆုံးနည်းနဲ့ တကယ်လုပ်နိုင်မယ့်လူတွေကို မြေပြင်ကနေဆွဲခေါ်၊ တကယ့်မူ၀ါဒရေးရာ အကုန်training ပေးပြီးပြည်သူတွေကို serviceပေးရင်း ပြည်သူတွေရဲ့အသိဥာဏ်တွေအရင်ဖွင့်ပေးစေချင်တယ်ဗျ။ တော်လှန်ရေးအလုပ်ကတော့ NUGနဲ့ ဘယ်လိုမှ မကိုက်ဘူးလို့ မြင်တယ်ဗျ။ ERO တွေဖြစ်ဖြစ် တပ်ပေါင်းစုဖြစ်ဖြစ် သူတို့လုပ်မှပဲအဆင်ပြေမှာ။ ကာကွယ်ရေး ၀န်ကြီးရှိပြီး တကယ့်စစ်သားမရှိတာလည်း လိုနေတယ်။

NUG အောက်မှာဆိုရင်တော့ဖက်ဒရယ်အာမီအနေနဲ့ရှိလာဖို့ဖန်တီးနေတာလည်းရှိမလာသေးဘူး။ အဲ့ဒါရှိလာမှ သူတို့ management က လက်နက်ကိုင်တော်လှန်ရေးကပိုမြန်ဆန်မယ်ထင်တယ်။ မဖြစ်လာသေးလို့တော့ ဒီလိုပဲပြန့်ကျဲနေတာကိုလိုက်စုရင်း ထိရောက်မှာမဟုတ်ဘူးမြင်ပါတယ်။ အဲလောက်ပါပဲ။

ဆရာမစောဟန်နွေဦး (2:27:00 – 2:31:10)

NUG ကို အားမလိုအားမရဖြစ်တာ ရှိတယ်၊လိုအပ်တာတွေကို‌‌ ဝေဖန်ပေးတာတွေရှိတယ်။ ညီမအမြင်ကတော့ ဘုံရန်သူကဘာလဲ တော်လှန်ရေးတနှစ်လည်သွားတဲ့အချိန် မှာပေးလိုက်ရတဲ့အသက်တွေ စွန့်လိုက်ရတဲ့ဘ၀တွေ စည်းစိမ်ဥစ္စာ လူမှုရေးစီးပွားရေးအများကြီး ရှိတယ်ပေါ့။ ဒီကြားထဲကမှ ပြည်သူထောက်ခံထားတဲ့ NUGကိုပြောနေတာထက်စာရင် ကိုယ်တွေအနေနဲ့ လူတစ်‌ယောက်မှာ ဘာအရေးကြီးဆုံးလဲဆိုတော့ စိတ်ဓါတ်ခွန်အားနဲ့နိုင်ရာတာ၀န်ပဲ။ ပြည်သူလူထုအနေနဲ့ အားလုံးကတသွေးတည်းတသားတည်း ရပ်တည်ပြီးတော့ ပါ၀င်လျှောက်လှမ်းရတဲ့ နိုင်ငံရေးအ‌ရေးအခင်း အ‌ရွေ့ တခုမှာ နိုင်ရာတာ၀န်ကျရာနေရာ ဆေးစက်ကျရာအရုပ်ထင် ဆိုသလိုပေါ့ လူတိုင်းက အချည်းနှီး အလဟသမဖြစ်ဘဲ ပါ၀င်လုပ်ဆောင်ရင် အတွေးအမြင်မျှတလာမယ်။ ညီညွတ်ပြီး လိုချင်တဲ့အရာတခုကိုရလာမယ်ထင်ပါတယ်။ ပထမပိုင်း ဆရာတစ်ယောက်ပြောသွားတာ NUGနဲ့ NUCCနဲ့မှာ NUCC သာ ကာကွယ်ရေးတပ်ဦး အဖြစ်သင့်ဆုံး လို့ပြောသွားတာမှာ။

NUGဆိုတာ အစိုးရအဖြစ်သိထားပြီးသား။ NUCCဆိုတာ ကာကွယ်ရေးတပ်ဦးအဖြစ် ရှိထားပြီးသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ရှိပြီးသား။ NUGကတော့ ministry အလိုက်အလုပ်လုပ်ရတာရှိတော့ ကာကွယ်ရေး၀န်ကြီးဌာန ဆိုရင် သော်လည်းကောင်း သူ့ departmentအလိုက် အဖွဲ့အစည်းကြီးတခုအနေနဲ့ အလုပ်လုပ်ရတဲ့အခါမှာ ၀န်ကြီးဌာနအချင်းချင်းသွားရောထွေးလို့မရဘူး။ တွေ့ရင်တောင်အားလုံးအစည်းအ‌ဝေး ပြန်ဆုံတဲ့နေရာမျိုးမှာ အဖြေရှာတဲ့နေရာမှာပဲတွေ့လိမ့်မယ်. လူ့အခွင့်အရေး၀န်ကြီးကလည်း ကျန်းမာရေး၀န်ကြီး ကိုသွားရောလို့မရသလို ကျန်းမာရေး၀န်ကြီးကလည်း တခြားနေရာတွေမှာ သွားရောနေလို့ မရဘူးပေါ့။  အဲ့အရာအလိုက် PDFတွေ လက်နက်တပ်ဆင်ပေးဖို့တွေက ကာကွယ်ရေး၀န်ကြီး လက်အောက်ကနေ သွားတာဖြစ်တဲ့အတွက် ခုနက ကောင်းသည်ဆိုသည် လိုအပ်ချက်တွေကတော့ ရှေ့ကပြောခဲ့တဲ့အတိုင်း ကာကွယ်ရေး၀န်ကြီးလက်အောက်မှာက တကယ့် တကယ်တန်းစစ်သား စစ်ဦးစီးချုပ်မရှိတာမျိုးတွေက ပြောသင့်တယ်။ အဲ့လိုအနေအထားလောက်ပဲ ပြောသင့်တယ်ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဆရာသက္ကမိုးညို (2:31:20 – 2:38:30)

ပြောတာတွေလည်းများကုန်တော့အားနာပါတယ်။ ဘုံရန်သူပဲတိုက်ဆိုတဲ့စကားတခုကို personal feeling အရ အူယားသလိုဖြစ်သွားပါတယ်။  ကျွန်တော်တို့အားလုံးက ဘုံရန်သူကိုမတိုက်ပဲနေကြတာမဟုတ်ဘူး ဘုံရန်သူကို တိုက်နေကြတာပါ။ ဘုံရန်သူကိုတိုက်ရင်း NUGကိုဘာလို့ပြောလဲဆိုတော့ ကျွန်တော်တို့မုန်းလို့ ပြောနေတာမဟုတ်ဘူး ချစ်လို့ပြောနေတာ နိုင်စေချင်လွန်းလို့ ပြောနေကြတာ။ တခါတခါကျွန်တော်တို့က ဘာသွားမြင်လဲဆိုတော့ NUGရဲ့လော်ဘီတွေက သူတို့ဘက်ကိုထိလာတဲ့အချိန်ကြရင် ဘုံရန်သူပဲတိုက် ဘုံရန်သူပဲတိုက် မင်းတို့တွေသွေးမကွဲနဲ့ပြောတယ်။

သူတို့ကအနိုင်ရလိုက်ရင်တော့ ဒီကောင်ဒလန်ဆိုပြီးတော့ ပယ်ပယ်နှယ်နှယ်တွယ်တယ်။ ဒါတကယ်ဖြစ်နေတဲ့ ကိစ္စတွေပါ။ ဘာပဲပြောပြော ကိုယ်လည်းအတွယ်ခံရတာပဲ ဒါမျိုးကျဘုံရန်သူတိုက်ဆိုတဲ့ အသံမထွက်တော့ဘူး၊ ဒီကောင်ဒလန်ကောင်းကောင်းချဆိုတာမျိုးပြောတယ်၊ ဘုံရန်သူကို ဘယ်သူမှမတိုက်ဘဲ နေတာမဟုတ်ဘူး၊ ဘုံရန်သူကိုတိုက်နေကြတဲ့နေရာမှာ ကျွန်တော်တို့က တိုက်ရတဲ့နည်းနာ ကွဲလွဲတာကနေ ရန်သူဖြစ်သွားတာ မဟုတ်ဘူး။ 

ရွာထဲကိုကျား၀င်လာတယ် တချို့ကကျတော့ အဆိပ်ခတ်သတ်ချင်တယ်၊ တချို့ကကျတော့ဓါးနဲ့ခုတ်ချင်တယ်၊ ကျားကိုသတ်ဖို့ရည်ရွယ်ချက်ကွဲတာမဟုတ်ဘူး သတ်မယ့်နည်းလမ်းကွဲတာကို ရန်ရှာနေတာသိပ် အဓိပ္ပါယ်မရှိလှဘူး။ ကျွန်တော်တို့ပြောနေတာမှန်သမျှသည် NUG ကိုမုန်းလို့ပြုတ်ကျစေချင်လို့ ပြောနေတာတော့ မဟုတ်ဘူး ၊ NUGကိုပိုပြီးထက်မြက်ထင်ရှားလာအောင် ပိုပြီးကောင်းလာအောင် ပြောကြခြင်းသာဖြစ်ပါတယ်။ ဘုံရန်သူတိုက်ဆိုတဲ့စကားလုံးနဲ့ပါတ်သက်ပြီးတော့ ကိုယ့် personal  feeling အရဖြစ်သွားတာလေးကိုပြေတာပါ၊ တဆက်တည်းပြောချင်တာ ဒါတွေကပြီးမှရှင်းမယ် ပြီးမှဘောက်ချာဆုတ်မယ် ဆိုပြီးပြောနေတာမျိုး တွေလည်းရှိတယ်။ ဘုံရန်သူပဲတိုက် ဒါတွေနောက်မှရှင်းလို့ ပြောတာတွေရှိတယ်။ 

ဖားကောက်လို့အိတ်ပေါက်နေရင် ကောက်နေတုန်းအခိုက်မှာ ပြောရမှာဖြစ်တယ် ကောက်နေတုန်း အခိုက်မှာမပြောပဲ ဖားကောက်ပြီးမှပြောပါ ဆိုရင်ဒီဖားကောက်တာ ပြီးမှာကိုမဟုတ်တော့ဘူးဆိုတဲ့ idea မျိုးတော့ ရှိထားကြဖို့လိုမယ်။ မကောင်းတာချည်းပြောနေရင် ဟိုဘက်ကရန်သူအားရမှာပေါ့ ဒါမျိုးအိုင်ဒီယာနဲ့ မင်းတို့ကောင်တွေတိုးတိုးတိတ်တိတ် ပြောကြပါဆိုတာမျိုးတော့ရှိမယ်၊ တိုက်ရိုက်အကြံပြုပါဆိုတာမျိုးရှိတယ်။ တိုက်ရိုက်အကြံပြုတော့ရော သူတို့ကနားထောင်လို့လား။ ကျွန်တော်လည်း တချို့အမတ်တွေနဲ့ ရင်းနှီးပါတယ်။ တခြားလူတွေနဲ့ နီးစပ်ပါတယ်။ ဦးရည်မွန်က သူ့ကိုသွားပြီး အကြံပေးရင် လက်မပဲထောင်ပြီး ဘာမှပြန်မပြောဘူးတဲ့။ ဒီကအရေးကြီးတဲ့ဟာသွားပြောတာ၊ အဲ့ဒါဘာလဲဆိုတော့ ကိုယ်လူအချင်းချင်းပဲလုပ်တယ် ဘေးလူအကြံပေးတာကိုမလိုဘူး။

နောက်ဆရာတစ်‌ယောက်ပြောတာ လူနည်းတယ်ဆိုတာ လူနည်းတာမဟုတ်ဘူး လူအ၀င်မခံတာ ၊ CRPHကနေ NUGဖွဲ့လိုက်တဲ့နေရာမှာ CRPHထဲမှာလည်းဆက်ရှိနေတယ် NUGထဲမှာလည်း ရှိနေတယ်။ နှစ်နေရာခွ ထိုင်ခြင်းအားဖြင့် သူတို့ဟာအဓိပ္ပါယ်မရှိဘဲ ဖြစ်သွားတယ်။ CRPHသည် NUGကိုထိန်းကျောင်းရမှာမျိုး ဖြစ်တဲ့အတွက်‌ကြောင့် ၊CRPH ကနေ၀န်ကြီးဖြစ်သွားရင် CRPHကနေထွက်ပစ်လိုက်။ 

CRPH ထဲမှာကျန်တဲ့အမတ်တွေရှိတယ်၊ တနိုင်ငံလုံးမှာမှ NLD အမတ်တွေ၊ တိမ်းရှောင်နေတဲ့အမတ်တွေလည်း တပုံကြီး အဲ့အမတ်တွေကိုဆွဲထည့်လိုက်ရင်ကိုရတယ်။ legitimacy ကိုမပျက်စေချင်ရင် ဒီလိုလုပ်လို့ရတယ် ဆိုတာကိုပြောတာပါ။ သို့သော်နှစ်နေရာခွထိုင်ပြီး ဘေးလူအ၀င်မခံဘူးဆိုရင် ဘေးလူကပြောမှာပဲ၊ ပြောတဲ့အခါလည်း ခံလိုက်ရုံပဲ၊ ကိုယ်လုပ်နေတာမဟုတ်တဲ့အတွက် ပြောတာဖြစ်လို့ ပြောတာခံရမှာပဲ။ ပြောတာကိုမခံချင်တဲ့အခါကြ ဘာလုပ်လာသလဲဆိုတော့ အခုလော်ဘီတွေသုံးလာတယ် လော်ဘီတွေကနေမှ ဒီကောင်ကဒလန်ဆိုပြီး ပြောလိုက်တဲ့အခါကျတော့ ပြည်သူစစ်စစ်အသံကတိတ်သွားတယ်၊ ဝေဖန်လို့ရတယ် ‌ဝေဖန်လို့ရတယ်လို့ NUGကပြောနေပြီးတော့ ဝေသာဝေဖန်တယ် ဘာမှမပြင်ဘူးဆိုအလကားပဲ၊ ကျွန်တော်တို့က‌ဝေဖန်တာထက် ၀ိုင်းတွန်းနေတာ ဖြစ်စေချင်တဲ့လမ်းကိုရှေ့ကနေပိတ်တွန်းတဲ့လူလည်းရှိမယ် ဘေးကနေတွန်းတာလည်းရှိမယ်၊ ပြည်သူစစ်စစ်ကနေ အများစုက၀ိုင်းတွန်းရင်တော့ လမ်းမှန်ပေါ်တက်သွားဖို့ များတယ်။ ရှေ့ကနေ ဘောမဘက်ကအယောင်ဆောင်ပြီး ရှေ့ကနေပိတ်တွန်းတာလည်း ရှိနိုင်တာပေါ့။ သို့သော် ပြည်သူစစ်စစ်များတဲ့နေရာမှာတွန်းရင် လမ်းမှန်ပေါ်တက်သွားဖို့များတယ်။ 

အဲ့မှာ တကယ်က ပြည်သူကဒီမိုကရေစီကိုယုံကြည်လားဆိုတဲ့အပေါ်လည်း အများကြီးမူတည်သွားတယ်။ ကျန်တော်တို့သည် မှန်တာတခုကိုပြောလိုက်တယ်၊ တချို့ကသူတို့စိတ်ထဲမှာလည်း ကျွန်တော်ပြောတဲ့အတိုင်း ခံစားရတာလည်းဖြစ်လိမ့်မယ်။ဒီ NUGအနေနဲ့တပ်ဦးမှာရှိမနေဘူးလို့ ခံစားရတာဖြစ်လိမ့်မယ်၊ဒါပေမယ့် ရှေ့ကနေလော်ဘီတယောက်က ပိတ်ပြီးတော့ ဒီကောင်ဒလန် ဒီကောင့်ကြောင့် လုံခြုံရေးစည်းပေါက်တယ်ဆိုပြီး မဖြစ်နိုင်တာမျိုးကိုပြောလိုက်ရင် ဖန်များရင်အမှန်တရားဖြစ်သွားတယ်ဆိုတာမျိုး လော်ဘီအကုန်တွေက ၀ိုင်းဆဲတဲ့အချိန်မှာ ကျွန်တော်ပြောတာကိုမှန်တယ် လို့ယုံတဲ့ပြည်သူကိုယ်တိုင်က ၀င်မပြောရဲတော့ဘူး။ ၀င်မပြောရဲရာကနေ အသံတွေကတိတ်သွားပြီး ပြောရဲဆိုရဲတဲ့သူတွေရဲ့ အသံမှန်သမျှကတိတ်တိတ်သွားတယ် NUGလုပ်တာအကုန်မှန်ပါတယ်ဆိုပြီး သူတို့ဟာသူတို့ ယုံကြည်ပြီး သူတို့ဟာသူတို့မှန်တယ်ဆိုပြီး ဖြစ်သွားတယ်။ NUGသည် အစိုးရလည်းမပီပြင်ဘူး တပ်ဦးလည်းမပီပြင်ဘူးဆိုတဲ့စကားကို ဆွေး‌နွေးသမျှလူတွေအများစုသည် ဒီစကားကိုပဲ ပြောသွားကြတာတွေရှိတယ်။ ကျွန်တော်တို့က အကောင်းတွေချည်း ပြန်ပြောနေမှာလား၊ ကျွန်တော်တို့သည် NUGကို လမ်းမှန်ရောက်အောင် တွန်းရမယ် ဒီမိုကရေစီကိုယုံယုံကြည်ကြည်နဲ့ တပ်ဦးနေရာပြန်ရောက်ဖို့တွန်းရမယ်၊ ကိုယ်ပိုင်အသံကိုထုတ်တဲ့လူများလာရင်လော်ဘီလည်းအသံတိတ်သွားမှာပဲ။ မှန်တာကိုတဖက်က bullyingလုပ်ပြီး ဖိချလိုက်တဲ့အခါကျတော့ ဘာမှမပြောရဲပဲဖြစ်သွားတာ။ NUGနဲ့ပါတ်သက်ပြီး အားမလိုအားမရတာတွေရှိတယ်။

တစ်ကNUGကို ဘယ်လိုတွန်းမလည်း၊ ဒီပုံမှန် formalလမ်းကြောင်းနဲ့ အစီရင်ခံစာတွေတင်လို့ ဖတ်လားမဖတ်ဘူးလား မဖတ်ရင်ဘေးက၀ိုင်းတွန်းရမှာပဲ။ ကျွန်တော်ကအဲ့လိုပဲမြင်တယ်။ အဲ့မှာတစ်ဦးချင်း တစ်ယောက်ချင်းကနေ ကိုယ်ပိုင်အသံတွေထွက်ဖို့လိုတယ် ၊၀ိုင်းဆဲကြမှာ ကြောက်ပြီးတော့မှ ၊အသံတိတ်နေတာနဲ့ တပြိုင်နက် NUGသည် လမ်းလွဲမှာပဲ၊ သူတို့ကို၀န်းရံထားတဲ့လော်ဘီတွေရဲ့ စကားကိုနား‌ထောင်ပြီးကာမှ သူတို့ကိုဖန်ပေးနေတဲ့ ဒိုနာတွေရဲ့စကားကိုပဲနားထောင်ပြီးကာမှ ကျန်တဲ့လူတွေမျက်နှာကို မကြည့်ဘဲ ဖြစ်သွားစရာအကြောင်းရှိတယ်။

ကိုမင်းသေ့ (2:38:40 – 2:45:10)

ဒီမှာအမြင်တော်တော်များများကိုရလိုက်ပါတယ်၊ reality နဲ့အောက်ခြေမှာ တကယ်ဖြစ်ပျက်နေတယ်ဆိုတဲ့ ကိစ္စသဘောထားတွေကို တော်တော်များများတွေ့လိုက်ကြားလိုက်ရပါတယ်၊ ရှေ့ကလူတွေပြောသွားတဲ့အထဲမှာ ထိရှိတာလေးတွေ ကျွန်တော်အကျဥ်းချုပ်ပြောသွားချင်ပါတယ်။ လောလောဆယ် NUGရဲ့ function အရ Revolution လုပ်နေတာပေါ့, သို့်သော် formအရ စင်ပြိုင်အစိုးရပုံစံပိုပေါက်နေတယ်ဆိုတာကို ပိုတွေ့ရတယ် တခါတလေ ဇွတ်အစိုးရပုံစံမျိုးတောင်ဖမ်းနေသလားပေါ့။ ဇွတ်အစိုးရဆိုတဲ့ စကားလုံးလေးတွေးမိပြီး မှတ်ထားပါတယ်။

နောက်တခုက ကိုထွန်းအောင်ကျော်ပြောသွားတဲ့အထဲမှာလည်းပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့က နိုင်ငံခြားအထောက်ပံ့နဲ့ပါတ်သက်ပြီး မကင်းကြပါဘူး။သို့သော် ကျွန်တော်တို့က အမှီခိုလွန်ကဲတာမျိုး မဖြစ်အောင်တော့ ဂရုစိုက်ရမယ်၊ အထောက်အပံ့မရှိဘူးဆိုရင်လည်းအသက်ဆက်ဖို့ခက်ခဲတယ်။ အထောက်အပံ့ကိုမှီခိုပြီးမှ တို့တော်လှန်ရေးလုပ်မယ်လို့ယူဆနေရင်လည်း ဘာမှဖြစ်မြောက်မှာမဟုတ်ဘူး တော်လှန်ရေးထောက်ပံ့နေတဲ့ဒိုနာတွေရဲ့ လက်‌ဝေခံပုံစံမျိုးပေါ့။ အဲ့နှစ်ခုကြားမှာကြားချရမယ်လို့မြင်ပါတယ်။ တချို့ကတော့ အစွန်းရောက်ပြီးတော့ အထောက်အပံ့မလိုဘူး။ဆိုတာမျိုး စဉ်းစားကြလိမ့်မယ်။
ဒါပေမယ့် အခုလိုခေတ်မှာတော့ အထောက်အပံ့ကင်းတဲ့ပုံစံမျိုး ကတော့ဘယ်မှာမှ မရှိပါဘူး။ အပြန်အလှန် မှီခိုနေတဲ့သဘောရှိပါတယ်။ 

နောက်တခုကအထောက်အပံ့နဲ့ ပါတ်သက်ပြီး သတိပေးစရာတခုပါ NUGကပါ၀င်နေတဲ့ ၀န်ကြီးတွေ အတော်များများကို ကြည့်လိုက်တဲ့အခါ သုံးပုံနှစ်ပုံလောက်က NGO အသိုက်၀န်းက လာတာဖြစ်ပါတယ်။ အဲ့တော့ NGOတွေရဲ့ သဘောသဘာ၀အရ international ကိုမျှော်ကိုးလေ့ရှိပါတယ်. International နဲ့ပဲချိတ်ဆက်ပြီး လုပ်ရတာဖြစ်တဲ့အတွက် သူတို့ကိုယ်တိုင် နိုင်ငံတကာကို မျှော်တဲ့ပုံစံမျိုး ဖြစ်သွားတတ်ပါတယ်။ အဲ့ဟာကိုတတ်နိုင်သလောက်ရှောင်ကြဥ်ရမယ်သတိပေးရမယ်။ ကျွန်တော်အနေနဲ့ NUGဟာ NGOအစိုးရမဖြစ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီသဘောထားကိုလည်း ဒီမှာတက်ရောက်တဲ့လူတွေကို သိစေချင်ပါတယ်။ NUGလုပ်တဲ့ပုံစံက လက်နက်ကိုင်တော်လှန်‌ရေး ဆင်နွှဲတာမှန်ပေမယ့် အဲ့လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်က NGOဆန်ဆန်လုပ်တာ ဖြစ်နေတာတွေကို သဘောမတွေ့ပါဘူး။ ဒါကတော့ ရှင်းရှင်းလင်းလင်း ပြောဆိုဝေဖန်တာပါ။ 

တခါတရံ နိုင်ငံရေးအရ တော်လှန်ရေးအရ  ကိုယ့်ဘက်ကစွမ်းရည်ညံ့ဖျင်းတိုင်းလူထုကိုမထိုးချပါနဲ့ . လူထုမထောက်ပံ့လို့ လူထုမပါ၀င်လို့ မင်းတို့Bondတွေ၀ယ်တာ လျာထားချက်မပြည့်မီလို့ မင်းတို့ကိုလက်နက် မပေးနိုင်တာဆိုတဲ့ ဆွေးနွေးချက်တွေတွေ့ရတယ်။ အဲ့ဒါ လူထုကမထောက်ပံ့လို့  လူထုကပြည့်ပြည့်၀၀ မလှူဒါန်းလို့တို့တော်လှန်ရေးကျရှုံးရတယ်ဆိုပြီး နောက်ဆုံးလူထုကိုပဲ တရားခံအနေနဲ့ထိုးချမယ့် နိုင်ငံရေးသမား သောက်ကျင့်ပေါ့၊ ဒီစကားလုံးက ရိုင်းပါတယ်။ တောင်းပန်ပါတယ်။ အဲ့လိုမျိုးမဖြစ်စေချင်ပါဘူး အဲ့လိုလည်းမဖြစ်ချင်ပါဘူး။ နောက်တခုကဘာလဲဆိုတော့ ယျေဘုယျကျတဲ့စကားလုံးတွေသုံးပြီး နိုင်ငံရေး သမားတွေသူတို့ရဲ့ ဂယ်ပေါက်ပေါ့ သူ့ရဲ့ထွက်ပေါက်ပေါ့ အဲ့လိုသုံးသွားတာတွေရှိပါတယ်၊ အဲ့ဒါမျိုး ကျွန်တော်တို့ မြင်နေရပါတယ်၊ အဲ့ဟာမျိုးကျွန်တော်တို့အဖြစ်မခံပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပြောသင့်ပြောထိုက်တာ ရေးသင့်ရေးထိုက်တာရဲရဲ၀ံ့၀ံ့ရေးပါတယ်၊

နောက်တခုကလော်ဘီနဲ့ပါတ်သက်ပြီး ပြောချင်တာ လော်ဘီကိုအားကိုးတာအားကိုးလို့ရပါတယ် လော်ဘီကလည်း ခေတ်သစ်နိုင်ငံရေး မှာလိုပါတယ်၊ သို့သော်လော်ဘီဟာ တော်လှန်ရေးရဲ့အဓိကဦးဆောင်တဲ့လူမဟုတ်ပါဘူး။ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့လူထုကိုယ်တိုင်က တော်လှန်ရေးရဲ့ စစ်မှန်တဲ့လော်ဘီ ဖြစ်ပါတယ်လို့ NUGကိုရော အားလုံးကိုသိစေချင်ပါတယ်၊ လူထုသာလျှင်စစ်မှန်သော မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လော်ဘီစစ်စစ်ဖြစ်ပါတယ်၊ အခုလော်ဘီလို့နာမည်တပ်နေတဲ့သူတွေက တော်လှန်ရေးကို အောင်မြင်အောင် ကူညီကောင်းကူညီနိုင်ပါလိမ့်မယ်။ ထောက်ပံ့ တွန်းအားပေးနိုင်ပါတယ်။ ဒါပေမယ့် လူထုသာလျှင်စစ်မှန်သော မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လော်ဘီစစ်စစ်ဖြစ်ပါတယ်။ 

Mr. Rev Park (2:45:30 – 2:52:20)

ကျွန်တော်ဆွေး‌နွေးချင်တာ ဆရာမနဲ့ ကိုသက္ကမိုးညိုတို့ပြောသွားတဲ့အချက်လေးတွေဆွေးနွေးချင်ပါတယ်၊ ဆရာမပြောသွားတဲ့ထဲမှာ NUG ကို‌ဝေဖန်နေတာထက်ကိုယ်လုပ်နိုင်တာလုပ်ဖို့ပေါ့၊ အဲ့ဒါကိုမူအရလက်ခံပါတယ်။ ကိုယ်လုပ်နိုင်တာကို ပြည်သူတွေကအခန်းကဏ္ဍပေါင်းစုံကလုပ်နေပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ ဒီတော်လှန်ရေး လုပ်နေတယ်ဆိုတာက တယောက်ကတောင်ကိုတွန်းတယ်ဆိုရင် တစ်ယောက်က မြောက်ကိုတွန်းနေသလို တွန်းနေလို့‌ ရွေ့မှာမဟုတ်ဘူးပေ့ါ ‌တော်လှန်ရေးတပ်ဦးမှာ ဦးဆောင်ထားတဲ့ ဒရိုင်ဘာနေရာမှာ နေတဲ့လူကတော့ ဘယ်ကိုသွားချင်တာလဲ ဘယ်လိုပုံစံမျိုးနဲ့သွားချင်တာလဲ ဘယ်လမ်းကို ‌ရွေးမှာလဲ ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာ  ဦးဆောင်တဲ့လူက နောက်မှာလိုက်နေတဲ့လူတွေကို ရှင်းရှင်းလင်းလင်း။ ရှင်းရှင်းလင်းလင်း ဆိုတာကျွန်တော်ပြောချင်တာက ကိစ္စတိုင်းကိုပြောစရာမလိုဘူး။ ဘယ်လိုပါ၀င် ပူးပေါင်းရမယ်ဆိုတာတော့ရှင်းရှင်းလင်းလင်းဖြစ်ထားဖို့လိုတာပေါ့ အခုကအဲ့လိုမဟုတ်ပဲ NUG ကဘယ်သွားမှာလဲဆိုတဲ့ ဟာကို GEN z တွေ ပြည်သူတွေက ခုတ်ထွင်ရှင်းလင်းပေးနေတယ်။ ဒါပေမယ့် သူကဘယ်လမ်းမှသွားတာကို မတွေ့ရသေးတဲ့ပုံစံဖြစ်နေတယ်။ အဲ့လိုပုံစံဖြစ်နေတော့ ကျွန်တော်တို့ တော်လှန်ရေးက effective မဖြစ်ဘူး။ လုပ်သာလုပ်နေရတယ်ကျွန်တော်တို့က စုပေါင်းပါ၀ါလည်းမရဘူး။ collective power ရအောင်လည်း ဖန်တီးနိုင်လောက်တဲ့ability မရှိဘူး မရှိတဲ့အတွက် လူထုကတော့လုပ်နေတယ်။  ဘယ်ကိုသွားချင်တာလဲ ရှင်းရှင်းလင်းလင်းမရှိတဲ့အတွက် တော်လှန်ရေးမှာ အလေအလွင့်အဆုံးအရှုံး energy losses တွေဖြစ်နေတယ်မြင်ပါတယ်။ ကျွန်တော်တို့တွေကလဲ အကုန်၀ိုင်းတွန်းရမှာပေါ့ ဘာကိုတွန်းရမလဲ ဘယ်လိုတွန်းရမှာလဲ အခုဘုံရန်သူကိုတိုက်မယ် ဘယ်လိုနည်းနာမျိုးနဲ့တိုက်မှာလဲ။ ကိစ္စတော်တော်များများမှာ NUG ကငါးပွက်ရာငါးစာချသလို ဖြစ်နေတာတွေ့ရတယ်။ ကိုယ့် strategy တခုကိုခိုင်ခိုင်မာမာသွားနေတယ် ဆိုတဲ့ပုံစံမျိုးကို မတွေ့ရဘူး။ လော်ဘီကိစ္စတွေကလည်း သေးရမယ့်အမှုကို ကြီးလာတယ်။ ဒီနေရာမှာတော့ ထပ်မဆွေးနွေးလိုတော့ပါဘူး။ 

ပြည်သူက ဘယ်လိုတွန်းရမလဲဆိုတဲ့ဟာ။ Facebook မှာတက်ရေးတော့လဲ accept မလုပ်ဘူး ဒလန်လို့ပြောခံရတယ်။ တိုက်ရိုက်ပြောတော့လည်း ကိုသက္ကမိုးညိုပြောသလို လက်မကြီးပဲ ထောင်ထောင်သွားတယ်ပေါ့။ Reportတွေတင်တော့လည်းဖတ်မဖတ်မသိဘူး replyလည်းမလုပ်ဘူး ဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ကဘယ်လိုတွန်းရမလဲဆိုတဲ့ပြသနာပေါ့။ ကျွန်တော်ကတဖက်အဖွဲ့အစည်းက လာတာဖြစ်တဲ့အတွက် သူတို့အတွင်းစည်းထဲမှာ လက်မခံဘူး၊ ကျွန်တော်အခုဖြစ်နေတဲ့ current state မှာဘယ်ဟာမှားနေလဲဆိုတာ ပညာရှင်ရှုဒေါင့်ကနေ ဘက်မလိုက်ပဲ အသင်းအဖွဲ့တွေနဲ့ ကင်းလွတ်နေတဲ့လူတွေမှာ လည်း တော်လှန်ရေးပညာနဲ့ပါတ်သက်ပြီး educate ဖြစ်နေဖို့လိုတယ်. အဲ့လိုလူတွေစုဖွဲ့ပြီး ဒေတာတွေရအောင်ယူ ထွက်ပေါ်လာသော current issue တွေကိုဘယ်လိုဖြတ်ကျော်မလဲဆိုတာ analysis လုပ်တဲ့ brain storming လုပ်တဲ့ teamလေးတခုတော့ လိုအပ်မယ်လို့မြင်ပါတယ်။ ကျွန်တော်တသီးပုဂ္ဂလအနေနဲ့ လုပ်ချင်ပါတယ်. ကျွန်တော့်အနေနဲ့တော့ ဦးဆောင်လုပ်နိုင်စွမ်းမရှိပါဘူး အကြံဥာဏ်ပြုတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ပါ၀င်ချင်ပါတယ်။ အဲ့လိုလုပ်ပြီးကျွန်တော်တို့က သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ဖေ့ဘုတ်ရော report ရော နည်းလမ်းတွေနဲ့ပြောမယ်ဆိုရင် တက်လာတဲ့မှားယွင်းသော current issue တွေကိုဖြေရှင်းမယ်ဆိုရင် ၊ ဘေးကလူတွေအနေနဲ့ဘယ်လိုတွန်းရမလဲဆိုတာကို effective ဖြစ်မလားလို့ ကျွန်တော်နိဂုံးချုပ်အနေနဲ့ ဆွေးနွေးလိုပါတယ်။ 

ကိုရဲထက် (2:52:20 – 2:55:00)

ကျွန်တော်တို့ Freedom Fighter အနေနဲ့လည်း Mr. Rev Park ပြောတဲ့ဒီအချက်ကိုစဥ်းစားတယ်၊အကြမ်းမဖက် လက်နက်မဲ့နည်းလမ်းကို လေ့လာတဲ့အခါမှာ ဒီကနေလက်နက်မသုံးဘဲ အများကြီးလုပ်လို့ရတယ် ပေါင်းစည်းမှုတွေလုပ်တယ် ထောက်ပြမှုတွေလုပ်တယ်ဆိုတာ၊ လက်နက်မဲ့နည်းလမ်းပဲပေါ့. သပိတ်တွေလည်းပါပါတယ် သပိတ်တွေမှာတတ်နိုင်သမျှ စည်းရုံးတယ် သပိတ်တွေက သွေးမအေးရုံ လမ်းထွက်လျှောက်ရုံတော့ မဟုတ်ဘူး  မက်ဆေ့ပေးလို့ရတယ်၊ ဒီမက်ဆေ့ကို တွင်တွင်ကျယ်ကျယ် အသုံးချလို့ရတယ်၊ ကျွန်တော်တို့တခုမြင်ရမှာ လော်ဘီကိစ္စကိုပြောတဲ့နေရာမှာ ဆိုရှယ်မီဒီယာဆိုတဲ့သဘောကိုက လူတွေကို engagement ကိုသွားတယ် အမုန်းစကားတို့ လူတွေကြိုက်တဲ့ဟာမျိုးပြောရင်ပိုပြီးပြန့်တယ်။ ရန်ဖြစ်တာတို့ ကောလဟာလတို့ ဆိုပိုပြီးပြန့်တယ်။ ဒီအညှီအဟောက်တွေပြောလေ ပိုပြန့်လေပဲ hate speech တို့ဘာတို့ ပြောရင်ပိုပြန့်တယ်။ Facebookကလည်း ဒါမျိုးရည်ရွယ်လုပ်တယ် ဆိုတာစာတမ်းတွေ အများကြီးရှိတယ်။ ပြောချင်တာ social media ကလူတွေရဲ့ လူမှုဘ၀အကုန်လုံးကိုတော့ မလွှမ်းခြုံနိုင်ဘူး၊ ဒါကြောင့်NUGအနေနဲ social media တခုတည်းကိုတော့ ကြည့်လို့မရဘူးပေါ့ လူထုကိုစည်းလုံးတဲ့အခါမှာ နည်းလမ်းတွေအများကြီး သုံးလို့ရတယ်။ နောက်တခုက သပိတ်တွေအနေနဲ့လည်း မက်ဆေ့တွေ မှန်မှန်ကန်ကန်ပေးပြီး လူထုကိုစည်းလုံးလို့ရတယ်။ အကြမ်းမဖက်လို့ပြောရင် လူတွေကသပိတ်လို့ပဲ မြင်ကြတယ်။  တကယ်တော့ အများကြီးကျန်သေးတယ် ပြတ်ကျန်ခဲ့တာအများကြီးပေါ့။ တော်လှန်ရေးမှာ  ပြတ်ကျန်ခဲ့တာ အရပ်ဖက်အဖွဲ့အစည်းတွေ သိပ်မပါလာဘူးပေါ့။ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း NUGကို‌ ဝေဖန်တာ လောက်ပဲရှိတော့တယ် ဘာသာရေးမှာလည်း ဗုဒ္ဓဘာသာကို မျက်ကန်းကိုးကွယ်စေတဲ့ မဘသလိုအဖွဲ့အစည်းမျိုး ရှိသလို ပြန်ပြီးတည့်မတ်စေချင်တဲ့ အဖွဲ့မျိုးရှိတယ် ။ ဒါမျိုးတွေကိုကျွန်တော်တို့ မစည်းရုံးနိုင်ဘူး။ ဒါတွေလည်း ကျွန်တော်တို့ပြတ်ကျန်ခဲ့တယ်။ နောက်တခုက ပညာရေးမှာလည်း ကျောင်းတက်မတက်ဆိုတာပဲ ရှိသေးတယ်၊ တကယ်တော့ပညာရေးဟာ အရမ်းအရေးကြီးတယ်၊ ပညာရေးမှာ ကျွန်တော်တို့သွားချင်တဲ့ပုံစံသစ်ကို ထည့်သွားဖို့လိုတယ်၊ စီးပွါးရေးဆိုလည်း ကျွန်တော်တို့သိပ်မစဥ်းစားကြဘူး။ ခရိုနီတွေဟာရန်သူ ဆိုတာလောက်ပဲတွေးတယ် ANC-တောင်အာဖရိကတို့ အောင်မြင်ခဲ့တဲ့နေရာမှာဆို စီးပွါးရေးသမားတွေကို တဖက်ကလည်းခြိမ်းခြောက်တယ် တဖက်ကလည်း စည်းရုံးတယ် ဒီနည်းလမ်းတွေ မှန်မှန်ကန်ကန်သုံးတဲ့အခါမှာ စီးပွါးရေးသမားတွေ စပြီးပြောင်းလဲလာတဲ့အခါ အစိုးရကပြုတ်ကျသွားတာပဲပေါ့။ ဒီလိုရှုထောင့်အမျိုးမျိုး လူမှုအလွှာအသီးသီးကို စည်းရုံးလို့ရတယ်။ အချိန်တော့ယူရမှာပေါ့။ မြန်မာ့လူမှုအဖွဲ့အစည်း ကအစတည်းက တဦးနဲ့တဦးသိပ်အစေးမကပ်ကြဘူး သီးခြားနေရတာကြိုက်ကြတယ်၊ ဒါ NUG မှ မဟုတ်ဘူး။ ကျွန်တော်တို့တွေကိုယ်တိုင်က သပိတ်အဖွဲ့တွေ ကြည့်ကြည့် ကျောင်းသားတွေကြည့်ကြည့် အချင်းချင်း အစေးကပ်ဖို့က အချိန်တခုတော့ ယူရမှာပေါ့၊ ဒါကိုလည်း ကျွန်တော်တို့ကြိုးစားနေတယ်၊ ကျွန်တော်တို့ Freedom Fighterအနေနဲ့ ဒီအပိုင်းကိုလုပ်တယ် ဒါပေမယ့်အချိန်တော့ယူရမှာပေါ့။ ခုချိန်မှာလိုက်ပြီး တွေ့တာတွေ ချိတ်ဆက်တာတွေ ခုချိန်မှာတော့ framework တခုစဥ်းစားတဲ့အဆင့်မှာပဲ ရှိသေးတယ်။ 

ဒီကနေ့စကားဝိုင်းမှာ ပါဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ 

Share on facebook
Share on twitter
Share on telegram