“သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ကြွေးကြော်သံကို ကန့်ကွက်ပါသည်

တော်လှန်ရေးဆိုတာက လက်စားချေ၊ သွေးကြွေးဆပ်ဖို့လား။ ပိုပြီးကောင်းတဲ့ အနာဂတ်သစ်တခုကို ဖန်တီးဖို့လား။ ကျွန်တော်တို့အနေနဲ့ စကားလုံးတွေကိုကျော်ပြီး နောက်ခံအယူအဆကို နားလည်ဖို့လိုပါတယ်။ ဆွေးနွေးတဲ့အယူအဆက ဘယ်လိုအန္တရာယ်ရှိတာလဲ။ ဘာကြောင့်ကန့်ကွက်ရတာလဲ။

နိုင်ငံရေး၊ တော်လှန်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါ ကြွေးကြော်သံ (Slogan) တွေက လူထုကို လွှမ်းမိုးမှုအားကောင်းတဲ့ အရာတခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအယူအဆတရပ် သို့မဟုတ် ဆောင်းပါးတပုဒ်ကို ပြည်သူတွေနားလည်ဖို့က အချိန်ယူရပေမယ့် ကြွေးကြော်သံတွေကတော့ လူအများစု မှတ်ရလွယ် နားလည်လွယ်တာဖြစ်တဲ့အတွက် လူထုကြားထဲ လွယ်လွယ်ကူကူပြန့်နှံစေတဲ့ အရည်အချင်းရှိလို့ပါ။

“သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ကြွေးကြော်သံကိုတော့ ဒီရက်ပိုင်း တော်လှန်ရေးအင်အားစုတွေကြားမှာ ကျယ်ကျယ်လောင်လောင်ကြားရပါတယ်။ မြေပြင်မှာကော အွန်လိုင်းမှာကော တော်တော်လေး ပေါက်ရောက်တဲ့ ကြွေးကြော်သံပါ။ ဒါပေမယ့် Freedom Fighter အနေနဲ့ ဒီကြွေးကြော်သံဆောင်ပုဒ်ရဲ့ အယူအဆပိုင်းကို ဆန်းစစ်ဆင်ခြင်ဖို့ လိုကြောင်း ထောက်ပြချင်ပါတယ်။ ကြွေးကြော်သံမှာ အပိုင်းနှစ်ခုသာပါပါတယ်။ ပထမပိုင်းကတော့ “သွေးကြွေး”ပါ။ ပြည်သူတွေ၊ လူငယ်တွေ သွေးမြေကြထားတဲ့ အကြွေးကိုပြန်တောင်းရမယ် ဆိုတဲ့အယူအဆပါ။ မကြာခင်က တိုက်ပေါ်က ခုန်ချထားတဲ့လူငယ်တွေပုံရိပ်ကို မြင်နေရတဲ့ ပြည်သူတွေအဖို့ သွေးကြွေးပြန်တောင်းချင်ကြမယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် “တော်လှန်ရေးဆိုတာက အတိတ်ကခံစားခဲ့တဲ့ နာကြည်းချက်ကို လက်စားချေ၊ သွေးကြွေးဆပ်ဖို့လား။ ပိုပြီးကောင်းတဲ့ အနာဂတ်သစ်တခုကို ဖန်တီးဖို့လား” ဆိုတဲ့ မေးခွန်းကို ဖြေကြည့်ဖို့လိုပါတယ်။

ပြီးခဲ့တဲ့ ပြည်တွင်းကော ပြည်ပကော တော်လှန်ရေးအစဉ်အဆက်ကိုလေ့လာကြည့်ရင် အမုန်းတရား၊ လက်စားချေမှုအခြေခံတဲ့ လှုပ်ရှားမှုက အဘက်ဘက် ပျက်စီးမှုကိုသာ ဦးတည်ပြီး ဘယ်ဘက်ကမှ အနိုင်ရတယ်ဆိုတာမရှိပါဘူး။ ဒီလိုပြောလို့ အပြစ်ကျူးလွန်ခဲ့တဲ့လူတွေကို အရေးမယူရတော့ဘူးလားလို့ မေးဖို့ရှိပါတယ်။ ဒီနေရာမှာတော့ Revenge (လက်စားချေမှု)အနေနဲ့မဟုတ်ဘဲ Justice (တရားမျှတမှု)ရှုထောင့်ကနေကြည့်ဖို့လိုပါလိမ်မယ်။ ဆိုလိုတာက အပြစ်ပေးခြင်းသည်လည်း လက်စားချေမှု အမုန်းတရားကြောင့်မဟုတ်ဘဲ နောက်လူတွေ ဒီအမှားကို သင်ခန်းစာယူပြီး ထပ်မလုပ်ကြဖို့ တားမြစ်ရှုပ်ချတဲ့သဘောဖြစ်ပါတယ်။ ဒီမှာ ကျွန်တော်တို့လို အကြမ်းမဖက် လူထုလှုပ်ရှားမှုလမ်းစဉ်ကိုလက်ကိုင်ထားသူတွေကော ၊ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းနေသူတွေကော ရှင်းရှင်းလင်းလင်းဖြစ်ရမယ့်အချက်က တော်လှန်ရေးက ကျွန်တော်တို့ရဲ့ အနာဂတ် ၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက်ဖြစ်တယ်။ အမုန်းတရား၊ ဒေါသ၊ လက်စားချေလိုစိတ် စတဲ့ခံစားချက် နဲ့မောင်းနှင်လို့မရနိုင်။ ကျဆုံးခဲ့တဲ့ ရဲဘော်တွေလည်း ဒီအနာဂတ်အိပ်မက်အတွက် အသက်ပေးစွန့်လွှတ်ခဲ့တယ်ဆိုတာကို ရင်ထဲနှလုံးထဲမှာ ခိုင်မြဲစွာ မှတ်ယူထားဖို့လိုပါမယ်။

ဒုတိယအပိုင်းကတော့ ဆွေးနွေးရန်မလိုဆိုတဲ့အပိုင်းပါ။ စစ်ကောင်စီနဲ့ မည့်သည့်နည်းနှင့်မျှ ဆွေးနွေးရန်မလိုဆိုတဲ့အယူအဆဖြစ်ပါတယ်။ ဒီအယူအဆက မှန်လား/မှားလား ယတိပြတ် ပြောလို့မရတဲ့အရာပါ။ဘာကြောင့်လည်းဆိုတော့ ဘယ်နေရာမှာဆွေးနွေးမယ်။ ဘယ်လိုဆွေးနွေးမယ်။ ဘယ်လိုရလဒ်တွေရလာမယ် ဆိုတဲ့အပေါ်မှာမူတည်လို့ပါပဲ။ တိုက်ပွဲတိုင်းက စားပွဲပေါ်မှာပဲ ပြီးဆုံးတယ်ဆိုတဲ့စကားရှိပါတယ်။ ဆိုတော့ ဘယ်တော့မှမဆွေးနွေးဘူးဆိုတဲ့အယူအဆက တဘက်နဲ့တဘက်က သူသေကိုယ်သေ အပြုတ်တိုက်ကြမယ်လို့ ကြွေးကြော်နေသလား မေးခွန်းထုတ်ချင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ စကားလုံးတွေကိုကျော်ပြီး နောက်ခံအယူအဆကို နားလည်ဖို့လိုပါတယ်။ ဆွေးနွေးတဲ့အယူအဆက ဘယ်လိုအန္တရာယ်ရှိတာလဲ။ ဘာကြောင့်ကန့်ကွက်ရတာလဲဆိုတာ။ ဘာကြောင့်ဆွေးနွေးဖို့ကို အင်မတန်သတိထားဖို့လိုလည်းဆိုတော့ အာဏာရှင်တွေအနေနဲ့ သူတို့အားနည်းလာတဲ့အခါ ထွက်ပေါက်အနေနဲ့ ဆွေးနွေးညှိနှိုင်းကတိပေးလေ့ရှိပါတယ်။ ဒါပေ့မယ့်နောက်ပိုင်းသူတို့ အာဏာပြန်တည်ဆောက်နိုင်တယ် ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေ/ အတိုက်အခံအင်အားစုတွေကို သွေးခွဲရှင်းထုတ်နိုင်ပြီဆိုရင် အဲကတိကိုပြန်ပြီးဖျောက်ဖျက်လေ့ရှိပါတယ်။ ဒါက မြန်မာလွတ်လပ်ရေးသမိုင်းမှာ ပင်လုံစာချုပ်က အစပြုပြီး တော်လှန်ရေးအဆက်ဆက်ကျဆုံးခဲ့တဲ့ ထောင်ချောက်ဖြစ်လို့ပါပဲ။ အာဏာရှင်တွေသိတဲ့ နိုင်ငံရေးက အမှန်အမှား၊ တိုင်းပြည်လူထုအကျိုးပေါ်မှာအခြေခံတာမဟုတ်ဘဲ အာဏာရှိရင် ထင်တိုင်းကြဲလို့ရတယ်ဆိုတာသာဖြစ်လို့ပါ။ ဒီလိုပြောလို့ အတိတ်တစ္ဆေနောက်မှာပိတ်မိပြီး ဆွေးနွေးဖို့ လုံးဝမလိုဘူးဆိုပြီး အစွန်းရောက်ရင်လည်း ဘယ်တော့မှ မပြီးတဲ့ ပြည်တွင်းစစ်နဲ့ နှစ်ပေါင်းများစွာ တဘက်က ပြည်သူတွေ၊ လူငယ်တွေသေလိုက် တဘက်ကလည်း အောက်ခြေစစ်သားတွေသေလိုက်နဲ့ ရွှေပြည်တော်မျှော်တိုင်းဝေးရမှာပါ။ ဒီတော့ ရှင်းရှင်းလင်းလင်းဖြစ်ရမှာက စစ်အာဏာရှင်နဲ့ တပ်မတော်အဖွဲ့အစည်းကို ခွဲမြင်ပြီး အကြမ်းဖက်လူသက် စစ်အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့မလုပ်ဘူး။ တခြားသော တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ကတော့ တပ်မတော်ကို ကယ်တင်ချင်ရင် ပူးပေါင်းဖို့ဆွေးနွေးနိုင်တယ်။ အဲအချိန်မှာလည်း ကတိရတာနဲ့ အပျော်လွန်သွားတာမျိုးမဟုတ်ဘဲ တကယ်လို့ ကတိမတည်ရင် ဘယ်လိုပြန်လည်ထိန်းကျောင်းနိုင်မလဲ။ လူထုထောက်ခံမှုအင်အားလား။ လက်နက်ကိုင်တပ်တွေကို ထိန်းချုပ်နိုင်စွမ်းလား စသဖြင့် နောက်တစ်ချိန်ကတိဖောက်ဖျက် အာဏာသိမ်းမှုမဖြစ်အောင်ဘယ်လိုကာကွယ်မလဲစဉ်းစားရမှာပါ။

တော်လှန်ရေးဦးဆောင်သူတွေအနေနဲ့ လူထုကို တော်လှန်ရေးလမ်းကြောင်းပေါ်မှာ တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်လာစေမယ်၊ တဖက်မှာလည်း တိုင်းရင်းသားအင်အားစုတွေကို ဘုံတော်လှန်ရေးရည်မှန်းချက်ပေါ်မှာ ပူးပေါင်းပါဝင်အောင်လုပ်ဆောင်နိုင်တဲ့အချိန်ကြမှပဲ စစ်အုပ်စုက အလျော့ပေးပြီး ဆွေးနွေးညှိနှိုင်းမှုဆိုတာ ဖြစ်လာနိုင်ဖို့ အခြေအနေ ရှိလာနိုင်ပါ့မယ်။ အခုအချိန်မှာက “မုန့်ဆီကြော်ဘယ်မှာလဲမသိ။ နှုတ်ခမ်းနာနဲ့တည့်မှန်းမသိ” ဆိုသလို ဆွေးနွေးဖို့/မဆွေးနွေးဖို့ ပြောဖို့က စောသေးတာမှန်ပေမယ့် အခုထဲက အယူအဆပိုင်းကျေလည်မှ နောက်ပိုင်းတကယ်ဆွေးနွေးတဲ့အချိန်ရောက်လာခဲ့ရင် စစ်အုပ်စုဖြစ်စေချင်သလို သွေးခွဲပြီး တစုတပြားဖြစ်မယ့် အခြေအနေကို ရှောင်လွှားကျော်လွှားနိုင်မှာဖြစ်ပါတယ်။ခြုံပြောရရင်တော့ ဒီကြွေးကြော်သံကို ကိုင်စွဲနေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ တော်လှန်ရေးက အတိတ်အတွက်လား။ အနာဂတ်အတွက်လား ဆန်းစစ်စေချင်ပါတယ်။ အတိတ်ကသင်ခန်းစာတွေယူရမှာဖြစ်ပေ့မယ့် အတိတ်ကအခြေအနေပေါ်မှာ ပိတ်မိနေလို့မရပါဘူး။ အတိတ်ကပုစ္ဆာတွေကိုဖြေရှင်းဖို့ အနာဂတ်ကို ပိုပြီးထင်ထင်ရှားရှားမြင်ဖို့လိုပါတယ်။ အတိတ်ကနေ မျဉ်းဖြောင့်ဆွဲ တွေးတာကို ကျော်လွန်မှပဲ အနာဂတ်အသစ်ကို ဖန်တီးနိုင်ပါလိမ့်မယ်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်