Freedom Fighter လက်စွဲ

အခုဆိုရင် တော်လှန်ရေးဟာ ၅ နှစ်တာကာလဆီ ချဉ်းကပ်ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ တော်လှန်ရေးကာလ အချိန်ကြာမြင့်လာတာနှင့်အမျှ ပြည်သူအများခံစားကြုံတွေ့နေရတဲ့ ဘေးဒုက္ခအမျိုးမျိုးဟာ လျော့ကျနည်းပါးသွားတယ်ဆိုတာမရှိဘဲ ပို၍သာဆိုးရွားလို့လာပါတယ်။ ဒါ့အပြင်   အချိန်ကြာမြင့်လာတာနဲ့အမျှ စစ်တပ်ရဲ့ နိုင်ငံရေး၊ စစ်ရေးအသာရမှုဟာ ပို၍မြင်သာထင်ရှားလာပြီး တော်လှန်ရေးအင်အားစုတွေဖက်မှာတော့ မဟာဗျူဟာကင်းမဲ့မှု၊ စီမံခန့်ခွဲခြင်းဆိုင်ရာညံ့ဖျင်းမှု၊ တာဝန်ယူ/တာဝန်ခံခြင်းနည်းပါးမှုနဲ့ အဂတိလိုက်စားမှုတွေသာ ပိုမိုတွေ့မြင်လာတဲ့အတွက် တော်လှန်ရေးမျှော်လင့်ချက်ဟာ တစတစမှေးမှိန်လာ ပါတယ်။

Freedom Fighter အနေနဲ့ ရှေးမဆွကတည်းက မြန်မာလူ့အဖွဲ့အစည်းအတွင်း ကပ်ဆွဲနေတဲ့ စစ်ဝါဒနဲ့ လူမျိုးရေးခွဲခြားမုန်းတီးမှုတွေကို ကုစားပြောင်းလဲဖို့ဆိုတာ ရေရှည်ဆင်နွှဲရမယ့် တော်လှန်ရေးတရပ်ဖြစ်ကြောင်း လက်ခံထားတဲ့အပြင် အယူအဆအားဖြင့်ရော သမိုင်းကြောင်းအားဖြင့်ပါ အောင်မြင်မှုရနိုင်ခြေများတဲ့ အကြမ်းမဖက်လမ်းစဉ်ကို ကိုင်စွဲတော်လှန်ခဲ့ပါတယ်။ သို့သော်လည်း နွေဦးတော်လှန်ရေးကာလတလျောက် တော်လှန်ရေးခေါင်းဆောင်ဆိုသူများရဲ့ အမြော်အမြင်နည်းပါးမှုနဲ့ မျှော်လင့်ချက် အမှားတွေကို အားကိုးမှုကြောင့် လက်နက်ကိုင်လမ်းစဉ်အပေါ်ကိုသာ လူထုအနေနဲ့ မှီခိုအားပြုခဲ့ကြပြီး အကြမ်းမဖက်လမ်းစဉ်အပေါ် ယုံကြည်လက်ခံမှု အားနည်းခဲ့ပါတယ်။

ယခုအခါ ပြည်သူများအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တနင့်တပိုးခါးစီးခံစားခဲ့ရပြီးဖြစ်တဲ့အပြင် ပေါ်ပြူလစ်ခေါင်းဆောင်တွေရဲ့ မစားရဝမခန်းစကားလုံးတွေကိုလည်း စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးဆက်လက်အဓွန့်ရှည်နိုင်ဖို့အတွက် တုံ့ပြန်ရုံသက်သက်နည်းလမ်းတွေအစား ပိုပြီးအကျိုးဖြစ်ထွန်းနိုင်တဲ့ လမ်းကြောင်းသစ်တွေကို အားကောင်းကောင်းနဲ့ ဖော်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းသစ်တွေထဲမှာ အလယ်အလတ် အကြမ်းမဖက်လမ်းစဉ်အပေါ်အခြေထားတဲ့ Freedom Fighter ရဲ့ တော်လှန်ရေးလမ်းစဉ်ဟာ ပြည်သူများနဲ့ တော်လှန်ရေးအင်အားစုများအတွက် အထိအခိုက်နည်းပြီး အကျိုးကျေးဇူးများနိုင်ကြောင်းယုံကြည်တဲ့အတွက် ယခု”လက်စွဲ”စာအုပ်ကိုမွမ်းမံပြင်ဆင်ကာ ထုတ်ဝေလိုက်ပါတယ်။ 

ဒီလက်စွဲစာအုပ်မှာ Freedom Fighter ရဲ့ အတွေးအခေါ်အယူအဆတွေနဲ့ အနာဂတ်တော်လှန်ရေးကို လျှောက်လှမ်းဖို့အတွက် မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေကို ရှင်းရှင်းလင်းလင်းတိတိကျကျ ရေးသားတင်ပြထားပါတယ်။ ဒါ့အပြင် ဒီတော်လှန်ရေးဗျူဟာတွေဟာ လက်နက်ကိုင်နိုင်မှ၊ ထောက်ပို့လုပ်နိုင်မှ ကျင့်သုံးလို့ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ချဉ်းကပ်နည်းမျိုးမဟုတ်ဘဲ တော်လှန်လိုသူ၊ ခေတ်စနစ်ကိုပြောင်းလဲလိုသူ မည်သူအတွက်မဆို အကျုံးဝင်တာဖြစ်တဲ့အတွက်  ကိုယ်တိုင်ကစ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်မြို့နယ် စသဖြင့် အခြေမှအထက် အဆင့်ဆင့်ကျင့်သုံးပြောင်းလဲသွားနိုင်ပါတယ်။ အရေးကြီးဆုံးမှာ ယခုအခါ စစ်တပ်က ကျင်းပပြုလုပ်တော့မယ့် ရွေးကောက်ပွဲအလွန်ကာလအတွက် တော်လှန်ရေးလမ်းစပျောက်နေသူများအနေနဲ့ ဒီလက်စွဲစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် မိမိတို့ရဲ့ တော်လှန်ရေးမျှော်လင့်ချက်ရောင်ခြည်တွေ တဖန်ပြန်လည်ထိန်ညီးလာနိုင်ပြီး အနာဂတ် အလင်းခေတ်တော်လှန်ရေးကိုဆင်နွှဲနိုင်ဖို့အတွက်လည်း ရေရာတိကျတဲ့လမ်းစတွေ ခံစားတွေ့မြင်လာနိုင်မှာ ဖြစ်ပါတယ်။

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ