ငြိမ်းချမ်း။ ။ သီဟရော၊ နှင်းရည်ရောမင်္ဂလာပါ။ ကျွန်တော်တို့မတွေ့ရတာလည်းကြာပြီ။ အခုတော့ပြန်စုံကြပြန်ပြီဆိုတော့ ဆွေးနွေးစရာအကြောင်းအရာတွေလည်း တော်တော်များများကိုယ်စီရှိကြလိမ့်မယ်ထင်ပါတယ်။ ဒီတော့ နှင်းရည်ကပဲ ဒီအပတ်ဘယ်အကြောင်းအရာ၊ ဘယ်မေးခွန်းကို ဆွေးနွေးအဖြေရှာကြမလဲဆိုတာ ပြောပါဦး။
နှင်းရည်။ ။ ဟုတ်ကဲ့။ အခုဆိုရင် စာသင်ကျောင်းတွေလည်း ပြန်ဖွင့်ပြီ။ အရင်က စစ်ကောင်စီရဲ့ပညာရေးကိုတော်လှန်မယ်ဆိုပြီးမတက်ဘဲနေခဲ့တဲ့ သူတွေတောင်ပြန်တက်နေကြတာတွေ တွေ့နေရပြီဖြစ်ပါတယ်။ ဒါကို မကြိုက်တဲ့သူတွေကလည်း မကြိုက်ကြဘူးပေါ့နော်။ စစ်ကျွန်ပညာရေးကို တော်လှန်ရမယ်၊ ကျောင်းတက်တာဟာ တော်လှန်ရေးကို သစ္စာဖောက်တာဆိုပြီး ပြောနေကြတဲ့သူတွေလည်း ရှိကြတယ်။ ဒီတော့ ကျွန်မအနေနဲ့ မေးခွန်းထုတ်ချင်တာက တော်လှန်တဲ့ပညာရေးဆိုတာဘာလဲ၊ စစ်ကောင်စီဖွင့်တဲ့ကျောင်းကိုမတက်တာက တော်လှန်တဲ့ပညာရေးလား၊ ဒီသင်ရိုးကိုပဲအပြင်မှာသင်နေတာက တော်လှန်တဲ့ပညာရေးလား၊ ဘယ်လိုပညာရေးမျိုးကို တော်လှန်တဲ့ပညာရေးလို့ သတ်မှတ်မလဲ။ ဒီမေးခွန်းတွေကို ဆွေးနွေးအဖြေရှာကြည့်ချင်ပါတယ်။
သီဟ။ ။ တော်လှန်တဲ့ပညာရေးဆိုတာကတော့ ဒီနိုင်ငံမှာ အခုမှသုံးနှုန်းလာတဲ့စကားတော့မဟုတ်ပါဘူး။ ဗြိတိသျှကိုလိုနီခေတ်ကတည်းက ဒီစကားကို သုံးနှုန်းလာခဲ့ကြတာပါ။ ဗြိတိသျှတွေရဲ့ပညာရေးစနစ်ဟာ ကျွန်ဇာတ်သွင်းနေတဲ့စနစ်ဖြစ်တယ်၊ လူကုံထံငွေကြေးချမ်းသာတဲ့သူတွေပဲတတ်နိုင်တယ်၊ သင်ရတော့လည်း ကိုလိုနီစနစ်ကိုအားပေးတဲ့စာတွေပဲသင်ရတယ်၊ ဆရာတပည့်ဆက်ဆံရေးကလည်း ဖိနှိပ်လွန်းတယ် ဆိုပြီးတော့ ပညာတတ်တိုးတက်တဲ့လူငယ်တွေကနေ တော်လှန်တဲ့ပညာရေး၊ တနည်းဆိုရင်တော့ လူတိုင်းလက်လှမ်းမီနိုင်တဲ့လွတ်လပ်တဲ့ပညာရေးကို ဖော်ဆောင်ကြမယ်ဆိုပြီး ကြိုးစားခဲ့ကြတယ်။ ဒီလိုနဲ့ အမျိုးသားကျောင်းတွေပေါ်ပေါက်ခဲ့တယ်၊ အတွေးအခေါ်လွတ်လပ်တဲ့လူငယ်တွေကို မွေးထုတ်နိုင်ခဲ့တယ်ပေါ့နော်။ အခုလည်း တော်လှန်တဲ့ပညာရေးဆိုပြီး သမိုင်းတစ်ပတ်ပြန်လည်လာပြန်ပြီပေါ့နော်။ ဒါပေမဲ့ ရည်ရွယ်ချက်ချင်းကတော့ မတူကြတာတွေ့ရတယ်။ အခုတော်လှန်တဲ့ပညာရေးဆိုပြီးပြောနေကြတာက တကယ့်ပညာရေးစနစ်ကို တော်လှန်ချင်တာထက် အာဏာရှင်ကိုမကြိုက်လို့ သူ့ဦးစီးတဲ့စနစ်မှာဝင်မပူးပေါင်းတဲ့အဆင့်ပဲရှိတယ်။ ဒီထက် မပိုကြတာကိုမြင်နေရတယ်။ ဒီစနစ်ကိုပဲ သူ့အုပ်ချုပ်မှုအောက်မှာမသင်ရင် ဒါတော်လှန်တာပဲလို့ အကုန်လုံးကသတ်မှတ်နေကြတယ်။ ဆိုတော့ ဒီအချက်က ကျွန်တော်တို့ပထမဆုံးစဉ်းစားရမယ့်အချက်ပဲ။ ကျွန်တော်ကတော့ ပညာရေးဆိုတာကို အင်မတန်ကျယ်ပြန့်တဲ့ ကောင်းကင်ပြင်ကြီးလို့ပဲ မြင်တယ်။ ဒီကောင်ကင်ကြီးမှာ ငှက်တိုင်းလွတ်လွတ်လပ်လပ်ပျံသန်းခွင့်ရှိတယ်။ ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ ပညာရေးစနစ်ကတော့ လှောင်ချိုင့်လေးတစ်ခုလိုပဲ။ အနားသတ်ကျဉ်းကျဉ်းလေးထဲမှာပဲ ပျံသန်းခဲ့ကြရတယ်။ အခုလည်း တော်လှန်ရေးသမားတွေပြောနေကြတဲ့ တော်လှန်တဲ့ပညာရေးဟာ တကယ်တော့ လှောင်ချိုင့်ကိုချိုးဖျက်ပေးရမယ့်အစား အရင်လှောင်ချိုင့်ကနေ နောက်လှောင်ချိုုင့်တစ်ခုထဲကို ထိုးထည့်နေကြတာပါပဲ။ ဒါကို ဘယ်လိုမှ တော်လှန်တဲ့ပညာရေးလို့ ခေါ်လို့မရပါဘူး။
ငြိမ်းချမ်း။ ။ သီဟကတော့ အခုလုပ်နေတာတွေက တော်လှန်တဲ့ပညာရေးမဟုတ်ဘူးလို့ ပြောသွားတယ်။ ဒီတော့ ကျွန်တော်အနေနဲ့ ဘယ်လိုပညာရေးမျိုးကိုမှ တော်လှန်တဲ့ပညာရေးလို့ခေါ်ထိုက်သလဲဆိုတာ နည်းနည်းလောက်ဆွေးနွေးကြည့်ချင်ပါတယ်။ တကယ်တော့ အခုကျောင်းတက်နေတဲ့သူတွေကို စစ်ကျွန်ပညာရေးကိုအားပေးနေတဲ့သူတွေလို့ပြောနေကြပေမဲ့ အရင်မျိုးဆက်တွေဆိုတာလည်း စစ်ကျွန်ပညာရေးအောက်က ထွက်လာတဲ့သူတွေပဲဆိုတာ သတိချပ်သင့်တယ်။ ကျွန်တော်လည်း အလွတ်ကျက်ဖြေစနစ်အောက်မှာနေခဲ့ရတာပါပဲ။ သမိုင်းအမှားတွေ သင်ခဲ့ရတယ်၊ ဘာသာရေးဂျင်းတွေ ယုံခဲ့ရတယ်၊ ဘာမဆိုစာထဲပါရင်အမှန်ဆိုပြီး မေးခွန်းပြန်ထုတ်ခွင့်မရှိခဲ့ဘူး။ ဆိုတော့ကာ အဲဒီလိုစနစ်အမှားတွေကို ပြောင်းနိုင်မှပဲ တော်လှန်တဲ့ပညာရေးလို့ခေါ်ထိုက်တယ်။ ဒီလိုပညာရေးကိုဖော်ဆောင်ဖို့ဆိုရင် အရင်ဆုံးပညာရေးဆိုတဲ့စနစ်က လွတ်လပ်နေဖို့လိုတယ်။ နိုင်ငံရေး၊လူမှုရေး၊ဘာသာရေး စတာတွေရဲ့ အသုံးချခံဖြစ်နေလို့မရဘူး။ ကလေးတွေရဲ့ ဦးနှောက်တံခါး၊နှလုံးသားတံခါးတွေကို ဖွင့်ပေးနိုင်ရမယ်။ ဘက်ပေါင်းစုံကနေ တွေးတောစေတတ်ရမယ်။ လူသားအချင်းချင်း ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူချစ်ခင်ကြင်နာစေရမယ်။ အရင်က အဲလိုမျိုးပညာရေးစနစ်မရှိခဲ့ဘူး။ နိုင်ငံရေးကလည်း သမိုင်းအမှားတွေနဲ့ ပညာရေးထဲဝင်ပြီးဝါဒဖြန့်တယ်။ လူမှုရေးတွေကလည်း ဝင်ပြီးချယ်လှယ်တယ်။ ဘာသာရေးတွေကလည်း ဝင်ပြီးလွှမ်းမိုးတယ်။ ကျွန်တော်က အဲလိုမျိုး လွတ်လပ်ပြီးအတွေးအခေါ်အားကောင်းစေတဲ့ ပညာရေးကိုဖော်ဆောင်နိုင်မှပဲ တော်လှန်တဲ့ပညာရေးလို့ သတ်မှတ်နိုင်မှာပါ။
နှင်းရည်။ ။ တကယ်တော့လေ အာဏာရှင်တွေရဲ့ထောက်တိုင်က ပညာရေးစနစ်လို့မမြင်ဘဲ ပညာရေးစနစ်ပေါ်မှာမှီခိုနေရတဲ့သူတွေလို့ မြင်လိုက်တာကနေစပြီးလွဲတော့တာလို့ ကျွန်မကတော့ထင်တယ်။ ဥပမာ CDMမလုပ်တဲ့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားတွေကိုပေါ့။ ရှင်းရှင်းပြောရရင် မူကိုအဓိကမထားဘဲ လူကိုအဓိကထားနေတာ လို့ဆိုရမယ်။ အခုနက အကိုတို့ပြောသလို ဒီသင်ရိုးကိုပဲ စစ်ကောင်စီအောက်မှာသင်ရင် ကျွန်ပညာရေး၊ တော်လှန်ရေးအင်အားစုရဲ့ အောက်မှာသင်ရင် တော်လှန်တဲ့ပညာရေးလို့ သတ်မှတ်ပညာရေးလို့သတ်မှတ်နေကြတာ များတယ်။ အဲလိုသတ်မှတ်လိုက်တော့ တကယ့်စစ်မှန်တဲ့ပညာရေးအပြောင်းအလဲဖြစ်မလာတဲ့အပြင် အမုန်းတရားတွေပဲ ပိုပြီးများလာတွေ့ရတယ်။ ဖြစ်သင့်တာကတော့ မြေပြင်ရဲ့ပကတိအရှိတရားကိုလေ့လာပြီး စစ်မှန်လွတ်လပ်တဲ့ပညာရေးအခွင့်အလမ်းတွေကို သူ့လူကိုယ့်လူခွဲခြားမနေဘဲ ဖြန့်ဝေပေးနိုင်မှသာ အာဏာရှင်စနစ်ကိုဖြိုဖျက်နိုင်တဲ့ပညာရေးကို ရရှိမယ်လို့ထင်ပါတယ်။ ပညာရေးနဲ့ပတ်သတ်လို့ ဆွေးနွေးစရာတွေတော့ အများကြီးရှိပါသေးတယ်။ ဒါပေမဲ့အချိန်အခါကိုလည်း ငဲ့ရသေးတော့ ဒီအပတ်တော့ ဒီလောက်နဲ့ပဲ ရပ်ထားပါရစေဦးရှင်။