နွေဦးတော်လှန်ရေးမှာ အကြမ်းမဖက်လှုပ်ရှားမှုက လမ်းဆုံးခဲ့ပြီလား။

နွေဦးတော်လှန်ရေးမှာ အကြမ်းမဖက်လှုပ်ရှားမှုက လမ်းဆုံးခဲ့ပြီလား။

သီဟ။ ။ ကျွန်တော်တို့ အရင်အပတ်တွေက အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေအကြောင်းတွေပြောတော့ ကျွန်တော်တို့ဆီကို “ ငါတို့ အကြမ်းမဖက်နည်းလမ်းတွေကို သုံးခဲ့ပြီးပြီ၊ အလုပ်မဖြစ်တော့လို့ လက်နက်ကိုင်တိုက်ကြရတာ” ဆိုတဲ့ complain တွေရောက်လာတယ်ဗျ။ အဲဒါကြောင့် ဒီအပတ်တော့ “ နွေဦးတော်လှန်ရေးမှာ အကြမ်းမဖက်လှုပ်ရှားမှုက လမ်းဆုံးခဲ့ပြီးလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြည့်ရအောင်လားဗျာ။

ငြိမ်းချမ်း။ ။ ကျွန်တော်တို့ အကြမ်းမဖက်လူထုလှုပ်ရှားမှုအကြောင်းပြောရင် ဒီလိုcomplainတက်ကြတာ အမြဲလိုလိုကြုံကြရပါတယ်။ ဒါကြောင့် ဒီကိစ္စက ဆွေးနွေးသင့်၊အဖြေရှာသင့်တဲ့ကိစ္စပါပဲ။ နွေးဦးတော်လှန်ရေးအစမှာ အကြမ်းမဖက်လှုပ်ရှားမှုတွေဖြစ်တဲ့ ဆန္ဒပြမှုတွေ၊ အာဏာဖီဆန်တဲ့လှုပ်ရှားမှုတွေကို လူထုက အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ကြတယ်။ ဒါတွေဟာ လုံးဝအောင်မြင်မှုမရခဲ့ကြတာတော့ မဟုတ်ပါဘူး။ အထိုက်အလျေက်တော့ အောင်မြင်ခဲ့ကြပါတယ်။ အာဏာသိမ်းတာကို ပြည်သူတစ်ရပ်လုံးက လက်မခံဘူးဆိုတာကို ကမ္ဘာကိုပြသနိုင်ခဲ့တယ်။ အဲဒီနောက်မှာ စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းလာတဲ့အတွက် ထိခိုက်သေဆုံးမှုတွေရှိလာတော့ အကြမ်းမဖက်လမ်းစဉ်ကိုစွန့်လွှတ်လိုက်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးတော်လှန်ခဲ့ကြတယ်။ ဆိုတော့ ဒီနေရာမှာ ကျွန်တော်တို့တော်လှန်ရေးရဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေဟာ ကျွန်တော်တို့မျှော်မှန်းသလောက် ဘာကြောင့်အလုပ်မဖြစ်ခဲ့ကြတာလဲဆိုတာနဲ့ပတ်သတ်ပြီး အကြောင်းအရင်းအချို့ကို အကျဉ်းချုံးပြီးပြောပြချင်ပါတယ်။ အဲဒီအကြောင်းအရင်းတွေကတော့ အကြမ်းမဖက်အယူအဆအားနည်းခြင်း၊ မဟာဗျူဟာချမှတ်မှုမရှိခြင်း၊ ကြိုတင်စီမံမှုမရှိခြင်း၊ ရေရှည်မစဉ်းစားခြင်း၊ ထိရောက်တဲ့ခေါင်းဆောင်မှုကင်းမဲ့ခြင်း စတာတွေပဲဖြစ်ပါတယ်။ လူထုက စစ်တပ်အာဏာသိမ်းလိုက်တာနဲ့ ဆန္ဒပြမှုတွေ၊ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)လုပ်ဆောင်ခဲ့ပေမဲ့လည်း အယူအဆအားဖြင့်တော့ မကျေလည်ခဲ့ကြပါဘူး။ အစိုးရရဲ့လုပ်ငန်းခွင်တွေကထွက်ခွာတဲ့သူတွေကိုပဲ တော်လှန်သူတွေလို့သတ်မှတ်ပြီး အကြောင်းကြောင်းကြောင့်မထွက်ခွာသူတွေကိုတော့ သစ္စာဖောက်လောက်ကောင်တွေလို့ သတ်မှတ်ပြီး ရန်သူတွေလိုဆက်ဆံလိုက်တာဟာ ကိုယ့်လူကိုသူ့လူဖြစ်သွားစေတဲ့အပြင် CDMလှုပ်ရှားမှုကိုလည်း ကျဉ်းမြောင်းသွားစေခဲ့ပါတယ်။ ဖြစ်သင့်တာက သူတို့ကိုလည်းသူတို့တတ်နိုင်သည့်အနေအထားကနေ အာဏာဖီဆန်မှုတွေလုပ်ကြဖို့ စည်းရုံးသိမ်းသွင်းရမှာဖြစ်ပါတယ်။ နွေးဦးတော်လှန်ရေးအကြမ်းမဖက်လှုပ်ရှားမှုဟာ အာဏာရှင်လုပ်သမျှကို ဆန့်ကျင်ဖက်လိုက်လုပ်ခြင်းသဘောပဲဆောင်နေပြီး အာဏာရှင်ကိုထိထိရောက်ရောက်ဖိအားပေးနိုင်တဲ့ မဟာဗျူဟာချမှတ်ခြင်းတွေ၊ ကြိုတင်စီမံဆောင်ရွက်ခြင်းတွေ အားနည်းခဲ့ပါတယ်။ ဒါ့အပြင် တော်လှန်ရေးခေါင်းဆောင်တွေရဲ့ ရေတိုစဉ်းစားချက်တွေဟာလည်း တော်လှန်လိုစိတ်ပြင်းထန်နေတဲ့လူထုကို ရေရှည်အထိဆွဲမခေါ်နိုင်ဘဲ စိတ်ပျက်အားလျော့ခြင်းတွေကိုသာဖြစ်စေခဲ့ပါတယ်။ ဒါတွေကိုပြောတာဟာ ဘယ်သူ့ဘယ်သူမှ အပြစ်တင်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အကုန်လုံး အတူတူလမ်းလွဲခဲ့၊ အယူအဆမှားခဲ့ကြတာပါပဲ။ ဟုတ်ပြီ၊ ဒီတော့ အဲဒီအမှားတွေကို သင်ခန်းစာယူပြီး ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာကျပြီးအားကောင်းခိုင်မာတဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေ ပြန်ပြီးဖော်ဆောင်လိုက်မယ်ဆိုရင် စစ်အာဏာရှင်စနစ်ဆိုးကြီးဘယ်လောက်ကြံ့ကြံ့ခံနိုင်မှာတဲ့လဲ။

နှင်းရည်။ ။ တကယ်တော့လေ ကျွန်မတို့အနေနဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေ ဖော်ဆောင်ကြဖို့စွဲဆောင်စည်းရုံးကြတာဟာ လူထုကို ခုချက်ချင်းလမ်းပေါ်တက်ဆန္ဒပြကြ လို့ တိုက်တွန်းနေတာမဟုတ်ပါဘူး။ လမ်းပေါ်ထွက်ဆန္ဒပြတာဟာ အကြမ်းမဖက်လမ်းစဉ်လို့ဆိုပေမဲ့ အဲဒီနည်းတစ်နည်းကိုပဲ အကြမ်းမဖက်လှုပ်ရှားမှုလို့ သတ်မှတ်ထားတာမဟုတ်ပါဘူး။ အန္တရာယ်ကင်းကင်းနဲ့ လူထုတစ်ရပ်လုံးပါဝင်လှုပ်ရှားနိုင်တဲ့ တခြားအကြမ်းမဖက်လှုပ်ရှားမှုနည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ နောက်ပြီး ကျွန်မတို့ရဲ့တော်လှန်ရေးဟာ အရင်စကားဝိုင်းတွေမှာပြောခဲ့သလိုပဲ စစ်အာဏာရှင်ပြုတ်ကျရေးတင်မဟုတ်ဘူး၊ အတွေးအခေါ်တော်လှန်ရေးအထိပါသွားနေကြတာဖြစ်ပါတယ်။ အတွေးအခေါ်အမှားတွေ၊ အယူအဆအလွဲတွေကြောင့်သာ လူတွေရဲ့အတ္တတွေကြီးထွားလာကြပြီး အာဏာရှင်တွေပေါ်ပေါက်လာကြတာဖြစ်ပါတယ်။ ဥပမာ “ ယောက်ျားတွေက မိန်းမတွေထက် မြတ်တယ်” ဆိုတဲ့အယူအဆမျိုးဆိုပါတော့။ အဲဒီအယူအဆအားကောင်းတာနဲ့အမျှ ဖိုဝါဒကြီးစိုးမှုတွေဖြစ်လာတယ်။ အဲဒီလိုဖြစ်တော့ တစ်ဖက်မှာဘာဖြစ်လာလဲဆိုတော့ ခွန်အားကြီးတဲ့သူက ခွန်းအားနည်းတဲ့သူကို အနိုင်ကျင့်လို့ရတယ်ဆိုတဲ့ အတွေးအခေါ်တွေပါ ဝင်လာပြီး အာဏာရှင်တွေပေါ်ပေါက်လာကြတာဖြစ်ပါတယ်။ ကမ္ဘာမှာပေါ်ခဲ့ကြတဲ့ အာဏာရှင်တွေမှန်သမျှဟာလည်း ဒီလိုအတွေးအခေါ်အယူအဆအမှားတွေရဲ့ မှိုင်းမိခံခဲ့ရတဲ့သူတွေ ဖြစ်ပါတယ်။ ဆိုတော့ ဒီလိုအတွေးအခေါ်တွေကို လက်နက်နဲ့ပြောင်းလို့မရပါဘူး။ လူထုတစ်ရပ်လုံးက အတွေးအခေါ်အယူအဆအမှားတွေကို ဝိုင်းဝန်းပြီးတက်ညီလက်ညီဖြိုဖျက်ပစ်မှပဲရပါမယ်။ အဲဒီလို ဖြိုဖျက်ပစ်ဖို့ဆို ထိရောက်တဲ့နည်းလမ်းက အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေမှတပါး အခြားမရှိပါဘူး။

သီဟ။ ။ ဟုတ်ကဲ့၊ ကျွန်တော်ကတော့ အခုနှင်းရည်ပြောသွားတာကိုပဲ နည်းနည်းထပ်ပြောချင်ပါတယ်။ စစ်အာဏာသိမ်းကတည်း တော်လှန်ရေးအင်အားစုတွေ ကြွေးကြော်နေကြတာရှိပါတယ်။ အဲဒါကတော့ “ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး” ဆိုတာပဲဖြစ်ပါတယ်။ ဆိုတော့ ဒီနေရာမှာ စစ်အာဏာရှင်ရဲ့ အမြစ်ကဘာလဲဆိုတာ စဉ်းစားစရာရှိလာပါတယ်။ စစ်တပ်ကြီးတစ်ခုလုံးကို နှိမ်နင်းသတ်ဖြတ်လိုက်ရင်ရော စစ်အာဏာရှင်စနစ်က အမြစ်ပြတ်သွားမှာလား။ ကျွန်တော်ကတော့ မထင်ပါဘူး။ တကယ်တော့ စစ်အာဏာရှင်တွေ အခုလိုတန်ခိုးထွားပြီးလုပ်ချင်တိုင်းလုပ်နေတာဟာ ခေတ်အဆက်ဆက်ကတည်းက စစ်ဝါဒကိုထောက်ပံ့လာခဲ့တဲ့ အယူအဆအမှားတွေ၊ ဘာသာရေးမှိုင်းတွေ၊ ယဉ်ကျေးမှုအလွဲတွေကြောင့်ပဲ ဖြစ်တယ်။ အဲဒါတွေကို မဖြိုဖျက်ဘဲနဲ့တော့ စစ်တပ်ကြီးတစ်ခုလုံးပဲပြာကျသွားပါစေဦး အာဏာရှင်စနစ်ကတော့ တစ်နည်းမဟုတ်တစ်နည်း တစ်ချိန်ချိန်မှာ ပြန်ပေါ်လာဦးမှာပါပဲ။ ဆိုတော့ကာ အဲဒီလိုအမြစ်တွေကို ပယ်ရှားသုတ်သင်နိုင်မှသာ “ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး” ဆိုတဲ့ ကြွေးကြော်သံက အလုပ်ဖြစ်လာမှာဖြစ်ပါတယ်။ အဲလိုအလုပ်ဖြစ်ဖို့ဆိုရင်လည်း အကြမ်းမဖက်လှုပ်ရှားမှုနည်းလမ်းတွေကို မသုံးမဖြစ်ကို သုံးကြရမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့စကားဝိုင်းရဲ့ ခေါင်းစဉ်းနဲ့ပြန်ချိတ်ရရင် နွေဦးတော်လှန်ရေးရဲ့ အကြမ်းမဖက်လှုပ်ရှားမှုက လမ်းမဆုံးသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေကို အသုံးချပြီး အတွေးအခေါ်အမှားတွေကိုပါဖြိုဖျက်ရင်း စစ်အာဏာရှင်စနစ်ကို တော်လှန်ရမှာဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့လိုချင်တဲ့ လွတ်လပ်မျှတတဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရရှိမှာ ဖြစ်ပါတယ်။

#သိလိုရာမေး #အကြမ်းမဖက်လူထုလှုပ်ရှားမှု #အကြမ်းမဖက်လမ်းစဉ်

သိလိုရာမေးကဏ္ဍမှ အခြားသော မေးခွန်းနှင့် ဆွေးနွေးချက်များကို ပိုမိုဖတ်ရှုလေ့လာလိုပါက အောက်ပါ လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://freedomfightermm.org/q_and_a/
Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်