အမျိုးသမီးတွေအနေနဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုရဲ့ ဘယ်လိုအခန်းကဏ္ဍတွေမှာ ပါဝင်တော်လှန်နိုင်သလဲ(၁)

အမျိုးသမီးတွေအနေနဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုရဲ့ ဘယ်လိုအခန်းကဏ္ဍတွေမှာ ပါဝင်တော်လှန်နိုင်သလဲ(၁)

သီဟ။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာရော နိုင်ငံတကာတွေမှာပါ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ပိုပိုပြီးကျယ်ပြန့်လာတာတွေ့ရပါတယ်။ အရင်ကဆိုရင် အမျိုးသမီးတွေဆိုတာ အဖိနှိပ်ခံ၊ ခွဲခြားဆက်ဆံခံရတဲ့ လူတန်းစားတွေဖြစ်ခဲ့တယ်။ အခုတော့ ဒီလိုခွဲခြားဆက်ဆံမှုတွေဟာ ဒီမိုကရေစီအားကောင်းတဲ့နိုင်ငံတွေမှာ မရှိသလောက်ဖြစ်သွားပြီဆိုပေမဲ့ မြန်မာနိုင်ငံလိုအာဏာရှင်စနစ်အားကောင်းနေတဲ့ ရှေးရိုးဆွဲနိုင်ငံတွေမှာတော့ ဘာသာရေးအရရော လူမှုရေးအရမှာပါ ခွဲခြားဆက်ဆံမှုတွေရှိနေပါသေးတယ်။ ဒါကြောင့် ဒီတော်လှန်ရေးမှာရော အမျိုးသမီးတွေအနေနဲ့ ဘယ်လိုပါဝင်နိုင်ကြသလဲဆိုတာကို သိချင်ပါတယ်ဗျ။

ငြိမ်းချမ်း။ ။ အရင်ဆုံးပြောချင်တာကတော့ ဒီတော်လှန်ရေးဟာ စစ်အာဏာရှင်ပြုတ်ကျရေးတင်မဟုတ်ဘူး၊ အတွေးအခေါ်တော်လှန်ရေးအထိပါ သွားနေကြတာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ခေတ်အဆက်ဆက်က မမှန်ကန်တဲ့၊ လူထုကိုအဆိပ်ခတ်ခဲ့တဲ့ အတွေးအခေါ်တွေကိုပါ အမြစ်ဖြတ်ချေမှုန်းပစ်ရမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက်သမိုင်းတွေကို ခြေရာကောက်ကြည့်ရင် အလွန်ပဲဖိုဝါဒအားကြီးခဲ့တာကိုတွေ့ရတယ်။ စကားပုံတွေ၊ဆိုရိုးစကားတွေမှာတောင် အမျိုးသမီးတွေကို တစ်ဆင့်နှိမ့်ပြီး ဆက်ဆံရေးသားခဲ့ကြတယ်။ ဥပမာဗျာ ဣထိ ဝင်္ကံ နဒီ ဝင်္ကံ တို့၊ ဣတ္ထိ ရူပံ ဓနံ တို့လိုစာတွေ၊ ယောက်ျားကောင်း မောင်းမတစ်ထောင်တို့၊ မိန်းမနဲ့နွားမသနားနဲ့တို့လို စကားတွေပေါ့။ ပဒေသရာဇ်ခေတ်မှာဆို ဒီလိုလိင်ခွဲခြားမှုတွေဟာ တော်တော်ကိုဆိုးရွားခဲ့တယ်။ အဲဒီခေတ်မှာ မိန်းမတွေကို လိင်အလုပ်သမားတွေလိုကို သဘောထားဆက်ဆံခဲ့ကြတာ။ ဘုရင်တွေက မိန်းမတစ်ယောက်ချောရင်၊လှရင် အိမ်ထောင်ရှိသော ဘာသောညာသောကိုထည့်မတွက်ဘဲ အာဏာနဲ့ရအောင်ယူကြတယ်။ ဘယ်ပိဋကတ်၊ ဘယ်ကျမ်းဂန်ထဲမှမပါဘဲ သူ့ကိုယ်သူဘုရားကဗြာဒိတ်ပေးခံရတဲ့သာသနာပြုမင်းဆိုတဲ့ မင်းတုန်းမင်းကြီးမှာတောင် မိဘုရားတွေ၊မောင်းမတွေနည်းမှမနည်းဘဲ။ နောက်ဒီဘက်ခေတ်မှာလည်း အစွန်းရောက်ဘာသာရေးသမားတွေ၊ ရှေးရိုးဆွဲသမားတွေက မိန်းမဆိုရင်သိမ်ထဲမဝင်ရဘူး၊ ဘုရားပေါ်မတက်ရဘူး၊ ယောက်ျားတွေဆိုရင်ထဘီတန်းအောက်မဝင်ရဘူး စသဖြင့်ပေါ့လေ အဓိပ္ပာယ်မရှိတဲ့အတွေးအခေါ်တွေကို လက်ခံယုံကြည်နေကြတုံးပဲ။ ဒီလိုသမိုင်းတွေ၊ အတွေးအခေါ်တွေနဲ့ ခေတ်အဆက်ဆက် ခေါင်းထဲရိုက်သွင်းခံလာခဲ့ရတာတွေကြောင့် အတော်များများက ဒါတွေကအမှန်တရားတွေလို့ ထင်မှတ်ခဲ့ကြတယ်။ အခုတော့ ဒီတော်လှန်ရေးနဲ့အတူ အဲဒီလိင်ခွဲခြားဆက်ဆံတဲ့အတွေအခေါ်တွေကိုလည်း အလုံးစုံပျောက်ကွယ်သွားသည်အထိ တော်လှန်ကြဖို့လိုအပ်နေပြီဖြစ်ပါတယ်။

သီဟ။ ။ ဟုတ်ကဲ့၊ လိင်ခွဲခြားဆက်ဆံတာကတော့ တော်တော်လေးပြင်းထန်ခဲ့တာအမှန်ပါပဲ။ တစ်ခါကဆို တောဘက်ကကျွန်တော့်ရဲ့အဒေါ်ကြီးတစ်ယောက်နဲ့ စကားပြောဖြစ်တုံးကဆိုရင် “ ယောက်ျားဘဝရတဲ့သူတွေကတော့ တော်တော်ကိုကံကောင်းပါတယ်၊ အဒေါ်တို့မိန်းမဘဝကတော့ ခွေးထီးလောက်တောင်မမြတ်ပါဘူးကွယ်” ဆိုပြီး ပြောလိုက်တာကို ကြားခဲ့ရဖူးပါတယ်။ ဒီလိုခွဲခြားဆက်ဆံမှုတွေက ကြာလာတော့ ခံရတဲ့သူတွေကိုယ်တိုင်တောင် အမှန်တရားအဖြစ်လက်ခံသွားတဲ့အထိ အားကောင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။ အဲတော့ ခုကျွန်တော်တို့ ဒီလိုခွဲခြားဆက်ဆံတာတွေဟာ လူ့ကျင့်ဝတ်နဲ့မညီဘူး၊ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတာတော့သိပြီ၊ ဒါတွေကို ဘယ်လိုဆန့်ကျင်တော်လှန်ကြမလဲဆိုတာကိုလည်း ရှင်းပြပေးပါဦးဗျ။

ငြိမ်းချမ်း။ ။ ဒီနေရာမှာ Che Guevara ရဲ့ စကားလေးကို ယူသုံးပြီးပြောချင်ပါတယ်။ The first duty of the revolution is to be educated တော်လှန်ရေးရဲ့အဦးဆုံးတာဝန်ကပညာတတ်ဖို့ပဲ။ ပညာဆိုတာ အတန်းပညာတွေ၊ ဘွဲ့ဒီဂရီတွေကို ဆိုလိုတာမဟုတ်ပါဘူး။ အကျိုးအကြောင်း၊အဆိုးအကောင်းတွေကို ဝေဖန်ပိုင်းခြားတတ်တဲ့ဉာဏ်ကို ဆိုလိုတာပါ။ ဒီအယူအဆတွေ၊ယုံကြည်မှုတွေကို ဖြိုဖျက်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ အဲဒါတွေက ဘယ်လိုမှားနေတယ်၊ လူ့အခွင့်အရေးစံတန်ဖိုးနဲ့ဘယ်လိုကွဲလွဲနေတယ်ဆိုတာကို များများဖော်ထုတ်ကြရမှာဖြစ်တယ်။ ဒါတွေကိုလည်း အမျိုးသမီးတွေကပဲ ဦးဆောင်ပြီးလုပ်ရမှာဖြစ်တယ်။ မီဒီယာစကားနဲ့ပြောရမယ်ဆိုရင်တော့ သတင်းအမှားတွေများနေပြီဆိုရင် အဲဒီသတင်းအမှားတွေကိုဖုံးသွားအောင် သတင်းအမှန်တွေကို များများဖြန့်ဝေရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ ဒီအတွေးအခေါ်တွေဟာမမှန်ကန်ပါဘူးလို့ပြောနေရုံနဲ့ မရပါဘူး၊ အဲဒီအတွေးအခေါ်အမှားတွေကိုဖုံးသွားဖို့ အတွေးအခေါ်အမှန်တွေကို များများဖြန့်ဝေဖို့လိုပါတယ်။ ဒါကတော့အတွေးအခေါ်အယူအဆပိုင်းပေါ့။ နောက်ထပ် ခုလောလောဆယ်ခွဲခြားဆက်ဆံခံနေရမှုတွေကိုလည်း လက်တွေ့ဆန့်ကျင်ကြဖို့လိုပါတယ်။ ဥပမာဗျာ ဘုရားတစ်ဆူဆူရဲ့အမျိုးသမီးမဝင်ရဆိုတဲ့ဧရိယာနဲ့ပတ်သတ်ပြီး ဘာကြောင့်မဝင်ရတာလဲ၊ ဝင်ရင်ဘာဖြစ်တတ်လဲ၊ မြတ်စွာဘုရားကရောအဲသလိုအမျိုးသမီးမဝင်ရတဲ့နေရာဆိုပြီး သတ်မှတ်ခဲ့တာရှိသလားဆိုပြီး ဘာသာရေးအသိုင်းအဝိုင်းကအရေးပါအရာရောက်တဲ့သူတွေကို အမျိုးသမီးတွေစုပေါင်းပြီးမေးခွန်းထုတ်ရမယ်။ သူတို့ဘက်က အကျိုးသင့်အကြောင်းသင့်မဖြေနိုင်ဘူးဆိုရင် ဒါတွေကိုပယ်ဖျက်ပေးဖို့တောင်းဆိုရမယ်။ အဲဒါကိုမှ မလိုက်လျောဘူးဆိုရင်တော့ အဲဒီနေရာတွေကို လုံးဝမသွားမလာမလုပ်ဘဲ သပိတ်ပါမှောက်ပစ်ရမယ်။

သီဟ။ ။ ဟုတ်ကဲ့၊ ဒီလိုအမျိုးသမီးတွေရဲ့ လိင်ခွဲခြားဆက်ဆံခြင်းကိုဆန့်ကျင်တဲ့ အတွေးအခေါ်တော်လှန်ရေးကပေါ့နော် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအပေါ်ရော ဘယ်လိုအကျိုးသတ်ရောက်မှုတွေရှိလဲဆိုတာကိုလည်း သိချင်ပါတယ်ဗျ။

ငြိမ်းချမ်း။ ။ သိပ်ရှိတာပေါ့ဗျာ။ ကျွန်တော်တို့သွားနေတဲ့ တော်လှန်ရေးလမ်းကြောင်းကိုက အောက်ခြေကနေစပြီး ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ဗျ။ အမျိုးသမီးတွေအနေနဲ့ လိင်ခွဲခြားဆက်ဆံခံရမှုတွေ၊ အကြမ်းဖက်အဖိနှိပ်ခံရမှုတွေကို သိမြင်လာပြီးဆန့်ကျင်တော်လှန်လိုက်တာနဲ့ ဒီအာဏာရှင်စနစ်ကို ဆန့်ကျင်လိုက်တာနဲ့အတူတူပဲ။ ဥပမာဗျာ အခုအာဏာရှင်တွေရဲ့ အားအကောင်းဆုံးထောက်တိုင်တစ်ခုက ဘာသာရေးဖြစ်နေတယ်။ သူတို့က ဘာသာရေးကိုခုတုံးလုပ်၊ အမျိုး၊ဘာသာ၊သာသနာဆိုတဲ့အသံဟစ်ပြီး ဗိုလ်ကျချင်တိုင်းကျနေကြတာ။ အမျိုးသမီးတွေအနေနဲ့ အဲသလိုမိရိုးဖလာဘာသာရေးအယူအဆအလွဲတွေကို မေးခွန်းထုတ်ဆန့်ကျင့်လိုက်တာနဲ့ တခြားပြည်သူတွေလည်း မျက်စိပွင့်နားပွင့်ဖြစ်သွားကြမှာပဲ။ အဲလိုနဲ့ လူထုအကုန်လုံးက ဒီဘာသာရေးမှိုင်းတွေကို ဆန့်ကျင်ရင်းဆန့်ကျင်ရင်းနဲ့ စစ်အာဏာရှင်တွေရဲ့ထောက်တိုင် အလဇ္ဇီဒုဿီလတို့ရဲ့အတုအယောင်ဘာသာရေး ပြိုပျက်သွားမှာဖြစ်ပြီး အစစ်အမှန်သာသနာတော်တစ်ရပ်ပေါ်ထွက်လာမှာဖြစ်တဲ့အတွက် ဒါဟာ အာဏရှင်ရဲ့အရှိုက်ကို ထိုးနှက်လိုက်တာနဲ့အတူတူပဲ။ ဒါကတော့ ဘာသာရေးရှုထောင့်ပေါ့။ အခြားလူမှုရေးကိစ္စအဝဝမှာလည်း မိမိတို့ကိုခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေအနေနဲ့ ဆန့်ကျင်တော်လှန်နိုင်ကြမယ်ဆိုရင် ဒီမိုကရေစီစံတန်ဖိုးတွေမြင့်သတတ်မြင့်လာပြီး အာဏာရှင်စနစ်ဆိုးဟာ အနှေးနဲ့အမြန်ကျဆုံးပြိုပျက်သွားမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲဗျာ။

သီဟ။ ။ ဟုတ်ကဲ့၊ ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ မေးစရာ၊ဆွေးနွေစရာတွေကျန်နေသေးပေမယ့် အချိန်အနေအထားကိုငဲ့ရတဲ့အတွက် ဒီအပတ်တော့ ဒီလောက်ပါပဲ ကိုငြိမ်းချမ်း။ ကျွန်တော်တို့ နောက်အပတ်မှ ထပ်ပြီးမေးကြ၊ ဆွေးနွေးကြတာပေါ့။ အခုလို ဖြေကြားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ။

ငြိမ်းချမ်း။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။

(အကြမ်းမဖက်တော်လှန်ရေးလှုပ်ရှားမှုဆိုင်ရာ “ သိလိုရာမေး” ကဏ္ဍ)
Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။ ထို့ကြောင့် အကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာမေးခွန်းများကို မည်သူမဆို အပြုသဘောဆောင်ကာ comment မှဖြစ်စေ chat box မှဖြစ်စေ လွတ်လွတ်လပ်လပ်မေးမြန်းနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါသည်။
#သိလိုရာမေး#CivilResistance#PeoplePower
#NonViolentResistance#Boycott#noncooperation
#freedomfightermyanmar
#FAQ#FreedomFighter

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်