အမျိုးသမီးတွေအနေနဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုရဲ့ ဘယ်လိုအခန်းကဏ္ဍတွေမှာ ပါဝင်တော်လှန်နိုင်သလဲ (၃)

အမျိုးသမီးတွေအနေနဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုရဲ့ ဘယ်လိုအခန်းကဏ္ဍတွေမှာ ပါဝင်တော်လှန်နိုင်သလဲ (၃)

ငြိမ်းချမ်း။  ။ အရင်အပတ်က အိမ်တွင်းအကြမ်းဖက်မှုဖြစ်တဲ့ လိင်ခွဲခြားဆက်ဆံဖိနှိပ်မှုတွေကို ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပြောခဲ့တယ်။ အဲဒီအထဲကနေ အရေးအကြီးဆုံးကာကွယ်မှုဖြစ်တဲ့ အသိပညာဖြန့်ဝေမှုအကြောင်းလည်းပြောခဲ့တယ်။ ဟုတ်ပြီ နောက်ထပ်ဘယ်လိုတွေကာကွယ်နိုင်ကြသေးလဲဆိုတော့ ဒီလိုလိင်ခွဲခြားဆက်ဆံမှုတွေကို ပေါ်ပေါက်မလာအောင် အမျိုးသမီးထုကြီးဦးဆောင်ပြီး  တိကျပြတ်သားတဲ့ဥပဒေတွေကိုပြဋ္ဌာန်းဖို့ အစိုးရကိုလည်းဖိအားပေးရမှာဖြစ်သလို ကိုယ်ကိုယ်တိုင်လည်း အားကောင်းခိုင်မာတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဖွဲ့စည်းပြီး အမျိုးသမီးအခွင့်အရေးတွေအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ရမှာဖြစ်တယ်။ အဓိကအရေးအကြီးဆုံးကတော့ အမျိုးသမီးတွေအနေနဲ့ ရှေးကတည်းကကပ်ငြိလာကြတဲ့ လိင်ခွဲခြားတဲ့အယူအဆမှိုင်းတွေကို ဖယ်ရှားသုတ်သင်ပစ်ဖို့ပဲ။

နှင်းရည်။  ။ ဟုတ်။ ကျွန်မအနေနဲ့ကတော့ ဒီလိုလိင်ခွဲခြားဆက်ဆံဖိနှိပ်မှုတွေရဲ့ အဓိကတရားခံက ဖိုဝါဒကြီးစိုးမှုပဲလို့မြင်တယ်။ အဲလိုကြီးစိုးအောင်လည်း သမိုင်းအဆက်ဆက်ကတည်းက အမျိုးသမီးတွေရဲ့ကဏ္ဍအသီးသီးမှာ ကြိုးစားအောင်မြင်မှုတွေကို မြှပ်ထားကြပြီး အမျိုးသားဦးဆောင်သူတွေရဲ့ ဘုန်းတော်ဘွဲ့တွေကိုပဲ ဦးစားပေးဖော်ပြရေးသားခဲ့ကြတယ်။ ဒီအချိန်မှာတော့ မှန်ကန်တဲ့သမိုင်းကြောင်းတွေကိုဖော်ထုတ်ပြီး အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို မြှင့်တင်သင့်နေပြီလို့ထင်တယ်။ ဘာလို့လည်းဆိုတော့ အမျိုးသမီးတွေဆိုတာ ပျော့ညံ့တယ်၊ဦးဆောင်နိုင်စွမ်းမရှိဘူးဆိုတဲ့ အယူအဆကိုချေဖျက်နိုင်မှ ဖိုဝါဒကြီးစိုးမှုနဲ့ နောက်ဆက်တွဲ လိင်ခွဲခြားဆက်ဆံမှုတွေကို တွန်းလှန်နိုင်မှာဖြစ်တယ်လို့ ကျွန်မကတော့ ယုံကြည်တယ်။

သီဟ။  ။ ဟုတ်တယ်၊ ကျွန်တော်လည်း အခုစစ်အာဏာရှင်တော်လှန်ရေးကိုအကြောင်းပြုပြီးတော့ အမျိုးသမီးတွေရဲ့ တော်လှန်ရေးနဲ့ပတ်သတ်တဲ့ ဦးဆောင်အခန်းကဏ္ဍတွေကို သမိုင်းမှာလေ့လာကြည့်တဲ့အခါ တကယ်ကိုလေးစားအားကျစရာကောင်းတဲ့ အမျိုးသမီးလှုပ်ရှားမှုတွေ နည်းမှမနည်းပဲ။ အာဏာသိမ်းစတုန်းက ကျွန်တော်တို့လုပ်ခဲ့ကြတဲ့ အိုးခွက်သံပုံးတွေတီးတဲ့လှုပ်ရှားမှုဆိုလည်း ၁၉၇၁ မှာ ချီလီမှာရှိတဲ့အမျိုးသမီးတွေကနေပြီးတော့ အစာရေစာပြတ်လပ်မှုအတွက် ဆန့်ကျင်ဆန္ဒပြဖို့ စတင်တီထွင်ခဲ့ကြတဲ့နည်းပဲ။ နောက်ပြီး စစ်တမ်းတစ်ခုအရဆို ဒုတိယကမ္ဘာစစ်ကတည်းက အမျိုးသမီးတွေကိုဖယ်ကြဉ်ခဲ့တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ မအောင်မြင်ခဲ့ကြဘူးတဲ့။

နှင်းရည်။  ။ ကျွန်မလည်း ဟိုနေ့က အခုတလော နာမည်ကြီးနေတဲ့ Argentina,1985 ဆိုတဲ့ဇာတ်ကားကြည့်ဖြစ်တယ်။ အဲဒီဇာတ်ကားကတော့ အာဂျင်တီးနားမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေအပေါ်စစ်ခေါင်းဆောင်တွေရဲ့ အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်ခဲ့မှုတွေအတွက် တိုင်းပြည်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်တဲ့အခါ ပြန်ပြီးတော့ တရားစွဲတဲ့အကြောင်းကို ရိုက်ထားတာ။ အဲဒါနဲ့ ကျွန်မလည်း သမိုင်းအပြည့်အစုံကိုသိချင်တာနဲ့ လိုက်လေ့လာကြည့်တော့ စစ်ခေါင်းဆောင်တွေရဲ့ ယုတ်မာရက်ဆက်မှုတွေကို ဆန့်ကျင်ဆန္ဒပြပြီး တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ အမျိုးသမီးတွေရဲ့ဦးဆောင်လှုပ်ရှားမှုကိုတွေခဲ့ရတယ်။ “ သားပျောက်ရှာအမေအိုများ” ဆိုတဲ့ အဲဒီလှုပ်ရှားမှုမှာ အမျိုးသမီးကြီးတွေက စစ်အာဏာရှင်ရဲ့ မတရားဖမ်းဆီးခံခဲ့ရတဲ့ သူ့တို့သားသမီးတွေနဲ့ ပြန်လည်ဆုံစည်းနိုင်ခွင့်နဲ့ တရားမျှတမှုအတွက် စုရုံးဆန္ဒပြပြီးတောင်းဆိုခဲ့ကြတယ်။ အဲဒီကနေစပြီး အာဂျင်တီးနားနိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ အားကောင်းလာခဲ့ပြီး နောက်ဆုံးစစ်အာဏာရှင်ကိုပါ ဖြုတ်ချနိုင်ခဲ့တယ်။

ငြိမ်းချမ်း။  ။ သမိုင်းကိုခြေရာကောက်ကြည့်ရင်တော့ အမျိုးသမီးတွေဦးဆောင်ခဲ့တဲ့ တော်လှန်ရေးတွေ၊ လူထုလှုပ်ရှားမှုတွေကို ဒုနဲ့ဒေးတွေ့ရမှာပါပဲ။ ဒါတွေကို ပြန်လည်ဖော်ထုတ်ပေးမှ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး စိတ်အားတက်ကြွလာမယ်၊ အမျိုးသားတွေအနေနဲ့လည်း အမျိုးသမီးတွေဟာပျော့ညံ့သူတွေလို့ အထင်သေးအမြင်သေးလုပ်ရဲမှာမဟုတ်တော့ဘူး။ ဒီလိုဆိုရင် ဖိုဝါဒကြီးစိုးမှုလည်းတဖြည်းဖြည်းပျောက်ကွယ်သွားမှာဖြစ်သလို ကျွဲကူးရေပါဆိုသလို လိင်ခွဲခြားဆက်ဆံမှုတွေလည်း အနာဂတ်လူ့အဖွဲ့အစည်းမှာ ကင်းစင်သွားမှာ ဖြစ်တယ်။ ဟုတ်ပြီ၊ အခုနက သီဟတို့ နှင်းရည်တို့ပြောခဲ့သလိုပဲ အခုလက်ရှိမြန်မာနိုင်ငံရဲ့တော်လှန်ရေးမှာရော အမျိုးသမီးတွေအနေနဲ့ ဘယ်လိုလှုပ်ရှားမှုတွေနဲ့ ပါဝင်လှုပ်ရှားလို့ရလဲဆိုတာလည်း ဆွေးနွေးကြည့်ပါဦး။

နှင်းရည်။  ။ တော်လှန်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ကိုယ်ယုံကြည်ရာဘယ်နည်းလမ်းနဲ့မဆို ပါဝင်လို့ရပါတယ်။ ဒါပေမဲ့တစ်ခုသိထားသင့်တာကတော့ စစ်အာဏာရှင်တစ်ခုတည်းကို တော်လှန်နေယုံနဲ့ ကျွန်မတို့လိုချင်တဲ့ လွတ်လပ်မျှတတဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ရရှိဦးမှာမဟုတ်ဘူးဆိုတာပါပဲ။ ကျွန်မတို့အနေနဲ့ ရှေးအဆက်ဆက်က ကပ်ငြိစွဲမြဲလာကြတဲ့ အယူအဆအမှားတွေ၊ အတွေးအခါ်အမှားတွေကိုပါ အမြစ်ဖြတ်ပယ်ရှားနိုင်မှာ လွပ်လပ်မျှတမှုကို အမှန်တကယ်ခံစားရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ်လို့အခုစစ်အာဏာရှင်ပြုတ်ကျသွားတယ်ဆိုရင်တောင် အတွေးအခေါ်မလွတ်လွပ်တဲ့၊ လိင်ခွဲခြားဆက်ဆံမှုတွေများနေတဲ့အသိုင်းအဝိုင်းဟာ နောက်ထပ်အတ္တကြီးတဲ့ အာဏာရှင်တွေကို ထပ်ပြီးမွေးထုတ်နေဦးမှာမလို့ပဲ။ အဲဒီတော့ အာဏာရှင်စနစ်ကိုဖြုတ်ချပြီး အမှန်တကယ်ဒီမိုကရေစီစနစ်ကိုလိုချင်တယ်ဆိုရင် ကျွန်မတို့အမျိုးသမီးထုကြီးအနေနဲ့ အမျိုးသမီးတွေအပေါ်ဖိနှိပ်ထားတဲ့ အတွေးအခေါ်တွေကို စုပေါင်းအင်အားနဲ့ဖြိုဖျက်ကြရပါမယ်။

သီဟ။  ။ ကိုငြိမ်းချမ်းရော၊ နှင်းရည်ရော ဆွေးနွေးသွားတာတွေ တော်တော်လေးပြည့်ကောင်းမွန်ပါတယ်။ ပြန်ပြီးအနှစ်ချုပ်ကြည့်ရင်တော့ ကျွန်တော်တို့ရဲ့တော်လှန်ရေးဟာ စစ်အာဏာရှင်တော်လှန်ရေးတင်မဟုတ်ဘူး၊ အတွေးအခေါ်တော်လှန်ရေးအထိပါသွားနေကြတာဖြစ်တယ်။ အဲဒီမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကလည်း မပါမဖြစ်အရေးပါလှတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးတစ်ခုအောင်မြင်ရေးရဲ့အဓိကမဏ္ဍိုင်ဖြစ်တဲ့ လူထုပါဝင်မှုအားကောင်းခြင်းဆိုတာကို အမျိုးသမီးတွေမပါဘဲ တည်ဆောက်လို့မရပါဘူး။ နောက်ပြီး အတ္တကြီးတဲ့ အာဏာရှင်တွေကိုမွေးထုတ်ပေးနေတဲ့ ဖိုဝါဒကြီးစိုးခြင်းနဲ့ လိင်ခွဲခြားဆက်ဆံခြင်းတွေကို အမျိုးသမီးတွေ ဦးဆောင်တော်လှန်မှပဲ ထိရောက်မှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကဲ ဆိုတော့ ကျွန်တော်တို့ စကားဝိုင်းလေးကို ဒီအပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ကြတာပေါ့။ ကိုငြိမ်းချမ်းရော၊ နှင်းရည်ရော ‌ ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်