ဤမေးခွန်းသည် မြန်မာတွင်သာမက ကမ္ဘာတဝှမ်းတွင်ပါ အမေးများသော မေးခွန်းဖြစ်သည်။ ဤမေးခွန်းမေးရခြင်း၏နောက်ကွယ်တွင် အယူအဆနှစ်ခုရှိသည်။ တခုမှာ “ အိန္ဒိယနှင့်အခြားဒေသများအပေါ် ဗြိတိသျှအင်ပါယာမှ ညင်သာသောကိုလိုနီစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်ဖြစ်ပြီး နောက်တခုမှာ “ဟစ်တလာအစိုးရသည် အကြမ်းမဖက်လှုပ်ရှားမှုနှင့် ကြုံတွေ့ခဲ့ခြင်း သို့မဟုတ် အကြမ်းမဖက်လှုပ်ရှားမှုများကို လွယ်ကူစွာဖြေရှင်းနိုင်ခဲ့သည်” ဟူ၍ဖြစ်သည်။ အဆိုပါအယူအဆနှစ်ခုလုံးသည် ပြီးပြည့်စုံစွာ မှန်ကန်ခြင်းမရှိပေ။
ပထမအချက်အနေနှင့် ဗြိတိသျှတို့သည် အိန္ဒိယအပါအဝင် ကိုလိုနီနိုင်ငံများအပေါ် အလွန်ပင်ကြမ်းတမ်းရက်စက်ခဲ့ကြပါသည်။ ဗြိတိသျှတို့သည် ၎င်းတို့၏နေမဝင်အင်ပါယာချဲ့ထွင်ရန်နှင့် သိမ်းပိုက်ပြီးနိုင်ငံများကို ငြိမ်ဝပ်ပိပြားနေစေရန်အတွက် သွေးချောင်းစီးခဲ့သည့်ဖိနှိပ်မှုများစွာကို ကျူးလွန်ခဲ့ကြသည်။ (ထိုကဲ့သို့ လူမဆန်လှသည့် ရက်စက်မှုသမိုင်းများကို ဖုံးကွယ်ထားခြင်းသာဖြစ်ပြီး အများစုကို မှားယွင်းကြောင်း ဝန်ချတောင်းပန်ခြင်းမရှိပါ)
ဥပမာအနေဖြင့် ၁၉၁၉ ခုနှစ်တွင် ဗြိတိသျှကိုလိုနီစစ်တပ်သည် အိန္ဒိယနိုင်ငံ ပန်ဂျက်ဘ်(Punjab)ပြည်နယ်ရှိ အမ်ရစ်ဆာ(Amritsar)မြို့တော်၌ စုဝေးနေသော ရာချီရှိသည့် အကြမ်းမဖက်ကန့်ကွက်ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သည်။ အိန္ဒိယနိုင်ငံသားထောင်ပေါင်းများစွာသည် ဟိန္ဒူဘာသာနှင့်ဆစ်ခ်(Sikh) ဘာသာတို့၏ ဘိုင်ဆာခီ(Baisakhi)နေ့ထူးနေ့မြတ်ကိုဆင်နွှဲရန်နှင့် လွတ်လပ်ရေးခေါင်းဆောင်နှစ်ဦးဖမ်းဆီးခံရပြီး ပြည်နှင်ဒဏ်ပေးခံရခြင်းအပေါ် ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြရန် စုဝေးခဲ့ကြခြင်းဖြစ်သည်။ ကြီးမားကျယ်ပြန့်သောဆူပူအုံကြွမှုကြီးကို လက်ဦးမှုရယူသည့် အနေဖြင့် အရာခံဗိုလ်မှုးချုပ်သည် ဗြိတိသျှအိန္ဒိယစစ်သားများကို စေလွှတ်ကာ လူအုပ်ကြီးအား သေနတ်နှင့်ပစ်၍ ဖြိုခွဲရန်အမိန့်ပေးခဲ့သည်။ လူပေါင်းများစွာရာနှင့်ချီအသတ်ခံခဲ့ရကာ လူတထောင်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ ဗြိတိသျှရဂျ်အတွင်းရေးမှုုးချုပ် ဂျေပီသောပ်စင်က “ထိုလုပ်ရပ်မှာ ဥယျာဉ်အတွင်း လူ ၂၀၀-၃၀၀အသတ်ခံရသည့် သွေးစွန်းသော လုပ်ရပ်ဖြစ်ပုံရသော်လည်း ရလဒ်မှသည် တရားမျှတကောင်း မျှတစေပါလိမ့်မည်။”ဟူ၍ပင် မှတ်တမ်းတင်ခဲ့သည်။
၁၉၃၀ ခုနှစ်တွင် ဂန္ဒီသည် ဆားချီတက်သပိတ်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။ ထိုစဉ်အခါက ထောင်ချီသောင်းချီသော ဂန္ဒီ၏နောက်လိုက်များမှာ ဂန္ဒီနှင့်အတူ အိန္ဒိယသမုဒ္ဒရာဆီချီတက်ခဲ့ကြပြီး ဆားထုတ်လုပ်ခွင့်နှင့်ပတ်သတ်၍ ကိုလိုနီဥပဒေများကိုချိုးဖောက်သည့်အနေဖြင့် ဆားချက်လုပ်ခြင်းကို စတင်ခဲ့သည်။ ရောက်ရှိပြီးမကြာပေ၊ ဗြိတိသျှကိုလိုနီတို့သည် ဂန္ဒီနှင့်သူ၏နောက်လိုက်နောက်ပါအိန္ဒိယသား ခြောက်သောင်းခန့်ကို ဖမ်းဆီးခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် အိန္ဒိယနိုင်ငံတွင် လူမြောက်မြားစွာပါဝင်သော အမိန့်အာဏာဖီဆန်ခြင်းအဖြစ် ပေါက်ကွဲထွက်ခဲ့လေသည်။ အမျိုးသားရေးဝါဒီ အိန္ဒိယလူမျိုး ကဗျာဆရာ ဆာရိုဂျီနီနိုင်ဒု (Sarojini Nandi)က ဘုံဘေ၏မြောက်ဘက် မိုင်၁၅၀ခန့်အကွာရှိ ဓရစနဆားလုပ်ငန်းများ(Dharasana Salt Works)ဆီသို့ ချီတက်သည့်သပိတ်တွင် လူထောင်ပေါင်းများစွာကို ဦးဆောင်ခဲ့သည်။ ချီတက်သူများရောက်ရှိသည့်အခါ ကိုလိုနီစစ်သားများသည် လှုပ်ရှားသူများအား ရိုက်နှက်ခြင်း နှင့် သတ်ဖြတ်ခြင်းများ ပြုခဲ့ကြပြီး ရာချီထက်ပိုသောလူများအား ဒဏ်ရာရစေခဲ့သည်။ ထိုသာဓကများကိုထောက်ချင့်၍ အိန္ဒိယနှင့်အခြားကိုလိုနီနိုင်ငံများအပေါ် ဗြိတိသျှတို့မှ ညင်သာစွာအုပ်ချုပ်ခဲ့သည် ဟူသောအယူအဆမှာ မှားယွင်းနေကြောင်း ထင်ရှားပါသည်။
ဒုတိယအချက်နေနှင့် ဟစ်တလာအစိုးရသည်လည်း အကြမ်းမဖက်လှုပ်ရှားမှုများနှင့်ကြုံခဲ့ရသည်သာမက ထိုလှုပ်ရှားမှုများ၏ဖိအားများကို များစွာပင်ခံခဲ့ရပါသည်။ ဟစ်တလာနှင့် သူ၏စစ်ဗိုလ်ချုပ်ကြီးများသည် နာဇီသိမ်းပိုက်ထားသောနယ်မြေများတလျှောက် နေရာအနှံ့ဖြစ်ပွားလာသော လက်နက်မဲ့ခုခံတွန်းလှန်မှုများအား မည်ကဲ့သို့အနိုင်ယူရမည်ဆိုသည့်အကြောင်းနှင့်ပက်သက်၍ အတွင်းကြိတ် ဒုက္ခများခဲ့ကြသည်။ သိမ်းပိုက်ခံထားရသော နော်ဝေနှင့် ဒိန်းမတ်နိုင်ငံတို့တွင် ပြည်သူပြည်သားများသည် နာဇီသယ်ပို့ယာဉ်များ၏ ဆီတိုင်ကီအတွင်းသို့ သကြားများလောင်းထည့်ခြင်း၊ မည်သို့ခုခံတွန်းလှန်ကြမည် ဆိုသည့်အကြောင်းနှင့် ပက်သက်သော သတင်းအချက်အလက်များပါသည့် မြေအောက်သတင်းစာများကို ဖြန့်ဝေခြင်း၊ စစ်ရေးအရအရေးကြီးသတင်းများကိုစုဆောင်း၍ တော်လှန်ရေးအုပ်စုများသို့ လက်ဆင့်ကမ်းခြင်း၊ လက်နက်များကို ခိုးယူခြင်း၊ သပိတ်တိုက်ပွဲများကို အကန့်အသတ်ဖြင့် စည်းရုံးဆောင်ရွက်ခြင်းနှင့် အိမ်အပြင်မထွက်သပိတ်များပြုလုပ်ခြင်း၊ ကျောင်းသင်ရိုးညွှန်းတမ်းကိုပြောင်းလဲရန် အမိန့်ညွှန်ကြားချက်များအား ပူးပေါင်းဆောင်ရွက်ရန်ငြင်းဆန်ခြင်း၊ လမ်းအညွှန်းများ (သို့) အလုပ်သမားမှတ်ပုံတင်အထောက်အထားများအား မသိချင်ယောင်ဆောင်ခြင်း၊ စစ်လက်နက်ပစ္စည်း စက်ရုံများကို ဖျက်ဆီးခြင်းတို့အပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ခုခံတွန်းလှန်ခဲ့ကြသည်။
ဒိန်းမတ်နိုင်ငံတွင် မီးရထားဝန်ထမ်းများသည် အလုပ်မဆင်းဘဲ နေခဲ့ကြသည်။ ထို့အတွက်ကြောင့် ဂျာမန်တို့သည် မိမိတို့၏ ကိုယ်ပိုင်မီးရထားဝန်ထမ်းများကို မခန့်ထားနိုင်မီတွင် နယ်မြေသိမ်းပိုက်မှုများ ဆက်လက်လုပ်ဆောင်ရန် ဒိန်းမတ်ရထားများအားအသုံးပြုမည့် ၎င်းတို့၏အစီအစဉ်မှာ နှောင့်နှေးခဲ့ရသည်။ မြေအောက်တော်လှန်ရေးသတင်းစာများကို နိုင်ငံအနှံ့ဖြန့်ဝေခဲ့ကြပြီး ဂျာမန်စစ်ဖက်သုံးယာဉ်များနှင့် လက်နက်ခဲယမ်းများအား ဖျက်စီးရေးပုံစံအမျိုးမျိုးကို ထောက်ခံခဲ့ကြကာ နေ့စဉ်အလုပ်များကိုရပ်နားခြင်းဖြင့် ပြတ်ပြတ်သားသားခုခံတော်လှန်ခဲ့ကြသည်။ နေ့ခင်းအချိန်များတွင် နှစ်မိနစ်ကြာအတိုင်အဖောက်ညီညီ အလုပ်ဖင့်နှေးအောင်လုပ်ဆောင်ကြခြင်းတို့သည် နာဇီအုပ်ချုပ်မှုအပေါ် ဒိန်းမတ်လူမျိုးတို့၏ ဆက်လက်အာဏာဖီဆန်မှုဆိုင်ရာ အမှတ်လက္ခဏာ ဆန္ဒပြမှုတရပ်အဖြစ် ဖြစ်ရိုးဖြစ်စဉ်ပုံစံ ဖြစ်ခဲ့သည်။ နာဇီတို့သည် နိုင်ငံအတွင်းရှိ ဂျူးလူမျိုးများအား ဖမ်းဆီး၍ လူမျိုးတုန်းသတ်ဖြတ်မည့်စခန်းများသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း သတင်းစကားပြန့်နှံ့လာသောအခါ ဒိန်းမတ်လူမျိုးထောင်ပေါင်းများစွာသည် ၎င်းတို့၏ အိမ်နီးချင်းဂျူးလူမျိုးများကို ဖွက်ထားပေးခြင်း၊ ပင်လယ်ကမ်းခြေသို့ မှောင်ခိုပို့ဆောင်ပေးခြင်း၊ ဆွီဒင်ရှိ နိုင်ငံရေးခိုလုံခွင့်အတွက် ကာကွယ်စောင့်ရှောက်ပေးသည့်နေရာသို့ ပင်လယ်ရေကြောင်းခရီးပို့ဆောင်ပေးခြင်း တို့ဖြင့် ဂျူးလူမျိုးခုနှစ်သောင်းကျော်၏ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ကြသည်။ ဤဥပမာများအပြင် ဟစ်တလာအစိုးရကိုဖိအားပေးခြိမ်းခြောက်နိုင်ခဲ့သည့် ဥပမာများလည်းများစွာ ရှိပါသေးသည်။ (စာရှည်လွန်းသွားမည်စိုး၍ မဖော်ပြတော့ပေ)။ ထို့ကြောင့် ဟစ်တလာအစိုးရသည် အကြမ်းမဖက်လှုပ်ရှားမှုများနှင့် မကြုံတွေ့ခဲ့ရသလို ကြုံတွေ့ခဲ့ရလျှင်လည်း အလွယ်တကူဖိနှိပ်ပစ်နိုင်သည်ဟူသော အယူအဆများလည်း မှန်ကန်ခြင်းမရှိကြောင်း သိသာပါသည်။
ထိုကြောင့် အကြမ်းမဖက်လှုပ်ရှားမှုများသည် ဒီမိုကရေစီထွန်းကားသောနိုင်ငံများတွင်သာမက ရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့သည့် အဆိုးရွားဆုံးအာဏာရှင်စနစ်များတွင်ပင် အလုပ်ဖြစ်နိုင်ကြောင်း သက်သေသာဓကများက ညွန်းဆိုနေသည်။ အကြမ်းမဖက်လှုပ်ရှားမှုအောင်မြင်မှုရရှိခြင်းသည် တစ်ဖက်ရန်သူက မည်မျှစာနာထောက်ထားမှု ရှိသည်ပေါ်တွင် မူတည်နေသည်မဟုတ်။ အကြမ်းမဖက်လှုပ်ရှားမှုများကို လူထုပါဝင်မှုအားကောင်းကောင်းဖြင့် စည်းစနစ်ကျကျ ဗျူဟာမြောက်လုပ်ဆောင်ဖို့သာ လိုအပ်ပါသည်။