မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုက ကတိမတည်မှု၊ တာဝန်မယူမှုပေါ်မှာ အခြေခံတယ်။ နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေက ပေါ့ပျက်ပျက်စကားလုံးတွေ နဲ့ ပြီးစလွယ်ပြောတယ်။ ကတိတွေပေးပြီး တာဝန်ခံမှုမရှိတာက ထုံးစံလိုမျိုးဖြစ်ခဲ့တယ်။ လက်ရှိလည်း ဖြစ်နေတယ်။
၁၉၅၈ ပင်လုံစာချုပ်ကတိကဝတ် ဖောက်ဖျက်အာဏာသိမ်းတဲ့အချိန်ကစပြီး မြန်မာ့နိုင်ငံရေးက ကတိကဝတ်၊ အမှန်တရား၊ကျင့်ဝတ်သိက္ခာထက် အင်အားကြီးသူကို ခေါင်းညွတ်ခစားရတဲ့ အခြေအနေကို ရောက်ခဲ့တယ်။ တပ်မတော်အနေနဲ့ လိုက်နာရမယ့် စည်းမျဉ်းတွေ၊ ပြည်သူနှင့်နိုင်ငံကို ကာကွယ်စောင့်ရှောက်ရမယ့် တန်ဖိုးစံနှုန်းတွေအစား အာဏာရှင်တွေရဲ့အကျိုးစီးပွားကို ရိုရိုကျိုးကျိုး ခစားဆောင်ရွက်ခဲ့တယ်။ ၈၈အရေးအခင်း မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ တပ်တန်းလျားပြန်မယ် ကြေညာချက်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်မှုတွေ၊ န၀တ/နအဖရဲ့ အာဏာသိမ်းကတိပျက်ကွက်မှုတွေမှာ တပ်မတော်အဖွဲ့အစည်းတခုလုံးက ဒီလိုမျိုး အပြောတမျိုး အလုပ်တမျိုးလုပ်ရတာကို ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အဖြစ် ရှုမြင်ခဲ့တယ်။
အထင်ရှားဆုံးကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ရွေးကောက်ပွဲရလဒ်က ရွေးကောက်ပွဲကော်မရှင်သာ ဆုံးဖြတ်ရမယ်။ ခြေ/ဥအရ သူ့အနေနဲ့ ဝင်ရောက်စွက်ဖက်စရာမလိုဘူးလို့ ခိုင်ခိုင်မာမာပြောခဲ့တယ်။ နောက်ဆုံး ရွေးကောက်ပွဲရလဒ်ထွက်လာတဲ့အခါမှ သွေးရူးသွေးတန်း ခြေဥကိုလည်း ပြင်သင့်ရင်ပြင်ရမယ်ဆိုပြီး စကားပြောင်းပြောတယ်။ နောက်ဆုံးမှာတော့ ခြေ/ဥနဲ့ ဆန့်ကျင်ပြီး အတင်းအကြပ်အာဏာသိမ်းခဲ့တယ်။ ဒီလိုမျိုးဥပဒေကိုကျော်လွန်ပြီး ထင်ရာစိုင်းထားသူကိုယ်တိုင်က အခုချိန်ထိ ခြေ/ဥနဲ့အညီ ရွေးကောက်ပွဲပြန်လုပ်ပေးပါမယ်လို့ အရှက်မရှိ ကတိပေးဆဲ ဖြစ်တယ်။
အခုလတ်တလော ကာလတွေမှာလည်း မြေအောက်ရထားလုပ်မယ်၊ နှစ်အနည်းငယ်အတွင်း နိုင်ငံစီးပွားရေး သာလွန်အောင်လုပ်မယ်စသဖြင့် ပေါ့ပျက်ပျက် မူဝါဒအတွေးအခေါ်တွေနဲ့ သူရဲ့နောက်လိုက်ငယ်သားတွေကို စည်းရုံးလျက်ရှိတယ်။ ထူးခြားတာကတော့ တပ်မတော်သားတွေထဲမှာ စဉ်းစားဆင်ခြင်ဉာဏ်ရှိသူက အလွန်နည်းသေးပြီး ဒီလိုခေါင်းဆောင်မျိုးကို မျက်စိမှိတ်ပြီး ယုံကြည်ထောက်ခံနေတဲ့သူတွေ အများအပြားရှိနေတာပါပဲ။
တကယ်တမ်းကတော့ ဒီလိုခေါင်းဆောင်ကို အလွန်အကျွံ မျက်စိမှိတ်ထောက်ခံတာက တပ်မတော်သားတွေပဲလားဆိုတော့ မဟုတ်ပါဘူး။ စိတ်မကောင်းစရာ အမှန်တရား (Painful truth) ကတော့ အရပ်ဘက်ပြည်သူတွေထဲမှာလည်း ဒီအယူအဆအတွေးအခေါ်ကို လက်ခံထားသူတွေ အများအပြားရှိပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရ – တပိုင်းတစ ဒီမိုကရေစီရတယ်ဆိုတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ NLD ရဲ့ ရပ်တည်ချက်စံနှုန်းသွေဖီမှုတွေမှာ လူထုခေါင်းဆောင်မျက်နှာနဲ့ ထောက်ပြဝေဖန်မှုအားနည်းခဲ့တယ်။ တိုင်းရင်းသားအရေးကိုင်တွယ်မှု၊ ကျောင်းသားတွေဆန္ဒပြုပွဲတွေကို ဖြိုခွဲမှု၊ ရိုဟင်ဂျာအရေးမှာ စစ်ရာဇဝတ်မှုတွေကို ထောက်ခံကာကွယ်မှုတွေမှာ ထင်ထင်ရှားရှားတွေ့နိုင်တယ်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ပေးခဲ့တဲ့ ကတိကဝတ်အများအပြားကို အစိုးရကကော လူထုကပါ မေ့မေ့ပျောက်ပျောက်နေခဲ့တယ်။ ဥပမာတခုပေးရရင် မြစ်ဆုံအရေးနဲ့ပက်သက်တဲ့ စာချုပ်စာတမ်းတွေကို NLD အစိုးရအနေနဲ့ လူထုကို ချပြဖို့ကို မလုပ်နိုင်ခဲ့ဘူး။ ဒီနေရာမှာ ရွေးကောက်ပွဲကတိကဝတ်အားလုံးပြည့်မီတဲ့ နိုင်ငံရေးသမား/အဖွဲ့အစည်း မရှိတာ လက်ခံပါတယ်။ ဒါပေ့မယ့် ပြည်သူကို ဘာကြောင့်မပြည့်မီရသေးတဲ့ အကြောင်းကို ချပြပြီး တာဝန်ယူမှု/တာဝန်ခံမှုရှိတဲ့ နိုင်ငံရေးယဉ်ကျေးမှု အားနည်းကြောင်း ထောက်ပြချင်ပါတယ်။
လက်ရှိ တော်လှန်ရေးအစိုးရ CRPH/NUG အနေနဲ့ စကားတွေကို လွယ်လွယ်ကူကူပြောပြီး တာဝန်ယူမှု/တာဝန်ခံမှု မရှိတဲ့ ယဉ်ကျေးမှုကို ဆက်လက်ကိုင်ဆောင်ထားလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်။
“ Drone တွေနဲ့ တိုက်မယ်၊ CDM လှုပ်ရှားမှုက လပိုင်းနဲ့ အောင်မြင်မယ်၊ CDM သမားတွေကို လစာပေးမယ်၊ NUCC ကို လပိုင်းအတွင်း ပြည်သူကိုချပြမယ်” စတဲ့ ကတိအမျိုးမျိုးကို ပေးခဲ့တယ်။ ပျက်ကွယ်မှုတွေ အကြိမ်ကြိမ်ဖြစ်သည့်တိုင်အောင် တာဝန်ခံကာ ပြန်လည်ဖြေရှင်းမှုမရှိဘဲ မသိချင်ဆောင်ပြီး မျှော်လင့်ချက်အမှားတွေ ဆက်လက်ပေးနေဆဲဖြစ်တယ်။
အဆိုးဆုံးကတော့ လက်နက်ကိုင်တော်လှန်ရေးရဲ့ အချက်အခြာကြတဲ့ D-Day ကို “မကြာခင်လာပြီ” ” “တိုက်ပွဲခေါ်သံနဲ့ တနိုင်ငံလုံး ကိုယ့်အစီအစဉ်နဲ့ ချကြမယ်” “တိုင်းရင်းသားတပ်တွေနဲ့ စမယ်” ဆိုပြီး အမျိုးမျိုးပြောပြီးတော့ နောက်ဆုံးမှာ “D-Day က နေ့တိုင်းပါပဲ” ဆိုပြီး အဖျားရှုးသွားတယ်။
မနေ့ကဆိုရင်လည်း ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “ပြည်သူအားလုံးက PDF ၊ အားလုံးက အဆင့်သင့်ဖြစ်ပြီ၊ ခေတ်မီလက်နက်တွေက ပြည်သူ့စစ်တပ်အတွက် အသုံးမဝင်ဘူး”လို့ ခေတ်သစ်ဆရာစံအသွင်နဲ့ ကဗျာဆန်ဆန်၊ တဘောင်ဆန်ဆန်တွေ ရေးမြဲရေးဆဲဖြစ်တယ်။
ဒီလို ပေါ့ပျက်ပျက်နိုင်ငံရေးက ဘာဖြစ်စေမလဲ။ တချို့ကတော့ ဒါက Motivation ရအောင် တဖက်စိတ်ဓာတ်ကျအောင် တမင်သက်သက်ပြောနေတာလို့ ဖာတေးပါလိမ့်မယ်။ ဒါပေ့မယ့် ကိုယ်အချင်းချင်းတောင်မှ မယုံတဲ့အရာကို တဖက်အဖွဲ့က ယုံဖို့မှန်းနေတာကတော့ မြေပြင်အခြေအနေနဲ့ အတော်လေးကင်းကွာပါတယ်။ အခုလိုမျိုး ပြီးစလွယ်ပြောလေလေ၊ ပြောခဲ့တာတွေကို တာဝန်ခံမှုမရှိလေလေ တိုင်းရင်းသားအင်အားစုတွေ၊ လူငယ်တော်လှန်ရေးအင်အားစုတွေ ၊ လွတ်လပ်ပွင့်လင်းမှုကို တန်ဖိုးထားတဲ့ ပညာတတ်တွေ၊ ဒီမိုကရေစီယဉ်ကျေးမှုကို လက်ခံလာတဲ့ ပြည်သူတွေက NUG ရဲ့ ခေါင်းဆောင်မှုကို အယုံအကြည်ကျဆင်းလာပါလိမ့်မယ်။
အဆိုးဆုံးကတော့ “ပုဂ္ဂိုလ်စွဲ အဖွဲ့အစည်းစွဲ” နွှံထဲက မထွက်နိုင်သေးသူတွေက CRPH/NUG အပေါ်ထောက်ပြမှုအားလုံးကို ရန်သူသဖွယ် ရှုမြင်ကာ မျက်စိမှိတ်ကာကွယ်နေခြင်းကပဲ တော်လှန်ရေးကို ရှေ့မရောက်စေဘဲ သွေးကွဲစေတယ်။ အဲလိုလူများတိုင်း တဖက်အသံကို နားမထောင်ဘဲ ဆဲဆိုပြစ်တင်ခြင်းက အာဏာရှင်ယဉ်ကျေးမှုကို ပိုပြီးခိုင်မာစေတယ်။ ဒီမိုကရေစီ အနာဂတ်လမ်းကြောင်းကို မျှော်မှန်းတဲ့ တော်လှန်ရေးအင်အားစုအသီးသီးကို အင်အားယုတ်လျော့စေတယ်။
အခုနောက်ဆုံးဗျူဟာလို့ပြောလာတဲ့ တပ်မတော်တခုလုံးကို အတွင်းကနေ ပြောင်းလဲပြီး ပြည်သူဘက်ရပ်တည်အောင် စည်းရုံးတိုက်တွန်းနိုင်ဖို့က အရင်ဆုံး တော်လှန်ရေးအင်အားစုအသီးသီးရဲ့ ထောက်ခံမှု၊ ယုံကြည်ကိုးစားမှုရဖို့ အရင်တည်ဆောက်နိုင်ရမယ်။ ကိုယ့်အတွင်းက တော်လှန်ရေးမိတ်ဖက်အချင်းချင်းတောင် ယုံကြည်မှုမရဘဲ တဖက်အဖွဲ့အစည်းကလူတွေရဲ့ ယုံကြည်မှုရဖို့က အင်မတန်ခက်ခဲပါလိမ့်မယ်။
ဒီလိုမျိုး ထောက်ပြဝေဖန်နေပေမယ့် CRPH/NUG အဖွဲ့အစည်းအနေနဲ့ အခုပြောခဲ့တဲ့ ပေါ့ပျက်ပျက်နိုင်ငံရေးယဉ်ကျေးမှုကို ကိုင်တွယ်ဖို့ ကြိုးစားအားထုတ်ခဲ့တာတွေကို အသိအမှတ်မပြုတာ မဟုတ်ပါဘူး။ ဒေါက်တာဆာဆာကို ပြောရေးဆိုခွင့်ရှိသူအဖြစ်က ရုတ်သိမ်းတာ၊ ကာကွယ်ရေးဒုဝန်ကြီး ဒေါ်ခင်မမမျိုးကို တော်လှန်ရေးမှာ တိုက်ရိုက်အရေးမပါတဲ့ ဌာနကိုပြောင်းရွေ့စေတာတွေက သူတို့တွေရဲ့ ပေါ့ပျက်ပျက်စကားလုံးတွေကို တာဝန်ခံစေတယ်လို့ သုံးသပ်ပါတယ်။ ဒီလုပ်ရပ်တွေကို ကြိုဆိုထောက်ခံပါတယ်။
CRPH/NUG အတွင်းမှာလည်း တော်လှန်ရေးရပ်တည်ချက်ခိုင်မာပြီး လူထုကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေရှိနေမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုခေါင်းဆောင်တွေအနေနဲ့ လက်ရှိမှာ အားကောင်းနေတဲ့ ပေါ့ပျက်ပျက်နိုင်ငံရေးယဉ်ကျေးမှုကို ကျော်လွန်ပြီးတော့ နိုင်ငံရေးခေါင်းဆောင်နဲ့ လူထု အပြန်အလှန်တာဝန်ခံတဲ့ ဒီမိုကရေစီယဉ်ကျေးမှုကို တည်ဆောက်ဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
(မှတ်ချက် ။ ။ အခုဆောင်းပါးခေါင်းစဉ်နှင့် အယူအဆကို မည်သည့်သပိတ်အဖွဲ့၊ တော်လှန်ရေးလှုပ်ရှားသူမဆို လွတ်လွတ်လပ်လပ် ယူဆောင်ကာ လှုပ်ရှားမှုများတွင် သင့်တော်သလို အသုံးပြုနိုင်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီကို ရည်ရွယ်ပြီး ဆန္ဒပြကြွေးကြော်နေတာထက် မိမိတို့ရဲ့ တော်လှန်ရေးအစိုးရကို တောင်းဆိုတိုက်တွန်းခြင်းက လက်ရှိတော်လှန်ရေးအခြေအနေအတွက် ပိုပြီးထိရောက်စေနိုင်ကြောင်း အကြံပြုပါသည်။
ပေါ့ပျက်ပျက်နိုင်ငံရေးကို ကျော်လွန်ပြီး တော်လှန်ရေးအစိုးရ ၊ ဦးဆောင်သူအဖွဲ့အစည်းအနေနဲ့ လူမှန်နေရာမှန် တာဝန်ခံစေဖို့ ဒီမိုကရေစီဆန်ဆန် ပြည်သူတွေရဲ့ တိုက်တွန်းတောင်းဆိုမှုတွေက အခရာကျပါတယ်။ဒီလို အပြန်အလှန်ထိန်းကျောင်းမှပဲ တော်လှန်ရေးလမ်းကြောင်း တည့်မတ်ပါလိမ့်မယ်)