ရဟန်းနှင့် နိုင်ငံရေး

နိုင်ငံရေးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ရှု့ထောင့်ကနေ ဆွေးနွေးရင် ရဟန်းတော်များ နိုင်ငံရေးမှာ ပါဝင်သင့်တဲ့ဘက်ကအာပေါင်အာရင်းသန်သန်ပြောစရာတွေ အများကြီးရှိပါတယ်။ ဒီဆောင်းပါးက ရဟန်းတော်များ နိုင်ငံရေးမှာ မပါဝင်သင့်တဲ့ရှု့ထောင့်ကနေ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ခုလိုအချိန်မှာ ခုလိုဆောင်းပါးရေးတာ အဆဲခံရဖို့ များပါတယ်။ သို့သော် ယုံကြည်ရာ ရွက်လွှင့်ခြင်းကို နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ရဟန်းတော်များ နိုင်ငံရေးမှာ ပါဝင်သင့်တယ်လို့ ယူဆသူအုပ်စုထဲမှာ-

  • အမျိုးသားနိုင်ငံရေးခေါင်းစဉ်အောက်ကပါဝင်သူ၊
  • ဓမ္မ၊အဓမ္မခေါင်းစဉ်အောက်ကပါဝင်သူ၊
  • အစ္စလာမ်မစ်ဖိုဘီးယားကြောင့်ပါဝင်သူ၊
  • နိုင်ငံရေးသမားပေးတာစားချင်လို့ နိုင်ငံရေးမှာ ပါဝင်သူ၊
  • ကိုလိုနီခေတ်တော်လှန်ရေးသမိုင်းကို ကိုးကားပြီး ပါဝင်သင့်တယ်ထင်လို့ ပါဝင်သူ၊
  • မယ်မယ်ရရမရှိပဲ သူများယောင်လို့ ယောင်သူ ဝင်ပါချင်လို့ကို ပါဝင်သူ၊
  • ရှေ့ဆုံးကနေ ဓာတ်ပုံရိုက်ခံချင်လို့ဝင်ပါသူ

စသဖြင့် ခေါင်းစဉ် ခွဲနိုင်မယ် ထင်ပါတယ်။ အကြောင်းယုတ္တိပြလက်ကိုင်ပြုပြီး နိုင်ငံရေးမှာ ပါဝင်သူများနှင့် နိုင်ငံရေးမှာ ဝင်ပါချင်လို့ အကြောင်းယုတ္တိရှာသူများလို့ အကြမ်းမျဉ်း ခွဲနိုင်မယ်ထင်ပါ တယ်။ ဒီဆောင်းပါးက ရဟန်းတော်များ နိုင်ငံရေးမှာ မပါဝင်သင့်တဲ့ရှု့ထောင့်ကနေ ဆွေးနွေးမှာ ဖြစ်ပါတယ်။ တတ်သလောက်မှတ်သလောက် ပိဋကတ်ကို ကိုးကားမှာပါ။

နိုင်ငံရေးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ရှု့ထောင့်ကနေ ဆွေးနွေးရင် ရဟန်းတော်များ နိုင်ငံရေးမှာ ပါဝင်သင့်တဲ့ဘက်က အာပေါင်အာရင်းသန်သန်ပြောစရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့မဏ္ဍိုင်သုံးရပ်ရှု့ထောင့်ကနေ ချဉ်းကပ်ချင်ပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်လို့ မဏ္ဍိုင်သုံးရပ်ရှိပါတယ်။ သိဒ္ဓတ္ထမင်းသားဟာ မဏ္ဍိုင်သုံးရပ်ကိုစွန့်ပြီး တောထွက်ရဟန်းပြုခဲ့ပါတယ်။ ဗုဒ္ဓဖြစ်တော့ အုပ်ချုပ်ရေးနှင့် ဆိုင်တဲ့ မင်းကျင့်တရားဆယ်ပါးနှင့် အပရိဟာနိယတရားတို့ကို ဟောကြားခဲ့ပါတယ်။ ဒီလိုဟောကြားရုံနှင့် အုပ်ချုပ်ရေးမှာ ပါဝင်တယ်လို့ မဆိုနိုင်ပါဘူး။ တခြား သားသမီး ကျင့်ဝတ်၊ မိဘကျင့်ဝတ်တွေကိုလည်း ဟောကြားခဲ့တာပါပဲ။ ဒီလိုဟောတာကို ပါဝင်ပတ်သက်တယ်လို့ ပြောဖို့ခက်ပါတယ်။

ဟောတဲ့အခါမှာလည်း ဓမ္မဓိဋ္ဌာန်ကိုပဲ ဟောတာပါ။ အနှောင့်အသွားမလွတ်တဲ့အသုံးအနှုံးလည်း မပါသလို အကျယ်ဖွင့်ဆိုရှင်းလင်းချက်လည်း မပါပါဘူး။ အကျယ်ဖွင့်ဆို ရှင်းလင်းဖို့လည်း မလိုပါဘူး။ လိုက်နာလိုက လိုက်နာ၊ မလိုက်နာလည်း သူ့သဘောဆိုတာမျိုးပါ။ ပြီးတော့ အစိရဝတီမြစ်ရေအငြင်းပွားမှုမှာ ကပိလနှင့် ကောလိယ နှစ်နိုင်ငံစစ်မက် ဖြစ်ပွားကာနီး ဖြန်ဖြေတရားဟောခြင်း၊ ဝိဋဋူပရဲ့ သကျလူမျိုးတုံးစစ်ဆင်ရေးမှာ ဗုဒ္ဓက အရိပ်နိမိတ်နှင့်တားဆီးခြင်းတို့ကို အကြောင်းပြပြီး အမျိုးသားနိုင်ငံရေးမှာ ပါဝင်သင့်တယ် လို့လည်း ဆိုကြတယ်။ အဆိုပါအထောက်အထားအရ နိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုရင် တောင် ဗုဒ္ဓဟာ ဘယ်နည်းဘယ်ပုံ ပါဝင်ခဲ့သလဲဆိုတာတော့ အလေးအနက်ထားရပါမယ်။

မြစ်ရေအငြင်းပွားမှုက ဗုဒ္ဓရဲ့ အမျိုးအရင်းခေါက်ခေါက်တွေပါ။ ဒါကြောင့် လောကဝတ္တရား ရှိပါတယ်။ ပြီးတော့ ပြဿနာက နိုင်ငံရေးပြဿနာမဟုတ်သလို မဏ္ဍိုင်သုံးရပ်နှင့်လည်း မပတ်သက်ပါ။ ပါဝင်ပုံကလည်း မပြောပလောက်တဲ့မြစ်ရေအတွက် တန်ဖိုးရှိတဲ့အသက် တွေ မသေစေကြဖို့နှင့် ညီညွတ်ရေးနှင့် နားလည်ခွင့်လွှတ်ရေးကို ဦးတည်ဟောကြားခြင်း ဖြစ်ပါတယ်။ ဝိဋဋူပရဲ့ လူမျိုးတုံးစစ်ဆင်ရေးမှာလည်း နည်းတူပါပဲ။ သကျနိုင်ငံရဲ့ ခေါင်း ဆောင်ဟောင်းအနေနှင့် လောကဝတ္တရား ရှိပါတယ်။ သို့သော် စစ်ဆင်ရေးကို ရပ်တန့်ဖို့ မပြောခဲ့သလို ကပိလဝတ်ကို မကျူးကျော်ဖို့လည်း မေတ္တာရပ်ခံတာမျိုး မရှိပါဘူး။ နေပူကျဲ ကျဲဖြစ်နေပေမယ့် ဆွေမျိုးအရိပ်က အေးမြတယ်လို့ပဲ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကိုးကားရုံနှင့် မဏ္ဍိုင်သုံးရပ်မှာ ပါဝင်ဖို့ မလုံလောက်ဘူးလို့ ထင်ပါတယ်။ ဇာတကမှာလာတဲ့ ဝက်မင်း, မျောက်မင်း၊ ခွေးမင်းဇာတ်တွေကိုးကားပြီး အမျိုးသား နိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုတဲ့အယူအဆကတော့ ယုတ္တိဝေးလွန်းတယ်လို့ ထင်ပါ တယ်။ မဏ္ဍိုင်သုံးရပ်မှာ ဗုဒ္ဓဟာ တစုံတရာ ပါဝင်ပတ်သက်တာ မရှိခဲ့ဘူး၊ မဏ္ဍိုင်သုံးရပ်ကို အသိအမှတ်ပြုခဲ့တယ်ဆိုတာ ဒုတိယပါရာဇိကနှင့်တင် ထင်ရှားပါတယ်။

ဒုတိယပါရာဇိက မှာ ဗိမ္ဗိသာရမင်းကြီးက မီးလောင်ရေကြီးစသော အရေးပေါ်ပြဿနာအတွက် အရံသစ်တွေ ထိန်းသိမ်းထားပါတယ်။ သို့သော် နိုင်ငံတော်အတွင်းနေထိုင်ကြသော ရသေ့ ရဟန်းများ အား မြက်ထင်းရေကို လှူဒါန်းပါတယ်လို့ နန်းတက်မိန့်ခွန့်မှာ ထည့်ကြေငြာခဲ့ခြင်းကို အကောက်အယူမှားပြီး ရှင်ဓနိယက သစ်တာဝန်ခံဆီမှာ အရံသစ်တွေကို အလှူခံခဲ့ပါ တယ်။ မင်းကြီးက သစ်ပျောက်တော့ သစ်တာဝန်ခံကို မင်းဒဏ်ထားရန် ရုံးတင်စစ်ဆေး စေပါတယ်။ စစ်ဆေးချက်အရ ရှင်ဓနိယက နန်းတက်မိန့်ခွန်းကို နားလည်မှုလွဲပြီး ယူသွား တာကို တွေ့ပါတယ်။ ဒီတော့ မင်းကြီးက ရှင်ဓနိယကို နန်းတက်မိန့်ခွန်းကို မလိမ့်တပတ် လုပ်ပြီး သစ်တွေကို မပေးပဲ ယူရလေခြင်းလို့ ညည်းလျောက်လျောက်တယ်။ မပေးတာကို ယူတယ်ဆိုတာ ခိုးတာပါပဲ။ ဒါကို ဗုဒ္ဓကြားတော့ မာဂဓဥပဒေအရာရှိဟောင်းဖြစ်တဲ့ ရဟန်းကိုခေါ်မေးတယ်။ မာဂဓဥပဒေအရ တစ်မတ်၊ တစ်မတ်တန်သောပစ္စည်းကို ခိုးယူရင် သေဒဏ်၊ ထောင်ဒဏ်၊ ပြည်နှင်ဒဏ် တမျိုးမျိုး ထားတယ်လို့ လျောက်ထားတယ်။ ဗုဒ္ဓက ထိုဥပဒေအတိုင်း တစ်မတ်၊ တစ်မတ်တန် ပစ္စည်းကို ခိုးယူရင် ပါရာဇိကကျကြောင်း သိက္ခာပုဒ်ပညတ်ပါတယ်။

ပြီးတော့ ရှင်ရဟန်းမပြုပေးထိုက်သူ သုံးဆယ့်နှစ်ယောက်စာရင်းမှာလည်း ဥပဒေ နှင့် တနည်းတဖုံငြိစွန်းနေသူများကို ထည့်သွင်းပညတ်ထားပါတယ်။ မစားအပ်တဲ့အသား ဆယ်မျိုးထဲမှာလည်း အုပ်ချုပ်ရေး တနည်းအားဖြင့် စစ်တပ်နှင့်ဆက်စပ်တဲ့ ဆင်သား၊ မြင်း သားတွေကို မစားရတဲ့စာရင်းထဲ ထည့်ထားပါတယ်။ ပြည့်တန်ဆာမများ ဖြစ်ခဲ့ဖူးသော အဍ္ဎကာသိထေရီအပဒါန်နှင့် အမ္ဗပါလိတ္ထေရီအပဒါန်တွေမှာလည်း ဗုဒ္ဓဟာ ပြည့်တန်ဆာကိစ္စကို တစုံတရာမှတ်ချက်ပေးခဲ့တာ မရှိပါ။ ခန္ဓာကိုယ်ကို အရင်းအနှီးပြုပြီး အသက်မွေး တာဟာ ယုတ်ညံ့တယ်လို့သာ ဟောကြားတာ တွေ့ရပါတယ်။ ပြည့်တန်ဆာဥပဒေ တလင်တမယားဥပဒေ ဘာညာဝေဖန်ဟောကြားတာ မတွေ့ရပါ။ ဒီပြင် ပါထိကမြို့စားမင်းရဲ့ အတ္တရှာဖွေရေး သုတေသနလုပ်ငန်းမှာ လူရာထောင်ချီကို သေသည်အထိ စမ်းသပ် အသုံးပြုနေတာကို ရှင်ကုမာရကဿပက တစုံတရာမဝေဖန်ခဲ့ပါ။

ထိုခေတ် ပဒေသရာဇ် တရားစီရင်ထုံးအရ ကံကြမ္မာသုံးဆယ့်နှစ်ပါးနှင့် အပြစ်ပေးတာတွေကိုလည်း ဗုဒ္ဓက တိုက်ရိုက်ဝေဖန်တာ မပြုခဲ့ပါ။ ဒါနကြောင်း၊ သီလကြောင်းကိုပဲ ဟောကြားခဲ့ပါတယ်။ အဇာတသတ်မင်းရဲ့ အာဏာသိမ်းမှု၊ ဝိဋဋူပရဲ့ အာဏာသိမ်းမှုတွေမှာလည်း ဗုဒ္ဓက တစုံတရာ မှတ်ချက်ပေးတယ် ဝေဖန်တယ်လို့ မတွေ့ဖူးပါ။ အဇာတသတ်ရဲ့ လိစ္ဆဝီတို့ကို ကျူးကျော်စစ် ဆင်နွှဲရေးမှာလည်း ဘယ်သူ့ကိုမှ ဘာမှမဘာခဲ့ပါ။

ဒါကြောင့် ဗုဒ္ဓဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို တစုံတရာ မဝေဖန်ခဲ့ဘူးလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ သို့သော် ဒီဆောင်းပါးက မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ ရေငုံနှုတ်ပိတ်နေရမယ်လို့တော့ မဆိုလိုပါ။ မြစ်ရေစစ်ပွဲနှင့် လူမျိုးတုံးစစ်ဆင်ရေးမှာ ဗုဒ္ဓ ပါဝင်ခဲ့တဲ့နည်းအတိုင်း ပါဝင်ရင် လုံလောက်ပြီလို့ ယူဆပါတယ်။ မင်းကျင့်တရားဆယ်ပါးဟောပုံမျိုး၊ အပရိဟာနိယတရားဟောပုံမျိုးနှင့် ပါဝင်ရင် ပြည့်စုံပြီ လို့ ယူဆပါတယ်။

ပိဋကတ်ကို ကိုးကားပြီး မဏ္ဍိုင်သုံးရပ်ရှု့ထောင့်ကနေ ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။ အခြားရှု့ထောင့်ကနေလည်း ဆွေးနွေးချင်ပါသေးတယ်။ ဒီဆောင်းပါးက နွေဦးတော်လှန်ရေးကို ရှုတ်ချလိုခြင်း၊ ချီးမြှောက်လိုခြင်း အလျဉ်းမရှိပါကြောင်း။ ရှေ့လျောက်မြန်မာပြည် နိုင်ငံရေးမှာ ရဟန်းတော်များ ဘယ်နည်းဘယ်ပုံ ပါဝင်ခြင်း ၊ မပါဝင်ခြင်းက သာသနာ အတွက် နိုင်ငံအတွက် အကျိုးများမလဲလို့ စူးစမ်းလိုခြင်းသာ ဖြစ်ပါတယ်။ ဒေသအခြေအနေအရ တစ်ယောက်ချင်းစီကို ပြန်လည်မဆွေးနွေးပေးနိုင်ခြင်းအတွက် နားလည် ပေးရန်လည်း ပြောချင်ပါတယ်။

မေခအရှင် (Freedom Fighter သို့ဆောင်းပါးပေးပို့ပေးပါသော ဆရာတော်အရှင် ဝိမလအား ဦးညွတ်ဂါရဝပြုပါတယ်)

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်