ဒီမိုကရေစီကို လူအများရဲ့ ဆန္ဒအတိုင်းလုပ်ဆောင်ရတဲ့ စနစ်လို့ပြောကြပါတယ်။ ဒါဆိုရင် လူ ၁၀၀ ရှိတဲ့ တိုင်းပြည်မှာ လူ ၈၀ က သဘောတူရင် ကျန်တဲ့ လူ ၂၀ ကို ဖိနှိပ်ခွင့် ၊ အနိုင်ကျင့်ခွင့် ရှိပါသလား။
တွေးခေါ်ပညာရှင်ဆိုကရေးတီးကို အေသင်မြို့ကလူအများရဲ့ မဲပေးမှုနဲ့ အဆိပ်ပေးသတ်ခဲ့ပါတယ်။ ဆိုကရေတီးရဲ့ အတွေးအခေါ်တွေက လူငယ်များ၏ စိတ်နှလုံးကို ပျက်ပြားစေခြင်းကြောင့်ဆိုတဲ့ စွဲချက်နဲ့ပါ။
၁၉၅၈ ဦးနေဝင်းအာဏာသိမ်းချိန်မှာ ပြည်မက မြန်မာနိုင်ငံသားအများစုက စစ်တပ်ကအင်အားသုံးပြီး ပင်လုံကတိကဝတ်တွေကို ချိုးဖျက်တာ၊ တိုင်းရင်းသားလူမျိုးစုတွေဖိနှိပ်တာကို လုပ်ရိုးလုပ်စဉ်အဖြစ် ရှုမြင်ခဲ့ကြပါတယ်။ အဲဒီနောက် ၂၀၂၁ အာဏာမသိမ်းခင်အထိ ခေတ်အဆက်ဆက် လက်နက်ကိုင်အဖွဲ့အစည်းတွေကို သောင်းကြမ်းသူအဖွဲ့အစည်းအဖြစ် ရှုပ်ချခဲ့ကြတဲ့အထိ ပါဝင်ခဲ့ကြပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူရေးတောင်းဆိုမှု၊ လူငယ်တွေရဲ့ ထောက်ပြပြောဆိုမှုတွေကို ပြည်သူအများကအမျိုးမျိုးသော ဆဲရေးတိုင်းထွာမှုတွေ ပြုခဲ့ကြပါတယ်။
စစ်တပ်ရဲ့ ရိုဟင်ဂျာအရေး လူမျိုးတုန်းသတ်ဖြတ်မှုတွေမှာ မြန်မာနိုင်ငံသားအများအပြားက စစ်တပ်နဲ့အတူတကွရပ်တည်ထောက်ခံခဲ့ကြပါတယ်။ ဒီအကြောင်းကို ထုတ်ဖော်ရေးသားတဲ့ ဂျာနယ်လစ်တွေကို နိုင်ငံ့သစ္စာဖောက်အဖြစ် သမုတ်ခဲ့ကြပါတယ်။ အခုချိန်ထိလည်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မသိလို့လုပ်ခဲ့တာပါလို့ ရယ်ကာမောကာပြောဆိုခဲ့တာကလွဲပြီး NUG အနေနဲ့ ရိုဟင်ဂျာအရေးအတွက် တာဝန်ယူမှုအတွက် တိကျတဲ့ မူဝါဒသဘောထားကို ထုတ်ဖော်ပြောကြားတာ မတွေ့ရပါဘူး။
လတ်တလောမှာပဲ ပြီးခဲ့တဲ့အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုအမှတ်သရုပ်ဖြစ်ခဲ့တဲ့ ထမီကို စစ်တပ်ကနာဖို့အတွက် နာမ်နိမ်ပစ္စည်းအဖြစ်အသုံးပြုခဲ့တယ်။ ဒါကို ထောက်ပြတဲ့နေရာမှာ လုပ်ဆောင်သူများအနေနဲ့ ပြန်လည်ဆင်ခြင်လိုက်တာနဲ့ ပြေလည်သွားနိုင်ပေမယ့် ဒီလူအုပ်ကြီးကို ခံစားချက်အရလွှမ်းနိုင်သူတွေကတော့ “နိုင်မှပြော” “ကလစ်နှိပ်”ဆိုပြီး ပြန်ပြောကြတယ်။ လော်ဘီများနှင့် ပြည်သူအများက တက်ကြွလှုပ်ရှားသူများကို အရေးမကြီးတာမပြောနဲ့အစချီကာ အမျိုးမျိုးသော ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ၊ အောက်လုံးထိုးတာတွေ၊ ဆဲရေးတိုင်းထွာတာတွေကို ပြုလုပ်နေကြပါတယ်။ အဲဒီလူအများရဲ့အမြင်မှာတော့ ဒါက လူအများကလုပ်ဆောင်နေတာဖြစ်တဲ့အတွက် မှန်ကန်တယ်၊ ဒီမိုကရေစီဆန်တယ်လို့ ယုံကြည်နေကြမှာဖြစ်ပါတယ်။
အထက်က ဥပမာတွေလိုပဲ ဒီလူအများထောက်ခံခြင်းက မှန်ကန်ခြင်းမဟုတ်သလို ၊ ဒီမိုကရေစီလည်း မဟုတ်ပါဘူး။ ဒီမိုကရေစီမှာ လူအများရဲ့ထောက်ခံမှုအပြင် တရားမျှတမှု၊ လူ့အခွင့်အရေးတွေကို တန်ဖိုးလေးစားမှု အခြေခံပါရှိပါတယ်။ မြန်မာလူမျိုးအများစုကတော့ မဲပေးတာကိုသာ ဒီမိုကရေစီလို့ မြင်နေတာဖြစ်တဲ့အတွက် အဖိနှိပ်ခံ လူနည်းစုတွေ၊ တိုင်းရင်းသားလူမျိုးစုအသီးသီးရဲ့ ရင်တွင်းခံစားချက်တွေကို အမှန်တကယ်နားလည်နိုင်ဖို့ ကြိုးစားအားထုတ်ရဦးမှာဖြစ်ပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးက မတူညီသော အစုအဖွဲ့အသီးသီးပါဝင်ပြီးတော့ လွတ်လပ်မျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို လျှောက်လှမ်းချင်တယ်ဆိုရင် ပြည်သူတဦးချင်းစီအနေနဲ့ အတွေးအခေါ်တော်လှန်ရေးမှာ ပါဝင်လုပ်ဆောင်မှ ရပါလိမ့်မယ်။
မြန်မာပြည်သူတွေက လိုအပ်ချက်ရှိကြတာမှန်ပေမယ့် ခေတ်အဆက်ဆက် နိုင်ငံရေးရေချိန်မြင့်ကြတယ်လို့ ဆိုကြပါတယ်။ လက်ရှိအခြေအနေမှာလည်း လူအုပ်တောင့်တိုင်းမှန်တယ်ဆိုတဲ့ “ လူအုပ်ဝါဒ” ကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ထောင်ဖို့အတွက် မှန်ကန်တဲ့ စဉ်းစားမှု၊ မှန်ကန်တဲ့ ပြောဆိုမှု၊ မှန်ကန်တဲ့လုပ်ဆောင်မှုတွေကို ပြုလုပ်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။