“ကျောင်းသား CDM ID ကဒ်”အပေါ် ဆင်ခြင်သုံးသပ်ချက်

ဇန်နဝါရီလ ၁၉ရက်နေ့မှာ အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ် (အ.က.ရ) ကနေပြီးတော့ Student CDM ID ပြုလုပ်ပေးမယ်ဆိုတဲ့ ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကို ထောက်ခံချက်တွေ များခဲ့သလို ဝေဖန်သံတွေလည်း ညံခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း အငြင်းပွားနေဆဲ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ Student CDM ID ကဒ်ကို ဆင်ခြင်သုံးသပ်ရတဲ့အပေါ်မှာ အဓိကအားဖြင့် မေးခွန်းထုတ်စရာအချက်သုံးခုတွေ့ရပါတယ်။

၁) ထိုက်တန်တဲ့အခွင့်အရေး

၂) ခြေတစ်လှမ်းသာဖို့ ရည်ရွယ်ချက်

၃) Non-CDM တွေကို အပြစ်ပေး အရေးယူခြင်း

(၁) ထိုက်သင့်တဲ့အခွင့်အရေး

အကရ တာဝန်ရှိသူတွေရဲ့ပြောဆိုချက်တွေမှာ CDM ID သည် CDM ကျောင်းသားတွေအတွက် ထိုက်သင့်တဲ့အခွင့်အရေးရအောင် လုပ်ပေးမယ့် ကဒ်တစ်ခု ဖြစ်တယ်လိုဆိုကြပါတယ်။ ဒါဆိုရင် မေးခွန်းထုတ်စရာရှိတာက တော်လှန်ရေးမှာ များများစွန့်လွှတ်ခဲ့တဲ့သူတွေက အခွင့်အရေးပိုရသင့်တာလား။ အဲ့ဒီလိုဆိုရင် နောင်ဖြစ်လာမယ့် ပြည်သစ်ဟာလည်း တန်းတူညီမျှမှုကိုအခြေမခံဘဲ သူရဲကောင်းဝါဒကို အခြေခံတဲ့နိုင်ငံဖြစ်လာမှာလား ဆင်ခြင်စရာရှိပါတယ်။

ဗမာစစ်တပ်ဟာ ခေတ်အဆက်ဆက် သူရဲကောင်းဝါဒကိုအခြေခံပြီး၊ ကယ်တင်ရှင်ဝါဒကို အခြေခံပြီး တိုင်းပြည်ကို ခေတ်အဆက်ဆက်ဒုက္ခပေးခဲ့တာကိုလည်း သတိချပ်စေချင်ပါတယ်။ သူရဲကောင်းဝါဒ ဆိုတာကလည်း ပေးဆပ်သူသာ အခွင့်အရေးပိုရရေးဆိုတဲ့ ဝါဒကိုဆိုလိုပါတယ်။ ပြည်သူအားလုံးဟာ တော်လှန်ရေး အလွန်ကာလမှာ တိုင်းပြည်အသစ်ရဲ့ စံတန်ဖိုးတွေကို တန်းတူ ခံစားခွင့်ရှိရပါလိမ့်မယ်။ ဒီလိုပဲ ကျောင်းသားထုရဲ့ပညာရေးဟာလည်း တန်းတူဖြစ်နေရပါမယ်။ ပြည်သူတွေအတွက် ထိုက်သင့်တဲ့ အခွင့်အရေးဆိုတဲ့ နေရာမှာလည်း လွတ်လပ်တဲ့၊ တရားမျှတတဲ့ တန်းတူညီမျှတဲ့ လူ့ဘောင်တစ်ရပ် ပေါ်ပေါက်လာခြင်းပါပဲ။ ဒီလိုပဲ ကျောင်းသားထုအတွက် ထိုက်သင့်တဲ့အခွင့်အရေးဆိုတာကလည်း စစ်ကျွန်နံ့ထွက်မနေတဲ့၊ ခွဲခြားမှုကို အခြေမခံတဲ့၊ လွတ်လပ်မှုကို အခြေခံတဲ့ပညာရေးတစ်ရပ် ပေါ်ပေါက်လာရေးပါပဲ။ CDM ID ကဒ်ရှိမှ ပညာရေးအခွင့်အလမ်းရှိမယ်ဆိုရင် ခွဲခြားတဲ့သဘောဆောင်တဲ့ အခွင့်ထူးခံသဘောဆောင်တဲ့ လှုပ်ရှားမှုတစ်ခုလို့သာ သုံးသပ်ချင်ပါတယ်။

(၂) ခြေတစ်လှမ်းသာဖို့

အကရရဲ့ ကြေငြာချက်တွေမှာရော၊ အကရရဲ့ တာဝန်ရှိသူပါ အပြောများတဲ့စကားလုံးပါ။ လက်ရှိအချိန်ထိ ဒီစကားလုံးဟာ ဘာအဓိပ္ပါယ်ကို ဆောင်လဲဆိုတာကိုတော့ ဝေခွဲရခက်နေပါတယ်။ ခြေတစ်လှမ်းသာဖို့ဆိုတာ ဥပဒေဆိုင်ရာစကားလုံးတစ်ရပ်မဟုတ်ဘဲ အရပ်သုံးစကားလုံးတစ်ရပ်သာဖြစ်ပါတယ်။ အဓိပ္ပါယ်တိကျမှုမရှိဘဲ ပဋိပက္ခဖြစ်စေနိုင်မယ့်စကားတစ်ရပ်လို့ သုံးသပ်ရပါတယ်။ ဒီတော့ ခြေတစ်လှမ်းသာဖို့ဆိုတဲ့စကားရပ်ကို သေချာ ရှင်းလင်းစေချင်ပါတယ်။ ကျောင်းသားအချင်းချင်းရဲ့ ပညာရေးအခွင့်အလမ်းဟာ ဘယ်သူမှ အခွင့်ထူးခံ ဖြစ်နေခွင့်မရှိရပါဘူး။ အဲဒီတော့ အခွင့်ထူးခံသဘောမျိုးဆောင်နေတဲ့ ခြေတစ်လှမ်းသာရေး ဆိုတဲ့စကားရပ်အပြင် အဲဒီစကားရပ်ကို အခြေခံတဲ့ အခွင့်ထူးခံသဘောကို ပြန်လည်ဆင်ခြင်စဥ်းစားစေချင်ပါတယ်။

(၃) Non-CDM တွေကို အပြစ်ပေးအရေးယူရေး

အကရရဲ့ ထုတ်ဖော်ပြောကြားချက်တွေမှာ အဓိပ္ပါယ်တွေက ရောနေတယ်လို့ တွေ့ရပါတယ်။ Non-CDM တွေများလာလို့ CDM ကျောင်းသားတွေ မျှော်လင့်ချက်မဲ့လာရတယ်။ Non-CDM တွေ အရေးယူမခံရလို့ CDM တွေအတွက် CDM ID ကဒ်ထုတ်ပေးချင်ပါတယ်ဆိုတဲ့ ကြေငြာချက်ကို ထုတ်ပြန်ထားပါတယ်။ အဲဒီတော့ CDM ID ဟာ CDMအခွင့်အရေးဖော်ဆောင်ဖိုဆိုတဲ့ အဓိပ္ပာယ်ထက် Non CDMတွေကို အပြစ်ပေးရေးဆိုတဲ့ အဓိပ္ပါယ်ကို သက်ရောက်နေပါတယ်။ အကရရဲ့ ပြောစကားတွေမှာတော့ CDM ID ကကျောင်းသားအချင်းချင်းခွဲခြားတာ မဟုတ်ဘူးလို့ပြောပေမယ့်ကြေငြာချက်တွေမှာတော့ CDM နဲ့ Non CDM ကွဲပြားရေးလို့ ဆိုပြန်ပါတယ်။ နောက်ပြီး CDM ID နဲ့ပတ်သက်တဲ့ အခွင့်အရေးတွေဟာ CDM ID ရှိမှ သင်တန်းတက်ခွင့်ရမယ်၊ CDM ID ရှိမှ စားသောက်ဆောင်က ရောင်းချမယ်ဆိုတာမျိုးတွေနဲ့ ဥပမာပေးလေ့ရှိပါတယ်။ တချို့သော အကရအဖွဲ့ဝင်များရဲ့ CDM ID နှင့်ပတ်သက်သော ရှင်းလင်းချက်တွေမှာ Non-CDM ဖိနှိပ်ရေးပါ ပါဝင်နေပါတယ်။

CDM ID ကဒ်မရတဲ့သူတွေ ဘယ်လိုဖြစ်မှာလဲဆိုတဲ့ ရှင်းလင်းချက်မှာ CDM ID ကဒ် မရှိတဲ့သူတွေဟာ ဖက်ဒရယ်ပညာရေးမှာ ကျောင်းတက်ခွင့်ရရင်တောင် ကံကောင်းတယ်လို့ ဆိုထားပါတယ်။ လူတစ်ဦးတစ်ယောက်ဟာ ဘယ်အခြေအနေမှာမဆို ပညာရှာခွင့်ကို ပိတ်ပင်ခံရခွင့်မရှိပါဘူး။ ထောက်ခံစာမရှိလို့ တန်းတူအခွင့်အရေးကို ခံစားပိုင်ခွင့်မရှိဘူးဆိုတဲ့ခေတ်ဟာ ပညာရေးအမှောင်ခေတ်မှာပဲ ရှိသင့်ပါတယ်။ အကျဥ်းထောင်ထဲရောက်နေတဲ့ အကျဥ်းသားသည်ပင်လျှင် ပညာသင်ယူခွင့်ရှိရပါတယ်။

CDM လှုပ်ရှားမှုကို စစ်အုပ်စုက ရာဇဝတ်မှုလို သတ်မှတ်ထားတဲ့အချိန်မှာ ဒီမိုကရေစီလိုလားသူတွေအနေနဲ့ CDM လှုပ်ရှားမှုဟာ ရာဇဝတ်မှုမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းယုံကြည်ဖို့ လိုပါတယ်။ CDMလုပ်တဲ့သူတွေကို စစ်အုပ်စုက အပြစ်ပေးပေမယ့်၊ ကျနော်တိုက Non CDM လို့သတ်မှတ်ခံရတဲ့လူတွေကို အပြစ်ပေးလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အုပ်စုဟာ အာဏာရှင်ခေါင်းစဥ်အောက်ကနေ လှုပ်ရှားနေတာဖြစ်ပြီး ကျနော်တို့ဟာ ဒီမိုကရေစီလိုလားသူခေါင်းစဥ်အောက်က သွားနေတာကြောင့်ပဲ ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင် CDM ID ဟာ နယ်ခြားမျဥ်းသဘောကို ဆောင်တယ်။ ခွဲခြားလိုခြင်း၊ ဖိနှိပ်လိုခြင်း၊ အခွင့်ထူးခံခြင်းကို အခြေခံတယ်။ ဇွန်လမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြန်တက်ကြမယ့် ကျောင်းသားတွေကို CDM ID ရဲ့ခွဲခြားခြင်းအယူအဆက စစ်ကောင်စီဘက်ကို တွန်းပို့သလို ဖြစ်သွားစေပါလိမ့်မယ်။ ကျနော်တို့လုပ်ရမှာသည် စစ်ကျွန်ပညာရေးကို စစ်ကျွန်ပညာရေးမှန်းနားလည်အောင် ရှင်းပြရမယ်။ ကိုယ့်ဘက်ပါအောင် စည်းရုံးရမယ်။ စည်းရုံးတဲ့နေရာမှာ အချိန်ဘယ်လောက်ထားပြီး စည်းရုံးမယ်ဆိုတာထက် ပိုကောင်းတဲ့ ယန္တယားတစ်ခုနဲ့ မိတ်ဆက်ပေးပြီး စည်းရုံးရပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ တော်လှန်သော ပညာရေးတစ်ရပ်ပေါ်ပေါက်လာမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

မြကွန်း (Freedom Fighter)

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

3 Responses

  1. ဒီစာထဲကလိုပဲnon-cdmတွေကိုတော်လှန်ရေးအောင်မြင်ပြီးနောက်မှာeducateလုပ်သင့်တယ်လို့မြင်တယ်ဗျ။ဒါပြင့်စကစလက်ထက်ကရဲဝန်ထမ်းသားသမီးတွေစစ်သား သားသမီးတွေအတွက်ပါထည့်သွင်းစဉ်းစားသင့်တယ်.သူတို့ကိုပိုပြီးပညာပေးဖို့လိုတယ်။လက်ရှိကျောင်းတက်နေတဲ့သူအများစုအောက်ခြေလူတန်းစားအများစုပဲ။သူတို့မှာလည်းရွေချယ်စရာကဒီတစ်ခုပဲရှိတာ။ဒါကိုnugအနေနဲ့ဖြေရှင်းနိုင်စွမ်းမရှိဘဲဒီလိုသတ်မှတ်တာဟာလူထုကိုဖိနှိပ်ရာကျတယ်။cdmတွေဘက်ကလည်းစဉ်းစားကြည့်ချင်တယ်။လတ်တလောcdmတွေဟာnon cdmတွေထက်အလုပ်အကိုင်ပညာရေးနဲ့အခြားအခွင့်အရေးတွေဆုံးရှုံးနေတာပဲ။တလရအလွန်မှာလည်းပညာရေးနယ်ပယ်ပြန်ဝင်ရေး မဝင်ရေးဟာခက်ခဲတဲ့မေးခွန်းဖြစ်နေတယ်။သူတို့အတွက်လည်းလက်ရှိအချိန်မှာခိုင်မာတဲ့ကတိကဝတ်ပေးဖို့လိုနေတယ်လို့မြင်မိပါတယ်။

  2. အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ် (အ.က.ရ) ကိုလည်းတောင်းဆိုလို့ရရင်တစ်ခုလောက်တောင်းဆိုချင်ပါတယ်။
    (အ.က.ရ) ဟာ CDM ပြုလုပ်နေတဲ့ကျောင်းသားတွေရဲ့အခွင့်အရေးတွေကိုပိုရစေချင်တာမှန်ပေမဲ့ တစ်ဦးနဲ့တစ်ဦးတိုင်ပင်ဆွေးနွေးဆုံးဖြတ်ချက်ချပြီးမှ အကြောင်းအရာတစ်ခုကို ပြောစေချင်ပါတယ်၊လုပ်စေချင်ပါတယ်။
    K4uအရေးတုန်းကလည်းထုတ်ပြန်ချက်တွေချက်ချင်းထုတ်ခဲ့လို့ အမှားတွေရေးမိပြီး K4uက ဆရာ၊ဆရာမတွေကို စော်ကားမိသလိုဖြစ်ခဲ့ပါတယ်။ ကျနော့်အမြင်တော့ အ့လိုမျိုးထုတ်ပြန်ချက်မျိုးမထုတ်သင့်ပဲ ပူးပေါင်းဆောင်ရွက်သင့်တယ်လိုမြင်မိပါတယ်။
    CDM လုပ်ထားတဲ့​တွေဟာ ဒီမိုကရေစီကိုလိုလားကြတာဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ လူ့အခွင့်အရေးရှိတာကိုနားလည်ထားရပါမယ်။ မြန်မာပြည်သူတွေအရင်ကမစည်းလုံးခဲ့ကြတာလဲ ခွဲခြားဆက်ဆံခံရလို့ပါပဲလို့ကျနော်မြင်ပါတယ်။
    အမှားပါရင် ဝေဖန်နိုင်ပါတယ်။ဒါမှအမှားတွေပြင်နိုင်မှာပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်