CRPH/NUG ခေါင်းဆောင်များ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ကိုင်စွဲထားသင့်လား

လေးမျက်နှာစကားဝိုင်းကောက်နုက်ချက်

ယခုဆိုလျှင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့သည်မှာ နှစ်နှစ်ကျော်ပင် ရှိပြီဖြစ်သည်။ သို့သော် စစ်တပ်သည် ယင်း‌ရွေးကောက်ပွဲတွင် အနိုင်ရပါတီ NLD က မဲလိမ်မဲခိုးခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့သောကြောင့် စစ်အာဏာရှင်တော်လှန်ရေးတစ်ရပ်ပေါ်ပေါက်လာရာ ရွေးကောက်ပွဲအနိုင်ရပါတီ ကိုယ်စားလှယ်များက စင်ပြိုင်အစိုးရတစ်ရပ်တည်ထောင်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေကိုဖျက်သိမ်းကြောင်း ကြေငြာခဲ့သည်။ ထို့ကြောင့် ၂၀၀၈ အခြေခံဥပဒေအောက်တွင် ကျင်းပခဲ့သောရွေးကောက်ပွဲမှ အနိုင်ရလာသော၎င်းကိုယ်စားလှယ်များတည်ထောင်ထားသည့် စင်ပြိုင်အစိုးရ(CRPH/NUG)အနေနှင့် အဆိုပါ ရွေးကောက်ပွဲရလဒ်ကို ဆွဲကိုင်ထားသင့်သေးလား၊ မထားသင့်တော့ဘူးလား ဟူသည့် ဝိဝါဒကွဲပြားမှုများ ပြည်သူလူထုအကြား ပျံ့နှံ့လျက်ရှိပေသည်။ အချို့က NUG အနေနှင့် ၂၀၀၈အခြေခံဥပဒေအောက်က ရွေးကောက်ပွဲရလဒ်ကို ဆက်လက်စွဲကိုင်ထားခြင်းသည် မတူညီသောတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလူမျိုးစုများကြား ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲစေပြီး စုပေါင်းလုပ်ဆောင်မှုများ အားနည်းစေလိမ့်မည်ဟု ယူဆကြသည်။ အချို့ကမူ ထိုရွေးကောက်ပွဲရလဒ်သည် ပြည်သူများမှဆင်းသက်လာသော တရားဝင်မှု၊ကိုယ်စားပြုမှုဖြစ်သည့်အတွက် တော်လှန်ရေး၏အားသာချက်တစ်ခုအဖြစ် ထိန်းသိမ်းထားသင့်သည်ဟု ထောက်ပြကြသည်။ ဤကဲ့သို့ အဆိုပါကိစ္စရပ်နှင့်ပတ်သတ်၍ တော်လှန်သူပြည်သူများကြား အငြင်းပွားဖွယ်ဖြစ်နေသည်ကို ဆွေးနွေးချိန်ညှိနိုင်ရန် ” CRPH/NUG ခေါင်းဆောင်းများ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားသင့်လား” ဟူသောခေါင်းစဉ်ဖြင့် လေးမျက်နှာစကားဝိုင်းတစ်ခုပြုလုပ်ခဲ့ရာ အောက်ပါအတိုင်း ကောက်နုတ်တင်ပြအပ်ပါသည်။

စကားဝိုင်းတွင် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ကိုစိုးကြမ်းက ” ဒီကိစ္စက အတော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ CRPH/NUG အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဆက်ကိုင်သင့်လား၊မကိုင်သင့်ဘူးလားဆိုတဲ့ မေးခွန်းက တော်လှန်ရေးအစ သူတို့ ၂၀၀၈ ဥပဒေကို ဖျက်သိမ်းလိုက်ပြီဆိုကတည်းက ရှိနေတာ။ ဒီကိစ္စကို ကျွန်တော်က ရှုထောင့်နှစ်မျိုးနဲ့ ဆွေးနွေးချင်ပါတယ်။ ပထမတစ်ခုက နှုန်းစံအရဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲက ဘယ်လောက်ခိုင်မာတယ်ပြောပြော ကျွန်တော်တို့ကိုယ်တိုင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်လေ့လာကြည့်တဲ့အခါ စစ်တပ်ကစွတ်စွဲသလို အလုံးစုံရလဒ်ပြောင်းလဲလောက်အောင် မဲလိမ်မဲခိုးမှုကြီးတွေမရှိပေမဲ့ ပုံမှန်မဟုတ်တဲ့ကိစ္စလေးတွေကိုတော့ တွေ့ခဲ့ရတယ်။ နောက်ပြီး ရွေးကောက်ပွဲရဲ့ နိုင်သူအကုန်ယူစနစ်က ဒီနိုင်ငံလို နိုင်ငံရေးအရ‌ရော လူမျိုးစုအရပါ အက်ကွဲကြောင်းများတဲ့နိုင်ငံမှာ အဆင်မပြေပါဘူး။ ဒါပေမဲ့လို့ နှုန်းစံအရတော့ ဒီရွေးကောက်ပွဲရဲ့ တရားဝင်မှုက အခုထိအားကောင်းနေဆဲပါပဲ။ ဒုတိယတစ်ခုက တော်လှန်ရေးရဲ့အကျိုးစီးပွားအရ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ရွေးကောက်ပွဲကပေးတဲ့ mandate က ဥပ‌ဒေပြုဖို့၊အစိုးရဖွဲ့ဖို့ပါပဲ။ CRPH/NUGအနေနဲ့ အစိုးရတော့ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေနဲ့ မပေါင်းစပ်နိုင်သေးဘူး။ နိုင်ငံတကာကကြည့်ရင် အာဆီယံဖြစ်ဖြစ်၊ အနောက်အုပ်စုဖြစ်ဖြစ် သူတို့ကိုသဘောပေါက်အောင်ပြောတဲ့နေရာမှာ ဒီရွေးကောက်ပွဲက အလွန်အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတုံးပဲ။ ဒါကိုအသုံးချပြီးတော့ တော်လှန်ရေးအတွက်အခွင့်အရေးတစ်ရပ်ဖန်တီးရမယ့်အစား ဒီရလဒ်ကြီးကိုကိုင်စွဲပြီး ငါတို့ကရွေးကောက်ခံအစိုးရဆိုပြီး အကုန်လုံးရဲ့အထက်မှာအခန့်သားနေနေရင်တော့ အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်တော်ကတော့ CRPH/NUG အနေနဲ့ ရွေးကောက်ပွဲရလဒ်က ကိုယ်နဲ့သာဆိုင်တယ်ဆိုပြီး မောင်ပိုင်စီးမထားဘဲ တိုင်းရင်းသားလူမျိုးစုတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့လည်း သက်ဆိုင်တဲ့အကြောင်း သိအောင်လုပ်ပြီးညီညီညွတ်ညွတ်ပေါင်းစီးဖို့ အားထုတ်ရမှာဖြစ်တယ်” ဟုဆွေးနွေးသုံးသပ်သွားခဲ့သည်။

၂၀၂၀ရွေးကောက်ပွဲရလဒ်သည် တရားဝင်၊မဝင်ဆိုသည်ထက် တော်လှန်‌ရေးအတွက် အကျိုးရှိ၊မရှိဆိုသည်ကို ပို၍စဉ်းစားသင့်သည်။ ကျွန်တော်တို့သည် ၂၀၂၀ရွေးကောက်ပွဲတွင် ၂၀၀၈ ဥပဒေ၏တရားမမျှတမှုကြောင့် စစ်တပ်ကိုမုန်းတီးစိတ်ဖြင့် NLD ကိုမကြိုက်သော်လည်းမဲပေးခဲ့သူများရှိသည်ကိုလည်း သတိချပ်သင့်သည်။ ရွေကောက်ပွဲအပြီး စစ်တပ်ကအာဏာသိမ်းလိုက်သောအခါ အနိုင်ရပါတီNLD၏ကိုယ်စားလှယ်လောင်းများက CRPH ကိုစတင်ဖွဲ့စည်းခဲ့သည်။ ထို့ပြင် မြေပြင်စိုးမိုးမှုရှိသော တိုင်းရင်းသားအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများ၏ အသိအမှတ်ပြုပေါင်းစည်းမှုရရှိရေးအတွက် NUCC ကိုလည်းဖွဲ့စည်းခဲ့သည်။ ယခုအခါ NLD သည် NUCC မှထွက်ကာ စု‌ရွေးလွှတ်အား ဦးတည်နေသည်ကို အထင်အရှားတွေ့မြင်နေရသည်။ ထို့ကြောင့် ရွေးကောက်ပွဲအရ mandate ရထားသော NUG အနေနှင့် တကယ်ရောတော်လှန်ရေးစစ်ပွဲနွှဲချင်လား ဆိုသည့် မေးခွန်းရှိလာသည်။ တော်လှန်ရေးစစ်ပွဲမနွှဲချင်ဘဲနှင့် ရွေးကောက်ပွဲရလဒ်ကိုကိုင်ဆွဲထားခြင်းသည် ရေရှည်တွင်အန္တရယ်များပေသည်။ မျက်မှောက်တွင် တစ်ဖက်စစ်တပ်သည် တရားဝင်မှုရအောင်၊‌မြေပြင်စိုးမိုးမှုရအောင် လက်နက်ကိုင်ပြီး အမျိုးမျိုးကြိုးစားလျှက်ရှိသည်။ NUG အ‌နေနှင့်လည်း ရွေးကောက်ပွဲရလဒ်ကိုကိုင်စွဲထားသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြတ်သားအောင်လုပ်ပြီး မြေပြင်စိုးမိုးမှုနှင့် အာဏာသုံးရပ်တည်ဆောက်နိုင်ရေးအတွက် ကြိုးစားသင့်နေပြီဖြစ်သည့်အကြောင်း CDMဆရာဝန် ကိုသက္ကမိုးညိုက ဝေဖန်ထောက်ပြခဲ့သည်။

“ CRPH အနေနဲ့ တရားဝင်မှုကိုပြဖို့အတွက် ရွေးကောက်ပွဲရလဒ်ထက် အခြားတစ်ခုကိုစဉ်းစားသင့်တယ်ထင်တယ်။ နောက်မို့ရင် ရေရှည်မှာ ပြဿနာတက်လာနိုင်တယ်။ အခုက သူတို့မှာ မြေပြင်အဖွဲ့အစည်းတွေနဲ့ အတူတကွလက်တွဲနိုင်ဖို့ အစီအစဉ်မရှိသေးဘူးဖြစ်နေတယ်။ တော်လှန်ရေးလုပ်တဲ့နေရာမှာ စစ်ကောင်စီကဘုံရန်သူဆိုပေမဲ့ အဲလောက်နဲ့တော့မရဘူး။ နိုင်ငံရေးမူဝါဒတွေ ချမှတ်ရမယ်။ EAO တွေနဲ့ ချိတ်ဆက်ရမယ်။ နောက်ပြီး အာဏာရှင်ပြုတ်ကျရင် နိုင်ငံကိုဘယ်လိုပြန်တည်ဆောက်မှာလဲဆိုတာတွေပါ စဉ်းစားထားရမယ်။ ဒါပေမဲ့ အဲဒီအချက်တွေ NUG/CRPH မှာ ကောင်းကောင်းမတွေ့ရသေးဘူး။ သူတို့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားလို့တော့ရတယ်၊ သို့သော် အဲဒါကို ကိုင်ဆွဲပြီး ဘယ်လိုရှေ့ဆက်ရမလဲဆိုတာကိုလည်း စဉ်းစားထားသင့်တယ်” ဟူ၍ ဆွေးနွေးပွဲတက်ရောက်သူ ကိုအေဂျီကလည်း အကြံပြုခဲ့သည်။

၂၀၂၀ရွေးကောက်ပွဲသည် ၁၀၀ရာခိုင်နှုန်းလွတ်လပ်မျှတမှန်ကန်မှုမရှိခဲ့‌သော်လည်း အတိုင်းအတာတစ်ခုအထိတော့ တရားဝင်မှုရှိခဲ့ပေသည်။ ထို့အပြင် NUG/CRPH သည် တော်လှန်ရေး၏လိုအပ်ချက်အရ ပေါ်ထွက်လာခြင်း  ဖြစ်သည်။ အလားတူပင် NUCC သည်လည်း မြေပြင်ထိန်းချုပ်စိုးမိုးမှုအတွက် ဖြစ်တည်လာခြင်း ဖြစ်ပေသည်။ ထို့ကြောင့် NUG/CRPH ကလည်း ရွေးကောက်ပွဲရလဒ်ကို ၎င်းတို့နှင့်ပဲသက်ဆိုင်သလို ကိုင်စွဲမထားသင့်သလို ထိုရလဒ်သည် လုံးဝတရားမဝင်ဟုပြောဆိုချင်းကလည်း နည်းလမ်းမကျပေ။ အမှန်ဆိုလျှင် ယင်းသဘောတရားနှစ်ရပ်ကို ‌ပေါင်းစပ်၍တော်လှန်ရေးအတွက် ကြိုးစားအားထုတ်ရမည်ဟု တကသ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ကိုနန်းလင်းကလည်း အတွေးအမြင်ဖလှယ်ခဲ့သည်။

စကားဝိုင်းတွင် တော်လှန်ရေးရဲဘော်တစ်ယောက်ကလည်း အောက်ပါအတိုင်း ဝင်ရောက်ဆွေးနွေးခဲ့သည်။ ” NUG/CRPHအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲပြီး ငါတို့ကိုပဲထောက်ခံကြဆိုပြီး လုပ်နေတာထက် ယုံကြည်စိတ်ချရတဲ့ နိုင်ငံ‌ရေးမူဝါဒတွေ၊ ထိရောက်တဲ့ plan တွေကို ချမှတ်သင့်နေပြီ။ နောက်ပြီး ၂၀၂၃ မှာ စစ်ကောင်စီကလုပ်မဲ့ ရွေးကောက်ပွဲကတရားဝင်မှုမရှိဘူးဆိုပေမဲ့ လုပ်ပြီးသွားရင် အစိုးရတစ်ခုတော့တက်လာမှာပဲ။ အဲဒီကြရင် ဘယ်အစိုးရက decision တွေ ပိုချနိုင်မလဲဆိုတာပေါ်မူတည်ပြီး အခြေအနေတွေပြောင်းသွားနိုင်တယ်။ အဲဒါကြောင့် NUG/CRPHအနေနဲ့ နိုင်ငံ‌ရေးမူဝါဒတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းမလာဘူးဆိုရင် ပြဿနာတွေ ပိုကြီးထွားလာနိုင်တယ်”

ဤသို့လျှင် ပြည်သူလူထုကြား တော်လှန်ရေးအစမှယခုတိုင် အငြင်းပွားဖွယ်ကိစ္စရပ်ဖြစ်သော NUG/CRPH က ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲသင့်၊မသင့် ဟူသည်နှင့်ပတ်သတ်၍ ဆွေးနွေးအဖြေရှာခဲ့ကြရာ မိမိတို့၏ထင်မြင်ယူဆချက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ဆွေးနွေးခဲ့ကြလေသည်။ အဆိုပါဆွေးနွေးချက်များကို ခြုံငုံသုံးသပ်ရသော် NUG/CRPHအနေနှင့် ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲပြီး ဖျာခင်းနေရာယူထားဖို့ထက် တော်လှန်ရေး၏အကျိုးစီးပွားအတွက် ကောင်းကောင်းအသုံးချကာ မြေပြင်တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် ပေါင်းစည်းနိုင်ဖို့ ကြိုးစားသင့်သည်ဟူသော အခြေခံသဘောတရားကို တွေ့ရှိရသည်။ ထို့ပြင် စစ်ကောင်စီကိုဖြုတ်ချဖို့တစ်ခုတည်းသာ ဦးမတည်ဘဲ တော်လှန်ရေးအလွန်ကာလ အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ်ကိုတည်ဆောက်နိုင်ဖို့အတွက်လည်း မူဝါဒများ၊သဘောတူညီချက်များကို ချမှတ်သင့်နေပြီဖြစ်ကြောင်း ထောက်ပြသုံးသပ်သွားသည်ကိုလည်း တွေ့ရှိရလေသည်။

Freedom Fighter အဖွဲ့အနေဖြင့် တော်လှန်သူပြည်သူများအကြား ဝိဝါဒကွဲပြားနိုင်သော ဆွေးနွေးအဖြေရှာသင့်သည့် အကြောင်းအရာများကို အဟန့်အတားမရှိဘဲ လွတ်လပ်စွာထုတ်ဖော်ဆွေးနွေးနိုင်ရန်  အပတ်စဉ်ဗုဒ္ဓဟူးနေ့ည ၇ နာရီတိုင်းတွင် လေးမျက်နှာစကားဝိုင်းများကို ပြုလုပ်ကျင်းပလျက်ရှိသည်။ စိတ်ပါဝင်စားသူ မည်သူမဆို မိမိတို၏ထင်မြင်ယူဆချက်များကို ပါဝင်ဆွေးနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါသည်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်