အကြမ်းမဖက်လမ်းစဉ်ကိုဆွဲကိုင်တဲ့သူတွေက သူရဲဘောကြောင်ရွှေပြည်အေးသမားတွေလား။

အကြမ်းမဖက်လမ်းစဉ်ကိုဆွဲကိုင်တဲ့သူတွေက သူရဲဘောကြောင်ရွှေပြည်အေးသမားတွေလား။

သီဟ။ ။ ဒီတစ်ခါတော့ အကြမ်းမဖက်လှုပ်ရှားမှုနဲ့ပတ်သတ်ပြီး online ပေါ်မှာပဲဖြစ်ဖြစ်၊ မြေပြင်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့အမြဲလိုလိုကြားနေရတဲ့ လူတွေရဲ့အထင်အမြင်တစ်ခုနဲ့ပတ်သတ်ပြီး ဆွေးနွေးကြည့်ကြရအောင်ဗျာ။ အဲဒါကတော့ အကြမ်းမဖက်သမားတွေဟာ ပျော့ညံ့တဲ့သူတွေ၊ သူရဲဘောကြောင်တဲ့သူတွေ၊ ရွှေပြည်အေးသမားတွေ ဆိုတဲ့ ထင်မြင်ချက်ပဲဗျ။

နှင်းရည်။ ။ အင်း ဟုတ်တယ်။ ကျွန်မလည်း အစကတော့ အဲလိုပဲထင်ခဲ့တာပဲ။ အာဏာသိမ်းစ စစ်တပ်က ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက်ဖြိုခွဲလိုက်တော့ လက်နက်ကိုင်လမ်းစဉ်ကိုပြောင်းပြီးတော်လှန်ကြတဲ့အထဲ ကျွန်မရဲ့ သူငယ်ချင်းတွေ အတော်များများလည်းပါသွားခဲ့တယ်။ ကျွန်မကတော့ အကြောင်းကြောင်းကြောင့် အဲဒီအထဲကို မပါနိုင်ခဲ့ဘူးပေါ့။ အဲဒီအချိန်တုန်းက ကိုယ့်ကိုယ်ကိုလည်း အရမ်းစိတ်တိုတယ်၊ ဒီလို လက်နက်ကိုင်တော်လှန်ရေးထဲ မပါနိုင်အောင်လုပ်တဲ့ အကြောင်းကိစ္စတွေကိုလည်း အချိန်ပြည့်ဒေါသထွက်နေမိတယ်။ စိတ်တွေလည်းတော်တော်လေပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်ကိုဖြစ်ခဲ့တယ်။ အဲလိုနဲ့ တစ်ရက် ကျွန်မစဉ်းစားမိတယ်။ ငါဒီလိုနေလို့ကတော့ မဖြစ်တော့ဘူး။ စစ်တပ်ကို လက်နက်ကိုင်ပြီးမတော်လှန်နိုင်ရင်တောင် ရတဲ့နည်းနဲ့တော့ တော်လှန်ရမယ်ဆိုပြီး အကြမ်းမဖက်လှုပ်ရှားမှုတွေအကြောင်း စပြီးလေ့လာဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်မ ရှော့ခ်အကြီးကြီးရသွားတယ်။ အကြမ်းမဖက်လှုပ်ရှားမှုအပေါ် ကျွန်မအရင်ကထင်ခဲ့တဲ့အမြင်တွေနဲ့ လက်တွေ့ထဲထဲဝင်ဝင်လေ့လာကြည့်လို့ သိလာတာတွေနဲ့ သပ်သပ်စင်အောင်လွဲနေခဲ့တယ်။ နောက်ပြီး အာဏာသိမ်းစက ကျွန်မတို့လုပ်ခဲ့ကြတဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေရဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ရခြင်းရဲ့ အားနည်းချက်တွေကိုလည်း ပိုပြီးသိမြင်လာခဲ့တယ်။
ငြိမ်းချမ်း။ ။ လူတွေ အကြမ်းမဖက်သမားတွေအပေါ် ဒီလိုမြင်ကြတာဟာ အဆန်းတော့မဟုတ်ပါဘူး။ နောက်ပြီး ဒီလိုမြင်ကြတဲ့အတွက်လည်း သူတို့ကို အပြစ်တင်လို့လည်း မရဘူးလေ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ကလေးဘဝကျောင်းနေစဉ်ကတည်းက စစ်ပွဲတွေအကြောင်း၊ စစ်ဘုရင်တွေအကြောင်း သင်ပြီးကြီးလာရတာမဟုတ်လား။ အနော်ရထာမင်းက သထုံကို ဘယ်လိုသိမ်းခဲ့တယ်၊ ဘုရင်နောင်က ဟံသာဝတီကို ဘယ်လိုတိုက်ခဲ့တယ်၊ အလောင်းမင်းတရားကြီးက အယုဒ္ဓယကို ဘယ်လိုချေမှုန်းခဲ့တယ် စသဖြင့်ပေါ့လေ၊ ကျွန်တော်တို့က တိုက်နိုင်ခိုက်နိုင်မှလူစွမ်းကောင်းဆိုတဲ့ ဇာတ်ကြောင်းတွေနဲ့ ကြီးလာရတယ်။ မြန်မာပြည်လွတ်လပ်ရေးလှုပ်ရှားမှုကိုတောင် ဗိုလ်ချုပ်အောင်ဆန်းတို့ အင်္ဂလိပ်ကိုတိုက်ထုတ်တာ၊ ဂျပန်ကိုတိုက်ထုတ်တာတွေကိုပဲ လူထုကအများဆုံးသိပြီး တော်လှန်ရေးခေါင်းဆောင်တွေ၊ တော်လှန်ရေးလှုပ်ရှားမှုတွေကို မွေးထုတ်ပေးခဲ့တဲ့ မြန်မာတစ်ပြည်လုံးပါဝင်ခဲ့တဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေကိုတော့ သိပ်ပြီးသိကြတာမဟုတ်ဘူး။ ဒါ့အပြင် တော်လှန်ရေးနဲ့ပတ်သတ်တဲ့ ကမ္ဘာ့သမိုင်းတွေမှာလည်း ပြင်သစ်တော်လှန်ရေး၊ တရုတ်ပြည်တော်လှန်ရေး၊ ဗီယက်နမ်စစ်ပွဲ၊ ဆိုဗီယက်-အာဖကန် စစ်ပွဲ စတဲ့ လက်နက်ကိုင်တော်လှန်ရေးတွေကိုပဲ အသိများပြီး အကြမ်းမဖက်တော်လှန်ရေးလှုပ်ရှားမှုတွေကိုတော့ သိကြတာနည်းတယ်။ ဒီတော့ လက်နက်ကိုင်နည်းလမ်းကပဲအလုပ်ဖြစ်တယ်၊ အကြမ်းမဖက်နည်းလမ်းကအလုပ်မဖြစ်ဘူးဆိုပြီး အကြမ်းမဖက်သမားတွေကို ပျော့ညံ့တဲ့သူတွေ၊ သူရဲဘောကြောင်တဲ့သူတွေဆိုပြီး မြင်လာကြတာပေါ့။ ဒါ့အပြင် အခုနွေဦးတော်လှန်ရေးမှာလည်း အကြမ်းမဖက်တော်လှန်ရေးက အကြောင်းကြောင်းကြောင့် ခဏလေးနဲ့တိမ်မြုတ်သွားရတော့ လူထုက အကြမ်းမဖက်ဆိုတာကို အယုံအကြည်နည်းသွားကြတာပဲ။

သီဟ။ ။ ဟုတ်၊ အကြမ်းမဖက်တော်လှန်ရေးသမားတွေကို ရွှေပြည်အေးသမားတွေလို့ အထင်အမြင် အပြောအဆိုခံရခြင်းရဲ့ နောက်ကွယ်ကအကြောင်းအရင်းတွေကတော့ အများကြီးပေါ့နော်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက အကြမ်းမဖက်တော်လှန်ရေးဆိုရင် လူထုက လမ်းပေါ်ထွက်ဆန္ဒပြတာလောက်ကိုပဲ မြင်နေကြတာများတယ်။ အဲဒီတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ဆန္ဒပြလူအုပ်ကြီးကို တစ်ဖက်အဖွဲ့အစည်းက အကြမ်းဖက်ဖြိုခွဲလိုက်လို့ ပြိုကွဲပြီးဖရိုဖရဲဖြစ်သွားမယ်ဆိုရင် ဒါအကြမ်းမဖက်လမ်းစဉ်မအောင်မြင်တာလို့ လူထုက တန်းပြီးသတ်မှတ်လိုက်ကြရော။ တကယ်တော့ လမ်းပေါ်ထွက်ဆန္ဒပြခြင်းက အကြမ်းမဖက်လှုပ်ရှားမှုထဲကနည်းလမ်းတစ်ခုဆိုပေမဲ့ အဲဒီနည်းလမ်းနဲ့တင်မကဘဲ အာဏာရှင်ကိုအကြမ်းမဖက်တော်လှန်နိုင်တဲ့ အခြားနည်းလမ်းပေါင်းများစွာလည်း ရှိတယ်ဆိုတာကို သတိချပ်သင့်တယ်။

ငြိမ်းချမ်း။ ။ ဟုတ်၊ အဲဒီတော့ အကြမ်းမဖက်တော်လှန်ရေးသမားတွေက ပျော့ညံ့တဲ့သူတွေ၊ သရဲဘောကြောင်တဲ့သူတွေ၊ ရွှေပြည်သမားတွေ ဆိုတဲ့ ထင်မြင်ချက်ရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေလည်း အတော်လေးဆွေးနွေးပြီးပြီဆိုတော့ ဒီထင်မြင်ချက်ဟုတ်၊မဟုတ် မှန်၊မမှန်ဆိုတာကို ခုအကြမ်းမဖက်လှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီး ထဲထဲဝင်ဝင်လေ့လာနေတဲ့ မနှင်းရည်ကပဲ ဆွေးနွေးပေးပါဦး။

နှင်းရည်။ ။ ဟုတ်ကဲ့၊ ကျွန်မအနေနဲ့ ဒီထင်မြင်ချက်က လုံးဝမမှန်ကန်ပါဘူးဆိုတဲ့အကြောင်း ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ သမိုင်းအဆက်ဆက်က အကြမ်းမဖက်တော်လှန်ရေးခေါင်းဆောင်တွေ ဥပမာ ဂန္ဒီတို့၊ မာတင်လူသာကင်းတို့ ဟာ ဒီလမ်းစဉ်ကို သူရဲဘောကြောင်လို့ရွေးချယ်ခဲ့ကြတာမဟုတ်ပါဘူး။ သူတို့အနေနဲ့ ဒီလမ်းစဉ်ရဲ့ အားသာချက်တွေ၊ အကျိုးကျေးဇူးတွေ၊ အောင်မြင်နိုင်ချေတွေကို သေချာလေ့လာပြီးမှ လက်တွေ့ကျကျဗျူဟာတွေဆွဲပြီး ကျင့်သုံးတော်လှန်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းမဖက်တော်လှန်ရေးရဲ့ အားသာချက်တွေကို အကျဉ်းချုပ်ပြောပြချင်ပါတယ်။ အကြမ်းမဖက်တော်လှန်ရေး၏အားသာချက်တွေကတော့ ပထမအချက်အနေနဲ့ လူထုပါဝင်မှုအားကောင်းခြင်းဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ လက်နက်ကိုင်ထားတဲ့သူကသာ တက်ကြွစွာပါဝင်နိုင်ပြီးတော့ အခြားသူတွေရဲ့ပါဝင်နိုင်တဲ့အခန်းကဏ္ဍဟာ အလွန်ပဲကျဉ်းမြောင်းပါတယ်။ အကြမ်းမဖက်တော်လှန်ရေးမှာတော့ လူတန်းစားမ‌ရွေး၊ လူမျိုးမရွေး၊ ကျားမ/အသက်ကြီးငယ်မရွေး အားလုံးတက်ကြွစွာ ပါဝင်တော်လှန်နိုင်ပါတယ်။ ဒုတိယအချက်အနေနဲ့ အကြမ်းမဖက်တော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးထက် ထိခိုက်သေဆုံးမှုနှုန်း သိသိသာသာလျော့နည်းခြင်းဖြစ်ပါတယ်။ နည်းဗျူဟာအမျိုးမျိုးကို စနစ်တကျလုပ်ဆောင်ပြီးတော့ တစ်ဖက်အဖွဲ့အစည်းရဲ့ဖိနှိပ်မှုတွေကို ထိခိုက်မှုနည်းနည်းနဲ့ တုံ့ပြန်ဆန့်ကျင်နိုင်ပါတယ်။ တတိယအချက်အနေနဲ့ အကြမ်းမဖက်တော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးထက် တော်လှန်ရေးအလွန်ကာလမှာ နောက်ထက်အာဏာရှင်အဖွဲ့အစည်းပေါ်ပေါက်လာနိုင်ချေ နည်းပါးပါတယ်။ အဲဒီအချက်တွေကို ရှေ့ရာစုနှစ်များမှာဖြစ်ခဲ့တဲ့ တော်လှန်ရေးဖြစ်ရပ်တွေကနေ စစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးအနေနဲ့ ကျွန်မပြောချင်တာကတော့ အကြမ်းမဖက်သမားတွေဆိုတာ လူပျော့လူညံ့တွေ၊သူရဲဘောကြောင်တဲ့သူတွေ၊ရွှေပြည်သမားတွေမဟုတ်ဘဲ ပြိုင်ဘက်နဲ့ကိုယ့်ရဲ့ အားသာချက်၊အားနည်းချက်၊အောင်မြင်နိုင်ချေတွေကို သုံးသပ်ပြီး ဘေးထွက်ဆိုးကျိုးနည်းတဲ့ လက်တွေ့ကျကျနည်းလမ်းတွေကို အသုံးချနေတဲ့သူတွေသာ ဖြစ်ပါတယ်။

#သိလိုရာမေး#အကြမ်းမဖက်လူထုလှုပ်ရှားမှု#အကြမ်းမဖက်လမ်းစဉ်
သိလိုရာမေးကဏ္ဍမှ အခြားသော မေးခွန်းနှင့် ဆွေးနွေးချက်များကို ပိုမိုဖတ်ရှုလေ့လာလိုပါက အောက်ပါ လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://freedomfightermm.org/q_and_a/

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်