ယနေ့၊ 7 July သို့ ရောက်ခဲ့ပြန်ချေပြီ။
တချို့အမှတ်တရများသည် တွေးမိရုံနှင့်ပင် ကြေကွဲဝမ်းနည်းရသည်။ စက်ဆုတ်နာကျည်းရသည်။ ငိုကြွေးပူဆွေးရသည်။ သို့သော် မတွေးဘဲနေလို့လည်းမရ၊ သတိမရဘဲနေလို့လည်းမဖြစ်သည့် အတိတ်ဆိုးမျိုးမို့ အကြောင်းတရားတိုက်ဆိုင်တိုင်း ပြန်ပြောင်းအောက်မေ့ရစမြဲဖြစ်သည်။ 7 July သည်လည်း မြန်မာပြည်အတွက် ထိုအမင်္ဂလခံစားချက်များနှင့် ပြည့်နှက်နေသော အမှတ်တရနေ့ရက်တစ်ခုဖြစ်လေသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့သော်လည်း အာဏာလွန်ဆွဲပွဲများနှင့် နိုင်ငံရေးမငြိမ်သက်မှုများကြောင့် စစ်မှန်သည့်လွတ်လပ်ရေး၏အရသာကို မခံစားခဲ့ကြရပေ။ ထို့အပြင် စစ်အာဏာသိမ်းမှုများကိုပါရင်ဆိုင်ခဲ့ရကာ ပြည်သူများမှာ မြွေပူရာကင်းမှောင့်ခဲ့လေသည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်ကိုလက်မခံတွန်းလှန်လိုသည့် ပြည်သူလူထုနှင့် အာဏာ သရဏံ ဂစ္ဆံမိ ဖြစ်နေသာ စစ်အာဏာရှင်တို့ကြား သွေးထွက်သံယိုအဓိကရုဏ်းများ မြောက်များစွာဖြစ်ပွားခဲ့သည်။ ထိုအဓိကရုဏ်များကြား 7 July သည်လည်းတစ်ခုအပါအဝင်ဖြစ်ကာ သမိုင်းအမည်းကွက်အဖြစ် ယနေ့တိုင်စွန်းထင်းပေကျံလျှက်ရှိပေသည်။
၁၉၆၂ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်ကို စစ်တပ်မှအာဏာသိမ်းကြောင်းကြေငြာခဲ့လေသည်။ ယင်းကိုမကျေနပ်သည့် ကျောင်းသားလူငယ်အစုအဖွဲ့(တကသ၊ ရကသ၊ ဗကသ)များက စစ်အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အာဏာရှင်ဗိုလ်နေဝင်းနှင့် ကျောင်းသားလူငယ်တို့ကြား ပဋိပက္ခစတင်ဖြစ်ပွားလာခဲ့သည်။
ဗိုလ်နေဝင်းသည် ကျောင်းသားများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို အဆက်မပြတ်လုပ်ဆောင်လာခဲ့သည်။ တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းခဲ့သည်။ ဆရာများနှင့်ကျောင်းသားများကို အမျိုးမျိုးယိုးစွပ်ကာ တက္ကသိုလ်အမှုဆောင်ကောင်စီကိုလည်း ဖျက်သိမ်းခဲ့သည်။ ထို့ပြင် မိမိ၏လူယုံမိုးကျရွှေကိုယ်များနှင့်အစားထိုးကာ တက္ကသိုလ်ကောင်စီကိုပြန်လည်ဖွဲ့စည်းခဲ့ပြီး ကျောင်းသားများကို ရည်ရွယ်ချက်ရှိရှိနှိပ်ကွပ်ခဲ့သည်။ ထို့ကြောင့် မကျေနပ်သည့်ကျောင်းသားများက အာဏာရှင်ကိုဖီဆန်ကာ စုဝေးဆန္ဒပြခဲ့ကြသည်။
ဂျူလိုင်လ ၇ရက်နေ့တွင် ကျောင်းသားများသည် သမဂ္ဂခန်းမတွင်စုဝေးကာ ဆန္ဒပြခဲ့ကြသည်။ စစ်တပ်က ဆန္ဒပြကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။ ထို့ကြောင့် ကျောင်းသားများနှင့်စစ်တပ်ကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့သည်။ စစ်သားများနှင့်ရဲတပ်ဖွဲ့ဝင်များသည် ကျောင်းသားများအား နံပတ်တုတ်ဖြင့်ရိုက်ခြင်း၊ မျက်ရည်ယိုဗုံးဖြင့်ပစ်ခြင်းများ ပြုလုပ်ခဲ့သည်။ ကျောင်းသားများကလည်း ပြည်လည်ခုခံကြရာ အဓိကရုဏ်းမှာပိုမိုပြင်းထန်လာခဲ့သည်။ နောက်ဆုံးမှာတော့ တပ်ဖွဲ့ဝင်များက ကျောင်းသားများကို ရိုင်ဖယ်သေနတ်များဖြင့် တရကြမ်းပစ်ခတ်နှိမ်နင်းခဲ့ရာ ကျောင်းသားလူငယ်များ အတုံးအရုံးကျဆုံးခဲ့ကြသည်။ နောက်တစ်နေ့ ဂျူလိုင်လ ၈ရက်နေ့တွင် ဗိုလ်နေဝင်းသည် ကျောင်းသားသမဂ္ဂအဆောက်အအုံကိုပါ ဒိုင်းနမိုက်ဖြင့်ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့် 7 July သည် မြန်မာပြည်အတွက် အလွန်ပင်ကြေကွဲဝမ်းနည်းစရာကောင်းသော အတိတ်သမိုင်းစာမျက်နှာတစ်ခု ဖြစ်ခဲ့လေသည်။
ကျောင်းသားနှင့်နိုင်ငံရေး
မြန်မာပြည်၏နိုင်ငံရေးအကြောင်းပြောလျှင် ကျောင်းသားဟူသောအခန်းကဏ္ဍကို ချန်လှပ်ထားလို့မရပေ။ ကိုလိုနီခေတ်လွတ်လပ်ရေးကြိုးပမ်းမှုအစ စစ်အာဏာရှင်ခေတ်ဒီမိုကရေစီအရေးကြိုးပမ်းမှုအဆုံး ကျောင်းသားများမှာ ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ချည်းဖြစ်သည်။ တက္ကသိုလ်ကျောင်းပရဝုဏ်သည် မြန်မာနိုင်ငံရှိ တော်လှန်ရေးလှုပ်ရှားမှုများ၏ မြစ်ဖျားခံရာဒေသဟုပင် ဆိုနိုင်သည်။
ကိုလိုနီခေတ်တွင် ရန်ကုန်တက္ကသိုလ်မှအစပြုသည့် ၁၉၂၀ ပထမကျောင်းသားသပိတ်၊ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ တတိယကျောင်းသားသပိတ်တို့သည် ဗြိတိသျှအုပ်ချုပ်မှုကို အကြီးအကျယ်အဟန့်အတားဖြစ်စေခဲ့သည်။ ထို့အပြင် ၎င်းသပိတ်များမှမွေးထုတ်ပေးလိုက်သည့် ကိုအောင်ဆန်း၊ ကိုနု၊ ကိုလှရွှေ၊ ကိုဗဟိန်း အစရှိသည့် တိုးတက်သောကျောင်းသားလူငယ်များသည်လည်း ကိုလိုနီစနစ်ဆိုးအတွက် ဆူးငြောင့်ခလုပ်များဖြစ်လာခဲ့သည်။ ထိုကျောင်းသားလူငယ်များ၏ကြိုးစားအားထုတ်မှုကြောင့်ပင် မြန်မာပြည်သည် ဗြိတိသျှတို့၏အုပ်ချုပ်မှုမှကင်းလွတ်ကာ ကိုယ့်နန်းကိုယ့်ကြငှန်းကို တဖန်ပြန်လည်ထူထောင်နိုင်ခဲ့လေသည်။ အလားတူပင် စစ်အာဏာရှင်စနစ်တွင်ပေါက်ပေါက်ခဲ့သည့် ၁၉၆၂ ဆဲဗင်းဂျူလိုင်အရေးအခင်း၊ ၁၉၆၉ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်အရေးတော်ပုံ၊ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အစရှိသည့်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်လည်း ကျောင်းသားများသည် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြလေသည်။
ကျောင်းသားဟူသည် လွတ်လပ်မှုကို မြတ်နိုးသည်။ အမှန်တရားကို လိုလားသည်။ တရားမျှတမှုကို တန်ဖိုးထားသည်။ ထို့ပြင် ဖိနှိပ်မှုကို မုန်းတီးသည်။ ဂုတ်သွေးစုတ်မှုကို စက်ဆုတ်သည်။ မတရားမှုကို ချေမှုန်းလိုသည်။ ထို့ကြောင့်ပင် အာဏာရှင်မှန်သမျှသည် ကျောင်းသားဆိုလျှင် မျက်မုန်းကြိုးသည်။ ရန်လိုသည်။ နှိပ်ကွပ်ချင်ကြသည်။ သို့ဖြစ်ရာ အာဏာရှင်စနစ်ကိုမုန်းတီး၍ လွတ်လပ်မျှတသောဒီမိုကရေစီစနစ်ကိုလိုလားသော ကျောင်းသားများအနေနှင့် နိုင်ငံရေးနှင့်ဘယ်သောအခါကမှ ကင်းကွာမနေဘဲ အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုများတွင် အမြဲတစေပါဝင်ခဲ့ကြသည်မှာ ခေတ်အဆက်ဆက်သမိုင်းဖြစ်ရပ်များက သက်သေပြလျက်ရှိပေသည်။
နွေဦးတော်လှန်ရေးနှင့်ကျောင်းသားထုလှုပ်ရှားမှု
ယခုနွေဦးတော်လှန်ရေးတွင်လည်း ကျောင်းသားထု၏အရေးပါမှုမှာ ပြောစရာမလိုလောက်အောင်ပင် မြင်သာထင်ရှားလှပါသည်။ လမ်းပေါ်ထွက်ဆန္ဒပြမှုများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများတွင် နိုင်ငံတနှံ့တလျားမှ ကျောင်းသားအများအပြားပူးပေါင်းပါဝင်ခဲ့ကြသည်။ သို့သော် လက်နက်ကိုင်လှုပ်ရှားမှုအားကောင်းသည့် ယနေ့အချိန်အခါမှာတော့ ကျောင်းသားထုဟူသည့်ခေါင်းစဉ်အောက်မှ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ မရှိသလောက်ရှားသွားခဲ့ပြီဖြစ်သည်။ စစ်တပ်ကငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲလိုက်ခြင်းကြောင့် လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်လိုက်ကြချိန်တွင် ကျောင်းသားများထဲမှ အချို့မှာ တောထဲသို့ရောက်သွားကြသည်။ အချို့မှာ အာဏာဖီဆန်လှုပ်ရှားမှုတွင်သာ ဆက်လက်ပါဝင်ကာ တော်လှန်ရေးလမ်းစပျောက်သွားကြသည်။ တချို့ကမူ အမျိုးမျိုးသောဖိအားများကြောင့် စစ်အာဏာရှင်ကိုလက်မခံနိုင်သော်လည်း စာသင်ခန်းများထဲသို့ တဖန်ပြန်လည်ဝင်ရောက်သွားကြရသည်။
ထိုအချိန်မှစ၍ ကျောင်းသားလူငယ်အချင်းချင်းကြား သဘောထားကွဲလွဲမှုများစတင်ပေါက်ဖွားလာကြသည်။ တောထဲရောက်သွားသူများနှင့် ကျောင်းမတက်ကြသူများက ကျောင်းတက်နေသူများကို တော်လှန်ရေးကိုသစ္စာဖောက်သူများအဖြစ် မြင်ယောင်လာကြသည်။ ထိုသို့မြင်ယောင်နေအောင်လည်း အမျိုးမျိုးသောတစ်ဖက်သတ်ဝေဖန်မှုများက လှုံ့ဆော်ပေးနေကြသည်။ ထို့ကြောင့် အချင်းချင်းကြားအမုန်းတရားများသာအဖတ်တင်၍ လက်တွေ့တွင်အဖြေမထွက်ဘဲ သူ့အပြစ်တင်ကိုယ့်အပြစ်တင်သံသရာထဲ ဝဲတလည်လည်ဖြစ်နေကြရသည်။
ဤတွင် အာဏာဖီဆန်ခြင်းသဘောကို အနည်းငယ်လှန်လှောကြည့်ချင်ပါသည်။ အာဏာဖီဆန်ခြင်းဆိုသည်မှာ အာဏာရှင်၏မတရားသည့်အမိန့်အာဏာမှန်သမျှကို မနာခံဖီဆန်ခြင်းဖြစ်သည်။ အာဏာရှင်၏ ယန္တရားတွေမှာ မပူးပေါင်းခြင်းက အာဏာဖီဆန်ခြင်းဖြစ်သလို အခြေအနေအရပ်ရပ်ကြောင့် ပူးပေါင်းပါဝင်နေရသော်လည်း အာဏာရှင်အလိုသို့မလိုက်ဘဲ တော်လှန်ရေးကိုတတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်နေခြင်းကလည်း အာဏာဖီဆန်ခြင်းပင်ဖြစ်သည်။ သို့သော် နွေဦးတော်လှန်ရေးတွင် အများယူဆသက်မှတ်ထားသောအာဏာဖီဆန်ခြင်းအဓိပ္ပါယ်မှာမူ အတော်လေးကျဉ်းမြောင်းနေသည်ဟု ဆိုနိုင်သည်။ စစ်ကောင်စီယန္တရားတွင် ပါဝင်နေသူမှန်သမျှကို တော်လှန်ရေးသစ္စာဖောက်ဟု သတ်မှတ်ထားကြသည်။ အငြိုးအတေးထားပုတ်ခတ်ဝေဖန်ကြသည်။ အကျိုးဆက်အနေနှင့် ထိုသူတို့၏တော်လှန်နိုင်စွမ်းအားကို စည်းရုံးအသုံးမချနိုင်ဘဲ တစ်ဖက်ကိုပင်တွန်းပို့လိုက်သလိုပင် ဖြစ်သွားလေသည်။
ကျောင်းတတ်နေရသော ကျောင်းသားများတွင်လည်း စစ်အာဏာရှင်ကိုတော်လှန်နိုင်စွမ်းနှင့် တော်လှန်နိုင်သည့်လမ်းကြောင်းများစွာရှိပါသည်။ ထို့အပြင် နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်ဖြုတ်ချရေးတင်မဟုတ်ဘဲ အတွေးအခေါ်တော်လှန်ရေးအတွက်ပါ တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေးတွင်ပါဝင်မှ သို့မဟုတ် ကျောင်းမတက်မှ တော်လှန်ရေးကိုလုပ်ဆောင်နိုင်မည်မဟုတ်ဘဲ လက်နက်မကိုင်နိုင်ဘဲကျောင်းတက်နေရသည့် ကျောင်းသားများအနေနှင့်လည်း ကိုယ်တတ်နိုင်သည့်လမ်းကြောင်းများဖြင့် တော်လှန်ရေးကိုအားဖြည့်ပေးနိုင်ပါသည်။ ထိုကဲ့သို့သော တော်လှန်ရေးလမ်းကြောင်းများထဲမှ အချို့ကိုအောက်တွင်ဖော်ပြပေးလိုက်ပါသည်။
- လွတ်လပ်မျှတသောပညာရေးကိုတည်ဆောက်ခြင်း
မြန်မာပြည်တွင် ခေတ်အဆက်ဆက်သင်ကြားလာခဲ့ရသော ပညာရေးစနစ်သည် လွတ်လပ်မျှတမှုမရှိဘဲ သမိုင်းကြောင်းအမှားများ၊ လူမျိုးကြီးဝါဒများ၊ စစ်ဝါဒများ၊ ဘာသာရေးလွှမ်းမိုးမှုများနှင့် ယိုယွင်းပျက်စီးလျက်ရှိလေသည်။ ကျောင်းသားလူငယ်များအနေနှင့် ထိုစနစ်ဆိုးများကို တိုက်ဖျက်ကာလွတ်လပ်မျှတသော ပညာရေးစနစ်ဆီသို့ချည်းကပ်ကြခြင်းသည်လည်း တော်လှန်ရေးအတွက်အရေးပါသော အထောက်အကူဖြစ်စေပါသည်။ စာကြည့်တိုက်များဖွင့်လှစ်ခြင်း၊ စာဖတ်ဝိုင်းများပြုလုပ်ခြင်း၊ အသိပညာမျှဝေခြင်း၊ သုတေသနများပြုလုပ်ခြင်း၊ သမိုင်းမှန်ဖော်ထုတ်ခြင်း စသဖြင့် မိမိအားသန်ရာကဏ္ဍအလိုက် အတွေးအခေါ်တော်လှန်ရေးကို တည်ဆောက်နိုင်ကြပါသည်။
- သပိတ်မှောက်ခြင်း
ကျောင်းသားများအနေနှင့် အာဏာရှင်ကိုဆန့်ကျင်ဖို့ သပိတ်မှောက်ခြင်းလမ်းစဉ်တွင်လည်း ဘေးဥပါဒ်ကင်းကင်းနှင့်ပါဝင်နိုင်ကြပါသည်။ စစ်တပ်ကိုထောက်ကန်ပေးထားသည့် လူပုဂ္ဂိုလ်များ၊ ကုန်ပစ္စည်းများ၊ စာအုပ်စာပေများ၊ မီဒီယာများကို ဆက်ဆံမှု၊ရောင်းဝယ်မှု၊ဖတ်ရှုလေ့လာမှုမပြုလုပ်ဘဲ ပြတ်ပြတ်သားသားသပိတ်မှောက်နိုင်ကြပါသည်။
- ငြိမ်းချမ်းစွာဆန္ဒပြခြင်း
ဆန္ဒပြခြင်းဟုဆိုလိုက်လိုင်း အတော်များများက လမ်းပေါက်ထွက်အော်ဟစ်ကြွေးကြော်ခြင်းကိုသာ ပြေးမြင်ကြလေ့ရှိသည်။ တကယ်တော့ ထိုနည်းလမ်းသည် ဆန္ဒပြခြင်းနည်းလမ်းများထဲကတစ်ခုသာဖြစ်ပြီး အခြားလုပ်ဆောင်နိုင်သောနည်းလမ်းများလည်း ရှိပါသေးသည်။ ကျောင်းသားများအနေနှင့် မိမိကိုအန္တရာယ်မဖြစ်စေသည့် ငြိမ်းချမ်းစွာဆန္ဒပြခြင်းနည်းလမ်းများကို လုပ်ဆောင်သင့်လှသည်။ ဥပမာ – ကျောင်းမှပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ခြင်း၊ အာဏာရှင်၏ဝါဒဖြန့်ဟောပြောပွဲများကို မတက်ရောက်ခြင်း၊ ကြေကွဲစရာသမိုင်းဖြစ်ရပ်နေ့များတွင် တိတ်ဆိတ်စွာနေခြင်း စသဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနိုင်ကြပါသည်။
- လူထုအကျိုးပြုလုပ်ငန်းများဆောင်ရွက်ခြင်း
ယခုအခါ ပြည်သူလူထုမှာ အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရပါသည်။ စစ်ဘေးဒဏ်များ၊ စားဝတ်နေရေးအခက်အခဲများ၊ ပညာရေးအကျပ်အတည်းများ၊ ကျန်းမာရေးပြဿနာများ စသဖြင့် တိုင်ပြည်အတွင်းနေရာအနှံ့တွင် ဒုက္ခပင်လယ်ဝေနေကြပါသည်။ ကျောင်းသားလူငယ်များအနေနှင့် ထိုသူတို့အတွက် မိမိတတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့သင့်ပေသည်။ စစ်ဘေးရှောင်နေရသူများထံ ပစ္စည်းရိက္ခာစားစရာများလှူဒါန်းခြင်း၊ ပရဟိတအဖွဲ့များဖွဲ့၍ အခြေခံလူတန်းစားများကို ငွေကြေးထောက်ပံ့ခြင်း၊ အစားအစာအဝတ်အထည်မျှဝေခြင်း၊ ကလေးသူငယ်များအတွက် အခမဲ့ပညာသင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောက်ရွက်ပေးခြင်း စသဖြင့် လူထုအကျိုးပြုလုပ်ငန်းများဖြင့် တော်လှန်ရေးကိုအားဖြည့်ကူညီပေးနိုင်ပါသည်။
ထိုနည်းလမ်းများမှာ တော်လှန်ရေးအတွက် ကျောင်းသားလူငယ်များလုပ်ဆောင်နိုင်သော နည်းလမ်းများထဲမှအနည်းငယ်ကို တင်ပြပေးခြင်းဖြစ်ပါသည်။ တခြားနည်းလမ်းများစွာလည်း ရှိပါသေးသည်။ ကျောင်းသားဟူသည် သမိုင်းအဆက်ဆက် တော်လှန်ရေးဟူသောဝေါဟာရနှင့် တသားတည်းရှိခဲ့သလို ကျောင်းသားထုကို တော်လှန်ရေးမှဖယ်ကြဉ်ခြင်းသည်လည်း တော်လှန်ရေးကိုအားလျော့အောင် လုပ်ခြင်းပင်ဖြစ်လေသည်။ ထို့ကြောင့် ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းထဲပြန်ရောက်နေရသော ကျောင်းသားလူငယ်များအနေနှင့် နိုင်ငံရေးအခြေအနေများကို မျက်နှာလွှဲခဲပစ်မနေဘဲ တော်လှန်ရေးတွင် မိမိတို့တတ်နိုင်သည့်ဘက်က တတတ်တအားပါဝင်သင့်ပေသည်။ ထို့ပြင် တော်လှန်ရေးအင်အားစုများကလည်း ကျောင်းသားထု၏တော်လှန်နိုင်စွမ်းကိုမျက်ကွယ်ပြု၍ အမုန်းတရားတို့နှင့်ထိုးနှက်တိုက်ခိုက်နေမည့်အစား လွတ်လပ်မျှတမှုကိုဆာလောင်သောကျောင်းသားစိတ်ကိုနှိုးဆွပေးကာ တော်လှန်ရေးတွင်ခွန်အားတစ်ရပ်အဖြစ် ထိထိရောက်ရောက်စည်းရုံးသင့်လှပေသည်။
One Response
ပညာရေးနဲ့ပတ်သက်ပြီး ဘက်အသီးသီးက လွန်ဆွဲနေတာတွေ့ရပါတယ်။ ခုကာလအလွန်မှာတော့ တက္ကသိုလ်ပညာ(အဆင့်မြင့်ပညာအဆင့်)ဟာ အစိုးရတရပ်ရဲ့ လွှမ်းမိုးမှု၊ချယ်လှယ်မှုကို မလိုလားဘဲ သီးခြားလွတ်လပ်တဲ့ရပ်၀န်း ဖြစ်စေလိုပါတယ်။ အစိုးရအနေနဲ့ ပညာရေးကဏ္ဍရင်းနှီးမြုပ်နှံမှု လုပ်သင့်ပါတယ်။သို့သော် တက္ကသိုလ်နယ်မြေထဲကို ၀င်ရောက်စွက်ဖက်မှု မလုပ်သင့်ပါဘူး။တက္ကသိုလ်၀န်ထမ်းအားလုံးဟာ အစိုးရ၀န်ထမ်းအနေနဲ့ မရပ်တည်ဘဲ လွတ်လပ်တဲ့တက္ကသိုလ်ရဲ့လစာနဲ့ပဲ ရပ်တည်သင့်ပါတယ်။