ပေါ်ပြူလစ်ဇင်ထောင်ချောက်ထဲကနေ ရုန်းထွက်ဖို့လိုပြီ

လူကြိုက်များတိုင်း ပေါ်ပြူလစ်ဇင် မဟုတ်ပါ။ အမှန်တော့ လူကြိုက်များခြင်း (သို့) လူများစုထောက်ခံခြင်းဆိုသည်မှာ ပေါ်ပြူလစ်ဇင်၏ အပေါ်ယံအလွှာပါးတခုသာဖြစ်ပြီး ထိုအလွှာပါးအောက်တွင် ပေါ်ပြူလစ်ဇင်အား အဓိကမောင်းနှင်နေသည့် တခြားသောဝိသေသလက္ခဏာများစွာရှိနေပါသည်။ ယခု တော်လှန်ရေးကာလ နိုင်ငံရေးခေါင်းဆောင်များသည် လူအုပ်ကြီးအကြိုက်လိုက်၍ ပေါ်ပြူလစ်ဇင်လမ်းကြောင်းပေါ်သာ တစိုက်မက်မက် လျှောက်လှမ်းနေကြသည်ကို စိတ်မချမ်းသာစရာ တွေ့မြင်နေရသည်။

ပေါ်ပြူလစ်ဇင်ကို လူပိန်းကြိုက်ဝါဒ၊ လူအများကြိုက်ဝါဒ၊ လူအုပ်ကြီးဝါဒ စသဖြင့် အမျိုးမျိုးသော အမည်နာမများဖြင့် မြန်မာမှုပြုကြသည်။ သို့သော် “ ဝါဒ” ဟုသာ အမှတ်သညာပြုရသော်လည်း သူ့တွင် အယူအဆ၊ အတွေးအခေါ်ဟူ၍ တစိုးတစိမျှမရှိ။ လူအုပ်ကြီးမိမိနောက်ပါလာဖို့ (သို့မဟုတ်) လူအုပ်ကြီးနောက်မိမိလိုက်နိုင်ဖို့ သူတို့အကြိုက် ဘာမဆိုလိုက်လုပ်မည်ဟူသော သဘောမျိုးသာဖြစ်၍ “အယူဝါဒ”တခုအဖြစ် သတ်မှတ်ခြင်းထက် “နည်းလမ်း”တခုအဖြစ်သတ်မှတ်ခြင်းက ပို၍သင့်တော်မည် ထင်သည်။

သို့ဆိုလျှင် “လူကြိုက်များတိုင်း ပေါ်ပြူလစ်ဇင်လား”ဟူ၍ မေးခွန်းထုတ်စရာ ရှိလာပါသည်။ လူကြိုက်များတိုင်း ပေါ်ပြူလစ်ဇင် မဟုတ်ပါ။ အမှန်တော့ လူကြိုက်များခြင်း (သို့) လူများစုထောက်ခံခြင်းဆိုသည်မှာ ပေါ်ပြူလစ်ဇင်၏ အပေါ်ယံအလွှာပါးတခုသာဖြစ်ပြီး ထိုအလွှာပါးအောက်တွင် ပေါ်ပြူလစ်ဇင်အား အဓိကမောင်းနှင်နေသည့် တခြားသောဝိသေသလက္ခဏာများစွာရှိနေပါသည်။ ၎င်းတို့အနက်မှ အရေးကြီးဆုံးသော ဝိသေသလက္ခဏာအချို့မှာ –

▪️မဟာဗျူဟာကင်းမဲ့ခြင်း

ပေါ်ပြူလစ်ဇင်သည် နွယ်ပင်နှင့်တူသည်။ ကိုယ့်အယူဝါဒဖြင့်ကိုယ် ခိုင်ခိုင်မာမာရပ်တည်နိုင်စွမ်းမရှိ။ လူအုပ်ကြီးကိုရစ်ပတ်၍ လူအုပ်ကြီးတောက်ဘက်ကိုသွားလျှင် တော်ဘက်ကိုလိုက်သည်။ မြောက်ဘက်ကို သွားလျှင် မြောက်ဘက်ကိုလိုက်သည်။ သို့ဖြစ်ရာ သူ့တွင် ဘယ်ကိုဦးတည်မလဲ၊ ဘယ်လမ်းကြောင်းကို ရွေးမလဲ၊ ဘယ်လိုလျှောက်လှမ်းမလဲ စသဖြင့် တိကျခိုင်မာသောမဟာဗျူဟာ လုံးဝမရှိပေ။

▪️အုပ်စုခွဲခြင်း

ပေါ်ပြူလစ်ဇင်သည် လူအုပ်ကြီးအား မှီခိုနေရသည်ဖြစ်ရာ ထိုလူအုပ်ကြီး မိမိတို့ကို ထောက်ခံနေရေးအတွက် အုပ်စုခွဲခြင်းဓလေ့ကို ကျင့်သုံးလေ့ရှိသည်။ လူအုပ်ကြီးနှင့်သူတို့ကတဖက်၊ ၎င်းတို့နှင့် ဆန့်ကျင်နေသူများကတဖက်ဟူ၍ဖြစ်သည်။ ထောက်ခံသူလူအုပ်ကြီးကိုသာ ပြည်သူဟုသတ်မှတ်၍ တခြားသော သဘောထားအမြင်ကွဲလွဲသူများကို ရန်သူဟုသတ်မှတ်လေ့ရှိသည်။

▪️ဖယ်ကြဉ်ခြင်း

ပေါ်ပြူလစ်ဇင်တွင် အုပ်စုခွဲခြင်းနောက်ကနေ ဖယ်ကြဉ်ခြင်းသည်လည်း ကပ်ပါလာလေ့ရှိသည်။ ပေါ်ပြူလစ်တို့သည် စိတ်ခံစားချက်အသားပေးလှုံ့ဆော်မှုများဖြင့် လူအုပ်ကြီးအား တိုက်ရိုက်ထိတွေ့ အုပ်ချုပ်လေ့ရှိပြီး လူအုပ်ကြီးနှင့်၎င်းတို့ကြား ရှုထောင့်အမြင်ကွဲပြားနိုင်သော တခြားသော လူမှုအသိုင်းအဝိုင်းများ ဝင်ရောက်မလာနိုင်အောင် ဖယ်ကြဉ်ဟန့်တားကြလေ့ရှိသည်။

ပေါ်ပြူလစ်ဇင်၏သဘောသဘာဝကို ဂျော့အော်ဝဲလ်(George Orwell)က သူ၏ ဆင်တကောင်အား ပစ်သတ်ခြင်း(Shooting an Elephant)ဟူသည့် အက်ဆေးတွင် ကွက်ကွက်ကွင်းကွင်းမြင်သာအောင် ရေးသားထားဖူးသည်။ ထိုအက်ဆေးမှာ ဂျော့အော်ဝဲလ်တယောက် ကိုလိုနီခေတ် မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့တွင် ရဲအရာရှိအဖြစ် တာဝန်ကျစဉ်က အဖြစ်အပျက်တခုကို ရေးသားထားခြင်းဖြစ်သည်။ တနေ့ မော်လမြိုင်မြို့ရှိဈေးထဲတွင် ဆင်တကောင်ဝင်ရောက်သောင်းကျန်းနေကြောင်း အကြောင်းကြားရာ ရဲအရာရှိဖြစ်သူ ဂျော့အော်ဝဲလ်အနေနှင့် အကျိုးအကြောင်းစုံစမ်းရန်အတွက် တပည့်တပန်းအစုံအလင်ဖြင့် ရိုင်ဖယ်တလတ်ကိုကိုင်စွဲ၍ အဆိုပါဈေးသို့ သွားရောက်ခဲ့လေသည်။ သူတို့ဈေးသို့ရောက်သည့်အခါ ဆင်ကြီးမှာ ဈေးဆိုင်တန်းများကိုဖျက်ဆီးထားသည့်အပြင် အိန္ဒိယလူမျိုးကူလီတယောက်ကိုလည်း နင်းခြေသတ်ဖြတ်၍ အဝေးတနေရာသို့ ထွက်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဆင်ပစ်ရိုင်ဖယ်ကိုယူဆောင်၍ ဆင်ကြီးရှိရာသို့ လိုက်လေတော့သည်။ သူ့နောက်တွင် အင်္ဂလိပ် ဆပ်အရာရှိကြီးက ဆင်ကြီးအားပစ်သတ်တော့မည် ဟူသောထင်တလုံးဖြင့် အနီးအနားရပ်ကွက်ရှိ ဗမာလူမျိုးများသည်လည်း တအုပ်တမကြီးလိုက်လာလေသည်။ အမှန်တော့ သူသည် ဆင်ကြီးအားပစ်သတ်လို၍ ရိုင်ဖယ်သေနတ်ကိုယူဆောင်လာခြင်းမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်သာ ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး အကယ်၍ ဆင်ကြီးမုန်ယိုနေခြင်းမှ မူလအခြေအနေသို့ရောက်၍ အေးဆေးငြိမ်သက်သွားလျှင် ပိုင်ရှင်လာသည်အထိ ဒီအတိုင်း လွှတ်ထားလိုက်မည်ဟု စိတ်ကူးထားသည်။ ဆင်ကြီးရှိရာသို့ရောက်သည့်အခါ ဆင်ကြီးမှာ မုန်ယို၍ပြီးသွားပြီဖြစ်ရာ စောစောကသူမဟုတ်သည့်အတိုင်း လယ်ကွင်းထဲတွင် မြတ်ရိုင်းပင်များကို တဗြုတ်ဗြုတ်နှင့်ဆွဲနှုတ်ကာ သဲများကိုခါ၍ တမြုံ့မြုံ့ဝါးနေသည်။ ယခု ဆင်ကြီးမှာ နွားတကောင်လောက်ပင် အန္တရာယ်ရှိပုံမရတော့။ သူလည်း ဆင်ကြီးကို ပိုင်ရှင်ပြန်လာသည်အထိ ဒီအတိုင်း လွှတ်ထားလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် နောက်ကိုပြန်လှည့်ကြည့်လိုက်သည့်အခါ သူ့နောက်က လူအုပ်ကြီးမှာ ရာထောင်မကတော့ပေ။ အကုန်လုံးက သူဆင်ကြီးအားပစ်မည့်အချိန်ကို မျှော်လင့်တကြီး စောင့်စားနေကြသည်။ ၎င်းတို့၏မျက်လုံးများတွင် “ ငါတို့တော့ အင်္ဂလိပ်ကြီး ဆင်ပစ်တာကို ကြည့်ရတော့မယ်ဟေ့” ဟူသော မျှော်လင့်ချက်အခိုးအငွေ့များ လျှံကျနေသည်။ ဆုံးဖြတ်ရခက်ချေပြီ။ ဆင်တကောင်ကို ပစ်သတ်ဖို့ဆိုသည်မှာ ထင်သလောက်မလွယ်ကူ။ ထို့ပြင် ဒီဆင်ကြီးသည် အလုပ်လုပ်နေရသည့်ဆင်ကြီး ဖြစ်သည်။ သူ့ကို ပစ်သတ်လိုက်၍ ဘာအကျိုးမှမရှိ။ သို့သော် ပစ်မသတ်လျှင်လည်း နောက်ကလူအုပ်ကြီးက သွေးကြောင်လှချည်လားဆိုပြီး သူ့ကို အထင်အမြင်သေးကြတော့မည်။ အခါအခွင့်ကြုံတိုင်း လှောင်ပြောင်သရော်ကြတော့မည်။ ဖြစ်သင့်ဖြစ်ထိုက်သည်ကိုလုပ်မလား၊ လူအုပ်ကြီးအကြိုက်လိုက်မလားဟူ၍ သူ့ကိုယ်သူလည်း မေးခွန်းထုတ်နေမိသည်။ သို့သော် နောက်ဆုံးတွင် လူ့အုပ်ကြီး၏ဆန္ဒကသာ အနိုင်ရသွားခဲ့သည်။ သူသည် ဆင်ကြီးကို မသေမချင်း ပစ်သတ်လိုက်ရတော့သည်။

ထိုအက်ဆေးထဲမှ ဗြိတိသျှရဲအရာရှိကဲ့သို့ပင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင်လည်း နိုင်ငံရေး ခေါင်းဆောင်များအနေနှင့် ကိုယ်ပိုင်စဉ်းစားဆင်ခြင်မသုံးဘဲ လူအများကြိုက်လိုက်လုပ်ရသည့် ပေါ်ပြူလစ်ဇင် ထောင်ချောက်အတွင်းမှ ရုန်းမထွက်နိုင်ခဲ့ကြသည်ကို စိတ်မကောင်းစရာ တွေ့မြင်ခဲ့ရသည်။ ဖြစ်သင့်ဖြစ်ထိုက်သည်ကို စနစ်တကျမှန်မှန်ကန်ကန်လုပ်ဆောင်မည့်မစား လူကြိုက်များရေးကိုသာ ဦးစားပေးအလေးထားခဲ့ကြသည့်ဖြစ်ရပ်များမှာ မဝေးသောနိုင်ငံရေးအတိတ်သမိုင်းမှာပင် ဒင်းကြမ်းပြည့်နေ ခဲ့လေသည်။

◾ပေါပြူလစ်ဇင်ထောင်ချောက်ထဲက ငါးနှစ်သားဒီမိုကရေစီ

၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီသည် ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုဖြင့် ရွေးကောက်ပွဲအနိုင်ရကာ အစိုးရဖြစ်လာခဲ့သည်။ နှစ်ပေါင်းများစွာကြာ စစ်အုပ်ချုပ်ရေးအောက် ပြားပြားမှောက်ခဲ့ရသော ပြည်သူတရပ်လုံးသည် အရပ်သားအစိုးရအပေါ် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အားကိုးယုံကြည်ခဲ့ကြသည်။ သို့သော် NLD အစိုးရကမူ စနစ်တကျစုဖွဲ့၍ အယူဝါဒ ခိုင်ခိုင်မာမာဖြင့် မှန်မှန်ကန်ကန်ရှေ့ဆက်ရမည့်အစား ၎င်းတို့အပေါ် (အထူးသဖြင့် ဒေါ်စုအပေါ်) အားကိုးယုံကြည်နေသော လူအများစု၏စိတ်ဆန္ဒများကိုသာဦးစားပေးရင်း ပေါ်ပြူလစ်ထောင်ချောက်အတွင်းသို့ ခုန်ဆင်းခဲ့ကြသည်။ အကျိုးဆက်အနေနှင့် တိုင်းပြည်မှာ ရေရှည်တည်မြဲသော ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရမည့်အစား အောက်ပါယိုယွင်းမှုများစီကိုသာ ဦးတည်သွားခဲ့သည်။

▪️ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလွန်ကဲခြင်း

အမျိုးမျိုးသောအနစ်နာခံမှုများကြောင့်သာမက ကိုယ်ရယ်ကိုယ်သွေးထက်မြတ်မှုကြောင့်ပါ ပြည်သူ လူထုသည် ဒေါ်အောင်ဆန်းစုကြည်ကို လေးလည်းလေးစားကြသည်။ ချစ်လည်းချစ်ကြသည်။ NLD ပါတီ အစိုးရဖြစ်လာသည့်အခါ ထိုချစ်ခင်လေးစားမှုများမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလွန်ကဲလာသည်အထိ ကြီးထွားအားကောင်းလာခဲ့သည်။ ဒေါ်စုကို လူသားအဖြစ်မှ နတ်ဘုရားတပါးသဖွယ်ယူဆလာခဲ့သည်။ သို့ဖြစ်ရာ စနစ်တကျစုဖွဲ့မှုဖြင့်တည်ဆောက်ရမည့် နိုင်ငံရေးကိစ္စအရပ်ရပ်ကို ဒေါစုတယောက်တည်းအပေါ်သာ ပုံအော အပ်နှံလိုက်ကြသည်။ အကျိုးဆက်အနေနှင့် NLD အစိုးရမှာ စနစ်တကျစုဖွဲ့ဖြင့် လည်ပတ်ရပ်တည်ရမည့်အစား ဒေါ်စုအပေါ်သာလုံးလုံးလျားလျားမှီခိုနေရသည့် (တနည်းအားဖြင့်) ဒေါ်စုမရှိလျှင် ဘာမျှမလုပ်တတ်တော့သည့် ရုပ်သေးအဖွဲ့အစည်းတခုလို ဖြစ်သွားတော့သည်။

▪️တိုင်းရင်းသားပြည်သူများနှင့် အကွဲအပြဲဖြစ်ခြင်း

ပေါ်ပြူလစ်ဇင်သည် နှစ်ဖက်သွားပါသည့်ဓါးဖြစ်သည်။ တဖက်တွင် လူအများစုကို စုစည်းပေးနိုင်သလို တဖက်တွင် လူနည်းစုကို ဖယ်ကြဉ်မိစေနိုင်သည်။ NLD အစိုးရလက်ထက်တွင် (အထူးသဖြင့်) ပြည်မဒေသမှ ပြည်သူအများစုကိုစုစည်းနိုင်ခဲ့သော်လည်း လူနည်းစုဖြစ်သည့် တိုင်းရင်သားဒေသများရှိ ပြည်သူများ၏အသံကို နားထောင်ဖို့ ပျက်ကွက်ခဲ့သည်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်‌တောက်ထားသည့်ကိစ္စ၊ ကရင်နီပြည်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိသည့်ကိစ္စများတွင် တိုင်းရင်းသားများ၏ခံစားချက်ကို မျက်ကွယ်ပြုခဲ့ သည်။ သို့ဖြစ်ရာ မိမိတို့အပေါ် တိုင်းရင်းသားများ၏ ယုံကြည်ကိုးစားမှုကို အတိုင်းအတာတခုထိ လက်လွတ်ဆုံးရှုံး လိုက်ရပြီး အကွဲအပြဲများကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

▪️ကြားခံအဖွဲ့အစည်းများ(သို့)တတ်သိပညာရှင်များကို လစ်လျူရှူခြင်း

ပေါ်ပြူလစ်ဇင်၏သဘောသဘာဝအတိုင်း ကိုယ့်နောက်ကိုလူအုပ်ကြီးလိုက်လာသည့်အခါ ထိုလူအုပ်ကြီးအား လက်လွတ်ဆုံးရှုံးမသွားဖို့ရာ လူအုပ်ကြီးနောက်ကို ကိုယ်ကပြန်လိုက်ရတော့သည်။ ထိုအချိန်မျိုးတွင် လူအုပ်ကြီး၏ စိတ်ဆန္ဒသည်သာ ပဓာနဖြစ်၍ ၎င်းတို့နှင့် လူအုပ်ကြီးကြားတွင် အမှီအခိုကင်းစွာဖွဲ့စည်းတည်ဆောက်ထားသော အားဏာပါဝါနည်းပါးသည့် သမဂ္ဂများ၊ အဖွဲ့အစည်းများကို လျစ်လျူရှုပစ်လိုက်ကြသည်။ ထို့ပြင် တခြားသော တတ်သိပညာရှင်များ၏ ဝေဖန်ထောက်ပြမှုများကိုလည်း မျက်ကွယ်ပြုလိုက်ကြသည့်အပြင် “ သပ်သျှိုသွေးခွဲသူ” ဟူ၍ပါ တံဆိပ်ကပ်လိုက်ကြသည်။ ထိုအခါ အမှန်တရားနှင့် ဝေးကွာသွားပြီး ကိုယ့်ရဲ့ဂုဏ်သိက္ခာစံတန်ဖိုးလည်း ကျဆင်းသွားတတ်သည်။ ဒေါ်စုနှင့် ရိုဟင်ဂျာဂျီနိုဆိုက်ကိစ္စသည်လည်း ထိုသဘောပင်ဖြစ်သည်။ ဒေါ်စုအနေနှင့် မိမိလက်ခံထားသော ဂုဏ်သိက္ခာစံတန်ဖိုးများကို မငဲ့ကွက်ဘဲ ကြားခံအဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များ၏ ဝေဖန်အကြံပြုချက်များကို လျစ်လျူရှုကာ လူအုပ်ကြီး၏အားပေးထောက်ခံမှုအပေါ် ပုံအောလောင်းကြေးထပ်ခဲ့ ပုံရသည်။ သို့သော် ထိုလုပ်ရပ်ကြောင့် စစ်တပ်မှ ဒေါ်စုအား ကျေးဇူးပြုဖူးသူအဖြစ်မသတ်မှတ်ခဲ့သလို ရင်ကြားစေ့ရေး အတွက်လည်း အထောက်အကူမဖြစ်ခဲ့ပေ။ ကြားခံအဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များ၏ ယုံကြည်မှုကိုဆုံးရှုံးလိုက်ရခြင်းနှင့် တိုင်းရင်းတို့နှင့် အကွဲအပြဲကြီးမားလာခြင်းသာ အဖတ်တင်ကျန်နေခဲ့ လေသည်။

◾ပေါ်ပြူလစ်တော်လှန်ရေးအစိုးရ

အဆိုပါဖြစ်ရပ်များကိုကြည့်ခြင်းအားဖြင့် မြန်မာ့နိုင်ငံရေးတွင် လူအုပ်ကြီးဝါဒ(ပေါ်ပြူလစ်ဇင်) ဘယ်လောက်ထိနက်ရှိုင်းစူးဝင်နေသလဲဆိုသည်ကို သိနိုင်သည့်အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းကို ဘယ်လောက်ထိနှောင့်ယှက်ဟန့်တားနိုင်ခဲ့သလဲဆိုသည်ကိုလည်း ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါသည်။ သို့သော် ယခု တော်လှန်ရေးကာလ နိုင်ငံရေးခေါင်းဆောင်းများမှာမူ ထိုဖြစ်ရပ်များကနေ သင်ခန်းစာယူနိုင်သေးဟန်မတူ။ လူအုပ်ကြီးအကြိုက်လိုက်၍ ပေါ်ပြူလစ်ဇင်လမ်းကြောင်းပေါ်သာ တစိုက်မက်မက် လျှောက်လှမ်းနေကြသည်ကို စိတ်မချမ်းသာစရာ တွေ့မြင်နေရသည်။

အမှန်တော့ NUG အစိုးရသည်ပင် တော်လှန်ရေးကာလတွင်ပေါ်ပေါက်လာသည်ဆိုသော်ငြား ၂၀၂၀ ရွေးကောက်ပွဲကိုအခြေတည်ထားသည်ဖြစ်ရာ ၎င်းတို့၏တည်ရှိမှုသည် ကိုယ်ပိုင်အတွေးအခေါ် အယူအဆများနှင့် စဉ်းစားတွေးခေါ်တည်ဆောက်ထားချင်းမျိုးမဟုတ်ပေ။ ထို့ကြောင့် တော်လှန်ရေးအစတွင် စစ်တပ်အားဆန့်ကျင်လိုကျသော ရည်မှန်းချက်တူ တိုင်းရင်းသားအစုအဖွဲ့များ၊ လူငယ်တက်ကြွလှုပ်ရှားသူများ၊ သမဂ္ဂများ၊ ပြည်သူ့ဝန်ထမ်းများနှင့်တူ စနစ်တကျပေါင်းစည်းစုဖွဲ့၍ ရှေ့ဆက်ရမည့်အစား NUG အနေနှင့် ပေါ်ပြူလစ်တို့၏ထုံးစံအတိုင်း “ ငါတို့ကရွေးကောက်ခံတွေ၊ ငါတို့ကိုပြည်သူတွေထောက်ခံထားကြတာ” ဟူသောအချိုးမျိုးဖြင့် လူအုပ်ကြီးအလိုကျရပ်တည်သော သူတို့ကတဖွဲ့၊ တခြား သူတို့နှင့်အမြင်မတူသူများက တဖွဲ့ ဟူ၍ အုပ်စုခွဲခြင်းဓလေ့ဆီ ဦးတည်လျှောက်လှမ်းခဲ့သည်။

ထိုကဲ့သို့သော “ အုပ်စုခွဲခြင်း” တနည်းအားဖြင့် “ ငါတို့နှင့်သူတို့” ဟုခွဲခြားသတ်မှတ်ခြင်းဟူသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ပေါ်ပြူလစ်ဇင်၏ အဓိကလက္ခဏာရပ်ဖြစ်သည်။ ပေါ်ပြူလစ်များသည် allinclusive ဆိုသည့် “ အားလုံးပါဝင်” နည်းဖြင့် လူထုကို စည်းရုံးကြလေ့မရှိဘဲ us and them ဆိုသော “ ငါတို့နှင့်သူတို့” နည်းနှင့်သာ လူထုကို စည်းရုံးလေ့ရှိကြသည်။ ထိုအခါ စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်းအစား အကွဲအပြဲလူ့အဖွဲ့အစည်းဆီသာ ဦးတည်သွားကြသည်။ NUG သည် ထိုနည်းလမ်းကို တသွေမတိမ်းကျင့်သုံးခဲ့သည်။ မိမိနောက်လူအုပ်ကြီးလိုက်လာစေရန် (တနည်းအားဖြင့်) လူအုပ်ကြီးနောက်ကိုမိမိလိုက်နိုင်ရန်အတွက် ဆိုရှယ်မီဒီယာပေါ်မှတဆင့် စိတ်ခံစားချက်အသားပေး ကြွေးကြော်သံများနှင့် စည်းရုံးခဲ့သည်။ ဆိုရှယ်အင်ဖလူရယ်ဇာဆယ်လီများကို အပစားပေးခဲ့ကြသည်။ ၎င်းတို့ကို ဝေဖန်ထောက်ပြသော တခြားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ပြည်သူ့ဆန္ဒဆန့်ကျင်သူ၊ တော်လှန်ရေးကိုနှောက်ယှက်သူ၊ စစ်အစိုးရကိုထောက်ခံသူအဖြစ်တံဆိပ်ကပ်လိုက်ပြီး ဖယ်ကြဉ်ခြင်း၊ အရှက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများ အထိ လုပ်ဆောင်ခဲ့သည်။

CDM မူဝါဒ ပြဋ္ဌာန်းခြင်းသည်လည်း ထိုသဘောပင်ဖြစ်သည်။ NUG သည် CDM လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် CDM လှုပ်ရှားမှုတွင်မပါဝင်ဘဲ အစိုးလုပ်ငန်းခွင်ဝင်နေဆဲသူများအကြား အလွန်ကျဉ်းမြောင်းသော စည်းတခုခြားလိုက်ခြင်းဖြစ်သည်။ သူတို့အတွက် စစ်အစိုးရကို လက်ခံခြင်း/လက်မခံခြင်း၊ ထောက်ပံ့ခြင်း/မထောက်ပံ့ခြင်းထက် အစိုးရဌာနများတွင် အလုပ်လုပ်ခြင်း/မလုပ်ခြင်းကသာ အဓိကအကြောင်းပြချက် ဖြစ်သည်။ ထိုအခါ ၎င်းတို့၏လက်အောက်ခံ မြေပြင်လက်နက်ကိုင်အဖွဲ့များအနေနှင့် CDM မလုပ်သူဆိုလျှင် မည်သည့်ကဏ္ဍတွင် လုပ်ငန်းခွင်ဝင်နေပါစေ စစ်တပ်၏ထောက်တိုင်သာ ဖြစ်၍ အပြစ်ပေးရမယ်၊ သတ်ဖြတ်ရမယ်အထိ အဓိပ္ပာယ်ကောက်ယူခဲ့ကြသည်။

NUG သည် မိမိတို့လျှောက်လှမ်းနေသော လက်နက်ကိုင်လမ်းစဉ်အပေါ် အတူလျှောက်လှမ်းနေကြသူချင်းကိုပင် အုပ်စုခွဲနည်းလမ်းကို ကျင့်သုံးခဲ့သည်။ MOD လက်အောက်တွင် ပသုံးလုံးအဖွဲ့များကိုဖွဲ့စည်းပြီး သူတို့လက်အောက်မဝင်သည့် တခြားသောဒေသခံလက်နက်ကိုင်တပ်ဖွဲ့များဆိုလျှင် အသိအမှတ်မပြုခြင်း၊ ဖယ်ကြဉ်ထားခြင်း၊ အပုပ်ချခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ မြေပြင်အုပ်ချုပ်ရေးလုပ်ငန်းများတွင်လည်း မိမိတို့ အဖွဲ့အစည်းများကိုသာ ကြိုးကိုင်စေပြီး တခြားဒေသခံအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့သည်။

NUG သည် ထိုကဲ့သို့ သူ့ဘက်ကိုယ်ဘက်ခွဲခြားဆက်ဆံ၍ ကိုယ့်ကိုလက်ခံနေသေးသော လူအုပ်ကြီးအပေါ်သာ မှီခိုရပ်တည်နေသည်ဖြစ်ရာ တဖက်တွင် ကိုယ်တိုင်ဖြေရှင်းလုပ်ဆောင်ရမည့် တာဝန်ယူမှု၊တာဝန်ခံမှုများကိုပါ လျစ်လျူရှုပစ်လိုက်သည်။ စိတ်ခံစားချက်ပြင်းထန်နေသော လူအုပ်ကြီးသဘောတူနေသ၍ မတရားမှုများအတွက် သူတို့အစိုးရမှ တာဝန်ခံဖြေရှင်းပေးစရာမလိုဟု သဘောထားနေပုံရသည်။ မြေပြင်တွင် ပသုံးလုံးအဖွဲ့တချို့၏ ရမ်းကားယုတ်မာမှုများကို မကြာခဏဆိုသလို မြင်နေကြားနေရသော်လည်း ထိရောက်သည့်အရေးယူမှုများ လုပ်ဆောင်ခြင်းမရှိသည့်အပြင် ထိုအဖွဲ့များဘက်မှပင် ကာကွယ်ပြောဆိုမှုများ လုပ်ဆောင်နေကြသည်။

မသေချာမရေရာသေကတိကဝတ်များပေး၍ ပြည်သူလူထုကို ချွေးသိပ်နေသည့် ကိစ္စများအတွက်လည်း NUG အနေနှင့် တာဝန်ယူမှု၊တာဝန်ခံမှုများ ကင်းမဲ့နေဆဲဖြစ်သည်။ NUG သည် ပေါ်ပြူလစ်တို့၏ဉာဉ်အတိုင်း မိမိတို့တွင် လုံလောက်သော ဖွဲ့စည်းတည်ဆောက်မှု၊ မဟာဗျူဟာကျနမှုများမရှိသေးဘဲ လူအုပ်ကြီးစိတ်ကျေနပ်အောင် တော်လှန်ရေးဟိုနေ့ပြီးမယ်၊ ဒီနေ့ပြီးမယ်ဟူသော မစားရဝခမန်းစကားများသုံးကာ “ကိုယ်ဝယ်ပေးဖို့မတတ်နိုင်သော အရုပ်တခုအား ငိုယိုပူစာနေသည့် ကလေးငယ်ကို ဟိုဘုရားပွဲ၊ ဒီဘုရားပွဲကျလျှင် ဝယ်ပေးမည်ဟု ကတိပေးနေသော လူကြီးတယောက်လို” ပြည်သူလူထုအပေါ် အငိုတိတ်ရင်ပြီးရောဟူသောသဘောမျိုးဖြင့် တော်လှန်ရေးတလျှောက်လုံး မျှော်လင့်ချက်အမှားများပေးခဲ့သည်။ ထိုမျှော်လင့်ချက်အမှားများကို ယုံစားမိ၍ ဒုက္ခပင်လယ်ဝေနေသူများစွာရှိနေရာ ၎င်းတို့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများ လုပ်ဆောင်ပေးရန် NUG အနေနှင့် အခုထိ စဉ်းစားထားသည့်ပုံ မပေါ်သေးချေ။

ထို့ကဲ့သို့ တာဝန်ယူမှု၊တာဝန်ယူမှုကင်းမဲ့ခြင်းအပြင် NUG တွင် ပွင့်လင်းမြင်သာမှုလည်း ပျောက်ဆုံးနေသည်။ တော်လှန်ရေးသာရှည်ကြာလာခဲ့သော်လည်း အစိုးရအဖွဲ့အစည်းအတွင်း၌ ဘယ်သူတွေ ပါဝင်၍ ဘာအလုပ်တွေ လုပ်ဆောင်နေသလဲဆိုသည်ကို တော်တန်ရုံလူ မသိနိုင်သည့်အပြင် ငွေကြေးဆိုင်ရာကိစ္စများကိုလည်း ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ချပြခြင်းမရှိသည်ဖြစ်ရာ ဘယ်နေရာတွေမှာ ဘယ်လိုသုံးစွဲနေသလဲဆိုသည်ကိုလည်း ပြည်သူတဦးတယောက်မှ တိတိပပမသိရပေ။ ပိုဆိုးသည်မှာ ထိုကိစ္စများကို မေးခွန်းထုတ်ကြသည့်သူများကိုပင် ဆိုရှယ်အင်ဖလူရန်ဇာဆယ်လီများနှင့်ပေါင်းကာ နှိပ်ကွပ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အချင်းချင်းကြား ယုံကြည်လေးစားမှုများ တဖြည်းဖြည်း ပျောက်ဆုံးလာပြီး တော်လှန်ရေးအပေါ်၌ပင် အယုံအကြည်ကင်းမဲ့လာကြသည်။

◾ပေါ်ပြူလစ်ဇင်ထောင်ချောက်ထဲကနေ ရုန်းထွက်ဖို့လိုပြီ

အမှန်တော့ NUG အနေနှင့် လက်နက်ကိုင်လမ်းစဉ်အား ပေါ်ပြူလစ်ဇင်နှင့်ထိန်းကျောင်းနေခြင်း သည်ပင် အစကတည်းက ရေလိုက်လွဲနေခြင်းဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်တရပ်အောင်မြင်ဖို့ဆိုလျှင် အားကောင်းခိုင်မာသောစုဖွဲ့မှုလိုအပ်သည်။ တိကျပြတ်သားသောမဟာဗျူဟာလိုအပ်သည်။ မှန်မှန်ကန်ကန် ထိန်းကျောင်းနိုင်သော ခေါင်းဆောင်မှုလိုအပ်သည်။ ပေါ်ပြူလစ်ဇင်တွင် ထိုအချက်တွေ လုံးဝမရှိ။ ရှိဖို့လည်းမလို။ ထို့ကြောင့် ပေါ်ပြူလစ်ဇင်နှင့် လက်နက်ကိုင်လမ်းစဉ်အောင်မြင်ဖို့ မျှော်လင့်နေခြင်းမှာ စိတ်ကူးယဉ်အိပ်မက်မက်နေခြင်း သက်သက်သာဖြစ်သည်။

ယခုအခါ တော်လှန်ရေးကာလ ၄ နှစ်ကျော်လာခဲ့ပြီဖြစ်သည်။ သို့သော် အားရကျေနပ်လောက်စရာ ဘာရလဒ်မှမရှိသေး။ စစ်ရေးအရ အသာစီးမရသေးသလို နိုင်ငံရေးအရလည်း အားနည်းနေဆဲဖြစ်သည်။ တိုင်းရင်းသားအစုအဖွဲ့များနှင့် မဟာမိတ်တည်ဆောက်နိုင်ဖို့အသာထား ကိုယ့်အောက်က အဖွဲ့အစည်းများကိုပင် ကောင်းကောင်းမထိန်းကျောင်းနိုင်သေးပေ။ ထို့ပြင် ဒီနှစ်ထဲတွင် စစ်တပ်ကကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း NUG တွင် ကြိုတင်ပြင်ဆင်ထားမှုများ ဘာမျှရှိသေးပုံမပေါ်။ ကန့်ကွက်ကြောင်း စာထုတ်ခြင်း၊ ရွေးကောက်ပွဲအားလက်မခံရန် နိုင်ငံတကာအား တိုက်တွန်းခြင်း၊ မြေပြင်တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ဆောင်နေသူများကို ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် တုံ့ပြန်ရေးလုပ်ငန်းစဉ် များသာ လုပ်ဆောင်ဖို့ရည်ရွယ်ထားပုံရသည်။ သို့ဖြစ်ရာ ရေရှည်တော်လှန်ရေးလမ်စဉ်မဟုတ်သည့် ရေတိုတုံ့ပြန်ရေးလမ်းစဉ်များထဲတွင်သာ ပိတ်မိနေသော၊ မဟာဗျူဟာကျကျစုဖွဲ့တည်ဆောက်မှုကင်းမဲ့၍ လူအုပ်ကြီး၏စိတ်ခံစားချက်အတိုင်းသာ လေယူရာယိမ်းနေရသော၊ ကတိကဝတ်များအထပ်ထပ်ပေး၍ လက်တွေ့အောင်မြင်မှုဟူ၍ လက်ဆုပ်လက်ကိုင်ပြစရာ လောက်လောက်လားလားဘာမျှမရှိသော တော်လှန်ရေးပေါ်ပြူလစ်အစိုးရအပေါ် ပြည်သူလူထုက တဖြည်းဖြည်းယုံကြည်မှုကင်းမဲ့လာနေပြီဖြစ်သည်။

NUG အနေနှင့် ထိုကဲ့သို့သာ ပေါ်ပြူလစ်ဇင်လမ်းကြောင်းပေါ် ဆက်သွားနေဦးမည်ဆိုလျှင် တိုင်းပြည်မှာ ၎င်းတို့ဦးဆောင်မှုဖြင့်တော့ လေးသင်္ချေနှင့်ကမ္ဘာတသိန်းကြာသည့်တိုင် ဖက်ဒရယ် ဒီမိုကရေစနစ်ဆီ ရောက်နိုင်ဦးမည်မဟုတ်သည့်အပြင် ၎င်းတို့ကိုယ်တိုင်လည်း ရှေ့ကနောင်တော်ကြီး NCGUB ကဲ့သို့ ပြည်ပြေးအစိုးရအဖြစ်သာ ဇာတ်သိမ်းသွားမည်ဖြစ်သည်။ ထို့ကြောင့် ဖြစ်ခဲ့ပြီးသား အတိတ်ဖြစ်ရပ်များကို သင်ခန်းစာယူ၍ NUG အနေနှင့် ပေါ်ပြူလစ်ဇင်ထောင်ချောက်အတွင်းမှ ရုန်းထွက်နိုင်ဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ