ဒီကနေ့ ဇွန်လ ၁၉ ဟာ ပြည်သူအများက “အမေစု”လို့ ချစ်စနိုး ခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဒီအသက်အရွယ်ဆိုတာ ချစ်ခင်ရတဲ့မိသားစုတွေနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းရမယ့်အချိန်ပါ။ ဒါပေမယ့်လည်း စစ်အာဏာရှင်တွေကတော့ ဒေါ်စုကို ကြောက်ရွံ့မှု၊ မုန်းတီးမှုတွေနဲ့ တံတိုင်းအထပ်ထပ်တား ဖမ်းဆီးချုပ်နှောင်ထားပါတယ်။
ဒီလိုမျိုး ပြည်သူချစ်ရတဲ့ လူထုခေါင်းဆောင်အပေါ်မှာ မတရားဖိနှိပ်ဖမ်းဆီးတဲ့အပေါ် မခံမရပ်နိုင်ဖြစ်မှုကနေ နွေဦးတော်လှန်ရေးကို လှုပ်နှိုးစေခဲ့ပါတယ်။ ပြည်သူအများ လမ်းပေါ်ထွက်လာတာ၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာ ဒေါ်စုကို လွှတ်ပေးဖို့က ရှေ့ဆုံးက ကြွေးကြော်သံတရပ်ဖြစ်ခဲ့ပါတယ်။
ပြည်သူတွေ ကိုယ်ထူကိုယ်ထ စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးကို နောက်ပိုင်းမှာတော့ CRPH / NUG စတဲ့ အဖွဲ့အစည်းတွေက ဦးဆောင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ပြန်လည်ဆန်းစစ်ကြည့်ရင် ဒီအစုအဖွဲ့တွေအနေနဲ့
ဒေါ်စုအပေါ် လူတွေရဲ့ ထောက်ခံမှုကို တဆင့်ခံ အမွေဆက်ခံပြီး တော်လှန်ရေးရဲ့ ဦးသျှောင်နေရာကို ရယူနိုင်ခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီ CRPH/NUG ကလူတွေရဲ့ ဦးဆောင်မှု၊ အရည်အချင်းကို ယုံကြည်တာထက် ဒေါ်စုအပေါ် ယုံကြည်မှုကနေ ဆက်စပ်ပြီး ဝန်းရံထောက်ခံပေးခဲ့တာဆိုတာ ထင်ရှားလှပါတယ်။
ဒါကလည်း ဖြစ်သင့်တဲ့အရာတခုပါပဲ။ လစ်ဟာသွားတဲ့ ခေါင်းဆောင်နေရာမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားစိုက်ထုတ်ပြီး ဦးဆောင်မှုအခန်းကဏ္ဍတရပ်ကို ဖော်ဆောင်ဖို့ လိုအပ်လှပါတယ်။ ဒါက အကယ်၍ ဒေါ်စုအနေနဲ့ ပြန်လည်လွတ်မြောက်လာခဲ့တယ်ဆိုရင် ဒီအချက်က မှန်ကန်ဆဲပါပဲ။ အသက် ၈၁ နှစ်အရွယ် အမယ်အိုကို နိုင်ငံ့ဝန်တွေ ထမ်းပိုးစေဖို့ထက် နောက်မျိုးဆက်တွေက ဒေါ်စုရဲ့ ကောင်းမွန်တဲ့ အမွေတွေကို ဆက်ခံရတော့မယ့် အချိန်ပါပဲ။ ဒါမှလည်း သားသမီးဝတ်ငါးပါးထဲက ‘မွေခံထိုက်စေ’ဆိုတဲ့ ဂုဏ်ပုဒ်ကို ကိုက်ညီမှာပါ။
ဒီနေရာမှာ အမွေကို ဘယ်လိုဆက်ခံရယူမလဲဆိုတာကတော့ အရေးကြီးလှပါတယ်။ ဒေါ်စုရဲ့ ကောင်းမွေတွေကို ဆက်ခံထိန်းသိမ်းပြီး သူရဲ့ စံနှုန်း၊ အိပ်မက်၊ စိတ်ဆန္ဒတွေကို ဆက်လက်လုပ်ဆောင်သွားမှာလား။ ဒေါ်စုရဲ့ ဆိုးမွေတွေကို ဆက်ခံသူတွေအနေနဲ့ တာဝန်ခံ ပြောင်းလဲပြင်ဆင်ဖို့ လုပ်မှာလားဆိုတာပါ။ ဒါမှမဟုတ် ဒေါ်စုရဲ့ အရှိန်အဝါကြီးလှတဲ့ နိုင်ငံရေးသြဇာကို လက်ထဲရောက်ရင်ပြီးရောဆိုပြီး ဆက်ခံသူတွေကြားထဲ အမွေလုကြမလားဆိုတာ ဒေါ်စုကို ချစ်ခင်သူတွေတိုင်း ဆန်းစစ်ဆင်ခြင်သင့်ပါတယ်။
အရင်ဆုံး ဒေါ်စုကို ဆက်ခံသူတွေအကြောင်း မပြောခင် ဒေါ်စုအနေနဲ့ ဖခင်ဖြစ်တဲ့ လွတ်လပ်ရေးခေါင်းဆောင် ဦးအောင်ဆန်းဆီကနေ ဘယ်လိုမျိုး အမွေဆက်ခံခဲ့လဲဆိုတာကို အရင်ဆုံးဆန်းစစ်ကြည့်ရအောင်ပါ။ သုံးသပ်သူတချို့က ဒေါ်စုအနေနဲ့ ဦးအောင်ဆန်းကြောင့် လူထုခေါင်းဆောင်နေရာကို တက်လှမ်းနိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကလည်း ငြင်းမရတဲ့အချက်ပါပဲ။ ဒေါ်စု နိုင်ငံရေးစင်မြင့်ပေါ်ရောက်လာတာ၊ ပြည်သူအများရဲ့ အားပေးထောက်ခံခြင်းရလာတာက ဒေါ်စုနာမည်မှာပါတဲ့ ‘အောင်ဆန်း’ရဲ့ အရှိန်အဝါနောက်ခံလည်း အထောက်အပံ့ ကြီးကြီးမားမားရှိပါလိမ့်မယ်။
တဆက်တည်းမှာ ထည့်သွင်းစဉ်းစားရမှာက ဦးအောင်ဆန်းမှာ တခြားသော သားသမီးတွေရှိပေမယ့် ဒေါ်စုကိုသာ ပြည်သူတွေက ထောက်ခံယုံကြည်ခဲ့ပါတယ်။ ဒါကိုကြည့်ရင် ‘အောင်ဆန်း’ အရှိန်အဝါက ဒေါ်စုကို နိုင်ငံရေးလမ်းကြောင်းဖွင့်ပေးခဲ့တဲ့ အထောက်အပံ့တခုဖြစ်ပေမယ့် နှစ်ပေါင်းများစွာ လူထုယုံကြည်မှုကို တည်တံ့စေတာက ဒေါ်စုရဲ့ အရည်အချင်း သို့မဟုတ် ပိုမိုနက်ရှိုင်းတဲ့ အောင်ဆန်းရဲ့ အမွေတွေကို ဆက်ခံနိုင်လို့ ဖြစ်ပါတယ်။ ဒေါ်စုဟာ ဦးအောင်ဆန်းရဲ့ မျိုးရိုးအရှိန်အဝါလောက်သာမဟုတ်ဘဲ ဟန်ဆောင်ခြင်းကင်းတဲ့ ရိုးသားပွင့်လင်းမှု၊ ဘာမထီ သတ္တိကောင်းမှု၊ ပြည်သူတွေရဲ့ အကျိုးကို အမြဲထည့်သွင်းစဉ်းစားမှုစတဲ့ အရည်အချင်းတွေကို ဆက်ခံနိုင်ခဲ့တာဖြစ်ပါတယ်။
ဒေါ်စုအနေနဲ့ ဦးအောင်ဆန်းရဲ့ ကောင်းမွေတွေကိုသာ ဆက်ခံခဲ့တာမဟုတ်ပါဘူး။ ဆိုးမွေတွေကို တာဝန်ခံပြောင်းလဲဖို့လည်း လုပ်ဆောင်ခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ ဦးအောင်ဆန်းတည်ထောင်ခဲ့တဲ့ စစ်တပ်ကို ပြောင်းလဲပြီး ပြည်သူတွေ ချစ်ခင်တန်ဖိုးထားရတဲ့ စစ်တပ်ဖြစ်လာဖို့ ကြိုးစားအားထုတ်ခဲ့တာပါ။ တချိန်တည်းမှာ ဦးအောင်ဆန်းရဲ့ လက်နက်ကိုင်လမ်းစဉ်က မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးအတွက် အမှန်တကယ် အထောက်အပံ့မဖြစ်ခဲ့တဲ့အပြင် ဖက်ဆစ်စရိုက်၊ စစ်ဝါဒနဲ့ လူမျိုးကြား အကွဲအဟတွေကို ဖြစ်ပေါ်ခဲ့တယ်ဆိုတာကို ဒေါ်စုအနေနဲ့ သင်ခန်းစာယူခဲ့ပါတယ်။ ဒါကြောင့် ပြင်ပအင်အားကို မှီခိုရတဲ့ လက်နက်ကိုင်လမ်းစဉ်အစား ပြည်သူ့အင်အားကို အခြေပြုတဲ့ အကြမ်းမဖက်လမ်းစဉ်ကိုသာ ဒေါ်စုအနေနဲ့ အစဉ်အဆက် လျှောက်လှမ်းခဲ့ပါတယ်။ ဒါကိုကြည့်ရင် ဒေါ်စုအနေနဲ့ ပြီးပြည့်စုံသည် မဟုတ်သည့်တိုင်အောင် ဖခင်ဖြစ်သူ ဦးအောင်ဆန်းရဲ့ ဆိုးမွေးကောင်းမွေတွေကို အကောင်းဆုံးဆက်ခံခဲ့တယ်ဆိုတာကို တွေ့နိုင်ပါတယ်။
တခါပြန်ပြီး ဒေါ်စုကို ဆက်ခံသူတွေရဲ့ အခြေအနေကို ကြည့်ရအောင်ပါ။ ဒေါ်စုရဲ့ အခြေခံအတွေးအခေါ်ဖြစ်တဲ့ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းခြင်း”၊ “စိတ်တွင်းမှ တော်လှန်ရေး”၊ “အကြမ်းမဖက်လမ်းစဉ်” စတဲ့ ဒေါ်စုစောင့်ထိန်းခဲ့တဲ့ ဓမ္မတွေကို ဘယ်လောက်နားလည်ကျင့်သုံးကြသလဲ။ NLD ပါတီဆိုရင် ဒေါ်စုအမြဲပြောဆိုခဲ့တဲ့ “အပြောင်းအလဲရဲ့ ဗဟိုချက်က ပြည်သူဖြစ်တယ်”ဆိုတဲ့ စကားကို လျစ်လျူရှုပြီး ဒေါ်စုထွက်လာမှပဲ ဆုံးဖြတ်ချက်တွေ၊ လှုပ်ရှားမှုတွေလုပ်ဆောင်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအဆင့်ကနေ ရှေ့မတက်လာပါဘူး။
ဒေါ်စုရဲ့ ဆိုးမွေလို့ ပြောရမယ့် ပါတီတခုလုံးက လူတယောက်ပေါ်မှာပဲ မှီခိုခဲ့တဲ့ အခြေအနေကို ပြောင်းလဲဖို့ ပြည်သူအများက တောင်းဆိုနေကြပေမယ့် ဒီလိုပြောင်းလဲရဲတဲ့ သတ္တိနဲ့ ဆန္ဒမရှိပါဘူး။ ရှက်ဖွယ်ပါပဲ။ NLD ပါတီ အနေနဲ့ နောင်တချိန်မှာ သမိုင်းပျောက်ဆုံးခဲ့မယ်ဆိုရင် ဒါက စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတခုတည်းကြောင့်မဟုတ်ဘဲ ပါတီတွင်း ချည့်နဲ့ယိုယွင်းမှုကလည်း အဓိက အချက်တခု ဖြစ်ပါလိမ့်မယ်။
တဖန် တော်လှန်ရေးကို ဦးဆောင်တယ်ဆိုတဲ့ CRPH/NUG တို့ဟာလည်း ဒေါ်စုကြောင့် ရရှိခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲထောက်ခံမှုကို ကိုင်စွဲကာ မိမိတို့သာ ခေါင်းဆောင်သင့်တယ်ဆိုပြီး ငြင်းခုန်တဲ့အဆင့်ကနေ ရှေ့တက်မလာခဲ့ပါဘူး။ ဒေါ်စု တားမြစ်ခဲ့တဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရုံသာမက လက်နက်ကိုင်လမ်းစဉ်ရဲ့ နောက်ဆက်တွဲတွေကို ကြိုတင်ဆင်ခြင်တာ၊ တာဝန်ခံမှုရှိရှိ ဦးဆောင်မှုပေးတာကိုလည်း မတွေ့ရပါဘူး။ ဒေါ်စုကတော့ မှန်ကန်တာကို ရဲရဲဝံ့ဝံ့ရပ်တည်ဖို့ပြောပေမယ့် NUG ခေါင်းဆောင်တွေကတော့ လူအများအကြိုက်အပေါ် ဆန့်ကျင်တဲ့အရာကို မတွေးရဲ၊ မပြောရဲ၊ မလုပ်ရဲဘူးဆိုတာ သူတို့ရဲ့ အင်တာဗျူးတွေမှာ အကြိမ်ကြိမ်တွေ့ရမှာပါ။ သူတို့ရဲ့ စဉ်းစားမှုတွေမှာ ဒေါ်စုရဲ့ စံနှုန်းအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ထက် ဒေါ်စုကို ရုပ်ပြအနေနဲ့ ပုံဖော်ပြီး ထောက်ခံမှု ရယူဖို့၊ တနည်းပြောရရင် ဒေါ်စုရဲ့ သြဇာကို အမွေခွဲဖို့လောက်ပဲ ကြိုးစားနေကြတာပါ။
ဒေါ်စုအာဏာရခဲ့စဉ်မှာ ရိုဟင်ဂျာအရေးနဲ့ တခြားသော လူမျိုးစုတွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးမှာ ချို့ယွင်းချက်တွေ ရှိခဲ့ပါတယ်။ ဒီလိုမျိုး ဆိုးမွေတွေကို ဘယ်လိုမျိုး တာဝန်ခံကုစားမလဲဆိုတာ NUG ဆက်ခံသူတွေမှာ စဉ်းစားချက်မရှိပါဘူး။ လက်ရှိမှာတွေ့မြင်ရတာက ဟိုအဖွဲ့နဲ့ တွေ့ရင် တမျိုး၊ ဒီအဖွဲ့နဲ့တွေ့ရင် တမျိုးဆိုတဲ့ အကျိုးစီးပွားအခြေခံစဉ်းစားမှုတွေသာရှိပြီး မူဝါဒနှုန်းစံနဲ့ ရေရှည်အစီအမံတွေ ကင်းမဲ့နေပါတယ်။ ဒါကိုကြည့်ရင်လည်း NUG ဟာ ဒေါ်စုရဲ့ အတွင်းတော်လှန်ရေး၊ လွတ်လပ်မှုနဲ့ သတ္တိရှိမှု စံနှုန်းတွေ ကင်းကွာနေပြီး အကြောက်တရားအပြည့်နဲ့ ပြင်ပအမှီအခိုတွေ ရအံ့နိုးနိုး မှီခိုမျှော်လင့်နေရတဲ့အဖြစ်က သနားစရာပါပဲ။
ဒေါ်စုရဲ့ နိုင်ငံရေးသြဇာအရှိန်အဝါတွေကို ဆက်ခံချင်တာက နိုင်ငံရေးအစုအဖွဲ့တွေသာ မဟုတ်ဘဲ ဆိုရှယ်မီဒီယာ အင်ဖလူရန်ဆာတွေလည်း ပါပါတယ်။ သူတို့တွေအများစုက အမေစုနဲ့ ဘယ်လိုနီးစပ်ခဲ့တယ်၊ အမေစုထိ ဓားပွင့်သွားမယ်ဆိုတဲ့ သည်းခြေကြိုက် ဇာတ်ကြောင်းတွေနဲ့ လူထုထောက်ခံမှုကို ရယူနေတာဆိုရင် တချို့ဆို တော်တော်လေး ကြီးပွားအောင်မြင်နေကြပါပြီ။ သူတို့တွေအနေနဲ့ ဒေါ်စုရဲ့ ဓမ္မတွေကို ဆင်ခြင်သုံးသပ်ဖို့၊ ဒေါ်စုရဲ့ အဆုံးအမတွေကို နားလည်ဖို့ ကြိုးစားအားထုတ်တာတော့ မတွေ့ရပါဘူး။ အခြေခံကျတဲ့ မတူကွဲပြားမှုတွေကို အကျေအလည်နားထောင်ဆွေးနွေးတဲ့ ဒီမိုကရေစီရည်မှန်းချက်ကိုတောင် သူတို့တွေက နားလည်ဟန်မတူပါဘူ။ မတူညီမှုတွေရှိလာတိုင်း တတိယအဖွဲ့၊ ဒလန်၊ သူလျှို စသဖြင့် အမျိုးမျိုး တံဆိပ်ကပ်နာမည်ဖျက်ပြီး အုံလိုက်ကျင်းလိုက် တိုက်ခိုက်ကြပါတယ်။ အမေစုကို ကာဗာယူပြီးလုပ်နေတဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက အမေစုမျက်နှာ အိုးမည်သုတ်နေတာပါပဲ။
Freedom Fighter အနေနဲ့က ပြီးခဲ့တဲ့ ငါးနှစ်မှာ အကြမ်းမဖက်လမ်းစဉ်ကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်ခဲ့တဲ့ခရီးလမ်းမှာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုထက်ပိုပြီး အတွင်းဓမ္မတွေကို ဆင်ခြင်လေ့လာတဲ့လူတွေ၊ အဖွဲ့အစည်းတွေ နည်းပါးလှတာကို သတိပြုမိပါတယ်။ တကယ်လို့ မြန်မာနိုင်ငံအတွက် အကြမ်းမဖက်ဆိုင်ရာ အထင်ကရ ခေါင်းဆောင်တွေကို ပြပါဆိုရင်တောင် ဒေါ်စုထက်ပိုပြီး နောက်ထပ်တယောက်ကို ပြသဖို့ ခက်ခဲလှပါတယ်။ Freedom Fighter အနေနဲ့ကတော့ ဒေါ်စုရဲ့ နိုင်ငံရေးအရှိန်အဝါလုပွဲကို ပါဝင်ပတ်သက်ဖို့ စိတ်မဝင်စားဘဲ ဒေါ်စုရဲ့ရည်မှန်းချက်ဖြစ်တဲ့ သတ္တိရှိ၊ ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းကို အကြမ်းမဖက်နည်းလမ်းနဲ့ တည်ဆောက်ဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ ဒီကွက်လပ်ကို အတူတကွ ဖြည့်ဆည်းချင်တဲ့ ဒေါ်စုရဲ့ ဓမ္မကို လေ့လာလျှောက်လှမ်းလိုသူတွေ၊ NLD ပါတီဝင်တွေနဲ့ တခြားသော မည်သည့်အင်အားစုနဲ့မဆို ပူးပေါင်းသွားဖို့ အမြဲကြိုဆိုပါတယ်။
အချုပ်အားဖြင့်တော့ ဒေါ်စုကို ဆက်ခံဖို့ ကြိုးစားနေတဲ့သူတွေမှာ ‘မွေခံထိုက်’ တဲ့သူတွေကို မတွေ့ရဘဲ ဒေါ်စုရဲ့သြဇာကို အသုံးချဖို့ အမွေလုနေကြတဲ့ အရှုပ်တော်ပုံကြီးကိုပဲ တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒေါ်စုအနေနဲ့ ရန်သူမျိုးငါးပါးထဲက မင်းဆိုး၊ သူခိုးနဲ့ အမွေခံဆိုး ဆိုတဲ့ ရန်သူသုံးမျိုးရဲ့ ဒဏ်ကနေ လွတ်မြောက်ပါစေ၊ ချုပ်နှောင်မှုတွေကနေ အမြန်ဆုံးလွတ်မြောက်ပြီး ချစ်ခင်ရတဲ့သူတွေနဲ့ ဆုံတွေ့နိုင်ပါစေ၊ ‘မွေခံထိုက်သူ’ တွေ အင်တိုက်အားတိုက်ပေါ်လာပြီး ဒေါ်စုဖြစ်ချင်တဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။