ဘုံရန်သူဆို ဂျိုနဲ့လားဗျို့

ဘုံရန်သူကို တိုက်ကြမယ်ဆိုရင် ဘုံရန်သူဟာ ဘာလဲ၊ ဘယ်သူလဲဆိုတာကိုတော့ ဂဃနဏသိအောင်လုပ်ဖိုတော့ လိုပါလိမ့်မယ်။

ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်စဥ်ပြီးတဲ့နောက်မှာတော့ ပြည်သူတွေရဲ့ ပါးစပ်ဖျားမှာ ဘုံရန်သူဆိုတဲ့စကားလုံးဟာ ရေပန်းစားလာခဲ့ပါတယ်။ အကြောင်းအရာတစ်ခု၊ လုပ်ရပ်တစ်ခု အပေါ်မှာ အမြင်မတူတဲ့ အဖွဲအစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ဆွေးနွေးကြ ၊ငြင်းခုန်ကြတဲ့အချိန်မှာ ဘုံရန်သူကိုအရင်တိုက်ပြီးမှ ငြင်းကြ ခုန်ကြပါဆိုတာမျိုးတွေ ပြောကြတာမျိုးတွေ ရှိပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲ့ဒီလို အပြောခံခဲ့ရပါတယ်။ ဟုတ်ပြီ…..ဒါဆို ဘုံရန်သူကို တိုက်ကြမယ်။ ဘုံရန်သူကို တိုက်ကြမယ်ဆိုရင် ဘုံရန်သူဟာ ဘာလဲ၊ ဘယ်သူလဲဆိုတာကိုတော့ ဂဃနဏသိအောင်လုပ်ဖိုတော့ လိုပါလိမ့်မယ်။ မြင်အောင်လုပ်ဖိုတော့ လိုပါလိမ့်မယ်။ အဲဒီလို သိအောင်၊မြင်အောင်လုပ်တာဟာ ပထမအဆင့်ဖြစ်ပြီး ဒုတိယအဆင့်ဖြစ်တဲ့ ဘုံရန်သူဆိုတာကို တိုက်ထုတ်ကြရမှာပါ။ ဒါဟာ တော်လှန်ရေးရဲ့ အဓိကကျတဲ့ အတွေးအခေါ် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ဒီဆောင်းပါးမှာ ဘုံရန်သူဟာ ဘာလဲ။ ဘုံရန်သူကို ဘယ်လိုတိုက်မလဲဆိုတဲ့အကြောင်းကို ယေဘုယျရှင်းလင်းပေးသွားမှာဖြစ်ပါတယ်။

(၁) ဘုံရန်သူဆိုတာ ဘယ်သူလဲ။ ဘာလဲ။

ဘုံရန်သူဆိုတာ ဘာလဲ ဘယ်သူလဲဆိုတာကို အရင်မဆွေးနွေးခင်မှာ စာဖတ်သူအနေနဲ့ ကိုယ့်ကိုကိုယ်ပြန်ပြီး မေးခွန်းထုတ်ကြည့်စေချင်ပါတယ်။ ဘုံရန်သူဆိုတာ မင်းအောင်လှိုင်လေကွာလိုတော့ ပြီးစလွယ်မဖြေစေချင်ပါဘူး။ ဒါဆိုရင် စစ်အုပ်စုကွာလို ပြောရင်လည်း မပြည့်စုံသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းအောင်လှိုင်မရှိတော့ရုံနဲ့ စစ်အုပ်စုမရှိတော့ရုံနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှာမဟုတ်ပါဘူး။ ဗမာ့သမိုင်းမှာ ငကန်းသေပြီး ငဆွေပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေ ကြိမ်ဖန်များစွာ ဖြစ်ခဲ့ ကြုံခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။အာဏာရှင်ပြုတ်ကျပြီး နောက်ထပ် အာဏာရှင်ပေါ်လာတာမျိုးကို ဆိုလိုပါတယ်။ ဥပမာ- လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တုန်းက အတွေးအမြင်နဲ့ သဘောတရားရေးရာ(ideology ) ကောင်းကောင်းမတည်ဆောက်နိုင်ခဲ့တဲ့အတွက် အဂ်လိပ်နဲ့ ဂျပန်ကို တလှည့်စီတိုက်ပြီး ရလာတဲ့လွတ်လပ်ရေးကို အာဏာရှင်အစိုးရဆီကို လွှဲပေးခဲ့ရတဲ့ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။ ရှစ်လေးလုံး လူထုအရေးတော်ပုံမှာလည်း အာဏာရှင်တစ်ယောက်ပြုတ်ကျပြီး နောက်ထပ်အာဏာရှင်တစ်ယောက် ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ ဟုတ်ပြီ ဘုံရန်သူဆိုတာ လူတစ်ဦးတစ်ယောက် အစုအဖွဲတစ်ခုထဲကို ရည်ညွှန်းတာမဟုတ်ရင် ဘာကို ရည်ညွှန်းသလဲဆိုတော့ စစ်အာဏာရှင်ကို အထောက်အပံ့ပြုနေတဲ့ အတွေးအခေါ်၊ အပြုအမူ၊ အသိအမြင်တွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ အာဏာရှင်ကို ကျားကန်ပေးနေတဲ့ အတွေးအခေါ် အပြုအမူ အကျင့်စရိုက်တွေနဲ့ အတွေးအခေါ်တွေကမှ တကယ့်ဘုံရန်သူအစစ်ပါ။ယေဘုယျအနေနဲ့ ပြောရမယ်ဆိုရင်-လူမျိုးကြီးဝါဒကို စွဲကိုင်ထားတဲ့ အတွေးအခေါ် အပြုအမူ အသိအမြင်တွေ-လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သိုမဟုတ် အဖွဲ့အစည်းတစ်ခုကို မျက်စိမှိတ်ယုံပြီး ကိုးကွယ်မှုတွေ-လွတ်လပ်စွာတွေးခေါ် မှု ပြောဆိုဝေဖန်မှုတွေကို ပိတ်ပင်ခြင်းတွေ-လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ (ကျောင်းသား၊ လုပ်သား၊ အရပ်ဘက်) ဒီမိုကရက်တစ်အင်အားစုတွေကို အားနည်းအောင်လုပ်ခြင်းမျိုးတွေ-လူနည်းစုအခွင့်အရေးအပေါ် လစ်လျူရှုပြီး ဖိနှိပ်မှုတွေ-ဘာသာရေးကို ခုတုန်းလုပ်ပြီး နိုင်ငံရေးအပေါ်အမြတ်ထုတ်မှုတွေ၊ ဘာသာရေးတခုနဲ့တခု အကြား အကြောက်တရား၊ အမုန်းတရားလွှမ်းမိုးအောင် လုပ်တာတွေဒါတွေဟာ စစ်အာဏာရှင်ကို အထောက်အပံ့ပြုနေနဲ့ အခြေခံအကျဆုံးသော အတွေးအခေါ် အသိအမြင်တွေပဲ ဖြစ်ကြပြီးတော့ စစ်တပ်ထဲမှာလည်း အဲ့ဒီအတိုင်း ဖိနှိပ်ကျင့်သုံးနေခဲ့ ကျင့်သုံးနေစဲ ဖြစ်ပါတယ်။ ဒီအတွေးအခေါ်တွေ လုပ်ရပ်တွေကသာလျင် တကယ့်ဘုံရန်သူ စစ်စစ်ဖြစ်ပါတယ်

(၂) ဘုံရန်သူကို ဘယ်လိုတိုက်မလဲ

အာဏာရှင်လက်အောက်မှ လွတ်မြောက်ခြင်းကိစ္စသည် ပြည်သူလူထုက မိမိဘာသာ လွတ်မြောက်အောင် လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်းဆိုတဲ့ အချက်ပေါ်မှာ မူတည်တယ်လို ဂျင်းရှပ်(Gene Sharp)က ပြောဖူးပါတယ်။ အာဏာရှင်စနစ် ခြေကုတ်မြဲစေမယ့် အတွေးအခေါ်တွေဟာ ကျနော်တို့အများရဲ့ ဦးနှောက်ထဲမှာ တည်ရှိနေပါတယ်။ ပမာဏ အနည်းအများသာ ကွာပါလိမ့်မယ်။ ကျနော်တို့အများစုဟာ အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေထဲက အနည်းဆုံး တစ်ချက်ကို ကျူးလွန်ခဲ့(သို့မဟုတ်) အကျူးလွန်ခံခဲ့ကြရပါတယ်။ ဒါဟာ ဘာဖြစ်လိုလဲဆိုတော့ ကျနော်တို့ဆီမှာ(သို့မဟုတ်) ကျနော်တို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ဒီအတွေးအခေါ်တွေ ရှိနေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အထင်ရှားဆုံးကတော့ ပြီးခဲ့တဲ့ ရခိုင်အရေးအခင်းလိုမျိုး ၊ နောက်တိုင်းရင်းသားတွေကို ဖိနှိပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်တွေမှာ ကျွန်တော်တို့ ပြည်သူလူထုက စစ်တပ်ကို အားပေးတာ ၊ ဒါမှမဟုတ် မမြင်ချင်ယောင်ဆောင်ပြီး မျက်စိမှိတ်နေပေးခဲ့တာရှိပါတယ်။ စစ်အာဏာရှင်ဟာကျနော်တိုကို ပုံဖျက်ထားတဲ့ ဂျင်းအပြည့်ထည့်ထားတဲ့ ပညာရေးကို စားသုံးခိုင်းတယ်။ လူမျိုးကြီးဝါဒကို အခြေခံတဲ့ ဘာသာရေး လူမှုရေး လူမျိုရေးတွေနဲ့ ကြီးပျင်းစေခဲ့တယ်။ စစ်အာဏာရှင်တွေဟာ ကျနော်တို့ခေါင်းတွေထဲကို ဒါတွေ ရိုက်သွင်းခဲ့တာ နှစ်ပေါင်း (၆၀)ဝန်းကျင် ရှိပြီ ဖြစ်ပါတယ်။ နှစ်ပေါင်း (၆၀)ကျော် မှိုင်းရိုက်ခံထားရတဲ့ ကျနော်တို့ ဦးနှောက်တွေကို ကျနော်တို့ အချင်းချင်းပဲ ဝိုင်းဝန်း ဖေးမပြီး သန့်ရှင်းကြရပါမယ်။ဒါဟာ ဘုံရန်သူကို တိုက်ထုတ်နည်းပဲ ဖြစ်ပါတယ်။စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းဖိုဆိုရင် စစ်အာဏာရှင်ဆိုတဲ့ အပင်ပေါက်မလာစေဖိုအတွက် ဒီအတွေးအခေါ်၊ လုပ်ရပ်၊ အသိအမြင်မျိုးစေ့တွေကို ဖယ်ရှားထားမှ ဖြစ်ပါမယ်။ဒီအတွေးအခေါ်တွေ အသိအမြင်တွေ ရှိလာပြီဆိုရင် ကျနော်တို တော်လှန်ရေးဟာ အခြေခိုင်သွားပြီလို ပြောလို့ရပါတယ်။ တော်လှန်ရေး သန္ဓေမှန်သွားပြီလို ပြောလို့ရပါတယ်။အာဏာရှင်စနစ် စစ်ကျရှုံးသွားပြီးတဲ့နောက်မှာ လွတ်လပ်တဲ့ တိုးတက်တဲ့ တန်းတူညီမျှတဲ့ လူဘောင်သစ်ဟာ ချက်ချင်းဆိုသလိုပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ အာဏာရှင်စနစ် ကျရှုးသွားချိန်ဟာ နောက်ထပ်လုပ်ငန်းစဥ်တစ်ခု စတင်ရန် အချိန်ရောက်ရှိလာခြင်းလို မှတ်ယူရပါမယ်။အာဏာရှင်စနစ်ကျရှုံးရေးတစ်ခုတည်းကသာ ကျနော်တို့ရဲ့ အန္တိမ ရည်ရွယ်ချက် မဖြစ်သင့်ပါ။လွတ်လပ်တဲ့ တန်းတူညီမျှရှိတဲ့ ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းပေါ်ပေါက်လာရေးဟာသာလျှင် ကျနော်တိုရဲ့ အန္တိမ ရည်ရွယ်ချက်ဖြစ်သင့်ပါတယ်။ရောက်လာမယ့်အနာဂတ်အတွက် ကျနော်တို့ဟာ အခုချိန်ကတည်းက လေ့ကျင့်ထားကြရပါမယ်။ ကျင့်ကြံထားကြရပါမယ်။ အားထုတ်ထားကြရပါမယ်။လွတ်လပ်ရေးကို လိုချင်တယ်ဆိုရင် လွတ်လပ်ရေးရပြီးတဲ့ ကာလမှာ ကျင့်ကြံရမယ့် တရားတွေကို လွတ်လပ်ရေးမရခင်မှာ ပျိုးထောင်ထားရပါမယ်။ အဲ့ဒီတော့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့တော်လှန်ရေးမှာ ဖက်ဒရယ်ဒီမိုကရေစီကို ဥပါဒ် ဖြစ်စေမယ့် စစ်အစိုးရက ရိုက်သွင်းခဲ့တဲ့ ဝါဒမှိုင်းတွေမိနေတဲ့ ကျနော်တိုရဲ့ အတွေးအခေါ် အပြုအမူ အသိအမြင် လုပ်ဆောင်ချက်တွေကို ဒီနေ့ကစပြီး ပြောင်းလဲ ကြရတော့မှာပါ။ ဘုံရန်သူကို ဒီနေ့ကစပြီး တော်လှန်ကြရတော့မှာပဲ ဖြစ်ပါတယ်။

(ကိုးကား- From Dictatorship To Democracy “ Gene Sharp” )

မြကွန်း(Freedom Fighter)

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်