ဝမ်းနည်းပြီးရင် ဘာဆက်လုပ်ကြမလဲ

လူထုလှုပ်ရှားမှုတွေ၊ သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းခံရတဲ့အခါ၊ အပြစ်မဲ့ပြည်သူတွေသတ်ဖြတ်ခံရတဲ့အခါ မခံမရပ်နိုင်အောင် ခံပြင်းဝမ်းနည်းကြရပါတယ်။ ဒါပေမယ့် စိတ်ခံစားချက်သက်သက်သာမကပဲ တော်လှန်ရေးအတွက် ဘာဆက်လုပ်ကြမလဲဆိုတာကို တခါတည်းစဉ်းစားနိုင်ဖို့အတွက် နည်းလမ်းများကို အကြံပြုလိုပါတယ်။

ကျွန်တော်တို့ ကြည့်မြင်တိုင်သပိတ်ဖြိုခွဲသတ်ဖြတ်မှုတွေ၊ ဆားလင်းကြီးမှာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တဲ့ အကြောင်းအရာတွေကို တွေ့ရတဲ့သူတိုင်း ဝမ်းနည်းမဆုံးဖြစ်ကြရလိမ့်မယ်လို့ ယူဆပါတယ်။ လူသားဆန်တဲ့လူတိုင်းပေါ့။ ဒီလိုဝမ်းနည်းဖြစ်ကြမယ့်လူတွေက တနိုင်ငံလုံးရဲ့ အကြမ်းဖြင်း ၇၀-၈၀ ရာခိုင်နှုန်းအထက် ရှိကြမယ်လို့ထင်ပါတယ်။ ကျန်တဲ့သူတွေကတော့ အာဏာရှင်တွေ၊ အာဏာရှင်လက်ပါးစေတွေ၊ စိတ္တဇလူသတ်သမားတွေ၊ ဘယ်သူသေသေငတေမာရင်ပြီးကောဆိုသူတွေနဲ့ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်မရှိအောင် ပုံသွင်းထားခြင်းခံရသူတွေ၊ မဘသ အစွန်းရောက်တွေ ဖြစ်ပါလိမ့်မယ်။

အဲဒီတော့မှန်းကြည့်လို့ရတာက သန်း၄၀အထက်ရှိတဲ့ ပြည်သူတွေက အာဏာရှင်စနစ်ကို မကြိုက်ဘူး။ ဖိနှိပ်မှုတွေကို အဆုံးသတ်စေချင်တယ်။ လူငယ်တွေ၊ ကလေးတွေ၊ ပြည်သူတွေ တရက်ထက်တရက် သေဆုံးကြရတာကို မကြိုက်ပါဘူး။ လက်ရှိဖြစ်နေတဲ့ တိုင်းပြည်ရဲ့ အမှောင်ကာလကိုလည်း ကျော်ဖြတ်ပြီး လွတ်လပ်အေးချမ်းတဲ့ အနာဂတ်တခုကို တန်းတကြမှာပါပဲ။ ဒါပေမယ့် ဆုတောင်းရုံလောက်နဲ့တော့ အပြောင်းအလဲဖြစ်စေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တတွေ ရှေ့ဆက် ဘာဆက်လုပ်ကြမလဲ ဆိုတာကပဲ တော်လှန်ရေးဘယ်လိုအောင်ပွဲခံစေမလဲ။ ဒီလိုမျိုးထပ်ပြီးကြွေလွင့်ရမယ့် လူငယ်တွေ၊ ပြည်သူတွေကို ဘယ်လောက်အထိအခိုက်နည်းစေမလဲဆိုတာကို အဆုံးအဖြတ်ပေးမှာပါ။

ဒါကြောင့် အခုလိုအချိန်မှာ အားလုံးပဲ ခံစားချက်များကြမယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းပူဆွေးပြီးရင် ဘာဆက်လုပ်ကြမလဲဆိုတာကို တခါတည်း စဉ်းစားနိုင်ဖို့အတွက် Freedom Fighter မှ ပါဝင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းများကို ပြောပြလိုပါတယ်။

၁။ ဆိုရှယ်မီဒီယာတွင် ခံစားချက်များ ထုတ်ဖော်ခြင်း

အခု Newsfeed မှာတွေ့နေရတဲ့ အတိုင်း စကစကို ဆဲမယ်။ ဝမ်းနည်းကြောင်း Post တွေတင်မယ် (ကျွန်တော်တို့လည်း ရံဖန်ရံခါတင်တတ်ပါတယ်)။ ခံစားချက်တွေ ဖွင့်ဟကြမယ်။ အထေ့အငေါ့တွေပြောကြမယ်။ လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ။ တစ်ရက်နှစ်ရက် အလွန်ဆုံးသုံးရက်ပြီးသွားရင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပါပဲ။ ဒီနည်းလမ်းက ငါတို့လုပ်နိုင်သလောက် ဆိုရှယ်မီဒီယာက လုပ်ပြီးပြီလို့ ဖြေသိမ့်ရုံ၊ ကိုယ်ကိုကို အပြစ်တင်မှု သက်သာစေရုံ လောက်ပဲဖြစ်မှာပါ။ တော်လှန်ရေးအတွက် အကျိုးများများစားစား မရှိတဲ့အပြင် လူတွေရဲ့ အင်အားကို ဒီထဲမှာ အများကြီးကုန်သွားတော့ ဆိုးကျိုးများတယ်လို့တောင် ဆိုရမှာပဲ။

၂။ လက်နက်ကိုင်လမ်းစဉ်

လက်ရှိမှာလည်း တွေ့နေရပါတယ်။ အခုလိုမျိုး ခံစားချက်ပြင်းထန်ကြတဲ့အချိန်မှာ စကစကို အမြစ်ဖျက်အနိုင်ယူဖို့ လက်နက်ကိုင်လမ်းစဉ်သည်သာ တခုသောနည်း ဆိုပြီးပြောကြတာပေါ့။ ဒီလူတွေကိုယ်တိုင်ကတော့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေတဲ့သူ မဟုတ်တာများပါတယ်။ ဒါသူတို့ကို အပြစ်ပြောတာမဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးက အတားအဆီးအများကြီးကို ဖြတ်ကျော်နိုင်မှ ပါဝင်လို့ရတာကြောင့် ပုံမှန်အားဖြင့် လူအနည်းစုကပဲ ပါဝင်နိုင်ပါတယ်။ ဒါကတော့ လက်နက်ကိုင်တော်လှန်ရေး၏ အဓိက အားနည်းချက်ပါပဲ။ သာမာန်ပြည်သူတွေအနေနဲ့ အခုလိုမျိုး ထောက်ပံ့ရုံ၊ အားပေးရုံပဲ လုပ်လို့ရတာများပါတယ်။ ဒီလိုနည်းနဲ့ ရှေ့ဆက်သွားတဲ့အခါ လက်နက်ကိုင်တော်လှန်ရေးက ပြည်သူနဲ့ ကင်းကွာလာနိုင်တဲ့ ပြဿနာရှိပါတယ်။ ဒါကြောင့် ဘယ်လိုပဲ လေ့လာမှုတွေလုပ်လုပ် လက်နက်ကိုင်တော်လှန်ရေးအနေနဲ့ လက်ရှိလူအင်အား၊ လက်နက်အင်အား၊ ဖွဲ့စည်းပုံ၊ နိုင်ငံတကာ မူဝါဒ စတာတွေကို ထောက်ရှုရင် စကစကို အနိုင်ယူဖို့နဲ့ ပြည်တွင်းစစ်လိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ကာကွယ်တားဆီးဖို့ အများကြီး ပြင်ဆင်လုပ်ဆောင်ရဖို့ ရှိသေးတယ်လို့ပဲ တွေ့ရမှာပါ။ တကယ်လို့ မိမိအနေနဲ့ ပါဝင်ဖို့ အရည်အချင်းပြည့်မီတယ်။ ယုံကြည်ချက်၊ ရပ်တည်ချက်ခိုင်မာတယ်ဆိုရင် အထဲကဖြစ်လာနိုင်တဲ့ အကျိုးအပြစ်တွေကို သေချာနားလည်အောင် လေ့လာပြီး ရွေးချယ်စေချင်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်သည် မြန်မြန်ဆန်ဆန်ပြီးဖို့ထက် ကာလလတ် ၊ ကာလရှည်အထိ ကြာမြင့်သွားဖို့ အလားအလာများပါတယ်။

။ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်း

ဒါကတော့ လက်ရှိမြန်မာ့နိုင်ငံရေးသမားအများစု လက်ခံထားတဲ့ အကြမ်းမဖက်တော်လှန်ရေးလမ်းစဉ်ဖြစ်ပါတယ်။ အကြမ်းမဖက်လို့ပြောလိုက်ရင် ပြည်သူတွေက လမ်းပေါ်တက်တောင်းဆို၊ သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေကို ထောက်ခံရုံ၊ အားပေးရုံပဲ။ ကျန်တာက နိုင်ငံရေးသမားတွေက နိုင်ငံရေးလမ်းကြောင်းမှာ ဆက်လုပ်ဆိုပြီး ထင်ကြပါတယ်။ ဒီအယူအဆကြောင့်ပဲ တချို့တွေက အကြမ်းမဖက်တော်လှန်ရေးကို လမ်းလျှောက်ဆန္ဒပြပွဲ (သို့မဟုတ်) စေ့စပ်ရေးလမ်းစဉ်ဆိုပြီး မြင်သွားတာရှိပါတယ်။ ပြည်သူတွေတချို့ထင်ကြတာက ၈၈ မှာရှုံးနိမ့်ရခြင်းက စေ့စပ်ရေးလမ်းကြောင်းလို့ပြောပါတယ်။ ကျွန်တော်တို့အမြင်မှာတော့ ၈၈အရေးအခင်း အဆုံးထိမအောင်မြင်ခဲ့ရတာက အကြမ်းမဖက်နိုင်ငံရေးနည်းလမ်းတခုတည်းကို အလွန်အကျွံမှီခိုပြီးတော့ လူထုအင်အားမပါလာလို့ပါ။

လက်ရှိမှာလည်း နိုင်ချင်ရင် NUG / CRPH/ PDF အပေါ်ကို ထောက်ခံနေဖို့ပဲလိုတယ်။ ကျန်တာ အဲဒီအင်အားစုတွေ၊ ခေါင်းဆောင်တွေ လုပ်သွားမှာပါဆိုတဲ့ပေါ်မှာ အခြေခံတယ်ဆိုပြီး တွေးကြတာများပါတယ်။ တစတစ ကယ်တင်ရှင်ဖြစ်လာတဲ့ နိုင်ငံရေးအီလစ်တွေလက်ထဲမှာပဲ တော်လှန်ရေးအနာဂတ်ကို ပုံအပ်ထားတာဖြစ်လို့ လူထုရဲ့အင်အားကို အမှန်တကယ် အသုံးပြုနိုင်စွမ်းနည်းတယ်။ အောင်မြင်နိုင်ခြေနည်းပြီး အောင်မြင်သည့်တိုင် ခေါင်းဆောင်တွေကို အထိန်းအကျောင်းမလုပ်နိုင်တဲ့အခါမှာ ကယ်တင်ရှင်တွေက သိပ်မကြာခင် အာဏာရှင်ဖြစ်နေပြန်တတ်တယ်။ ဒီအခြေအနေကိုတော့ ကျွန်တော်တို့အနေနဲ့ နောက်ထပ်ပြောမယ့် အကြမ်းမဖက်လူထုတော်လှန်ရေးနည်းနဲ့ ထိန်းကျောင်းဖို့လိုပါတယ်။

၄။ အကြမ်းမဖက် လူထုတော်လှန်ရေး

အကြမ်းမဖက်လူထုတော်လှန်ရေးဆိုတာကတော့ လူထုအင်အားတည်ဆောက်ရေးနှင့် အာဏာရှင်စနစ်တိုက်ဖျက်ရေးကို တစ်ပြိုင်နက်လုပ်ဆောင်တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ ပြည်သူတွေအနေနဲ့ မိမိတို့သည် တော်လှန်ရေး၏ ဗဟိုချက်လို့ ရှုမြင်ကြတယ်။ မိမိတို့၏ ရပ်တည်ချက်၊ ယုံကြည်ချက် ခိုင်မာအောင် အစဉ်အမြဲကြိုးစားနေတယ်။ မိမိတို့ဆိုင်ရာဆိုင်ရာ အစုအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားတယ်။ ခေါင်းဆောင်တွေကို ထောက်ခံပေမယ့် မကိုးကွယ်ဘူး။ အပြန်အလှန်တာဝန်ယူမှု၊ အပြန်အလှန်တာဝန်ခံမှုနဲ့ ထိန်းကျောင်းသွားတယ်။ ဒီနည်းလမ်းကို စနစ်တကျအသုံးပြုတည်ဆောက်သွားရင် လက်ရှိစစ်အာဏာရှင်စနစ်အပြင် နောင်ဖြစ်လာမယ့် အာဏာရှင်စနစ်အမျိုးမျိုး၊ ဖိနှိပ်မှုအမျိုးမျိုးကို လူထုကိုကိုယ်တိုင်ဖြေရှင်းအနိုင်ယူသွားနိုင်မှာဖြစ်ပါတယ်။

ပြန်ပြီး သုံးသပ်စေချင်ကတော့ အပေါ်က နည်းသုံးနည်းမှာ ကိုယ်ဘယ်လောက်ပါဝင်နိုင်မလဲစဉ်းစားကြည့်ပါ။ အများစုက ပါဝင်နိုင်ဖို့ နည်းပါတယ်။ ပရိသတ်လိုမျိုး နောက်ကနေ ထောက်ခံပေးတာ၊ ကူညီပံ့ပိုးပေးတာလောက်ပဲ လုပ်လို့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လူထုရဲ့ အင်အားကို ထိထိရောက်ရောက်အသုံးပြုဖို့ အကန့်အသတ်များစွာရှိလို့ပါပဲ။

Freedom Fighter အနေနဲ့ကတော့ ပြည်သူတွေကို ဘယ်နည်းလမ်းကိုပဲရွေးချယ်ရမယ်လို့ မပြောပါဘူး။ ပြီးတော့လူထုအနေနဲ့ “အကြမ်းမဖက်”လမ်းစဉ်ကို အယုံအကြည်အားနည်းလျက်ရှိတာကို နားလည်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ သင့်အနေနဲ့တော်လှန်ရေးမှာ ထိထိရောက်ရောက်ပါဝင်ချင်တယ်ဆိုရင် အကြမ်းမဖက်လူထုတော်လှန်ရေး နည်းလမ်းမှာ ပါဝင်လုပ်ဆောင်နိုင်တာတွေ၊ လုပ်ဆောင်စရာတွေ အများကြီးရှိနေပါတယ်ဆိုတာကို သတင်းစကားပါးချင်ပါတယ်။

ဒီဆောင်းပါးဖတ်ပြီး စိတ်ဝင်စားတယ်ဆိုရင် အကြမ်းမဖက်လူထုတော်လှန်ရေး လမ်းစဉ်နဲ့ပက်သက်ပြီး ကျွန်တော်တို့နဲ့အတူလေ့လာဖို့ ၊ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ အချိန်တခုပေးပြီး လေ့လာမယ်ဆိုရင် ဒီအကြမ်းမဖက်လူထုတော်လှန်ရေးက လူတိုင်းပါဝင်နိုင်ပြီး အထိအခိုက် အကျအဆုံး အနည်းဆုံးနဲ့ အနာဂတ်သစ်ကို မလွဲဧကန်ရောက်စေမယ့်လမ်းဆိုတာကို တွေ့ရှိလာမယ်လို့ အာမခံနိုင်ပါတယ်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်