အကြမ်းမဖက်လူထုလှုပ်ရှားမှုရဲ့ အာဏာဖီဆန်မှုဆိုတာ ဘာလဲ။
နှင်းရည်။ ။ကျွန်မတို့ အကြမ်းမဖက်လူထုလှုပ်ရှားမှုအကြောင်းတွေကို အရင်အပတ်တွေက ဆက်တိုက်ဆိုသလို ပြောခဲ့ကြပါတယ်။ အဓိကအားဖြင့်တော့ အကြမဖက်လူထုလှုပ်ရှားမှုတွေရဲ့သဘောတရားတွေ၊ ဖြစ်တန်စွမ်းတွေ၊ လုပ်သင့်လုပ်ထိုက်တဲ့ အကြောင်းပြချက်တွေကို လူထုကိုတင်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ အကြမ်းမဖက်လူထုလှုပ်ရှားမှုကို လူထုကစိတ်ဝင်စားလာပြီ၊ လက်သင့်ခံလာပြီဆိုရင် ဘယ်အကြမ်းမဖက်နည်းလမ်းတွေကို အသုံးချသင့်တယ်၊ ဘယ်လိုအသုံးချသင့်တယ်ဆိုတာကိုလည်း ပြောပြဖို့လိုလာပါတယ်။ ဆိုတော့ကာ ဒီအပတ်မှာတော့ နွေဦးတော်လှန်ရေးရဲ့အဓိကမဏ္ဍိုင်ဖြစ်တဲ့ CDM လှုပ်ရှားမှုနဲ့လည်း ဆက်စပ်တဲ့ အကြမ်းမဖက်နည်းလမ်းတွေထဲက အဓိကနည်းလမ်းတစ်ခုဖြစ်တဲ့ “ အာဏာဖီဆန်မှု” အကြောင်းကို ဆွေးနွေးကြည့်ကြရအောင်ရှင်။
သီဟ။ ။ဟုတ်ကဲ့။ ဒါလည်း ဆွေးနွေးသင့်တဲ့အကြောင်းပါပဲ။ ဘယ်အုပ်ချုပ်သူအစိုးရမဆို ပြည်သူလူထုရဲ့အမိန့်နာခံမှုမရှိဘဲ အုပ်ချုပ်လို့မရပါဘူ။ အဲဒါကြောင့်လည်း အမိန့်နာခံမှုဆိုတာ နိုင်ငံရေးအာဏာရဲ့ နှလုံးသားလို့ပြောကြတာပေါ့။ ကောင်းပြီ။ ကျွန်တော်တို့အနေနဲ့ အုပ်ချုပ်သူအစိုးရရဲ့ အမိန့်ကိုမနာခံတော့ဘဲ အာဏာဖီဆန်တော့မယ် ဒါမှမဟုတ် လူထုကို အာဏာဖီဆန်ဖို့စည်းရုံးတော့မယ်ဆိုရင် အရင်ဆုံး ကျွန်တော်တို့ပြည်သူလူထုတွေအနေနဲ့ အမိန့်တွေကိုဘာလို့နာခံနေရသလဲဆိုတဲ့ အကြောင်းအရင်းတွေကို အရင်လေ့လာသုံးသပ်ဖို့လိုပါတယ်။ ဒီနေရာမှာ အဲဒီအကြောင်းအရင်းတွေနဲ့ပတ်သတ်ပြီး လေ့လာဖော်ထုတ်ထားတဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုစာအုပ်ထဲက အချက်အလက်တွေကို ကိုးကားပြချင်ပါတယ်။ လူထုအနေနဲ့ အမိန့်တွေကို နာခံနေရတဲ့အကြောင်းအရင်း (၁၀) ချက်ရှိပါတယ်။
(၁) အကျင့်။ လူအများစုက ငယ်ငယ်ကတည်းက အမိန့်အာဏာတွေကို နာခံဖို့ပုံသွင်းခံခဲ့ရပါတယ်။ အိမ်မှာဆိုရင် မိဘတွေရဲ့အမိန့် ၊ကျောင်းမှာဆိုရင် ဆရာတွေရဲ့အမိန့် စသဖြင့်ပေါ့လေ အဲလိုအမိန့်အာဏာတွေကို နာခံရပါများတော့ ဒီလိုနာခံရတာဟာလုပ်ရိုးလုပ်စဉ်အကျင့်ပုံစံဖြစ်သွားပါတယ်။
(၂)ကိုယ်ကျိုးစီးပွား။ တချို့တွေက အုပ်ချုပ်နေတဲ့အစိုးရကိုမကြိုက်ပေမဲ့ အမိန့်တွေကိုနာခံနေကြတာဟာ အဲဒီအစိုးရနဲ့ဆက်စပ်ပြီး သူတို့ကိုယ်ကျိုးစီးပွားတွေ ဖြစ်ထွန်းနေလို့ဖြစ်ပါတယ်။
(၃)အပြစ်ဒဏ်ကို ကြောက်ရွံ့မှု။ လူထုက အာဏာရှင်တွေရဲ့အုပ်ချုပ်မှုကို မနာခံချင်ပေမဲ့နာခံနေရာတာဟာ သူတို့ရဲ့ လူမဆန်တဲ့ဖိနှိပ်ရက်ဆက်မှုအပြစ်ဒဏ်တွေကိုကြောက်ရွံ့လို့လည်းဖြစ်ပါတယ်။
(၄)ဥပေက္ခာပြုမှု။ တချို့က နိုင်ငံရေးဆိုတာ ကိုယ်နဲ့မဆိုင်တဲ့အလုပ်လို့သတ်မှတ်ပြီး မသိချင်ယောင်ဥပေက္ခာပြုပြီး အာဏာရှင်တွေရဲ့အမိန့်တွေကို နာခံတတ်ကြပါတယ်။
(၅)ကိုယ့်ကိုယ်ကိုမယုံကြည်မှု။ အာဏာရှင်တွေကိုတော်လှန်တယ်ဆိုတာ နံရံကိုကြက်ဥနဲ့ပေါက်သလိုပဲဆိုပြီး ကိုယ့်ရဲ့တော်လှန်နိုင်စွမ်းအပေါ် အယုံအကြည်မရှိကြတဲ့အတွက်လည်း နာခံကြပါတယ်။
(၆)ကိုယ်ကျင့်တာဝန်။ တချို့ကတော့ အမိန့်တွေ၊ဥပဒေတွေဆိုတာ နာခံဖို့ပြဋ္ဌာန်းထားတာတွေ၊ နာခံမှ နိုင်ငံသားကောင်းပီသမှာဆိုပြီး နာခံကြလေ့ရှိပါတယ်။
(၇)အုပ်ချုပ်သူနဲ့စိတ်ပိုင်းဆိုင်ရာပတ်သတ်မှု။ တခါတလေမှာ လူထုက အုပ်ချုပ်သူအာဏာရှင်တွေကို ကိုယ့်မိသားစုဝင်တစ်ယောက်လို အပြစ်တွေလုပ်လည်းခွင့်လွှတ်ပြီး နာခံတတ်လေ့ရှိပါတယ်။
(၈)နတ်ဘုရားဝါဒ။ ဘာသာရေးအားကောင်းတဲ့နိုင်ငံအများစုမှာ အုပ်ချုပ်တဲ့မင်းကို ဘုရားရဲ့အလိုကျဖြစ်လာတဲ့ ဘုန်းရှင်ကံရှင်ဆိုပြီး သတ်မှတ်လေ့ရှိကြပါတယ်။ အဲဒီမင်းကိုအာခံရင် ဘုရားကိုအာခံတာပဲဆိုပြီး ယုံကြည်မှုအမှားကြီးနဲ့ နာခံကြလေ့ရှိပါတယ်။
(၉)မျှော်လင့်ချက်ကင်းမဲ့မှု။ လူထုအနေနဲ့ အာဏာရှင်တွေကိုတော်လှန်ပေမဲ့မအောင်မြင်တဲ့အတွက် ဖမ်းဆီးအပြစ်ဒဏ်ခံရတဲ့သူတွေကိုကြည့်ပြီး တော်လှန်ရေးဟာမဖြစ်နိုင်ပါဘူးလို့ဆိုပြီး မျှော်လင့်ချက်ကင်းမဲ့သွားကာ နာခံကြလေ့ရှိပါတယ်။
(၁၀)လူအုပ်ကြီးဝါဒ။ တချို့ကတော့ လူအများစုက ဒါလုပ်တယ်ဆိုရင် ကိုယ်တိုင်မစဉ်းစားဘဲ လိုက်လုပ်တတ်ကြပါတယ်။ အဲတော့ အာဏာရှင်ကို လူအများစုကနာခံကြတယ်ဆိုရင်လည်း သူတို့ကဘုမသိဘမသိ လိုက်ပြီးနာခံကြတာပါပဲ။
ဆိုတော့ကာ ကျွန်တော့တွေအနေနဲ့ ဒီအချက်တွေကိုကြည့်ပြီး လူထုက အုပ်ချုပ်သူတွေရဲ့အမိန့်ကို ဘာကြောင့်နာခံနေရသလဲဆိုတာကို သုံးသပ်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အဲလိုဆုံးဖြတ်မှသာ အာဏာဖီဆန်ဖို့ လူထုကို ထိထိရောက်ရောက်စည်းရုံးနိုင်မှာဖြစ်ပါတယ်။
ငြိမ်းချမ်း။ ။ကိုသီဟပြောသွားတာ တော်တော်လေးပြည့်စုံပါတယ်။ အခု ကျွန်တော်တို့ လူထုက အုပ်ချုပ်သူတွေအပေါ်ဘာကြောင့်နာခံနေရသလဲဆိုတာကို သိသွားပြီဆိုတော့ကာ သူတို့ကို အကြမ်းမဖက်လူထုလှုပ်ရှားမှုမှာပါလာအောင် ဘယ်လိုဆွဲဆောင်စည်းရုံးရမလဲဆိုတာ အဖြေရှာကြရမှာဖြစ်ပါတယ်။ အဓိကအနေနဲ့ကတော့ လူထုကိုအာဏာဖီဆန်ဖို့စည်းရုံးတဲ့နေရာမှာ အခုကိုသီဟပြောသွားတဲ့အချက်တွေကို အခြေခံပြီးစည်းရုံးရမှာပါပဲ။ နေရာတကာငုံ့ခံတတ်တဲ့အကျင့်တွေကို စွန့်လွှတ်သင့်ကြောင်း၊ အာဏာရှင်တွေနဲ့ပေါင်းပြီး ကိုယ်ကျိုးစီးပွားရှာတာဟာ သမာအာဇီဝနည်းမဟုတ်ကြောင်း၊ အပြစ်ဒဏ်ကိုကြောက်နေရင် တစ်သက်လုံးအနိုင်ကျင့်ခံရမှာဖြစ်ကြောင်း၊ နိုင်ငံရေးဟာနိုင်ငံသားအားလုံးနဲ့ဆိုင်ကြောင်း၊ ညီညီညွတ်ညွတ်ကြိုးစားရင်မဖြစ်နိုင်တာမရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသင့်ကြောင်း၊ ဖိနှိပ်တဲ့အာဏာရှင်တွေကိုတော်လှန်တာကလည်း နိုင်ငံသားကောင်းတွေရဲ့ တာဝန်ဖြစ်ကြောင်း၊ အာဏာရှင်တို့မည်သည် လူထုကောင်းကျိုးကို ဘယ်အခါမှမမျှော်ကိုးကြောင်း၊ အာဏာရှင်ဆိုတာလည်း သူလိုကိုယ်လိုသာမန်လူသားတစ်ဦးသာဖြစ်ကြောင်း၊ ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် မျှောလင့်ချက်ထားသင့်ကြောင်း၊ သူများယောင်လို့မယောင်ဘဲ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်သင့်ကြောင်း စသဖြင့် စွဲဆောင်စည်းရုံးရမှာဖြစ်ပါတယ်။ နောက်ဒီနေရာမှာ အာဏာဖီဆန်မှုဆိုတဲ့ အဓိပ္ပာယ်ကို နည်းနည်းပြောပြချင်ပါတယ်။ တော်တော်များများက အာဏာဖီဆန်မှုဆိုတာ အာဏာရှင်ရဲ့ယန္တရားကနေထွက်ပစ်တာ၊ လုံးဝမပတ်သတ်တော့တာ လို့ပဲထင်ကြပါတယ်။ တကယ်တော့ အာဏာဖီဆန်မှုဆိုတာ အများကြီးကျယ်ပြန့်ပါတယ်။ ဥပမာ အာဏာရှင်ရဲ့ယန္တရားမှာ အကြောင်းကြောင်းကြောင့် ပါဝင်ပတ်သတ်နေရပေမဲ့ ကိုယ်တိုင်ကအာဏာရှင်မဆန်ဘဲ ကိုယ့်အောက်ကဝန်ထမ်းတွေနဲ့ဆက်ဆံတဲ့အခါ ဒါမှမဟုတ် ပြည်သူလူထုနဲ့ဆက်ဆံတဲ့အခါ မိဘမောင်ဘွားညီရင်းနှမလို ချစ်ချစ်ခင်ခင်ပြောဆိုဆက်ဆံတာကလည်း အာဏာဖီဆန်လိုက်တာပါပဲ။ နောက်ထပ် ကျောင်းသားတွေဆိုရင် အစိုးရက သူတို့ကို သင်စေချင်တဲ့(ဝါဒဖြန်မှုတွေပါနေတဲ့)သင်ရိုးကိုပဲ လေ့လာမနေဘဲ တခြားပြင်ပဗဟုသုတပညာရပ်တွေကို လေ့လာလိုက်မယ်ဆိုရင်လည်း ဒါဟာအာဏာဖီဆန်မှုပါပဲ။ ဆိုတော့ကာ မတရားတဲ့အမိန့်တွေ၊ဥပဒေတွေကို ဖီဆန်ကြတာဟာ အာဏာရှင်တွေရဲ့အင်အားကိုချည့်နဲ့သွားစေသလို တစ်ဖက်မှာလည်း ဒီမိုကရေစီစံတန်ဖိုးတွေနဲ့ လွတ်လပ်မျှတတဲ့ လူ့အသိုင်းအဝိုင်းတစ်ရပ်ကို တည်ဆောက်ပြီးသားဖြစ်ပါတယ်။