အားလုံး၏ နာကျင်မှုများကို မျှဝေခံစားနိုင်မှ ငြိမ်းချမ်းမှုရရှိမည်

နာကျင်မှုများကို မျှဝေခံစားခြင်းဟူသည် ကိုယ်ကျင့်တရားစံနှုန်းတခုအဖြစ်သာမဟုတ်ဘဲ မတူညီသည့်အုပ်စုများအကြား ပဋိပက္ခများကို ဖြေရှင်းရန်နှင့် အားလုံးပါဝင်နိုင်သည့် အနာဂတ်လမ်းကြောင်းတရပ် ရှာဖွေရန်အတွက် ပကတိလိုအပ်ချက်လည်းဖြစ်သည်။ သို့ဖြစ်ရာ ဤကဲ့သို့ လူမှုစံနှုန်းပြောင်းလဲမှုမပါဘဲ မိတ်ဖက်အချင်းချင်း ဆွေးနွေးအဖြေရှာကြပါဆိုသည့် ကြေညာချက်များသည် နာတာရှည်ရောဂါကို ပရုတ်ဆီလိမ်းခြင်းသာ

ကုလသမဂ္ဂ ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့(IOM)နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့၏ ထုတ်ပြန်ချက်အရ ဇွန်နှင့် ဇူလိုင်လများတွင် ရိုဟင်ဂျာ ၅၀၀ ကျော်ပါဝင်ခဲ့သည့် လှေနှစ်စင်းနစ်မြုပ်ခဲ့ပြီး ပါဝင်သူအများအပြား အသက်ရှင်ကျန်ရန် ခဲယဉ်းမည်ဖြစ်ကြောင်း သိရှိရသည်။

အခုလိုမျိုး ဖြစ်ရပ်ဆိုးများဖြစ်မှ ဤသို့သောဆောင်းပါးရေးရခြင်းမှာ စိတ်မသက်သာစရာပင်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသို့ ပြောင်းရွေ့လာရသည့်​ ရိုဟင်ဂျာများအနေနှင့် ရှင်သန်သွားလာရန်၊ အလုပ်လုပ်ကိုင်ရန် ကန့်သတ်ချက်များစွာဖြင့် လူသားဂုဏ်သိက္ခာ၊ လွတ်လပ်ခွင့်များ ရရှိဖို့ နေ့စဉ်နှင့်အမျှ ရုန်းကန်ရှင်သန်နေရသည်မှာ ဆယ်စုနှစ်ချီကြာခဲ့ပါပြီ။ ထို့ကြောင့် များစွာသော ရိုဟင်ဂျာများမှာ အန္တရာယ်အလွန်များပြားလှသည့် ပင်လယ်ခရီးသို့ အသက်ကိုလောင်းကြေးထပ်ကာ အနာဂတ်အသစ်အား ရှာဖွေနေကြခြင်းဖြစ်သည်။

မြန်မာလူ့အဖွဲ့အစည်းအတွင်း ရိုဟင်ဂျာများအပေါ် စိုးရိမ်မှုနှင့်၊ ကြောက်ရွံ့မှုများစွာရှိကြသည်။ အသားအရောင်မှသည် ကိုးကွယ်ရာဘာသာ၊ ယဉ်ကျေးမှု၊ ဘာသာစကား ကွာခြားမှု၊ ဌာနေတိုင်းရင်းသားမဟုတ်ဟု ရှုမြင်မှု၊ ရိုဟင်ဂျာများ၏ ကလေးမွေးဖွားနှုန်းများပြားခြင်းက မြန်မာ့လူ့အဖွဲ့အစည်းကို ဝါးမျိုနိုင်သည်ဟူ၍ယူဆမှု စသဖြင့် အကြောင်းအရင်းများစွာကြောင့် စိုးရိမ်ကြောက်ရွံ့နေကြပါသည်။ ဤစိုးရိမ်မှုများမှာ အတိုင်းအတာတခုအထိ ယုတ္တိရှိနိုင်ပါသည်။ သို့ရာတွင် ထိုစိုးရိမ်မှုများအား ပညာရေး၊ စီးပွားရေး၊ လူမှုစောင့်ရှောက်ရေးအစီအစဉ်များနှင့် ဥပဒေစိုးမိုးရေးအစီအမံများဖြင့်သာ စနစ်တကျ ဖြေရှင်းနိုင်ပါလိမ့်မည်။

ထိုသို့မဟုတ်ဘဲ ရိုဟင်ဂျာမျိုးနွယ်တခုလုံးကို လူသားအဖြစ်မှ လျှော့ချ၍ စိုးရိမ်မှုများအား ဖြေရှင်းခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း၌ပါ အမုန်းတရားများ၊ အကြောက်တရားများ ပျံ့နှံ့အားကောင်းလာစေသည့်အပြင် နောက်ဆက်တွဲအနေနှင့် “ငါတို့မဟုတ်တဲ့ တခြားသူ”​ဆိုသည့် ခွဲခြားရေးအမြင်များ၊ “အကြမ်းဖက်ခြင်း သို့မဟုတ် လက်နက်အင်အားဖြင့် အတင်းအကျပ်ကိုင်တွယ်ဖြေရှင်းသင့်တယ်”ဆိုသည့် အတွေးအမြင်များလည်း အမြစ်တွယ်ခိုင်မာလာစေသည်။ အခုချိန်ထိ ရိုဟင်ဂျာများ သေဆုံးသည့်သတင်းအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည့် လူအများအပြားရှိနေသည်ကို ထောက်ရှုခြင်းဖြင့် မြန်မာလူ့အဖွဲ့အစည်းအနေနှင့် မတူညီမှုများအကြား ငြိမ်းချမ်းစွာလျှောက်လှမ်းနိုင်မည့်ခရီးလမ်းအား ရှာတွေ့ရန် ခက်ခဲပေဦးမည်။​

ဤသည်မှာ ဗုဒ္ဓ၏ အခြေခံအဆုံးအမဖြစ်သည့် ကံ၊ ကံ၏အကျိုးနှင့်လည်း ထပ်တူကျနေသည်။ မြန်မာလူ့အဖွဲ့အစည်းအတွင်း မငြိမ်းချမ်းရခြင်းသည် မမြင်ရသည့် တန်ခိုးရှင်မှ ကျိန်စာတိုက်အပြစ်ပေးခြင်း မဟုတ်ဘဲ မြန်မာလူ့အဖွဲ့အစည်းအတွင်း ပါဝင်သူအသီးသီး၏ စုပေါင်းလုပ်ဆောင်ချက်ကြောင့်သာ စုပေါင်းအကျိုးကျေးဇူးကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများကို တရားလက်လွတ်သတ်ဖြတ်မှုများ၊ အတင်းအကျပ်ဖိအားပေးရွေ့ပြောင်းစေခြင်းများအား မြန်မာအများစုအနေနှင့် မသိလိုက်မသိဘာသာဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ ထောက်ခံအားပေးခဲ့ပြီး ရိုဟင်ဂျာများ၏ နာကျင်မှုကို နားလည်စာနာဖို့ ပျက်ကွက်ခဲ့သည်။ ဤကဲ့သို့ စစ်ဝါဒနှင့် “ငါတို့ သူတို့” အတွေးအခေါ်များ ထောင်လွှားလာခြင်းသည် ရိုဟင်ဂျာများအပေါ်တွင်သာ သက်ရောက်ခဲ့ခြင်းမဟုတ်ပေ။ လူ့အဖွဲ့အစည်းဟူသည် အရာအားလုံး ချိတ်ဆက်တည်ရှိနေသည့်အတွက် ယင်းကဲ့သို့ တစုတဖွဲ့ကိုသာ ​သက်ရောက်အောင် ကန့်သတ်ထားဖို့ မဖြစ်နိုင်ပေ။ တနည်းအားဖြင့် မိမိတို့နှင့် မတူကွဲပြားမှုများရှိသည့် ရိုဟင်ဂျာများအပေါ် လူသားအဆင့်မှ လျှော့ချရှုမြင်မှု၊ အကြမ်းဖက်နည်းလမ်းဖြင့် ဖိနှိပ်ဖြေရှင်းရန် သင့်တော်သည်ဟု ယူဆမှုများသည် လက်ရှိမြန်မာနိုင်ငံ၏ နေရာဒေသအသီးသီးမှာပင် ပျံ့နှံရောက်ရှိနေပြီးဖြစ်ပေသည်။

အထင်ရှားဆုံးမှာ ယခုပြည်တွင်းစစ်ပင်တည်း။ နိုင်ငံတကာလေ့လာရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာပြည်သူပေါင်း တသိန်းကျော်ထိခိုက်သေဆုံးခဲ့ရသည်ဟုဆိုသည်။ တခြားသော တဆင့်ခံထိခိုက်နစ်နာသူများ၊ စာရင်းထဲထည့်သွင်းဖို့ လက်လှမ်းမမီသူများပါ ထည့်တွက်ရလျှင် ယခုထက်ပင် အရေအတွက်များနိုင်ပါသည်။

တော်လှန်ရေးဘက်ကလူတွေအနေနှင့် ဘာကြောင့် စစ်တပ်ထောက်ခံသူများမှာ အရပ်သားပြည်သူများ၊ ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မိခင်ဖခင်များ သေဆုံးကြသည့်အပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသလဲဆိုသည်ကို နားလည်နိုင်မည်မဟုတ်ပေ။ လူစိတ်မရှိသူများ၊ ငါတို့နှင့် မတူသူများဟုသာ အလွယ်တွေးမိပါလိမ့်မည်။​ တဖက်တွင်လည်း အဆိုပါတော်လှန်ရေးထောက်ခံသူများကပင် တယောက်ယောက်အား စစ်တပ်ထောက်ခံသည်ဟု သံသယရှိသည့်အခါ ထိုပုဂ္ဂိုလ်၏မိသားစုတခုလုံးကိုပါ ဝိုင်းကြီးချုပ်တရားစီရင်ရေးနှင့် အပြစ်ပေးဖို့ သောင်းသောင်းဖြဖြ ထောက်ခံတတ်ကြသည်။ အဆိုပါ ဘက်နှစ်ဘက်လုံးမှလူများတွင် တချိန်တုန်းကလည်း ရိုဟင်ဂျာများအပေါ် အကြမ်းပတမ်းကိုင်တွယ်ဖြေရှင်းသင့်သည်ဆိုသည်ကို ထောက်ခံခဲ့ပြီး အခုအချိန်အထိလည်း ရိုဟင်ဂျာသေဆုံးမှုများနှင့်ပတ်သက်၍ ဝမ်းသာနေကြသူများ ပါဝင်နေကြသည်။ ဤသည်ကို ထောက်ရှုလျှင် တဘက်နှင့်တဘက်မှာ မည်သူကို မိမိအုပ်စုဟု သတ်မှတ်သည့်ပုံစံသာ ကွာချင်ကွာသွားမည်ဖြစ်သော်လည်း ကိုယ်နှင့်မတူဟု သတ်မှတ်ထားသည့် အုပ်စုအပေါ်၌မူ စာနာနားလည်မှုကင်းမဲ့ကြောင်း၊ လူသားအဖြစ်မှ လျှော့ချစဉ်းစားတတ်ကြောင်း ​ တွေ့မြင်နိုင်ပါသည်။

နာကျင်မှုများကို မျှဝေခံစားခြင်းသည် ငြိမ်းချမ်းမှုနှင့် တိုက်ရိုက်အချိုးကျ၏

လက်ရှိအချိန်သည် မြန်မာ့လူ့အဖွဲ့အစည်းအသီးသီးအနေနှင့် နာကျင်မှုများအား ခံစားရနေရချိန်ဖြစ်သည်။ စစ်ဘေးဒဏ် တနည်းအားဖြင့် အကြမ်းဖက်မှုဘေးဒဏ်တွေကြောင့် လူဦးရေ လေးသန်းနီးပါး မိမိတို့အိုးအိမ်များကိုစွန့်ခွာ၍ ပြောင်းရွှေ့နေထိုင်နေရသည်။ အခြေခံပညာရေးပြတ်တောက်နေသည့်လူငယ်များလည်း လေးသန်းမှ ငါးသန်းအကြားရှိသည်ဟု ခန့်မှန်းကြသည်။ နယ်ဘက်တွင်နေထိုင်သူများမှာ ဘက်အသီးသီးမှ အတင်းအကျပ်တပ်သားစုဆောင်းသည့်ဒဏ်ကို ခံနေရပြီး စစ်ဘေးနှင့် အကြမ်းဖက်မှုများကြောင့် မလုံခြုံမှုနှင့် လူသားလွတ်လပ်ခွင့်များ ဆုံးရှုံးနေကြရသည်။ မြို့ပြနေထိုင်သူများမှာလည်း ကုန်ဈေးနှုန်းကြီးမားမှု၊ ကိုယ်ရောစိတ်ပါ မလုံခြုံမှုဒဏ်များကြားတွင် ခက်ခက်ခဲခဲရုန်းကန်နေရသည်။ တဖန် ပြည်ပရွှေ့ပြောင်းနေထိုင်သူများမှာလည်း တခြားနိုင်ငံများ၏ ခေါင်းပုံဖြတ်မှု၊ အကာအကွယ်ကင်းမဲ့မှု၊ ဂုဏ်သိက္ခာနှိမ်ချဆက်ဆံမှုများကို တွေ့ကြုံနေရသည်။ ပြီးခဲ့သည့် ငါးနှစ်တာတော်လှန်ရေးဦးဆောင်သူများသည် အဆိုပါ လူမှုနေ့စဉ်ဘဝအတွင်း နာကျင်မှုများကို မျှဝေခံစားနိုင်ရန် ဆင်ခြင်စဉ်းစားမှုများ ကင်းမဲ့ခဲ့ပြီး ငါတို့အာဏာရပါက ဘယ်လိုအုပ်ချုပ်မည်ဆိုသည့် အာဏာနိုင်ငံရေးကိုသာ စဉ်းစားခဲ့ကြသည်။ တနည်းအားဖြင့် လူမှုနေ့စဉ်ဘဝအတွင်း နာကျင်မှုများကို အသိအမှတ်ပြုကုစားပြောင်းလဲရန်အတွက် ကြိုးစားအားထုတ်မှု အားနည်းခဲ့ကြပြီး ပြဿနာမှန်သမျှအား တဖက်အဖွဲ့အပေါ်သာ အလွယ်တကူအပြစ်ပုံချ၍ ငါတို့အာဏာရပါက အကုန်အဆင်ပြေသွားမှာပါဟု ခပ်ပေါ့ပေါ့သာတွေးခဲ့ကြသည်။

နွေဦးတော်လှန်ရေး၏ အောင်မြင်မှုကိုလည်း နယ်မြေသိမ်းပိုက်မှု၊ စစ်တပ်အဖွဲ့ဝင်များအပေါ် ထိခိုက်နာကျင်စေမှုဖြင့်သာ ပုံဖော်ထားကြသည်။ မတူညီသော အစုအဖွဲ့များအပါအဝင် ​ပြည်သူများ၏ နာကျင်မှုအား ခံစားအသိအမှတ်ပြုရန် စဉ်းစားချက်မရှိသောကြောင့် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေနှင့် မိမိတို့၏ နာကျင်မှု၊​ ပေးဆပ်မှုကြောင့် မိမိတို့သာ အုပ်ချုပ်ခွင့်ရရှိသင့်သည်ဟူသည့် အတွေးအခေါ်ကို တပ်ဆင်ပြီးသားဖြစ်နေသည်။ ရလဒ်အားဖြင့် မတူညီတဲ့အုပ်စုများအကြား ဆွေးနွေးညှိနှိုင်းရန်၊ နားလည်မှုတည်ဆောက်ရန်အတွက် ရေခံမြေခံများနည်းပါးသွားပြီး လက်နက်အင်အားဖြင့် အတင်းအကျပ်ဖိအားပေးသည့် ယဉ်ကျေးမှုတရပ်သာ အမြစ်တွယ်ခဲ့လေတော့သည်။

အမှန်တကယ်မူ နာကျင်မှုများကို မျှဝေခံစားခြင်းဟူသည် ကိုယ်ကျင့်တရားစံနှုန်းတခုအဖြစ်သာမဟုတ်ဘဲ မတူညီသည့်အုပ်စုများအကြား ပဋိပက္ခများကို ဖြေရှင်းရန်နှင့် အားလုံးပါဝင်နိုင်သည့် အနာဂတ်လမ်းကြောင်းတရပ် ရှာဖွေရန်အတွက် ပကတိလိုအပ်ချက်လည်းဖြစ်သည်။ သို့ဖြစ်ရာ ဤကဲ့သို့ လူမှုစံနှုန်းပြောင်းလဲမှုမပါဘဲ မိတ်ဖက်အချင်းချင်း ဆွေးနွေးအဖြေရှာကြပါဆိုသည့် ကြေညာချက်များသည် နာတာရှည်ရောဂါကို ပရုတ်ဆီလိမ်းခြင်းသာဖြစ်ပေသည်။

ခြုံငုံရမည်ဆိုလျှင် နာကျင်မှုများကို ပြိုင်ပွဲသဖွယ် သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်နေကြသရွေ့ တဦးနှင့်တဦးကြား နားလည်မှုတည်ဆောက်နိုင်ဦးမည်မဟုတ်ပေ။ ဤသို့ နားလည်မှုမရှိပါက အတူတကွယှဉ်တွဲနေထိုင်နိုင်မည့် အနာဂတ်လည်းကင်းမဲ့နေဦးမည်ဖြစ်သလို ငြိမ်းချမ်းရေးဆိုသည်လည်း အလှမ်းဝေးနေဦးမည်ဖြစ်ပေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအတွက် နာကျင်မှုများကို မျှဝေခံစားရန်အလို့ငှာ လူမှုအသိုင်းအဝိုင်းတခုလုံး၏ ကိုယ်ကျင့်ဓမ္မနှင့် နှလုံးသားစွမ်းရည်အား တဦးတယောက်ချင်းစီမှ စတင်ကာ နေ့စဉ်ပြောဆိုနေထိုင်မှုများတွင် လေ့ကျင့်ပျိုးထောင်သွားရန် လိုအပ်လှသည်။ မတူညီသူများအပေါ် ကြောက်ရွံ့မှု၊ မုန်းတီးမှု၊ စိုးရိမ်မှုများကို ဆင်ခြင်သုံးသပ်ကာ မိမိမှစ ပြောင်းလဲနိုင်ရန် လိုအပ်သည်။ မတူညီသူများ၏ ဖြတ်သန်းရမှုများ၊ နာကျင်မှုများကို အသိအမှတ်ပြု စာနာနိုင်ရန်၊ ကရုဏာထားနိုင်ရန် လေ့ကျင့်ရပေမည်။ မေတ္တာတရားကို ရွတ်ဖတ်ရုံမဟုတ်ဘဲ လူ့အဖွဲ့အစည်းအတွင်း ပျံနှံ့အသက်ဝင်စေရန် အစုအဖွဲ့အသီးသီးက ပါဝင်ဆောင်ရွက်ရပေမည်။ တဖက်တွင်လည်း နိုင်ငံသားအခွင့်အရေးနှင့် “ငါတို့” ဆိုတာဘယ်သူလဲ ဟူသည့် သတ်မှတ်ချက် အတွေးအခေါ်တစုံလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲရန်လိုအပ်သည်။ အထူးသဖြင့် နိုင်ငံသားဖြစ်ရန်အတွက် တိုင်းရင်းသားဖြစ်မှု၊ လူမျိုး/ဘာသာတူညီမှု စသည့် မွေးရာပါအချက်များ၊ ငါတို့သူတို့ဟူသည့် နိုင်ငံရေးတံဆိပ်များဖြင့် ခွဲခြားသတ်မှတ်ချက်များကိုကျော်လွန်ပြီး မြန်မာလူ့အဖွဲ့အစည်း၏ ဘုံအကျိုးစီးပွားအား လိုလားသည့် အားလုံးပါဝင်နိုင်သော နိုင်ငံသားအမှတ်သရုပ်တခုကို တည်ဆောက်ဖန်တီးရန် လိုအပ်လှသည်။

Support us

ဤဆောင်းပါးကိုနှစ်သက်ပါက FFM အား တစိတ်တပိုင်း ကူညီထောက်ပံ့ရန် ဖိတ်ခေါ်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ