ဒီလက်စွဲစာအုပ်မှာ Freedom Fighter ရဲ့ အတွေးအခေါ်အယူအဆတွေနဲ့ အနာဂတ်တော်လှန်ရေးကို လျှောက်လှမ်းဖို့အတွက် မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေကို ရှင်းရှင်းလင်းလင်းတိတိကျကျ ရေးသားတင်ပြထားပါတယ်။
Freedom Fighter အဖွဲ့၏ ပြီးခဲ့သောလှုပ်ရှားမှုများကို ကဏ္ဍအလိုက် ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
လူ့အဖွဲ့အစည်းအတွင်း တနေ့တခြားတိုးများလာတဲ့ အကွဲအဟတွေ၊ အမုန်းတရားတွေ၊ အာဃာတတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ အကြောင်းတရားတွေကို အောက်ခြေထိ နက်နက်ရှိုင်းရှိုင်းတူးဆွ လေ့လာပြီး အကြမ်းမဖက်နည်းလမ်းတွေနဲ့ ပြန်လည်ကုစားဖို့အကြောင်း ရေးသားထားတဲ့ Kazu Haga ရဲ့ Healing Resistance : A radically different respond to harm စာအုပ်ကို Freedom Fighter မှ ဘာသာပြန်ဆိုထားသည်။
Freedom Fighter အနေဖြင့် မြန်မာ့လူ့အဖွဲ့အစည်း၏ အရင်းခံပြဿနာမှာ စစ်ဝါဒ (ဝါ) အကြမ်းဖက်ခြင်းကို စွဲလမ်းမှုဟု ရှုမြင်သည်။ တဖန် အကြမ်းဖက်ခြင်းဖြင့် စုပေါင်းအမှတ်သရုပ်ကို အတင်းအကြပ်ဖန်တီးရန် ကြိုးပမ်းမှုသည်လည်း အောင်မြင်မှုမရသကဲ့သို့ လူမျိုးစုများအကြား ကွဲဟမှုနှင့် မုန်းတီးမှုများကိုသာ ဖြစ်စေကာ လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသည့် လူမျိုးစွဲဝါဒများကို ပို၍အားကောင်းစေခဲ့သည်။ ယင်းကဲ့သို့သော စစ်ဝါဒနှင့် လူမျိုးရေးပဋိပက္ခများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အရှည်ဆုံး ပြည်တွင်းစစ်ဝဲကယက်အတွင်း နစ်မွန်းနေခဲ့သည်။
ဤအရင်းခံအကြောင်းတရားများကို ကုစားပြောင်းလဲဖို့ Freedom Fighter အနေဖြင့် အလင်းခေတ်တော်လှန်ရေးကို အပိုင်းနှစ်ပိုင်းဖြင့် ဖော်ဆောင်သွားရန် ချမှတ်ထားသည်။ တပိုင်းမှာ စစ်ဝါဒကို အလယ်အလတ် အကြမ်းမဖက်လမ်းစဉ်ဖြင့် အခြေမှအထက်သို့ ပြောင်းလဲကုစားသွားရန် ဖြစ်သည်။ တဆက်တည်းတွင် ကျဉ်းမြောင်းသည့် အမှတ်သရုပ်များအကြား ပဋိပက္ခအကွဲအဟများကို ကုစားဖြေရှင်းပေးနိုင်ဖို့ တိုးတက်သောအမျိုးသားရေးဝါဒဖြင့် အားလုံးပါဝင်နိုင်သည့် အမှတ်သရုပ်အသစ်ကို အကြမ်းမဖက်ဘဲ ဖန်တီးသွားရန် ဖြစ်သည်။ ဤကဲ့သို့ လူမှုယဉ်ကျေးမှုတော်လှန်ရေးနှင့် နိုင်ငံရေးအယူအဆတော်လှန်ရေးနှစ်ခုကို ဟန်ချက်ညီညီ ယှဉ်တွဲအသုံးချကာ မြန်မာပြည်သူတရပ်လုံး လိုလားတောင့်တနေသော ငြိမ်းချမ်းရေးနှင့် လူ့ဂုဏ်သိက္ခာကို ရရှိသည်အထိ ရေရှည်အစီအစဉ်ဖြင့် တစိုက်မတ်မတ်လုပ်ဆောင်သွားရန် သန္နိဋ္ဌာန်ချထားပါသည်။
Freedom Fighter အဖွဲ့၏ အကြမ်းမဖက်လမ်းစဉ်သည် လူပုဂ္ဂိုလ်၊ အစုအဖွဲ့များကို ရည်ရွယ်ထိခိုက်စေခြင်းမဟုတ်ဘဲ စနစ်နှင့် အတွေးအမြင်များကို ပြောင်းလဲစေသည့်နည်းလမ်းဖြစ်သည်။ အကြမ်းမဖက်လမ်းစဉ်ကို ရွေးချယ်ရခြင်းမှာ ပြည်သူများစွာပါဝင်နိုင်ခြင်း၊ အသေအကြေ အထိအခိုက်နည်းခြင်း၊ လူ့အဖွဲ့အစည်းအတွင်း စိတ်ဒဏ်ရာများကို ကုစားပေးနိုင်ခြင်း၊ ရေရှည်တည်တံ့သော အပြောင်းအလဲဖြစ်စေခြင်း စသောအားသာချက်များအပြင် မြန်မာနိုင်ငံအခြေအနေအတွက်လည်း လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်သည့် တော်လှန်ရေးလမ်းစဉ် ဖြစ်သောကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့၏ အကြမ်းမဖက်တော်လှန်ရေးလမ်းစဉ်သည် အောက်ပါအခြေခံမူသုံးရပ်ကို အခြေုပြုသည်။
Freedom Fighter သည် အကြမ်းမဖက်လမ်းစဉ်ဖြင့် အပြောင်းအလဲကိုဖော်ဆောင်နိုင်ရန် အောက်ပါမဟာဗျူဟာသုံးရပ်ကို ချမှတ်ထားသည်။
(၁) ကွန်မြူနတီ လုပ်ဆောင်မှု (Community Action) များသည် အပြောင်းအလဲ၏ ဗဟိုချက်
(၂) ဒိုင်ယာလောခ့်ဖြင့် ပြန်လည်သင့်မြတ်စေခြင်း
(၃) ခုခံစစ်မှသည် နိုင်ငံရေးအဖြေဆီသို့
Freedom Fighter အဖွဲ့၏လမ်းစဉ်နှင့် ဗျူဟာတို့ကို နှစ်သက်ပါက ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်း၊ အခြားသူများအား မျှဝေခြင်း၊ လှုပ်ရှားမှုများတွင်ပါဝင်ထောက်ပံ့ခြင်း စသဖြင့် သင့်တော်ရာပုံစံအမျိုးမျိုးဖြင့် ပါဝင်နိုင်သည်။